အခန်း (၇၃၇-၇၃၈)
Vol. 46 Ch. 737-738
အပိုင်း (၇၃၇)
သို့သော်ငြား လူရာပေါင်းများစွာတို့က ငြိမ်ငြိမ်လေး ရပ်နေကြတုန်းပင်။ ခေါင်းဆောင်များထဲတွင် ဦးရီးတော်နင်ချီ၊ နင်ကျန်း၊ ဝမ်ချန်ချောင်၊ ကျန်းချွင်တို့လည်း ပါဝင်၏။
နင်ချီက လူသတ်ချင်သည့် စိတ်များ ထွက်ပေါ်လာသလို ခံစားရသော်လည်း သူ၏မျက်နှာတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
“ပဉ္စမညီလေး... အဖေက မင်းကို အရင်ထဲက ရွှဲ့ပြည်နယ်ရဲ့ မင်းကြီးဘွဲ့ကို ပေးခဲ့တယ်ဆိုတော့ မင်းအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားတယ်ဆိုတာကို ပြနေတယ်။ ဒီကစပြီး ငါတို့ ညီအစ်ကိုနှစ်ယောက် တစ်စိတ်တစ်ဝမ်းတည်း နေထိုင်ကြမယ်။ ငါတို့ရဲ့ခွန်အားက ရွှေတွေကိုတောင် ချိုးဖြတ်နိုင်တဲ့ အရာမျိုး ဖြစ်ရမယ်။”
နင်ချီက နင်ကျန်းကို အသာပင် လှမ်းပြော၏။
နင်ချီက ဘယ်တော့မှ ဘယ်တုန်းကမှ မပြုံးပြခဲ့သလို အမြဲတမ်း အေးစက်ပြီး ခပ်ခွာခွာနေခဲ့၏။ သို့ပေမည့် သူ့အား အိမ်ရှေ့စံအဖြစ် ရွေးချယ်လိုက်သည့် အချိန်မှာတော့ သူက ပြုံးရွှင်စွာ ဆိုနေသည်။
သို့ပေမည့် နင်ကျန်းကတော့ ဤနေရာတွင်ပင် မလှုပ်မယှက် ရပ်လို့နေခဲ့၏။ နင်ကျန်း၏ အေးစက်စက် အပြုအမူကို မြင်ရသော်လည်း နင်ချီက ဂရုမစိုက်စွာဖြင့် ပြောဆိုလိုက်၏။
“အဖေက ငါ့ကို အရင်က တော်ဝင်ကောင်စီထဲ ဝင်ခွင့်ပြုခဲ့တယ်ဆိုပေမဲ့ အဲဒီရာထူးကို အခု မယူတော့ဘူး။ ရွှဲ့ပြည်နယ်မင်းကြီး နင်ကျန်းက ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေကို လုပ်ခဲ့တယ်။ တောင်ပိုင်းစစ်သူကြီးအဖွဲ့ ဒါမှမဟုတ် ထျန်းရွဲ့မြို့ ကာကွယ်ရေးတပ်မှုး ဆိုတဲ့ဘွဲ့တွေက ရွှဲ့ပြည်နယ်မင်းကြီးရဲ့ အရည်အချင်းကို ပြသဖို့ မလုံလောက်ဘူး။ နင်ကျန်းကို တော်ဝင်ကောင်စီထဲကို ဝင်စေပြီး ငါ့ရဲ့ အရင်ရာထူးကို လက်ခံစေချင်တယ်။ အားလုံး .... ဘယ်လိုထင်လဲ။”
နင်ချီ၏ စကားကို ကြားချိန်မှာတော့ လူတိုင်း၏ နှလုံးသားများက တုန်ခါသွား၏။ နင်ချီက ပြုံးရွှင် နေသော်လည်း တကယ်တမ်းမှာတော့ အရမ်းမောက်မာ၏။ သူက အိမ်ရှေ့စံစစ်စစ် မဟုတ်သေးချေ။ သို့ပေမည့် တခြားသောသူများကို ဖိနှိပ်ဆက်ဆံလျက် ရှိနေ၏။ ယခင် အိမ်ရှေ့စံ နင်ယီ အာဏာရှိစဉ်ကပင် ဤကဲ့သို့သော မောက်မာဝင့်ကြွားသည့် စကားလုံးများကို မပြောဆိုခဲ့ချေ။ ကိုယ့်ကိုယ်ကိုယ် ရွှဲ့ပြည်နယ် ဘုရင်တစ်ယောက်အဖြစ် သတ်မှတ်ကာ ရာထူးခန့်အပ်ခြင်းမျိုးကိုပင် ပြုလုပ်နေသည်။
သူက စကတည်းက နင်ကျန်း၏ စစ်ရေးအာဏာအားလုံးကို သိမ်းပိုက်လိုခဲ့ခြင်း ဖြစ်၏။ ယခင်က နင်ယွမ်ရှန်းက သူ့ကို အမည်အဖြစ်သာ ရာထူးတိုးမြှင့်ခဲ့ပြီး ထျန်းဖေးပြည်နယ်၏ အုပ်ချုပ်ရေးမှူးရာထူးမှ ဖြုတ်ချကာ အတိုင်ပင်ခံကောင်စီ၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့၏။ နင်ချီက ယခုအချိန်မှာတော့ နင်ကျန်းအား ထိုကဲ့သို့သောရာထူး ပြတ်လည် ခန့်အပ်ခဲ့၏။ တစ်နည်းအားဖြင့် မြို့စောင့်တပ် ၁၀၀၀၀ ကျော်က နင်ကျန်း၏ ကွပ်ကဲမှုအောက်တွင် မရှိတော့ချေ။
“ကျန်ကျောင်း” နင်ချီက ပြော၏။
ကျန်ကျောင်းက ရှေ့ကို တိုးလာသည်။ “ကျုပ် ရှိပါတယ်။”
နင်ချီက ပြောလိုက်၏။ “ခင်ဗျားက အရင်က ထျန်းရွဲ့ကာကွယ်ရေးတပ်မှုး ဖြစ်ခဲ့ပေမဲ့ ကောင်းကောင်း မလုပ်ဆောင်တာကြောင့် အဖေက ခင်ဗျားကို အပြစ်ပေးခဲ့တယ်။ အခု နှစ်နှစ်ကျော်သွားပြီ ဆိုတော့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီလို့ထင်တယ်။ ခင်ဗျားကို အခု ရာထူးပြန်ပေးမယ်။ အတိုင်ပင်ခံ ကောင်စီနဲ့ ဝန်ထမ်းရေးရာဝန်ကြီးဌာန... ကျန်ကျောင်းကို ထျန်းရွဲ့ ကာကွယ်ရေးတပ်မှုး အဖြစ် ခန့်အပ်ဖို့ ကန့်ကွက်စရာ ရှိလား။”
“ကျုပ် ကန့်ကွက်စရာ မရှိပါဘူး။”
“ကန့်ကွက်စရာ မရှိပါဘူး။”
ဦးရီးတော် နင်ချီနှင့် နင်ကျန်းတို့က တိတ်ဆိတ်နေကြသည်။
နင်ချီက ဆက်ပြော၏။ “ ဒီအချိန်မှာ အရေးကြီးဆုံးအလုပ်ကတော့ ကျုပ်အဖေကို မြန်မြန်ကုသဖို့ပဲ။ ပြီးတော့ မယ်တော်ကြီးကို ချက်ချင်း မြှုပ်နှံဖို့ပဲ။ ကျုပ်တို့ရဲ့ ရွှဲ့ပြည်နယ်မှာ စစ်ပွဲတစ်ခု ကြုံတွေ့ခဲ့ရပြီး နိုင်ငံတော်ဘဏ္ဍာကလည်း ဗလာဟင်းလင်း ဖြစ်နေတယ်။ အလွန်အကျွံ သုံးစွဲဖို့ မသင့်ဘူးဆိုပေမဲ့ မယ်တော်ကြီးရဲ့ ဈာပနပွဲကို ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်သင့်တယ်။ ဒီကိစ္စကို မှတ်တမ်းတင်ပြီး တခြားအရာတွေအားလုံးထက် ဦးစားပေးသင့်တယ်။”
ထိုအချိန်မှာပဲ ကျုံးအီက ပြောလိုက်သည်။ “အရှင်... မယ်တော်ကြီးက သူ့ဘဝမှာ ချင်လူမျိုးတွေကို အမုန်းဆုံးပါပဲ။ မြို့ပြင်မှာ ချင်မြင်းစစ်သည် တစ်သောင်းရှိနေတယ်။ မယ်တော်ကြီးက တမလွန်ဘဝမှာ ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ ကျုပ်စိုးရိမ်မိတယ်။ ပြီးတော့ ရွဲ့မြို့တော်ရဲ့ အပြင်ဘက်မှာ တခြားနိုင်ငံရဲ့ တပ်တွေ ကြာကြာတပ်စွဲထားတာ မသင့်တော်ပါဘူး။ ဒါက အားလုံးရဲ့ ရယ်စရာ ဖြစ်လာလိမ့်မယ်။ အရှင် သေချာ ဆုံးဖြတ်ချက် ချပေးပါ။”
ဟုတ်ပေ၏။ မယ်တော်ကြီး၏ မိသားစုက ချင်မြင်းတပ်၏ လက်ချက်ဖြင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြီး တော်တော်များများ သေဆုံးဒဏ်ရာ ရရှိခဲ့၏။ သူမရဲ့ ဘဝ၌ ချင်လူမျိုးများကို အမုန်းဆုံး ဖြစ်၏။
နင်ချီက ပြောသည်။ “ဒါက တကယ့်ကို ပြဿနာပဲ။ ကြိုးချည်ထားတဲ့သူက ကြိုးကို ဖြေပေးရမယ်။ ရွှဲ့ပြည်နယ်မင်းကြီး ချင်ဘုရင်မဆီကို သွားပြီး ချင်မြင်းတပ်တွေကို ဦးဆောင်ခေါ်သွားဖို့ ပြောလိုက်ပါလား။ မဟုတ်ရင် သူ့ရဲ့ မြင်းတပ်တွေက မြို့ကိုသာ ဝိုင်းထားမယ်ဆိုရင် မြို့တော်ကလူတွေ မြို့ထဲကနေ ထွက်ရဲမှာ မဟုတ်ဘူး။ ချင်မြင်းတပ်က စည်းမစောင့်ဘဲ ပြဿနာဖြစ်ရင် ရွှဲ့နဲ့ ချင်ကြားက ဆက်ဆံရေးကို ထိခိုက်နိုင်တယ်။”
ပြီးနောက် နင်ချီက ပြော၏။ “ဟုတ်တယ်။ ရွှဲ့နဲ့ ချင်ကြားက ချစ်ခင်ရင်းနှီးမှုက ကျုပ်အဖေ ချမှတ်ခဲ့တဲ့ အမျိုးသားဝါဒတစ်ခု ဖြစ်တယ်။ ဒါကြောင့် ကျုပ်လည်း လိုက်နာရမယ်။”
နင်ချီက ဤအချိန်တွင် တော်တော်လေး နှိမ့်ချနေပုံ ပေါ်၏။ သူက နင်ယွမ်ရှန်းထက် ပိုမို စွမ်းဆောင်နိုင်သည်ဟု ထင်နေသည်လား မသိပေ။
“နင်ကျန်း ဘယ်လိုလဲ။”
နင်ချီက မေးလိုက်၏။ “ချင်ဘုရင်မနဲ့ စကားပြောရင် ကောင်းမလား။”
နင်ကျန်းက တိတ်ဆိတ်နေသည်။
နင်ချီ၏ အကြည့်များက အေးစက်သွား၏။ “ရွှဲ့ပြည်နယ်မင်းကြီး... ဆန္ဒ မရှိဘူးလား။”
နင်ကျန်းက တိတ်ဆိတ်နေဆဲပင်။ နင်ချီက ရုတ်တရက် လူသတ်ချင်စိတ်များ မြင့်တက်လာသလို ခံစားရ၏။ သူက အာဏာရသည်နှင့် နင်ကျန်းကို သတ်မည်။ ရှမ့်လန်ကို သတ်မည်။ ကျင်းမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းမည်ဟု ဆုံးဖြတ်ပြီးသားပင်။ သို့ပေမည့် အနည်းငယ်သော ကြားခံကာလတစ်ခု ကျန်ရှိသေးသည်။
ပထမဦးဆုံး နင်ကျန်းကို ဘေးဖယ်ပြီးနောက် နေအိမ်အကျယ်ချုပ် ချထားမည်။ နောက်ဆုံး သူ ထီးနန်းကို အပြည့်အဝ တက်ပြီးမှ သတ်ဖြတ်မည်။ နင်ကျန်းက ယခု သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သေမင်းကိုသာ တွေ့ချင်နေသည်လား။
“နင်ကျန်း... ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ဘူးလား။”
ရွှယ်ချီက အေးစက်စက် ပြော၏။ “မင်းက တရားရုံးရဲ့ဆန္ဒကို ဆန့်ကျင်နေတာလား။ နင်ကျန်းက စည်းကမ်းမရှိလို့ အပြစ်ပေးသင့်တယ်လို့ ကျုပ် တောင်းဆိုချင်ပါတယ်။”
ဦးရီးတော်နင်ချီက လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဝန်ကြီးရွှယ်.. ခင်ဗျားက အရမ်းကို ကြင်နာတတ်တာပဲ။ နင်ကျန်းက လုံးဝ မရည်ရွှယ်ဘဲ လုပ်မိတယ်လို့ ကျုပ်ထင်တယ်။ သူက အဖေ့အတွက် စိတ်ပူနေတာကြောင့် စိတ်တွေ ဂယောက်ဂယက် ဖြစ်နေတာပါ။”
ထို့နောက် ဦးရီးတော် နင်ချီက ပြောလိုက်၏။ “ကျုပ် အသက်ကြီးလာပြီ။ အတိုင်ပင်ခံ ကောင်စီရဲ့ ဒုတိယ ဝန်ကြီးတာဝန် ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူး။ ဒီတော့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တရားဝင် တောင်းဆိုပါတယ်။”
ထိုအရာကိုကြားတော့ နင်ချီ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ထိုအရာက သူ၏ပါးကို ပိတ်ရိုက်လိုက် ခြင်းလား။ သူ အိမ်ရှေ့စံအဖြစ် တာဝန်ယူမည့်အချိန်တွင် ရာထူးက နုတ်ထွက်ရန် ပြောဆိုနေ၏။ နင်ချီက ခေါင်းမာသည့် အဘိုးကြီး ဦးရီးတော် နင်ချီကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်သော်လည်း သူက ပြုံးကာ ပြောလိုက်သည်။
“မဟုတ်သေးပါဘူး။ ဦးရီးတော်က အသက်အရွယ် ရနေတယ်ဆိုပေမဲ့ သန်မာနေဆဲပဲလေ။ တော်ဝင်ကောင်စီက ဦးရီးတော်ကို လိုအပ်နေတုန်းပဲ။ အခု ရာထူးက နုတ်ထွက်ဖို့ ထပ်ပြီး မပြောနဲ့တော့။”
ဦးရီးတော် နင်ချီက ရာထူးမှ နုတ်ထွက်ရန်အတွက် အတင်းအကြပ် တောင်းဆို၏။ သို့ပေမည့် နင်ချီက လေသံ ပြောင်းလဲသွား၏။ အကြည့်များကလည်း အေးစက်သွား၏။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဦးရီးတော် နင်ကန်က အဖေ့ရဲ့ လျှို့ဝှက်အမိန့်ကို ဖျက်ဆီးခဲ့တယ်။ ဒီလုပ်ရပ်က နိုင်ငံတော်ရဲ့ ပုန်ကန်မှုနဲ့ ညီမျှတယ်။ သေချာ စုံစမ်းရမယ်။ ရေနက်တပ်ဖွဲ့က ရန်အီ ဒီမှာရှိလား။”
ခေါင်းဆောင် ရန်အီက ရှေ့သို့ တိုးလာသည်။
နင်ချီက ပြောလိုက်၏။ “နင်ကန်ကို သွားဖမ်း။ သေချာမေး သူ့ကို ဘယ်သူ ညွှန်ကြားခဲ့တာလဲ။ ဘုရင်ရဲ့ လျှို့ဝှက်အမိန့်ကို ဘာကြောင့် ဖျက်ဆီးခဲ့တာလဲ။ ကြံရာပါတွေက ဘယ်သူလဲ ဆိုတာကို ရှာဖွေရမယ်။”
စကားလုံးတိုင်းက လူတိုင်းရဲ့ ကျောရိုးများကို အေးစိမ့်သွားစေခဲ့၏။ နင်ချီက အဓိက အမှုတစ်ခုကို ဖော်ထုတ်တော့မည်။ နင်ကန်ကို ရေနက်တပ်ဖွဲ့တွင် ထောင်ချလိုက်သည်နှင့် စိတ်ကြိုက် နှိပ်စက် စစ်မေးခွင့် ရရှိပေတော့မည်။
ထိုသို့ဆိုလျှင် ကျိန်းသေပေါက် နှိပ်စက်ပြီး ရိုက်နှက်တော့မှာ သေချာ၏။ ပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး စတင်တော့မှာ ဖြစ်၏။ ဆန္ဒရှိသည် ဆိုပါက လူထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီ၍ပင် ပါဝင်ပတ်သက်နိုင်သည့် ကိစ္စရပ်ကြီးပင်။
ဝန်ကြီးများ ကြောက်လန့် တုန်လှုပ်နေသည်ကို မြင်ရတော့ နင်ချီက အားရကျေနပ်စွာ ပြုံးလိုက်၏။
‘ကျုပ်က ဆက်ဆံရေး ကောင်းမွန်တယ်လို့ ခင်ဗျားတို့ ထင်နေတာလား။ လောကမှာ အာဏာ တည်မြဲမှုက ပိုပြီး အရေးကြီးတယ်။ အာဏာရဖို့ ဘာမဆို လုပ်ရမယ်။’
“ကဲ ... ဝန်ကြီးတို့ ဘယ်လိုထင်လဲ။” နင်ချီက အေးစက်စက်နှင့် မေးမြန်းလိုက်သည်။
“အိမ်ရှေ့စံ.... အိမ်ရှေ့စံက ဉာဏ်ပညာ ကြီးမားပါတယ်။” ဝန်ကြီးများက အန္တရာယ်ကို သတိပြုမိသောကြောင့် ဦးညွှတ်ကာဖြင့် ပြောဆိုလိုက်ကြ၏။
“ရန်အီ... ခင်ဗျားက လူတွေကို ခေါ်ပြီး နင်ကန်ကို သွားပြီး ဖမ်း။”
“ခဏလေးအုံး။”
ဦးရီးတော် နင်ချီက ပြောလိုက်သည်။ “နင်ချီ... ကျုပ် နုတ်ထွက်မှာ မဟုတ်ဘူး။ အခုလည်း မနုတ်ထွက်ဘူး။ ဟုတ်ပြီလား။ နင်ကန်က ဘာပဲပြောပြော ဦးရီးတော်ပဲ။ ဒီနှစ်မှာ အသက်လည်း ၇၀ ကျော်နေပြီ။ သူ့ကို မနှောင့်ယှက်ပါနဲ့တော့။”
နင်ချီက ရုတ်တရက် ထရပ်ပြီး ဒေါသတကြီး အော်ပြောလိုက်၏။ “ဦးရီးတော် နင်ချီ.. ဘယ်လိုလုပ် ဒီလောက် ခေါင်းရှုပ်ခံနေတာလဲ။ ဒီလိုကိစ္စတွေက ပုဂ္ဂလိကခံစားချက်တွေ ပါဝင်လို့ မရဘူး။ ဒါဆိုရင် နိုင်ငံတော်ရဲ့ ဥပဒေက ဘယ်နား သွားထားတော့မှာလဲ။ တရားရုံးရဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်နေရာမှာ ထားတော့မှာလဲ။ နင်တော်ဝင်မိသားစုရဲ့ ဘိုးဘေးတွေကို ကျုပ်တို့ ဘယ်လို မျက်နှာချင်းဆိုင်ရတော့မှာလဲ။”
နင်ချီက အေးစက်စက်နှင့် ပြောလိုက်သည်။ “ဦးရီးတော် နင်ချီ... ဘာလို့ ဦးရီးတော်နင်ကန်ကို ဒီလို ကာကွယ်ပေး နေတာလဲ။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုခု ရှိနေတာလား။ ဦးရီးတော် နင်ကန် တစ်ခုခု ဝန်ခံသွားမှာကို ခင်ဗျား ကြောက်နေတာလား။”
ထိုအရာကို ကြားချိန်မှာတော့ ဦးရီးတော် နင်ချီက ဒေါသထွက်သွား၏။ တစ်ကိုယ်လုံးလည်း တုန်ယင်သွားခဲ့၏။ လောကကြီးတွင် ဤကဲ့သို့ ထူးဆန်းသည့် အရာမျိုး ရှိဦးမည်လား။ တကယ် ပုန်ကန်သူက ရာထူးကြီးကြီးနှင့် တည်နေရာတွင် ထိုင်လျက် ရှိနေပြီး ကျန်တဲ့သူများကို ယိုးစွပ်နေ၏။
နင်ချီက အေးစက်စက် ပြောသည်။ “အုပ်ချုပ်ရေးမှူးရွှယ်.. သက်သေတွေ လိုက်ရှာတော့။ ရန်အီ ခင်ဗျား ဘာလို့ ဒီမှာ ရပ်နေတာလဲ။ အခုချက်ချင်း သွားဖမ်း။”
“အိမ်ရှေ့စံ... ကျုပ် နင်ကန်ကို သွားဖမ်းလို့ နန်းတော်ထဲကလူတွေ တားဆီးဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ။” ရန်အီက မေးမြန်းလိုက်၏။
နင်ချီက အေးစက်စက် ပြောလိုက်သည်။ “အားနာစရာ မလိုဘူး။ သတ်ပစ်လိုက်။”
“အမိန့်တော်အတိုင်းပါ။”
“သစ္စာဖောက် နင်ကန်ကို ဖမ်းဆီးကြ။ ဖမ်းဆီးဖို့ တားဆီးသူတိုင်းကို ခြွင်းချက်မရှိ သတ်ပစ်။”
“ခဏနေအုံး။”
နင်ကျန်းက ပြောလိုက်၏။ “ကျုပ် ချင်ဘုရင်မနဲ့ စကားသွားပြောလိုက်အုံးမယ်။”
နင်ချီက လှောင်ရယ်, ရယ်လိုက်မိ၏။ ယခုမှ ညှိနှိုင်းချင်နေသည်လား။ နောက်ကျသွားပြီ ဖြစ်၏။ သူက နင်ကန်ကို သွားရောက် ဖမ်းဆီးပြီး ပုန်ကန်မှုအဖြစ် ယိုးစွပ်ကာ အဓိကအမှုကြီးတစ်ခုကို သူများ ခေါင်းပေါ်သို့ တင်ပေးရပေလိမ့်မည်။
‘နင်ကျန်း ..... မင်းမှာ ချို့ယွင်းချက် တစ်ခုရှိတယ်။ မင်းက အရမ်း ဖြောင့်မတ်လွန်းနေတာပဲ။’
နင်ချီက အေးစက်စက် ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်မင်းကြီး... ဒါက အဖေ မင်းကို သင်ပေးခဲ့တာလား။ နိုင်ငံတော်ရေးရာကို အသုံးပြုပြီး ငါနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာလား။ အဖေရဲ့ လျှို့ဝှက်အမိန့်ကို ဦးရီးတော် နင်ကန်က သစ္စာဖောက်ပြီး ဖျက်ဆီးခဲ့တယ်။ ဒါက နိုင်ငံတော်ပုန်ကန်မှုပဲ။ ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ဘာလို့ စိုးရိမ်နေတာလဲ။”
“ဘန်း..”
ရေနက်တပ်ဖွဲ့၏ တပ်မှူး ရန်အီက ခန်းမကြီး တံခါးကို တွန်းဖွင့်ပြီး ပြင်ပသို့ ထွက်၏။ “အားလုံးပဲ သစ္စာဖောက် နင်ကန်ကို ဖမ်းဆီးကြ။ ခုခံတဲ့ လူတွေကို သတ်ပစ်ကြ။”
ညီလာခံမှ ထွက်ခွာပြီးနောက် ရန်အီက ရေနက်တပ်ဖွဲ့မှ ကျွမ်းကျင်သူရာပေါင်းများစွာတို့နှင့်အတူ နန်းတော်၏ အတွင်းပိုင်းသို့ သွားရန် ပြင်ဆင်သည်။
လမ်းတစ်လျှောက်မှာတော့ မိန်းမစိုးနှင့် နန်းတွင်းအစေခံအားလုံးတို့က လမ်းဖယ်ပေးကြ၏။ ရန်အီက ရေနက်တပ်ဖွဲ့၏ ကျွမ်းကျင်သူ ရာပေါင်းများစွာတို့ကို ဦးရီးတော်နင်ကန် အကျဉ်းချခံထားရသည့် နန်းဆောင် ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွား၏။
……..
ဤနေရာတွင် နင်ယွမ်ရှန်းက ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။ မိန်းမစိုးကြီး လီစွမ်းက နန်းတော်၏ တံခါးဝတွင် ကင်းစောင့်အဖြစ် ရပ်နေသည်။
“အုပ်ချုပ်ရေးမှူး ရန်အီ... ဒါ ဘယ်ကိုလဲ။”
ရန်အီက ဦးညွှတ်လိုက်၏။ “သစ္စာဖောက် နင်ကန်ကို ဖမ်းဆီးဖို့ပါ။ ဒီလူဆိုးက ဘုရင်မင်းမြတ်ရဲ့ လျှို့ဝှက်အမိန့် ကို ဖျက်ဆီးခဲ့တယ်။ သူ့ရဲ့ ရာဇ၀တ်မှုက အရမ်းကို ရက်စက်ကြမ်းကြုတ်ပါတယ်။”
လီစွမ်းက ပြောသည်။ “ကျုပ် အရင်က ပြောခဲ့သလိုပဲ။ နင်ကန်က တော်ဝင်နန်းတော်ထောင်ထဲမှာ အကျဉ်းချ ခံနေရတယ်။ ဘာလို့ ရေနက်တပ်ဖွဲ့က သူ့ကို လာခေါ်ရတာလဲ။”
ရန်အီက ပြော၏။ “မိန်းမစိုးလီ.. ဒါက အိမ်ရှေ့စံရဲ့ အမိန့်ပါပဲ။ ကျေးဇူးပြုပြီး ကျုပ်ကို ခက်ခဲအောင် မလုပ်ပါနဲ့။”
လီစွမ်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အထဲဝင်ခွင့် မပြုရင် ဘယ်လိုလုပ်မလဲ။”
ရန်အီက ခေါင်းမော့က ပြောလိုက်၏။ “အိမ်ရှေ့စံက ပြောထားပါတယ်။ သစ္စာဖောက် နင်ကန်ကို ဖမ်းဆီးဖို့ အမိန့်ပေးလိုက်တယ်။ ခုခံတဲ့ လူတိုင်းကို သတ်ပစ်ရမယ်တဲ့။”
လီစွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီးက ပြန်ကောင်းလာပြီ။ ကျုပ်ကို တကယ်ပဲ သတ်ချင်တာ သေချာရဲ့လား။”
ရန်အီက ပြောလိုက်၏။ “ကျုပ် အရှင်မင်းကြီးကို မနှောင့်ယှက်ပါဘူး။ ဒါပေမဲ့ သစ္စာဖောက် နင်ကန်ကို ဖမ်းဆီးဖို့က အရေးကြီးပါတယ်။ မိန်းမစိုးလီ.. ကျေးဇူးပြုပြီး ချက်ချင်း ဘေးဖယ်ပေးပါ။ မဟုတ်ရင် ကျုပ်ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့။”
ပြီးနောက် ရန်အီက ဓားရိုးကို လှမ်းကိုင်လိုက်သည်။ “သစ္စာဖောက် နင်ကန်ကို ဖမ်း။ ခုခံသူတိုင်းကို အညှာအတာမရှိ တစ်ခါတည်း သတ်ပစ်ကြ။”
လီစွမ်းက အေးစက်စက် ပြောလိုက်၏။ “ရန်အီ... ခင်ဗျား ဒီထဲကို ဝင်ချင်တာ သေချာလား။”
“သေချာတာပေါ့။”
လီစွမ်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ကဲ ကျေးဇူးပြုပြီး ဝင်ပါအုံး။”
ပြီးနောက် နန်းတော်တံခါးများ ပွင့်သွားခဲ့၏။
ရန်အီက ရေနက်တပ်ဖွဲ့မှ ကျွမ်းကျင်သူများကို အထဲသို့ ခေါ်ဆောင်သွားခဲ့၏။ သို့ပေမည့် အထဲသို့ ခြေချလိုက်သည်နှင့် အေးစက်မှုကို ခံစားရ၏။ သူက ခေါင်းမော့ကြည့်ရုံမှလွဲ၍ တခြားမရှိတော့ချေ။
အပိုင်း (၇၃၈)
လူတစ်ယောက် သစ်သားဘီးတပ် ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေကြောင်း မြင်ရ၏။ ထိုသူက ဘုရင်မင်းမြတ် နင်ယွမ်ရှန်း ပင်။ ဘုရင်မင်းမြတ်က တကယ်ကြီး နိုးထလာခဲ့သည်။
ရေနက်တပ်ဖွဲ့၏ တပ်မှူးရန်အီက မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ပင် ခံစားရ၏။ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားပြီး သူ၏မျက်လုံးကိုပင် မယုံကြည်နိုင်လို ဖြစ်နေ၏။ ခဏအကြာမှာတော့ အေးစိမ့်သည့် ချွေးများက ခန္ဓာကိုယ်မှ စီးကျလာခဲ့၏။ ပြီးနောက် ရန်အီက ရုတ်တရက် ဒူးထောက်ကာ ဦးတိုက်၏။ “အရှင်မင်းကြီး... ကျုပ်မှာ အပြစ်ရှိပါတယ်။ ကျုပ်မှာ အပြစ်ရှိပါတယ်။”
နင်ယွမ်ရှန်းက ရန်အီကို လှမ်းကြည့်၏။ ပြီးနောက် ဂရုမစိုက်သလို ပြောလိုက်သည်။ “မင်း ဒီလောက် တော်လိမ့်မယ်လို့ ငါ ထင်မထားဘူး။”
ပြီးနောက် ရန်အီကို လျစ်လျူရှုကာဖြင့် ပြော၏။ “အင်း... အထဲမှာရှိနေတဲ့ ဖျော်ဖြေပွဲက အရမ်း ကောင်းနေတာပဲ။ စင်မြင့်ပေါ်ကို တက်ဖို့ ငါ့အလှည့် ရောက်ပြီ။ သွားကြရအောင်။”
ရှမ့်လန်က ဘီးတပ်ကုလားထိုင်ကိုတွန်းပြီး လီမူ၊ ကျုံးချူးကဲ့တို့၏ အကာအကွယ်မှု အောက်မှာပဲ ညီလာခံ နန်းတော်ရှိရာဆီသို့ ဖြည်းညင်းစွာ သွားသည်။
ညီလာခံ နန်းတော်ထဲမှာတော့ …
ဦးရီးတော် နင်ချီက တော်တော်လေး ဒေါသထွက်လျက် ရှိနေ၏။ “နင်ချီ... မင်း ဒီလို ရက်စက်စွာ ပြုမူတာက မင်းရဲ့ ဘိုးဘေးတွေ စိတ်ထိခိုက်စေမှာ မကြောက်ဘူးလား။ ဘိုးဘေးတွေက ဒီနန်းတော်ကြီးကို နှစ်ပေါင်းရာနှင့်ချီ တည်ဆောက်ခဲ့ကြတယ်။ မင်း အခု ဖျက်ဆီးတော့ မှာလား။ ဒီနေ့ မင်း နင်ကန်ကို ဖမ်းချင်ခဲ့တယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ ပြစ်ဒဏ် ချမှတ်ချင်တယ်။ မင်း တကယ်တမ်း ဒီလိုလုပ်ဖို့ လိုလို့လား။”
နင်ချီက တိတ်ဆိတ်နေသည်။
အင်ပါယာ၏ မင်းသားလျန်က ဖြည်းညင်းစွာဖြင့် ပြောလိုက်၏။ “ဒါ ရွှဲ့ပြည်နယ်ရဲ့ နန်းတွင်းလား။ ငယ်ရွယ်တဲ့ အုပ်စိုးသူ တစ်ယောက်ကတောင် အုပ်ချုပ်နေပြီ။ ရွှဲ့ပြည်နယ်ရဲ့ လက်အောက်ခံ တွေက သူတို့ရဲ့ အရှင်သခင် စကားကို နားမထောင်ကြတာလား။”
ခဏကြာမှတော့ မိဖုရားကြီးကျူးက ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ “အင်း... ဦးရီးတော် နင်ချီ ပင်ပန်းနေပြီလား။ တစ်ယောက်လောက် ဦးရီးတော် နင်ချီကို စိတ်ငြိမ်သွားအောင် ခေါ်သွားပေးအုံး။”
“ဘန်း...” နန်းတော်တံခါးများ ပွင့်လာခဲ့၏။ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များက အပြေးအလွှား ဝင်ရောက်လာခဲ့၏။ ရွှဲ့ပြည်နယ်၏ ညီလာခံက အမှောင်ဆုံး အချိန်တစ်ခုကို ရင်ဆိုင်ရပေတော့မည်။ သို့ပေမည့် မမျှော်လင့်ဘဲ ဘုရင်နင်ယွမ်ရှန်းက ဝင်ရောက်လာခဲ့၏။ သူက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ ရှမ့်လန်က သူ့ကို ဖြည်းဖြည်းချင်း တွန်းလာ၏။
လူတိုင်းက ချက်ချင်း အံ့အားသင့်သွား၏။ မိမိမျက်လုံးကို မိမိ မယုံကြည်နိုင်သလိုပင်။ အရှင်မင်းကြီးက အဘယ်သို့ နိုးထလာခဲ့ရသနည်း။ ဘယ်တော့မှ ပြန်လည် မနိုးထနိုင်ဟု ထင်မှတ်ထားကြသည် မဟုတ်ပါလား။
မိဖုရားကြီးကျူး၏ ခန္ဓာကိုယ်က တုန်ခါသွား၏။ သူမ၏ မျက်နှာက ချက်ချင်းပဲ ဖြူလျော်သွားခဲ့၏။
ပြီးနောက် နင်ချီ။ နင်ချီက ခန္ဓာကိုယ်တစ်ခုလုံး အပူချိန်ဟူ၍ မရှိတော့ချေ။ ကောင်းကင်ပေါ်မှ မိုးကြိုးတစ်ချက် ပစ်ချလိုက်သလိုပင်။ ထိုမိုးကြိုးက သူ၏ ခေါင်းကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့သည်။
အင်ပါယာ မင်းသားလျန်၏ တည်ကြည် လေးနက်လျက် ရှိနေသည့် အမူအရာအားလုံး ပျောက်ကွယ်သွားခဲ့၏။ သူတို့အားလုံးက အသက်ရှုပင် ရပ်သွားမိ၏။
ကျူးဟုန်ကျူး၏ အသက်အရွယ် ကြီးရင့်နေသည့် ခန္ဓာကိုယ်ကြီးက တုန်ခါသွား၏။ သူ၏ မျက်စိအမြင်များ အားလုံးက မိုက်မဲပြီး မေ့မြောလုမတတ် ဖြစ်သွားသည်။
ရွှဲ့နန်းတော်တစ်ခုလုံးက အိပ်မက်မှ နိုးထလာသကဲ့သို့ပင်။ ပြီးနောက် လူတိုင်းက တပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။ “အရှင်မင်းကြီး... ကျုပ်တို့ ဂါရဝပြုပါတယ်။ အရှင်မင်းကြီး... ဂါရဝပြုပါတယ်။ အရှင်မင်းကြီး ကျန်းမာချမ်းသာပါစေ။”
နင်ယွမ်ရှန်းပေါ် ယခင်က မကျေမနပ် ဖြစ်ခဲ့ကြသော အရာရှိအများစုက ယခုအချိန်မှာတော့ ပိန်ချုံးနေသည့် ခန္ဓာကိုယ်ကိုကြည့်ပြီး တကယ်ပင် စိတ်ချမ်းသာသွားခဲ့ကြ၏။ ဤဘုရင်က ရက်စက်ပြီး ကျေးဇူးကန်းသူ တစ်ယောက် ဖြစ်၏။ အစွန်းရောက်သည့်ပုံစံမျိုး ပြုမူခဲ့သော်လည်း အနည်းဆုံး တိုင်းပြည်၏အကျိုးကို ရှေ့တန်းတင်သူ တစ်ယောက်ပင်။
နင်ယွမ်ရှန်းက ပြောသည်။ “နင်ကျန်း... ငါ့ကို ရာဇပလ္လင်ပေါ် ခေါ်သွားပေး။”
နင်ကျန်းက ရှေ့သို့ လှမ်းလာ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေ၏။ နင်ယွမ်ရှန်း၏ ပိန်ချုံးနေသည့် ခန္ဓာကိုယ်ကို ဘီးတပ်ကုလားထိုင်ပေါ်မှ မချီပြီး နန်းပလ္လင်ရှိရာဆီသို့ တစ်ဆင့်ချင်းစီ လျှောက်ကာ တက်သွား၏။
ဤအချိန်မှာတော့ အဖေနှင့် သားတို့က သွေးသားတော်စပ်မှုကို တကယ်ပင် ခံစားရ၏။ နင်ကျန်း၏ စိတ်ဝိညာဉ် တစ်ခုလုံးက တုန်ခါနေ၏။ သူက ဤကာလတစ်လျှောက်လုံး စိတ်ရှည်ခဲ့ပြီး သူ၏ စစ်တပ်ပိုင်း ဆိုင်ရာ သာလွန်နေသည် ဆိုလျှင်တောင် စစ်ပွဲကို မစတင်ခဲ့ချေ။
သူက အောက်ခြေစည်းမျဉ်းကို ကျော်လွန်ပြီး ဘာမှ မလုပ်ရသေးချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က သူ၏ အဖေကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့်ပင်။ အဖေသာ သတိပြန်ရလာပါက အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပေလိမ့်မည်။
သူ့အနေနှင့် နိုင်ငံရေး အခြေအနေအရ အနည်းဆုံး ထိခိုက်မှုလေးလောက်သာ ဖြစ်ပေမည်။ သူ၏ အာရုံ သိရှိခံစားမှုက မှန်ကန်ခဲ့၏။ ရှမ့်လန်က နောက်ဆုံး အံ့ဖွယ်ရာအမှုတစ်ခုကို ဖန်တီးခဲ့ပြီး အောင်မြင်အောင်လည်း ဖန်တီး ပြုလုပ်နိုင်ခဲ့၏။
နင်ယွမ်ရှန်းက နင်ကျန်းကို ကြည့်ပြီး သက်ပြင်းချသည်။ “မင်းက အခုထိ ရိုးသားလွန်းပြီး ဖြောင့်မတ်လွန်း နေတယ်။”
သူတို့က နန်းပလ္လင်ပေါ်သို့ တက်၏။ သူက အင်ပါယာ၏ မင်းသားလျန်ကို လှမ်းကြည့်၏။ နင်ယွမ်ရှန်းက ပြောလိုက်၏။ “အိမ်ရှေ့စံ ရွေးချယ်ရေး ကော်မတီ ရှိတယ်လို့ ကျုပ်ကြားတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေအရ အိမ်ရှေ့စံရာထူးက ကျုပ်အပေါ်မှာပဲ မူတည်နေတယ် မဟုတ်လား။”
မင်းသားလျန်၏ မျက်နှာက ရှုံ့တွသွား၏။ “ဟုတ်ပါတယ်။ ဘုရင့်ရွေးချယ်တာက နောက်ဆုံးနည်းလမ်းပါ။ ဒါပေမဲ့ နင်ချီက အရမ်းကို ထူးချွန်နေဆဲ ဖြစ်တယ်။ အင်ပါယာက သူ့ကို အရမ်း လေးစားပါတယ်။”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “အင်ပါယာကတင် ရွှဲ့ပြည်နယ်ကို တန်ဖိုးထားတာ မဟုတ်ဘူး။ ကျုပ်ကလည်း တန်ဖိုးထားပါတယ်။ နင်ချီ.... မင်းရဲ့ အိမ်ရှေ့စံဆိုတဲ့ တာဝန်က ဒီမှာ ပြီးဆုံးသွားပြီ။ မင်း အရမ်း ကြိုးစားခဲ့တာပဲ။”
ပြီးနောက် နင်ယွမ်ရှန်းက ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။ “ပဉ္စမသား နင်ကျန်းကို ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့ အမိန့်တော် တစ်ခုကို ရေးဆွဲမယ်။ အားလုံးပဲ... ကျုပ်က နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်တယ်။ အားလုံးပဲ... ကျုပ် ရှင်းရှင်းလင်းလင်း ပြောမယ်။ ကျုပ် အသံကတော့ သိပ်ပြီး မရှင်းလင်းဘူး။ ခင်ဗျားတို့ အားလုံး ရှင်းရှင်းလင်းလင်း ကြားရလား။”
ချက်ချင်းပဲ အရပ်ဖက်နှင့် စစ်ဖက် အရာရှိ အားလုံးက ဒူးထောက်၏။ ပြီးနောက် ဦးတိုက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးတော်မူပါတယ်။ အရှင်မင်းကြီး.... အားလုံးက ဂါရဝပြုပါတယ်။”
.........
နင်ချီသည် လက်ရှိအချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ၏ အလယ်တွင် အဝတ်ဗလာနှင့် ရပ်နေရသကဲ့သို့ ခံစားနေရ၏။ ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းက မီးနှင့် လောင်မြိုက်ခြင်းကို ခံစားနေရသကဲ့သို့ ပူလောင်နေခဲ့ပြီး အတွင်းမှ အပြင်သို့ တိုင်အောင် ကျွမ်းလောင်မတတ် ဖြစ်နေသည်။
မည်သူ တစ်ဦးတစ်ယောက်ကမှ ထုတ်ဖော် မပြသကြသော်လည်း ဘေးပတ်ဝန်းကျင်ရှိလူများက သူ့ကို စိတ်ထဲ လှောင်ပြောင်နေသကဲ့သို့ပင် ခံစားရ၏။ ထို့အပြင် သူတို့၏ အကြည့်အားလုံးကလည်း ကဲ့ရဲ့ ရှုတ်ချမှုများနှင့် ပြည့်နှက်နေကြ၏။ သူက ဤလောကကြီးထဲတွင် နန်းသက်အတိုဆုံး လူငယ်အိမ်ရှေ့စံ တစ်ယောက် ဖြစ်ပေလိမ့်မည်။ ရွေးချယ်တင်မြှောက်ခံရပြီး တစ်နာရီမပြည့်ခင်မှာပဲ ဖြုတ်ချခံလိုက်ရ၏။ အတိုင်းအဆမဲ့သည့် အရှက်တရားကို ခံစားရ၏။
ယခင်တုန်းက အိမ်ရှေ့စံနင်ယီ အရှက်ကွဲခဲ့ဖူးသော်လည်း သူ ... နင်ချီ၏ အရှက်ကွဲမှုက ပိုမိုကာ ဆိုးရွား၏။ တစ်လောကလုံး၏ ရယ်မောစရာ လူတစ်ယောက်ပင် ဖြစ်လာခဲ့သည်။
ထိုအချိန်မှာတော့ နင်ချီ တွေးမိသည်က အဖေ စောစောစီးစီး သတိပြန်လည်လာခဲ့ခြင်းပင်။ အဖေက ဤကဲ့သို့သော ဘုရင့်ရွေးချယ်ပွဲ အကြောင်းအရာကို ကြားဖြတ်ကာ ရပ်တန့်နိုင်ပါလျက်နှင့် ရွေးချယ်မှုရလဒ် ပြီးသည့်အထိ၊ သူ့ကို အာဏာ၏ အရာသာ မြည်းစမ်းခွင့် ရရှိသည်အထိ စောင့်ဆိုင်းပြီးမှ ရုတ်တရက် ထွက်ပေါ်လာကာ ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်ခြင်းပင် ဖြစ်၏။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း။”
နင်ချီက မိမိ၏ မျက်နှာကို တခြားသူ တစ်ယောက်ယောက်က ပိုးစိုးပက်စက် ပါးပိတ်ရိုက်နေသကဲ့သို့ ခံစားရ၏။ နင်ချီ တစ်ယောက်တည်းသာမက အင်ပါယာ၏ မင်းသားလျန်၊ မိဖုရားကြီးကျူးတို့ကလည်း ထိုနည်းလည်းကောင်းပင်။ နင်ယွမ်ရှန်း၏ ဖြောင်းခနဲ ရိုက်ချက်က သူတို့၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။
အမုန်းတရား၊ အရိုးထဲ စွဲနေသည့် အမုန်းတရား၊ မည်သည့်စကားလုံးနှင့်မှ နင်ချီ၏ ရင်ထဲတွင် ရှိနေသည့် ခံစားချက်များကို ဖော်ကျူး၍ ရနိုင်တော့မည် မဟုတ်ချေ။
‘အဖေ... ဘာလို့ ကျုပ်ကို ဒီလောက်ကြီး အရှက်ကွဲရတာလဲ။ ဒီကိစ္စကို ရင်ဘတ်ထဲမှာ ထာဝရ ကမ္ပည်းတင်ထားရတော့မယ်။’
အင်ပါယာ၏ မင်းသားလျန်က နင်ယွမ်ရှန်းကို အချိန်တော်ကြာ စူးစိုက်ကြည့်၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဒူးထောက်ပြီး အသနားခံခဲ့ဖူးသည့် ဤလူက ယခုအချိန်တွင် ပက်ပက်စက်စက် ခေါင်းမာသွားခဲ့ပြီ ဖြစ်၏။ အင်ပါယာကိုပင်လျှင် ဆန့်ကျင်ရဲနေသည်လား။
လက်ရှိ အခြေအနေကို မည်သို့ ရှင်းရမည်နည်း။ မင်းသားလျန်က သူ၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလု မတတ်ပင် ခံစားရ၏။ ယခုတစ်ခေါက် သူ၏တာဝန်က လုံးဝပျက်စီးသွားခဲ့၏။ ဘုရင့်ရွေးချယ်ပွဲတွင် သူက တခြားသောမူးမတ်ဝန်ကြီးတို့၏ ခေါင်းကို နင်းဖိကာဖြင့် နင်ချီ၏ နာမည်ကို ရေးခိုင်းခဲ့၏။ ရွှဲ့ပြည်နယ်မှ ဝန်ကြီးများ၏ စိတ်ထဲတွင် အင်ပါယာ၏ဂုဏ်သိက္ခာက အလွန်အမင်း ကျဆင်းသွားခဲ့ပြီ ဖြစ်၏။
အကယ်၍ နင်ချီသာ နန်းတက်ခဲ့ရပါက ဤပေးဆပ်မှုက တန်၏။ သို့သော်ငြား ယခု ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက် သာ ပေါ်ပေါက်ခဲ့ပြီး နင်ချီကလည်း နန်းမတက်ရသည့်အပြင် လောကရှိလူပေါင်းများစွာတို့၏ လှောင်ပြောင်စရာ ဖြစ်ခဲ့၏။ စစ်ရှုံးသည့်အပြင် စစ်လျော်ကြေးပါ ပေးရသည့် ကိစ္စပင်။
“ဟား ဟား ဟား ဟား။”
မင်းသားလျန်က ရှေ့ကို တိုးကာ ပြော၏။ “ညီတော် ယွမ်ရှန်း... ဒီတစ်ခေါက် မင်း လေဖြတ်သွားတာ လူတွေကို တော်တော် လန့်ဖျပ်သွားစေခဲ့တယ်။ အင်ပါယာက အရမ်းကို စိုးရိမ်တာကြောင့် ငါ့ကို စေလွှတ်ခဲ့တာပဲ။ ငါက မင်းရဲ့ အစားဝင်ပြီး လုပ်ပေးခဲ့တာ အပြစ်မတင်လောက်ဘူးမလား။”
ရွှဲ့ဘုရင်က ပြောသည်။ “ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ နောင်တော် ကျေးဇူးတင်လို့တောင် မဆုံးပါဘူး။”
မင်းသားလျန်က ဆက်ပြော၏။ “ကဲ ... ရွှဲ့ဘုရင်က သတိရလာပြီ ဆိုရင်တော့ ကောင်းတာပေါ့။ နန်းတွင်း ကလည်း အခြေအနေကို ထိန်းသိမ်းနိုင်မယ့်လူ ရှိနေပြီ။ မယ်တော်ကြီးရဲ့ ဈာပနကို အမြန်ဆုံး စီစဉ် ဆောင်ရွက်သင့်တယ်။ ရုပ်ကလပ်ကို ဈာပနဆောင်မှာ အကြာကြီး ထားလို့ မကောင်းဘူး။”
ရွှဲ့ဘုရင်က ပြောသည်။ “နောင်တော် မင်းသား ပြောတာ မှန်ပါတယ်။”
ပြီးနောက် နင်ယွမ်ရှန်းက ဆက်လက်ကာ ပြောလိုက်၏။ “အမတ်မင်းတို့ တွေ့တဲ့အတိုင်းပဲ ကျုပ် သတိရလာပြီ ဆိုပေမယ့် ရောဂါက အရှင်း မပျောက်သေးဘူး။ သွားလာ လှုပ်ရှားရတာ မလွယ်ကူသလို စကားပြောရတာလည်း အဆင်မပြေဘူး။ နင်ကျန်း... မင်းက အိမ်ရှေ့စံ ဖြစ်တဲ့အတွက် ဒီနေ့ကစပြီး နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေကို ကြီးကြပ်ကွပ်ကဲရလိမ့်မယ်။”
“အမိန့်တိုင်းပါ။”
နင်ယွမ်ရှန်းက ပြော၏။ “နင်ကန်ကော။”
ခဏအကြာမှာတော့ နင်ကျန်းက ညီလာခံသဘင်သို့ ရောက်ရှိလာ၏။ နင်ယွမ်ရှန်း၏ ရင်ထဲတွင် နွေးထွေးသွားခဲ့၏။ လေပြင်းတိုက်မှ အပင်ခိုင်ကို သတိရသကဲ့သို့ပင် ဦးရီးတော်နင်ကန်က သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ အရေးကြီးသောအချိန်တွင် အသက်ကိုပင် ပဓာနမထားဘဲ ရွှဲ့ပြည်နယ်ကို ကာကွယ်ပေးခဲ့သည်။
နင်ယွမ်ရှန်းက ပြော၏။ “ကျုပ်က လျှို့ဝှက်အမိန့်တော် တစ်စောင်ကို ပြင်ဆင်ခဲ့တယ်။ အဲဒါကို နင်ကန်နဲ့ နင်ချီတို့လို့ အရေးပါတဲ့ ဝန်ကြီးတွေ ရှေ့မှောက်မှာ ရေးသားခဲ့တာပဲ။ ဒါပေမယ့် လျှို့ဝှက်အမိန့်တော်က အလဲခံလိုက်ရတယ်။ ဒါကြောင့် နင်ကန်က အမိန့်တော်ကို ဖျက်ဆီးပစ်ခဲ့တာပဲ။ သူ ဖျက်ဆီးခဲ့လိုက်တာက အတုဖြစ်တဲ့အတွက် ဒီလုပ်ရပ်က အပြစ်မရှိတဲ့အပြင် ကောင်းကျိုးတောင် ဖန်တီးပေးခဲ့သေးတယ်။”
နင်ကန်က ဦးတိုက်သည်။
နင်ယွမ်ရှန်းက ဆက်ပြော၏။ “ဦးရီးတော်... ကျုပ် ရှမ့်လန်ကို သွားတုတစ်စုံလောက် လုပ်ပေးခိုင်းလိုက်မယ်။”
ဦးရီးတော်နင်ကန်က ရှေ့သွားလေးချောင်းလုံး ရိုက်ချိုးခံလိုက်ရခြင်း ဖြစ်၏။ နင်ကန်က ပြောလိုက်သည်။ “ကျုပ်က အိုနေပါပြီ။ ရုပ်ရည်က အရေးမကြီးတော့ပါဘူး။ သွားကျိုးရင်လည်း ကျိုးပါစေတော့။”
နင်ယွမ်ရှန်းက ရယ်မောလိုက်၏။ “ဟားဟား ... မရဘူး။ ဒီလိုဆိုရင် စကားပြောရင် လေတွေ ထွက်နေမှာပေါ့။ ကျုပ် အခု စကားနားထောင်ရတာတောင် မပီမသ ဖြစ်နေပြီ။ ကျုပ်ကလည်း မပီမသ၊ ဦးရီးတော်ကလည်း မပီမသ ဖြစ်နေလို့တော့ မဖြစ်ဘူး။”
ပြီးလျှင် နင်ယွမ်ရှန်းက ကြေညာသည်။ “အရင်ကတော့ လျှို့ဝှက်အမိန့်ပေါ့။ အခု လူသိရှင်ကြား အမိန့်တော် ချမှတ်မယ်။ ကျုပ်ရဲ့ကျန်းမာရေးက မကောင်းဘူး။ အချိန်မရွေး သေသွားနိုင်တယ်။ အဲဒီနေ့ကို ရောက်လာတာနဲ့ နင်ကျန်းက ဘုရင်အဖြစ် ချက်ချင်း ထီးနန်း ဆက်ခံလိမ့်မယ်။ ပျံ့ရှောင်း၊ နင်ကန်း၊ နင်ချီ၊ ကျင်းကျိုးတို့က လက်ထောက် အုပ်ချုပ်ရေး ဝန်ကြီး ၄ ဦး ဖြစ်လိမ့်မယ်။”
ထိုစကား ထွက်ပေါ်လာချိန်မှာတော့ ဝန်ကြီးချုပ် ကျူးဟုန်ကျူး၏ မျက်နှာက တုန်ခါသွားခဲ့၏။ ဤအရာက လူသိရှင်ကြား ပါးပိတ်ရိုက်လိုက်ခြင်းပင်။ သူက အတွင်းဝန်ရုံး၏ ပထမ ဝန်ကြီးချုပ် ဖြစ်ပါလျက်နှင့် လက်ထောက် အုပ်ချုပ်ရေး ဝန်ကြီးစာရင်းထဲတွင်ပင် ပါဝင်ခြင်းမရှိသည်က အလွန်တရာ ရှက်ဖွယ်ရာ ကောင်း၏။
ချက်ချင်းပဲ ကျူးဟုန်ကျူးက တုန်ယင်စွာဖြင့် ရှေ့ကို ထွက်ကာ ဒူးထောက်သည်။
“အရှင်မင်းကြီး... ကျုပ်ရဲ့ အသက်အရွယ်က ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် အနားယူခွင့်ပြုဖို့ တောင်းပန်ပါတယ်။” ကျူးဟုန်ကျူးက နောက်တစ်ကြိမ် နုတ်ထွက်စာ တင်ခြင်း ဖြစ်၏။
“ခွင့်ပြုတယ်။”
နင်ယွမ်ရှန်းက ပြတ်သားစွာ ပြောလိုက်သည်။ “ကျူးဟုန်ကျူးက အသက်ကြီးပြီ ဆိုတော့ အိမ်ပြန်ပြီး သက်ကြီးဘဝကို ခံစားသင့်နေပြီ။ အတွင်းဝန်ရုံးရဲ့ ဝန်ကြီးချုပ် ရာထူးကလည်း နုတ်ထွက်ခွင့် ပြုတယ်။ ဒါပေမယ့် အိမ်ရှေ့စံရဲ့ ဆရာသခင် ရာထူးကိုတော့ ဆက်လက် ထမ်းဆောင်ရမယ်။”
ကျူးဟုန်ကျူးက ဦးတိုက်လိုက်၏။ “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”
စစ်ဘက်ရေးရာ ဒုတိယဝန်ကြီး ကျုံးအီကလည်း နုတ်ထွက်ချင်စိတ် ပေါက်သော်လည်း စိတ်ကို ထိန်းချုပ်ထား၏။ ယခုအချိန်တွင် သူ နုတ်ထွက်၍ မဖြစ်ချေ။
“ကျူးဟုန်ကျူးက အနားယူသွားပြီ ဆိုတော့ ဦးရီးတော် နင်ကန်.... အတွင်းဝန်ရုံးရဲ့ ပထမ ဝန်ကြီးချုပ် တာဝန်ကို ဦးရီးတော်ပဲ ဝင်ပြီးတော့ အပင်ပန်းခံလိုက်ပေါ့။” နင်ယွမ်ရှန်းက ပြောသည်။
နင်ကန်က ပြန်လည်ကာ ပြော၏။ “ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။”
နင်ယွမ်ရှန်းက ဆက်ပြောသည်။ “ဒါဆိုရင် အတွင်းဝန်ရုံးမှာ လူတစ်ယောက် လိုသွားပြီ။ ဝမ်ချောင်ချန်... ခင်ဗျားက စစ်ဆေးရေးမှူး တစ်ယောက်အနေနဲ့ ဝန်ထုပ်ဝန်ပိုး နောက်တစ်ခုကို ထမ်းပြီး အတွင်းဝန်ရုံး ဌာနရဲ့ စတုတ္ထမြောက် ဝန်ကြီးနေရာကို ယူလိုက်တော့။”
စစ်ဆေးရေးချုပ် ဝမ်ချောင်ချန်က ဦးတိုက်ကာ ပြောဆို၏။ “အမိန့်တော်အတိုင်းပါ။ ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး။”
နင်ယွမ်ရှန်းက ပြောသည်။ “အိမ်ရှေ့စံ...ငါ သိပ်ပြီး အားမရှိတော့ဘူး။ မယ်တော်ကြီးရဲ့ ဈာပန ကိစ္စကိုလည်း မင်း လက်ထဲပဲ အပ်လိုက်မယ်။ ဒါပေမယ့် တစ်ချက်တော့ သတိထား။ အခမ်းအနားက ကြီးကျယ်ပြီး ဖြုန်းတီးတာမျိုး မလုပ်ရဘူး။”
နင်ကျန်းက ဦးတိုက်ကာ ပြော၏။ “သားတော် နာခံပါ့မယ်။”
“သွားကြစို့ ပြန်နားတော့မယ်။” နင်ယွမ်ရှန်းက ဆို၏။
ရှမ့်လန်က ဘုရင်၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ ညီလာခံထဲမှ ထွက်ခွာ၏။ နင်ယွမ်ရှန်းက နိုင်ငံရေး အာဏာအားလုံးကို လုံးဝ စွန့်လွှတ်လိုက်ပြီး နင်ကျန်း၏ လက်ထဲသို့ အပ်လိုက်ကြောင်း ပြသလိုက်ခြင်းပင်။
..........