အခန်း (၇၄၁-၇၄၂)
Vol. 46 Ch. 741-742
အပိုင်း (၇၄၁)
အမှန်စင်စစ်မှာတော့ အင်ပါယာရဲ့ မင်းသားလျန်က သူတို့၏ နန်းမြို့တော်ဆီကို ပြန်မသွားခဲ့ချေ။ ထိုအစား သူက ထျန်းရှစ်မြို့ထဲ၌ လူလုံးထွက်ပြလာခဲ့၏။
“ကျုံးယောင်.. အခု ငါပြောမယ့် စကားလုံးတိုင်းက အရမ်းကို အရေးကြီးတယ်။ ပထမအချက်အားဖြင့် ဒီစစ်ပွဲက မြို့တွေကို သိမ်းပိုက်ဖို့ သက်သက် မဟုတ်ဘူး။
ဒီစစ်ပွဲက မင်းတို့ ကျုံးမိသားစုရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက် တိုက်ခိုက်ရမှာပဲ။ ဒီတိုက်ပွဲမှာ မင်းရဲ့ ရည်မှန်းချက်က တစ်ခုပဲရှိတယ်။ အဲဒါက ပထမနဲ့ ဒုတိယ နိဗ္ဗာန တပ်တော်ကို လုံးဝ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ပဲ။”
မင်းသားလျန်၏ အသံက အလွန်ပင် လေးနက်တည်ကြည်သည်။ “ဒါက ငါ့ရဲ့ဆန္ဒတစ်ခုတည်း မဟုတ်ဘူး။ အင်ပါယာရဲ့ တစ်ခုတည်းသော အလိုဆန္ဒပဲ။ ငါ့ရဲ့ စကား အဓိပ္ပာယ်ကို နားလည်လား။”
ကျုံးယောင်က ပြန်လည်ကာ လျှောက်တင်၏။ “အရှင်မင်းသား... သေသေချာချာ ရှင်းလင်းပြောကြားပေးလို့ ကျေးဇူးတင်ပါတယ်။”
မင်းသားလျန်က ဆက်လက်ကာ မိန့်ကြားသည်။ “ကောင်းပြီ ငါ ပိုပြီး တည့်တိုးပဲ ပြောတော့မယ်။ ပထမနဲ့ ဒုတိယ နိဗ္ဗာန တပ်တော် ဆိုတာ ရှမ့်လန်ရဲ့ သွေးမျိုးဆက် ပြုပြင်ပြောင်းလဲထားတဲ့ တပ်ဖွဲ့တွေပဲ။ သူတို့က လောကကြီးမှာ မရှိသင့်၊ မရှိထိုက်တဲ့ အရာတွေပဲ။ ဒါကြောင့် သူတို့ကို လုံးဝ ဖျက်ဆီးပစ်ရမယ်။ နားလည်လား။”
ကျုံးယောင်၏ မျက်စိသူငယ်အိမ်များက ကျဉ်းမြောင်းသွားခဲ့လေ၏။ ဤစကား၏ အဓိပ္ပာယ်က တကယ်ကို နက်ရှိုင်း၏။
“ပထမနဲ့ ဒုတိယ နိဗ္ဗာန တပ်တော်ကို ဖျက်ဆီးပစ်ရုံနဲ့ မရဘူး။ ကျန်းလီရဲ့ သွေးမျိုးဆက်တွေ အကုန်လုံးကိုပါ ရှင်းလင်းပစ်ရမယ်။ နာကျည်းမှု၊ လန်ပေါင်၊ တုတ၊ တုအာ၊ လန်ညီအစ်ကို ၁၀ ယောက်၊ အားလုံးကို ဒီလောကကြီးထဲကနေ အပြီးပိုင် ရှင်းပစ်ရမယ်။”
ဤစကားလုံးများ ပါဝင်သည့် သတင်းအချက်အလက် ပမာဏက ကြီးမားလွန်း၏။ အဘယ်သို့သော ပြောင်းလဲမှုများ ဖြစ်ပျက်ခဲ့သနည်း။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက အင်ပါယာက ကျန်းလီ၏ အထူး သွေးမျိုးဆက်များနှင့် ပတ်သက်ပြီး လျစ်လျူရှုခဲ့၏။
ကျန်းလီ သေဆုံးခဲ့ပြီးနောက် သူမွေးထုတ်ပေးခဲ့သည့် အထူးသွေးမျိုးဆက်များက စစ်ဘေးဒုက္ခသည်များ ဖြစ်ကုန်ကြပြီး နေရာအနှံ့သို့ ပျံ့နှံ့ကာ ပြေး၏။ ယခင်က ထိုသူတို့ကို ခေါ်ယူမွေးစားခြင်းအား အင်ပါယာက ခွင့်ပြုခဲ့သော်လည်း ယခု အားလုံးကို အစအန ဖျောက်ဖျက်ပစ်ရန် အမိန့်ပေးလာခဲ့သည်။
“ငါ ထပ်ပြောမယ်။ ပထမနဲ့ ဒုတိယ နိဗ္ဗာန တပ်တော်က ဒီလောကကြီးမှာ မရှိသင့်ဘူး။ ဒါကြောင့် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ... အဲဒီတပ်ဖွဲ့တွေကို ချေမှုန်းပစ်ရမယ်။ သူတို့ဆီမှာ လူအင်အား လေးထောင်ကျော်ပဲ ရှိတယ်။
မင်းတို့ဘက်က စစ်သည် သုံးသောင်းသေမလား၊ ငါးသောင်းသေမလား ဂရုစိုက်စရာ မလိုဘူး။ အဓိကက အဲဒီ လေးထောင်ကို မျိုးတုံးအောင် သတ်ဖြတ်ပစ်ဖို့ပဲ။ မင်း ဒီအမိန့်ရဲ့ အလေးချိန်ကို နားလည်နိုင်မယ်လို့ မျှော်လင့်တယ်။”
ကျုံးယောင်က မင်းသားလျန်ကို မော့ကြည့်ရင်း မေး၏။ “တကယ်ပဲ ဘယ်လောက်တောင် ပေးဆပ်ရပါစေ တိုက်ရမှာလား။”
မင်းသားလျန်က ပြန်ပြောသည်။ “လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မင်းဆီကို ရိက္ခာတွေ၊ လက်နက်တွေ ဘယ်လောက်တောင် ရောက်ခဲ့လဲ။”
မရေတွက်နိုင်အောင်ပင်။ ကျုံးမိသားစု၏ ဂိုဒေါင်အတွင်းသို့ အကန့်အသတ်မရှိသည့် ထောက်ပံ့ရေး ပစ္စည်းများ စီးဝင်လာခဲ့၏။
“ငါ ထပ်ပြီး အလေးအနက် ပြောမယ်။ ဒီစစ်ပွဲ ပြီးသွားရင် ကျုံးမိသားစုအနေနဲ့ ကိုယ်ပိုင်နိုင်ငံ ထူထောင်ခွင့် ရမယ်။”
ထိုစကားကို ကြားချိန်မှာတော့ ကျုံးယောင်၏ တစ်ကိုယ်လုံးက တုန်ယင်သွား၏။ သူ အိမ်မက်မက်ခဲ့ရသော အရာ .. ထိုအရာက ကျုံးမိသားစုအနေနှင့် ကိုယ်ပိုင်နိုင်ငံ ထူထောင်ရေးပင်။
“မင်း ကျုံးယောင်က ရွှဲ့ပြည်နယ်ရဲ့ နယ်စားမင်း မဟုတ်တော့ဘူး။ ထျန်းရှစ်နိုင်ငံရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်။”
ကျုံးယောင်က အသက်ရှူ ရပ်သလိုပင် ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများက ဆူပွက်လာ၏။ ‘ဘုရင်’ မည်မျှ မက်မောစရာ ကောင်းလိုက်သည့် ဂုဏ်ပုဒ်နည်း။ လောကကြီးတွင် မိသားစု အများကြီး ရှိသည် ဆိုသော်လည်း ပြည်နယ်တစ်ခု၏ ဘုရင်ဖြစ်လာဖို့ရာ ဘယ်နှစ်ယောက်များ ရှိသနည်း။
ကျုံးယောင်က တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ကျုပ် သေတဲ့ထိ အမှုတော် ထမ်းပါ့မယ်။”
လေးရက်ကြာပြီးနောက် ကျုံးယောင် ဦးဆောင်သည့် စစ်သည်ပေါင်း လေးသောင်းကျော်က ကူလန်မြို့၏ အောက်သို့ ရောက်ရှိလာခဲ့၏။ သူတို့က ရဲတိုက်ငယ်လေးကို အားလုံး ဝိုင်းပတ် ပိတ်ဆို့ထားခဲ့၏။ ကျောက်ခဲပစ်စက်ကြီးများနှင့် ဧရာမ ဒူးလေးကြီးများ ဒါဇင်နှင့်ချီကာ စီတန်းထား၏။
အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ....
‘ဝုန်း ဝုန်း ဝုန်း’
ကျောက်တုံးကြီးများက မိုးရွာချသကဲ့သို့ပင် ကျဆင်းလာ၏။ ရဲတိုက်တစ်ခုလုံး၌ အသံနက်ကြီးများနှင့် တုန်ဟီးသွားစေ၏။ ဤရူးသွပ်လောက်ဖွယ်ရာ ကောင်းသည့် ကျောက်ခဲများနှင့် တိုက်ခိုက်မှုအောက်တွင် မည်သည့်တပ်ဖွဲ့၏ စိတ်ဓာတ်မဆိုက ကျိုးကြေပျက်စီးသွားနိုင်သည်။
သို့သော်ငြား …
‘ရွှပ် ရွှပ် ရွှပ်’
လှပခမ်းနားသည့် မြားမိုးရွာသွန်းမှုကြီးက တဖန် ပေါ်ပေါက်လာခဲ့၏။ ပထမနှင့် ဒုတိယ နိဗ္ဗာန တပ်တော်မှ စစ်သည်များက ရူးမတတ် မြားများကို ပစ်ခတ်ကြ၏။ နိဗ္ဗာနတပ်တော်မှ မြားပစ်စွမ်းရည် တိကျပုံက စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
ကျုံးမိသားစု၏ တပ်သားများက သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခဲ့သော်လည်း မြားမိုးဒဏ်ကို မခံနိုင်ဘဲ အများအပြား သေဆုံး၏။ ကျုံးယောင်၏ ရှေ့တန်းတပ်မကြီးက သုံးပုံတစ်ပုံ လူပေါင်းသုံးထောင် ကျော်လောက် ထိခိုက်သေဆုံးခဲ့ရ၏။ ကျုံးယောင်က ဒေါသထွက်လွန်းသောကြောင့် ရူးမတတ်ပင် ဖြစ်နေ၏။ တကယ်လည်း တုန်လှုပ်မိနေ၏။ နိဗ္ဗာန တပ်တော်က ဤမျှလောက်ပင် စွမ်းအားကြီးနေသည်လား။
ရိုးရိုးတိုက်၍ မရတော့သောကြောင့် နည်းလမ်းမျိုးစုံ သုံးလာကြ၏။ မြေအောက်လှိုဏ်ခေါင်းတူး၍ တိုက်ခိုက် သော်လည်း အဆိပ်ငွေ့ဗုံးများဖြင့် ပြန်လည်တိုက်ခိုက်ခြင်းကို ခံရပြီး ကျုံးတပ်သားများက မြေအောက်တွင် အသက်ရှင်လျက် မြှုပ်နှံခံရ၏။
နောက်ဆုံးမှာတော့ ကျုံးယောင်က မီးဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ဆီပေါင်ချိန် တစ်သိန်းကျော် လောက်ကို လောက်လွှဲစက်များဖြင့် လှမ်းပစ်ကာ မီးမြားများဖြင့် ပစ်ခတ်ရန် ပြင်ဆင်ခြင်းပင်။
“ပစ်ဖို့ အသင့်ပြင်။ မီးပင်လယ်ထဲမှာ အားလုံး ပျက်စီးကြတော့။”
ထိုအချိန်မှာပဲ ကျင်းမူလန်က ရဲတိုက်ရှေ့တွင် ပေါ်လာ၏။ သူမက အလွန်ကြီးမားသည့် လေးကြီး တစ်လက်ကို ဆွဲတင်၏။
ကျုံးယောင်က လှောင်ပြောင်မိ၏။ မီတာ ၇၀၀ အကွာအဝေးကို အဘယ်သို့သောမြားမျိုးကမှ ရောက်နိုင်မည် မဟုတ်ချေ။ ဤအရာက သဘာဝတရား၏ အကန့်အသတ်ပင် ဖြစ်သည်။
သို့သော်ငြား “ရွှစ်”
မူလန်၏ မြားက လေထဲသို့ ပျံတက်သွား၏။ မီတာ ၂၀၀ ခန့် ရောက်ရှိချိန်မှာတော့ မြား၏ အမြီးပိုင်းမှ မီးများ ပန်းထွက်လာ၏။ ထိုအရာ၏ အရှိန်ဟုန်က ရှေ့ဆီသို့ ဒုံးပျံသဖွယ်ပင် ဆက်လက် ပျံသန်းလာ၏။ ပြီးနောက် လေထဲတွင် ပေါက်ကွဲသွား၏။
“ဘုန်း” ….
နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း မျက်စိကျိန်းမတတ် လင်းလက်သွား၏။ ပြီးနောက် အပူချိန် ဒီဂရီ ၂၅၀၀ ကျော်သည့် အလူမီနီယမ် သာမိုက် မီးပွင့်များက မိုးရေစက်များပမာ ကျဆင်းလာသည်။
ထိုမီးပွင့်များက ဆီပုံးများစွာဆီသို့ ကျရောက်သည့်အချိန်မှာတော့
“ဘုန်း ဘုန်း”
လောကပျက်လုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဖြစ်ပေါ်လာပြီး မီတာရာပေါင်းများစွာ အမြင့်ရှိသည့် မီးတောက်ကြီးများ ထွက်ပေါ်လာခဲ့၏။ ကျုံးမိသားစု၏ စစ်သည် ထောင်ပေါင်းများစွာတို့က မီးပင်လယ်ထဲတွင် လောင်ကျွမ်းပြီး ပြာကျကုန်၏။
စစ်ပွဲ၏ ပထမပိုင်း ပြီးဆုံးချိန်မှာတော့ ကျုံးမိသားစု၏ တပ်ဖွဲ့ ၃၀၀၀၀ ကျော်က ပျက်စီးဆုံးရှုံးခဲ့၏။ ကျုံးယောင်က မျက်နှာပျက်ယွင်းစွာဖြင့် မင်းသားလျန်ကို လျှောက်တင်၏။
“အရှင်မင်းသား... ရိုးရိုးနည်းနဲ့ တိုက်လို့ မရပါဘူး။ စိတ်ဓာတ်တွေ ကျဆင်းနေကြပြီ။ တခဏအတွင်း အစွမ်းထက်မယ့် ဟိုတစ်ခါ ရှမ့်လန် သုံးခဲ့ဖူးတဲ့ ရွှေနဂါးသွေးလို ဆေးဝါးတွေကော မရှိဘူးလား။”
နောက်တစ်နေ့မှာတော့ စေတီတောင်မှ သံတမန်များ ရောက်လာ၏။ “ဒါက ရွှေနဂါးသွေး မဟုတ်ဘူး။ နိဗ္ဗာန ဆေးရည်ပဲ။ အာနိသင်က ရွှေနဂါးသွေးရဲ့ ၇ ပုံ ၁ ပုံလောက်တော့ စွမ်းတယ်။”
စမ်းသပ်ကြည့်ချိန်မှာတော့ အကြောက်လွန်ပြီး သေးပါပေါက်ချနေသည့် တပ်သားတစ်ယောက်သည် ဆေးသောက်ပြီးနောက် ကျားရဲတစ်ကောင်ကဲ့သို့ပင် သွေးဆာသည့် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
ကျုံးယောင်က ဝမ်းသာအားရ ဖြစ်သွား၏။ “ကောင်းတယ်။ ကောင်းတယ်။”
ကျုံးမိသားစု၏ စစ်သည် တစ်သောင်းခွဲကို ဤဆေး တိုက်ကျွေးလိုက်၏။ အားလုံးက နာကျင်မှုကို မသိ၊ ကြောက်လန့်မှုကို မသိသည့် စစ်လက်နက်များပင် ဖြစ်လာသည်။
“နိဗ္ဗာန တပ်တော်ကို အစအန မကျန်အောင် သတ်ပစ်မယ်။” အစွန်းရောက် ရူးသွပ်နေသည့် ကျုံးစစ်သည် တစ်သောင်းခွဲနှင့် ကျန်ရှိနေသည့် တပ်များကပေါင်းပြီး ငါးသောင်းနှစ်ထောင်သော စစ်သည်တို့က ကူလန်မြို့ကို တက်သိမ်းကြ၏။
နိဗ္ဗာန တပ်တော်တွင် မြားများ ကုန်ခမ်းလုမတတ် ဖြစ်နေ၏။ သူတို့ သေဆုံးရမည်လား။ သို့သော်ငြား ရဲတိုက်အပေါ်မှ ကျင်းမူလန်၏ တင်းမာခက်ထန်သည့် မျက်နှာထားက ပြေလျော့ပြီး အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ သူမ၏ ယောက်ျား ရှမ့်လန် တွက်ဆထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
ကျုံးမိသားစုက နောက်ဆုံးတွင် အသည်းအသန်ဖြစ်ပြီး စေတီတောင်၏ ဆေးရည်များကို သုံးစွဲလာခဲ့၏။ ရှမ့်လန်က ဤအချိန်ကို စောင့်မျှော်နေခြင်းပင်။ ရဲရင့်ခြင်းနှင့် ရူးသွပ်ခြင်းတို့ကြားတွင် ခြားနားချက်က မျဉ်းသေးသေးလေး တစ်ကြောင်းသာ ရှိ၏။
စေတီတောင်၏ ဆေးရည်က သူတို့ကို ရဲရင့်သည့် စစ်သည်များအဖြစ် ပြောင်းလဲစေနိုင်သော်လည်း ရှမ့်လန်က ထိုသူတို့ကို ရန်သူမိတ်ဆွေ မခွဲခြားဘဲ သတ်ဖြတ်နိုင်သည့် အရူးများအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိ၏။ ရူးသွပ်နေသည့် သားရဲများက နိဗ္ဗာနတပ်တော်ကို သတ်ဖြတ်၍မရသည့်အချိန်မျိုးတွင် ဘာလုပ်ကြမည်နည်း။ အားလုံးက မိမိတို့၏ မဟာမိတ် တပ်ဖွဲ့ဝင်များကို ပြန်လှည့်ကာ ကိုက်ဖြတ် သတ်ဖြတ်ကြပေတော့မည်။
“ကျုံးမိသားစု.... ရှင်တို့ရဲ့ နောက်ဆုံးနေ့ကို ရောက်ခဲ့ပြီ။”
ကူလန်မြို့ရဲ့ စစ်ပွဲတစ်ခုလုံးက အလွန်ပင် ရှုပ်ထွေးလျက် ရှိနေ၏။
“သတ်ကြစမ်း သတ်ကြစမ်း။”
ဆေးသောက်ထားသည့် ကျုံးမိသားစု၏ စစ်သည်ပေါင်း တစ်သောင်းခွဲတို့က လုံးဝပင် ပေါက်ကွဲလုမတတ် ဖြစ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်နေသည့် သတ်ဖြတ်လိုသည့် ဆန္ဒများကို လုံးဝ မဖိနှိပ်နိုင်တော့ချေ။ သူတို့၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည့် မယုံကြည်နိုင်စရာ ကောင်းသော စွမ်းအင်လှိုင်းများက သူတို့ကိုပင် ပေါက်ကွဲလုမတတ် ဖြစ်စေခဲ့သည်။
ထိုအရာက အရင်အချိန်တုန်းက မြို့စောင့်တပ်သားများ ဖြစ်ခဲ့သည်နှင့် အလွန်ပင် တူညီ၏။ ထိုထက်ပင် ပိုမိုကာ ကြမ်းတမ်းနေ၏။ စေတီတောင်မှ ပေးအပ်လိုက်သည့် နိဗ္ဗာနဆေးရည်က လူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆုံးစွန်သောစွမ်းအင်များကို တစ်ခါတည်း ညှစ်ထုတ်လိုက်ခြင်းပင်။ ထို့အပြင် စိတ်ရိုင်းများလည်း ဖြစ်ပေါ်စေ၏။
အရင်တုန်းက ရှမ့်လန်နှင့် နာကျည်းမှုတို့က ရူးသွပ်မတတ်ဖြစ်နေသည့် မြို့စောင့် တပ်သားပေါင်း တစ်သောင်းကျော်တို့ကို ဖိနှိပ်ရန် အလွန်ပဲ မောပန်းပင်ပန်းခဲ့ရ၏။ ယခုအချိန်မှာတော့ ကျုံးအီကလည်း ဤကဲ့သို့သော ရူးသွပ်နေသည့် စစ်သည်ပေါင်း တစ်သောင်းခွဲကို မည်သို့မှ ဖိနှိပ်နိုင်စွမ်း မရှိတော့ချေ။
ထို့ကြောင့် စစ်ပွဲတရားဝင် မစတင်ခင်မှာပဲ ကျုံးယောင်ဘက်၏ စစ်သည်နှစ်ဖက်က အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ကုန်ပြီး လူပေါင်းရာချီ သေဆုံးခဲ့ကြသည်။
ဤကဲ့သို့ ဆေးသောက်ထားခဲ့သည့် ရူးသွပ်နေသည့် တပ်သားများက တကယ်ကို အားကောင်းလွန်းလှ၏။ လုံးဝ လူမသတ်ရလျှင် မနေနိုင်ကြသလို ဖြစ်လာကြ၏။
“ဝေါင်း ဝေါင်း..”
ဤစစ်သားပေါင်း တစ်သောင်းခွဲတို့က သူတို့၏ရင်ဘတ်များကို ဓားဖြင့် လှီးလျက် ရှိနေ၏။ သူတို့က ချပ်ဝတ်များကို မဝတ်ဆင်လိုကြချေ။ ဤအတိုင်းသွားပြီး တိုက်ရိုက် တိုက်ခိုက်ခြင်းကို ပြုလုပ်ချင်ကြ၏။ ထို့အပြင် ဆောင်းတွင်းကြီးတွင် အင်္ကျီမပါဘဲ တိုက်ခိုက်ရသည်ကို ပိုမိုနှစ်သက်နေကြသည်။
ကျုံးအီ၏ အထပ်ထပ် အမိန့်ပေးမှုအောက်မှာတော့ တစ်ယောက်ချင်းစီတိုင်းက ဒိုင်းနှင့် ချပ်ဝတ်များကို ဝတ်ဆင်ရ၏။
“ဘန်း ဘန်း ဘန်း”
ထိုသူတို့က ဒိုင်းနှင့် ဓားကို တဘန်းဘန်းနှင့် ထုနှက်လျက် ရှိနေကြသည်။
ကျုံးယောင်က အော်ဟစ်လိုက်၏။ “အရှေ့ကို ဝင်ကြ။ အထဲမှာရှိနေတဲ့ နိဗ္ဗာန စစ်သည် တစ်ယောက်ချင်းစီတိုင်းကို သတ်ကြ။ ကောင်းကောင်းကြီး သတ်ကြ။”
“အားလုံးကို သတ်မယ်။ အားလုံးကို သတ်မယ်ဟေ့။”
ကျုံးအီ၏ အမိန့်ပေးမှုအောက်မှာပဲ ရူးသွပ်လျက် ရှိနေသည့် စစ်သည်ပေါင်း တစ်သောင်းခွဲတို့က ဒီရေလှိုင်းများ ကဲ့သို့ပင် ရှေ့သို့ လှမ်းတက်သွား၏။ သားရဲပေါင်း တစ်သောင်းကျော်တို့က မယုံကြည်နိုင်စရာ အမြန်နှုန်းနှင့် ရှေ့သို့ ပြေးဝင်လာသကဲ့သို့ပင်။
“ဝင်ကြ... ဝင်ကြ”
ရူးသွပ်နေခဲ့သည့် ကျုံးမိသားစု တပ်သားများ စိတ်ထဲတွင် တစ်ခုတည်းသောအတွေးသာလျှင် ရှိ၏။ အရှေ့ဆီသို့ ချီတက်ပြီး အထဲတွင် ရှိနေသည့် အရာအားလုံးကို သတ်ဖြတ်ရန်ပင်။
တစ်ချိန်တည်းမှာပဲ မြို့နံရံအတွင်းရှိ နိဗ္ဗာန စစ်သည်များက သူတို့၏ လေးများကို စတင်ကာ ဆွဲ၏။ ပြီးနောက် လေးကြိုးကို ချိန်၏။
“ပစ်ကြ။”
မြားများက ထပ်မံကာ ကျဆင်းလာခဲ့၏။
“ရွှစ် ရွှစ် ရွှစ်” မရေတွက်နိုင်သည့် ထက်ရှသော မြားမိုးများက ထိုရူးသွပ်နေသည့် ကျုံးကလန်မှ စစ်သည်များ အထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။ ပြောရမည်ဆိုလျှင် ဤအချိန်မှာတော့ ထိခိုက်ဒဏ်ရာရမှုများက တကယ်ကို ပြင်းထန်လွန်းသည်။
ထိုသူတို့က ချပ်ဝတ်များကိုပင် သေသေချာချာ ဝတ်ဆင်ထားခြင်း မရှိချေ။ ထို့ကြောင့် သူတို့၏ အကာအကွယ်က အားနည်းလွန်းလှ၏။ သို့ပေမည့် စေတီတောင်ဆီမှ နိဗ္ဗာနဆေးရည်ကို သောက်သုံး ပြီးနောက် သူတို့၏ ခုခံနိုင်စွမ်းများက ပိုမိုကာ တိုးလာ၏။ ခန္ဓာကိုယ်ကို မြားများ ထွင်းဖောက်ခံရသည် ဆိုလျှင်တောင်မှ သူတို့က ဆက်တိုက်ဆိုသလိုပင် ရှေ့သို့ တိုးလာနိုင်ကြ၏။ တချို့ကတော့ ဒိုင်းများကို မြောက်ကာ, ကာဖြင့် မြားများကို တားဆီးကြ၏။
နိဗ္ဗာန ဆေးရည်က တကယ်ကို အံ့အားသင့်စရာပင်။ ပိုမိုကာ အားကောင်းလာစေ၏။ တော်ဝင်ရန် အင်ပါယာအနေနှင့် ရှေးခေတ်ယဉ်ကျေးမှုများမှ ရရှိလာသည့် ပစ္စည်းအားလုံးကို အလုံးစုံ စည်းခတ်ထားပြီး မည်သူ့ကိုမှ မပေးချင်သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤကဲ့သို့သော ကိစ္စရပ်များက မယုံကြည်နိုင်စရာကောင်းအောင် အားကောင်းလွန်းလှ၏။ စစ်တပ်အတွင်းသို့ ဤသို့သော အရာများ ရောက်ရှိသွားသည် ဆိုပါက တကယ်ကို ဒုက္ခများပေလိမ့်မည်။
“ပစ်စမ်း။ ပစ်ကြ။”
နိဗ္ဗာန စစ်သည်များက ဆက်တိုက်ဆိုသလိုပင် ပစ်ခတ်လျက် ရှိနေ၏။ သို့ပေမည့် အလုပ် မဖြစ်ချေ။ ရူးသွပ်လျက် ရှိနေသည့် စစ်သည်များက ဒိုင်းများကို မြောက်ကာဖြင့် တားဆီးလျက် ရှိနေတုန်းပင်။ သူတို့၏ ဒိုင်းများက ကြီးမားသည် မဟုတ်သော်လည်း သံများနှင့် ကာကွယ်ထားပြီး အလွန်လည်း မာကျော၏။
နိဗ္ဗာနစစ်သည်များ၏ အားကောင်းသည့် မြားများက ထိုသူတို့ကို တိုက်ခိုက်ရန် ကျရှုံးခဲ့၏။ ထိုအခြင်းအရာကို မြင်ပြီးနောက်မှာတော့ ကျုံးအီက စိတ်သက်သာရာ ရသလို သက်ပြင်းရှည်ကြီး ချမိလိုက်၏။ သူတို့ အနိုင် ရရှိပေတော့မည်။
အပိုင်း (၇၄၂)
စေတီတောင်ဆီမှ နိဗ္ဗာနဆေးရည်က တကယ်ကို အားကောင်းလွန်းလှ၏။ ကျုံးမိသားစုက အင်ပါယာဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်လိုက်ခြင်းက တကယ်ကို မှန်ကန်သည့် ရွေးချယ်မှု တစ်ခုကဲ့သို့ပင်။ သူတို့က ဤတိုက်ပွဲကို နိုင်ခဲ့ပြီ ဖြစ်၏။
နိဗ္ဗာန စစ်သည်များ အလုံးစုံ သုတ်သင်ခံရသည်နှင့် တပြိုင်နက် ကျုံးမိသားစုက ကျိန်းသေပေါက် မိမိ၏ နိုင်ငံတော်ကို ထူထောင်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော အခိုက်အတန့်က လက်တစ်ကမ်းသို့ ရောက်ရှိနေသည်။
“သေကြစမ်း.... သေကြစမ်း...”
စစ်သည်ပေါင်း တစ်သောင်းခွဲလောက်က မြို့တော်၏ရှေ့ဆီသို့ ကြမ်းကြမ်းတမ်းတမ်းနှင့် ပြေးဝင်လာခဲ့၏။ ပြီးနောက် သူတို့က လှေကားများကို ချိတ်ကာဖြင့် အပေါ်သို့ တက်၏။
သန်မာအားကောင်းလွန်းသည့် ကျုံးကလန်၏ စစ်သည်ပေါင်း သုံးသောင်း ခုနစ်ထောင်လုံးကတော့ အနောက်မှာ ရပ်ကာ ကြောင်ကြည့်နေကြ၏။ ဤလူများက တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။ မြို့ရိုး နံရံဆီသို့ ရောက်အောင် ပြေးဝင်သွားပြီးနောက် မရေတွက်နိုင်သည့် အလောင်းများက တောင်လို ပုံကျန်ခဲ့၏။ ရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းတိုင်း၊ လှမ်းတိုင်း အသက်ပေါင်းများစွာကို စတေးနေရသည်။
လွန်ခဲ့သည့် လဝက်အတွင်း ဤနံရံ၏ အောက်တွင် သေဆုံးခဲ့သည့် အလောင်းပေါင်းက သုံးသောင်းပင် ကျော်နေခဲ့၏။ ယခု ရူးသွပ်လျက် ရှိနေသည့် တပ်သား တစ်သောင်းခွဲတို့က သေလျှင် သေပလေ့စေဟုဆိုကာ နိဗ္ဗာနစစ်သည်များ၏ မြားမိုးအောက်မှ အထဲသို့ ပြေးကာဝင်နေခဲ့ကြ၏။ သူတို့က မြို့ရိုးနံရံ၏ အောက်ခြေဆီသို့ ရောက်ရှိလာ၏။
မူလန်က တစ်ချက်ကြည့်၏။ ထိုအချိန်မှာပဲ မြို့ရိုးနံရံ၏အောက်ခြေတွင် ရူးသွပ်လျက် ရှိနေသည့် စစ်သည်ပေါင်းများစွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“အချိန်ကျပြီ။ မြားတွေ ပြောင်းတော့။” မူလန်က အမိန့်ပေးလိုက်၏။
နိဗ္ဗာနစစ်သည် လေးထောင်ကျော်တို့က အထူးမြားများကို တညီတညာတည်း ထုတ်ယူလိုက်ကြ၏။ ထိုမြားများတွင် အထူးဆေးပုလင်း တစ်ခုစီကို ချိတ်ဆွဲထားသည်။
“ပစ်ကြ၊ ပစ်ကြ” နိဗ္ဗာနစစ်သည်များက တောက်လျှောက် ဆိုသလိုပဲ ပစ်ခတ်နေ၏။ မြားမိုးများက ထပ်မံကာ ကျဆင်းလာခဲ့၏။
မြို့၏နံရံအောက်ရှိ ကျုံးကလန်မှ ရူးသွပ်နေသော စစ်သည်အားလုံးက သူတို့၏ ဒိုင်းကာများကို မြှောက်ကာ ရောက်လာခဲ့မည့် မြားများကို ကာကွယ်ရန် ပြင်ဆင်၏။ သို့ပေမည့် ဤမြားများက ဒိုင်းကာနှင့် ထိမိချိန်မှာတော့ ဤမြားများ၌ ချိတ်ဆွဲထားသည့် ပုလင်းများက ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲသွားခဲ့သည်။
ပြီးနောက် မယုံကြည်နိုင်လောက်အောင် များပြားလွန်းသည့် အငွေ့များ ထွက်ပေါ်လာခဲ့၏။ ထူးဆန်းသည့် အမွှေးနံ့က လေထုတစ်ခုလုံးသို့ ပြည့်နှက်သွား၏။ အမွှေးနံ့က ချောင်ဘုရင်ကို သက်ဖြတ်ရာ၌ အသုံးပြုခဲ့သည့် မှောင်မိုက်ရနံ့နှင့် ဆင်တူ၏။ သို့ပေမည့် အလုံးစုံ တူညီခြင်းတော့ မဟုတ်ချေ။
နိဗ္ဗာန တပ်တော်က မြားပေါင်းတစ်သောင်းကျော်တို့ကို ဆက်တိုက် ပစ်ခတ်၏။ ထိုမြားအားလုံးက ရှမ့်လန် ပြင်ဆင်ထားခဲ့သည့် ထူးဆန်းသည့် မူးယစ်ဆေးများ ပါဝင်လျက် ရှိနေ၏။ မြားတစ်စင်းလျှင် မူးယစ်ဆေးဝါး နှစ်ဂရမ်ခန့် ပါဝင်၏။
မည်ကဲ့သို့သော ဆေးမျိုး ဖြစ်သနည်း။ တကယ့်ကို ရှုပ်ထွေးလွန်းသည့် အရာမျိုးပင်။ ထို့အပြင် များပြားလွန်းသည့် အဆိပ်ပြင်းမြွေများ၏ အဆိပ် ၆၀ ရာခိုင်နှုန်းနှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်များဆီမှ အဆိပ်ပင်မျိုး ၃၀ ရာခိုင်နှုန်း၊ လက်ကျန် ၁၀ ရာခိုင်နှုန်းမှာတော့ နည်းစနစ်ပေါင်းများစွာတို့ဆီမှ ရှမ့်လန် ကိုယ်တိုင် ဖန်တီးထားသည့် ဆေးများပင် ဖြစ်၏။ ပါဝင်ပစ္စည်းများက အဆိပ်များ ဖြစ်သော်လည်း အရာအားလုံးကို ပေါင်းစပ်လိုက်သည့် အချိန်မှာတော့ အဆိပ်မရှိတော့ဘဲ ဆေးဖြစ်သွားခဲ့၏။ တကယ့်ကို ဆိုးဝါးသည့် မူးယစ်ဆေးပင်။
အိန္ဒိယမှလူများက မြွေဟောက်အဆိပ်ကို ရှူရှိုက်ပြီး မူးယစ်ဆေးအဖြစ် သုံးကြသလိုပင်။ မြွေဟောက်၏ အဆိပ်က လူတွေကို ပုံမှန်မဟုတ်သည့် စိတ်အခြေအနေမျိုး ဖြစ်စေနိုင်၏။ ထို့ကြောင့် မြွေဟောက်အဆိပ် တစ်ဂရမ်ကို ဒေါ်လာ ၁၅၀ လောက်ထိ တန်ကြေးရှိ၏။ နှိုင်းယှဉ် ကြည့်ရမည်ဆိုလျှင် ဤအရာက အဆင့်မြင့် စိတ်ကြွဆေး ကဲ့သို့ပင်။
ရှမ့်လန်က ထိုအရာကို မတော်တဆဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်၏။ မူလ ရည်ရွယ်ချက်က ရွှေနဂါးသွေး၏ ဆေးစွမ်းကို မြှင့်တင်ဖို့ရန် ဖြစ်သော်လည်း ဆေးနှစ်မျိုးကို ရောစပ်လိုက်သည့်အချိန်တွင် စမ်းသပ်ခံ သတ္တဝါတွေက ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုတုန်းက ရှမ့်လန် စမ်းသပ်နေသည်က အလွန်လိမ္မာသည့် ကြက်ကလေးတစ်ကောင် ဖြစ်၏။ သို့ပေမည့် ရုတ်တရက် ထိုကြက်က ရူးသွပ်သွားခဲ့ပြီး လှောင်အိမ်ထဲတွင် ရှိနေသည့် တခြားသော ကြက်အားလုံးကို ကိုက်ဖြတ်၊ သတ်ဖြတ်၏။ ပြီးနောက် လှောင်အိမ်ကို ဖောက်ထွက်ရန် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် နံရံကို ခေါင်းနှင့် တိုက်ပြီး သွေးသံတရဲရဲ သေဆုံးသွား၏။
ထိုအချိန်ကစပြီး ရှမ့်လန်က ဤဆေးနည်းကို ဖုံးကွယ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။ ယနေ့အချိန်မှာတော့ ဤမျှလောက်ထိ အသုံးဝင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ မူလက ရှမ့်လန်အနေနှင့် ဤမျှ များပြားသည့် မြွေဆိပ် ပမာဏကို ရနိုင်မည် မဟုတ်ချေ။ သို့ပေမည့် သဲကန္တာရ လူရိုင်းမျိုးနွယ်တို့ဆီသို့ ရောက်ချိန်တွင် မြွေဆိပ်အမျိုးမျိုးကို လိုသလောက် ရနိုင်မှန်း သိခဲ့ရ၏။ ပေါင်ချိန် ဆယ်ချီ၊ ရာချီ ယူမည်ဆိုလျှင်တောင် ပြဿနာ မရှိချေ။
မြို့ရိုးအောက်ခြေတစ်ခုလုံးက မွှေးပျံ့လွန်းသည့် ရနံ့များနှင့် ဖုံးလွှမ်းသွား၏။
“သိပ်မွှေးတာပဲ။” မြို့ရိုးပေါ်တက်ရန် အသည်းအသန် ကြိုးစားလျက်ရှိနေသည့် ကျုံးမိသားစုမှ ရူးသွပ်နေသော စစ်သည်များသည် ရုတ်တရက် ရပ်တန့်သွား၏။ ပြီးနောက် လေထုထဲရှိ ရနံ့ကို အငမ်းမရ ရှူရှိုက်ကြတော့၏။ ဤရနံ့က သူတို့ကို အလွန်ကောင်းမွန်သည့် စိတ်အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားစေသည်။
စေတီတောင်မှ ထုတ်ပေးလိုက်သည့် နိဗ္ဗာနဆေးရည်များကို သောက်ပြီးနောက် သူတို့၏ ခွန်အား၊ အမြန်နှုန်း၊ အာရုံခံနိုင်စွမ်းနှင့် စိတ်ဆန္ဒတို့က အဆမတန် တိုးတက်လာခဲ့ပြီးသားပင်။ သူတို့၏ စိတ်အခြေအနေကတော့ အလုံးစုံ ရူးသွပ်လုမတတ် ဖြစ်နေ၏။ ရူးသွပ်သွားရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့၏။ ယခု မွှေးရနံ့ကို ရှူရှိုက်ပြီးနောက် ဤအရာက မီးလောင်ရာ လေပင့်လိုက်သလိုပင်။ ခန္ဓာကိုယ်ထဲရှိ နိဗ္ဗာနဆေးရည်က တောမီးလိုပင် ဟုန်းကနဲ ထတောက်၏။
ကျုံးအီက တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိ၏။ သူ ကိုယ်တိုင်ပင်လျှင် ထိုရနံ့ကို ရရှိတုန်းက ခန္ဓာကိုယ် တစ်ခုလုံး ပူရှိန်းလာပြီး စိတ်လှုပ်ရှားသလို ခံစားမိသည်။
“အနံ့ကို မရှူနဲ့။ အနံ့ကို မရှူကြနဲ့။ အသက်အောင့်ထားကြ။” ကျုံးအီက အော်ဟစ်သတိပေးလိုက်၏။ သို့ပေမည့် နောက်ကျသွားခဲ့ပြီ။
မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း ခံထားရသည့် စစ်သည်တစ်သောင်းခွဲတို့၏ မျက်လုံးများက သွေးရောင် လွှမ်းလာ၏။ အသာအရေများက နီရဲလာ၏။ အသက်ရှူသံများကလည်း မြန်ဆန်လာ၏။ မျက်ဝန်းအိမ် များကလည်း အာရုံစူးစိုက်နိုင်မှု မရှိတော့ဘဲ ဝေဝါးလာ၏။ ကျန်ရှိနေသေးသည့် မဆိုစလောက်သော စိတ်ဝိညာဉ်လေးပါ ပြိုကွဲ ပျက်စီးသွားတော့၏။
“ဝူး... ဝူး..”
သူတို့က နှလုံးသား၏ အလိုအတိုင်း အော်ဟစ်နေခဲ့၏။ ခေါင်းထဲတွင် အဓိပ္ပာယ်တစ်ခုသာ ရှိတော့၏။ သတ်ဖြတ်ခြင်း၊ ကိုက်ခဲခြင်းပင်။ သို့ပေမည့် သူတို့က မလှုပ်ရှားကြသေးပေ။ လေထုထဲတွင် ရှိနေသည့် ရနံ့ကိုသာ ဆက်လက်၍ အလောတကြီး ရှူရှိုက်နေဆဲပင်။ ခံစားမှုက ကောင်းမွန်လွန်းသောကြောင့်ပင်။
နောက်ထပ် ဘီလူးစီး၊ သူရဲစီးဖြစ်နေသည့် စစ်သည်တသိုက်က မြို့ရိုးကို ဆက်လက် တွယ်တက်နေဆဲ ဖြစ်သည်။
“ဝုန်း... ဝုန်း”
မြို့ရိုးပေါ်မှ သစ်တုံးကြီးများ ပြုတ်ကျလာ၏။ မြို့ရိုးကိုတက်ရန် ပြင်ဆင်နေကြသည့် အရူးများရှိနေကြသေးသည်။ ဆေးအာနိသင် မလောက်သေးဟု ထင်ရ၏။ တချို့က မြို့ကို ဆက်လက် တိုက်ခိုက်နေတုန်းပင်။
ကျင်းမူလန်က ထပ်မံ အမိန့်ပေးလိုက်၏။ မြားမိုးက ထပ်မံကျဆင်းလာ၏။ ဆေးပုလင်းများက ထပ်မံ ပေါက်ကွဲကုန်၏။ လေထုထဲတွင် ရနံ့က ပိုမိုကာ ပြင်းထန်လာ၏။ နောက်ဆုံးမှာတော့ သားရဲစိတ် ဝင်နေသည့် ဤစစ်သည်များက လုံးဝ စိတ်ဖောက်ပြန်သွားကြတော့၏။
“သူတို့အချင်းချင်း ပြန်သတ်ကြတော့မယ်။”
ရှမ့်လန် စမ်းသပ်ခဲ့သည့် ကြက်ကလေး ကဲ့သို့ပင်။ လှောင်အိမ်ထဲတွင် ရှိနေသည့် သူ့အမျိုးအနွယ်များ အားလုံးကို သတ်ပစ်ပြီး သူ့ကိုယ်သူ သတ်သေသွား သကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာပေတော့မည်။
လူပေါင်းတစ်သောင်းကျော်တို့၏ မျက်လုံးများက သွေးကဲ့သို့ နီရဲလာ၏။ လောကကြီးထဲတွင် သွေးစုပ်ဖုတ်ကောင် ဗိုင်းရပ်စ်ပိုး ကူးစက်သွားသကဲ့သို့ပင်ဖြစ်၏။
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ ဗုံးမပေါက်ကွဲခင် ငြိမ်သက်မှုမျိုး ဖြစ်၏။ မီးခြစ်ဆံ တစ်ချောင်းလောက် ပစ်ထည့်လိုက်သည်နှင့် ပေါက်ကွဲတော့မည့် အခြေအနေမျိုးပင်။
ကျုံးအီက ဤမြင်ကွင်းကို ကြည့်ရင်း ကြက်သီးမွေးညှင်းများပင် ထ၏။ “ဘယ်လိုဖြစ်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေ ရပ်လုပ်နေကြတာလဲ။ မြို့ကိုတိုက်လေ။”
စိတ်ဝိညာဉ် ရှုပ်ထွေးနေသည့် သူတို့က တိုက်ပွဲတွင် ပြုလုပ်ရမည့် ရှုပ်ထွေးလွန်းသော အရာများကို နားမလည်တော့ချေ။ သူတို့၏ စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာက သတ်ဖြတ်ခြင်းပင်။
ကျုံးအီက အမိန့်ပေးလိုက်၏။ “တပ်ဖွဲ့ထိန်းတွေ.. သူတို့ကို မြို့ထဲကို မောင်းထည့်ကြစမ်း။”
ကျုံးအီ အမိန့်ပေးလိုက်သည်နှင့် မြင်းစီးတပ်သား သုံးထောင်တို့က မြို့ရိုးဆီသို့ ဒုန်းစိုင်း ဝင်ရောက်လာသည်။ “မြို့ကိုတိုက်ကြ။”
သံချပ်ကာ အကောင်းစား ဝတ်ဆင်ထားသည့် တပ်ထိန်းများက ဤအရူးများကို မကြောက်ကြချေ။ ကြာပွတ်များကို ထုတ်ယူပြီး မြို့ကိုတိုက်ရန် အမိန့်ပေးကြ၏။
“ရွှမ်း... ရွှမ်း” ကြာပွတ်သံက ဆူညံသွားသည်။
သို့ပေမည့် တစ်ဖက်လူများက မလှုပ်ကြချေ။ နာကျင်မှုမရှိသည့်အပြင် ဇိမ်ပင် ကျနေသလိုပင်။
တပ်ထိန်းခေါင်းဆောင်က ကျုံးအီ၏သား ကျုံးကျီ ဖြစ်လေရာ လူငယ်သွေးဆူသူတစ်ယောက်မို့ ထိုမြင်ကွင်းကို မြင်ချိန်တွင် အလွန်ပဲ ဒေါသထွက်သွား၏။ ဓားကို ဆွဲထုတ်ကာ အော်ဟစ်၏။
“ဟေ့ ချက်ချင်းတိုက်စမ်း။ မတိုက်ရင် အကုန်လုံးကို သတ်ပစ်မယ်။” တပ်ထိန်းအဖွဲ့က လူအယောက် လေးငါးဆယ်လောက်၏ ခေါင်းကို ဖြတ်ပစ်သည်။
ကျုံးအီက ထိတ်လန့်ကာ အော်ဟစ်တားမြစ်၏။ “လူမသတ်နဲ့.. လူမသတ်နဲ့။”
သို့ပေမည့် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ မီးလောင်လွယ်သည့် ဆီကန်ထဲသို့ မီးခြစ်ဆံတစ်ချောင်း ပစ်ထည့်လိုက်သကဲ့သို့ပင်။ ရက်တစ်ရက် ပေါက်ကွဲထွက်သွားသည်။
မျက်စိမှိတ်ထားသည့် အရူးစစ်သည်များက မျက်လုံးပွင့်လာ၏။ သားရဲကဲ့သို့ အကြည့်မျိုးပင်။
“ဝူး...”
သို့နှင့် သားရဲစစ်သည်တစ်သောင်းကျော်တို့က တပ်ထိန်းတပ်သားသုံးထောင်ဆီသို့ အရူးအမူး ပြေးဝင်သွားခဲ့ ၏။
ကျုံးကျီက ထိတ်လန့်သွားသည် ဆိုသော်လည်း အခြေအနေကို ထိန်းဖို့ ကြိုးစားသည်။ “ခင်ဗျားတို့ ဘာလုပ် နေကြတာလဲ။ ပုန်ကန်မလို့လား။ သတ်ကြစမ်း။”
တပ်ထိန်းတပ်ဖွဲ့က ဓားများနှင့် ခုတ်ပိုင်း၏။
“အား အား...” ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းက ဖြစ်ပွားခဲ့၏။ သားရဲများလို ဖြစ်နေသည့် စစ်သည်များက မြင်းစီးထားသည့် စစ်သည်တော်များပေါ်သို့ ခုန်တက်၊ မြေကြီးပေါ်သို့ ဆွဲလှဲပြီး နည်းလမ်းမျိုးစုံနှင့် သတ်ဖြတ်ကြ၏။ ဓားတွေနှင့် ခုတ်၏၊ လက်တွေနှင့် ဆွဲဖြဲ၏၊ ပါးစပ်နှင့် ကိုက်၏။ ကြောက်မက်ဖွယ်ကောင်းသည့် အချင်းချင်း တိုက်ခိုက်မှုကြီးက စတင် ဖြစ်တည်လာသည်။
“ဆုတ် ဆုတ်... တပ်ထိန်းအဖွဲ့တွေ နောက်ကို ဆုတ်ကြတော့။” ကျုံးအီက အော်ဟစ်အမိန့်ပေးလိုက်၏။
ကျုံးကျီက အလန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစား၏။ သို့ပေမည့် စိတ်ဖောက်ပြန်နေသည့် စစ်သည် တစ်သောင်းကျော်တို့က နောက်မှ လိုက်လာ၏။ ထိုသူတို့၏ အမြန်နှုန်းက အံ့မခန်းပင်။ စစ်မြင်းများ ထက်တောင် ပိုမိုကာ မြန်သည်။
“ဘုန်း ဘုန်း..”
ဓားသိုင်းတွေ၊ တခြားသိုင်းကွက်တွေ .. တခြားဘာမှမရှိပေ။ သတ်ချင်သည့် စိတ်တစ်ခုတည်းသာလျှင် သူတို့၌ ရှိ၏။ မြင်းစီးသမားများပေါ်သို့ ခုန်တက်ပြီး ကိုက်ခဲသတ်ဖြတ်ကြ၏။
“အဖေ... ပြေးတော့၊ ပြေးတော့။ ဒီကောင်တွေ အကုန်လုံး ရူးကုန်ပြီ။” တပ်ထိန်းတပ်ဖွဲ့၏ ထက်ဝက်လောက် သေဆုံးပြီးမှ ကျုံးကျီက ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ကျုံးအီက မြင်းပေါ်မှ လှမ်းကာကြည့်၏။ ရေလှိုင်းကြီး လာသလို လှိမ့်ဝင်လာခဲ့သည့် ရူးသွပ်နေသည့် စစ်တပ်ကြီးကို မြင်လိုက်ရ၏။ ထိုသူတို့၏ အကြည့်တစ်ခုချင်းစီတိုင်းက သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေ၏။
သူ၏ တစ်ကိုယ်လုံးက အေးစက်သွားခဲ့သည်။ “ဆုတ်ကြ.... ဆုတ်ကြ၊ တပ်ဆုတ်ကြ။”
သူ၏ အမိန့်ကြောင့် ကျုံးမိသားစု၏ လက်ကျန်စစ်သည် သုံးသောင်းကျော်တို့က နောက်သို့ လှည့်ပြေး၏။ ခုခံတိုက်ခိုက်ဖို့ စိတ်မကူးနိုင်တော့ချေ။ သို့ပေမည့် သူတို့က မလွတ်မြောက်နိုင်ချေ။ ခြေလျင်တပ်သားများက အရူးစစ်သည်များ၏ အမြန်နှုန်းကို မည်သို့မှ မယှဉ်နိုင်သောကြောင့်ပင်။
ကောင်းကင်မှ စီးကာ ကြည့်ရှုမည်ဆိုလျှင် လူအုပ်စုတစ်ခုကို သားရဲအုပ်ကြီးက နောက်မှ လိုက်လံချေမှုန်း နေသကဲ့သို့ပင်။ လွင်ပြင်တစ်ခွင်လုံး၌ မဲမှောင်နေသည့် အရိပ်များသာ ဖုံးလွှမ်းသွားခဲ့၏။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးပင် ဖြစ်၏။ ရက်ပေါင်းများစွာ စုစည်းထားခဲ့သည့် သွေးဆာမှု အားလုံးက အကုန် ပေါက်ကွဲ ထွက်သွား၏။ သူတို့က လူသတ်ချင်စိတ် ပေါက်နေ၏။
သူတို့က စိတ်ဖောက်ပြန်နေသော်လည်း ထိုကဲ့သို့သော သတ်ဖြတ်ရခြင်းကို ပျော်နေကြပုံပေါ်၏။ ခေါင်းပြတ်သည်အထိ သတ်၏။ သွေးချောင်းစီးသည်အထိ သတ်၏။ တောအုပ်ထဲသို့ ဝင်သွားသည့် ဝံပုလွေအုပ်ကဲ့သို့ပင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် မြေပြင်တစ်ခုလုံးကို သွေးများ ဖုံးလွှမ်းသွားစေ၏။ အလောင်းများက နေရာအနှံ့ပင်။
ကူလန်မြို့ရိုးပေါ်ရှိ နိဗ္ဗာနတပ်တော်က ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်ရှုနေ၏။ ကျင်းမူလန်၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့၏။ ဤမြင်ကွင်းက အရမ်းကို အံ့အားသင့်စရာ ကောင်းသည်။
ဤအရာကို မီးနှင့်ကစားပြီး မီးလောင်ခံရခြင်းဟု ခေါ်ဆိုရမည်လား။
တကယ်တော့ သူမယောက်ျား ပေးထားသည့် ဆေးရည်က ဆန်းကြယ်သော်လည်း လူကို မသေစေနိုင်ချေ။ မူလန်က ထိုရနံ့ကို ရရှိပြီး အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားရ၏။ သူမ၏ယောက်ျားကို ဆွဲစားချင်စိတ်ပင် ပေါက်၏။
တကယ့်တရားခံမှာတော့ စေတီတောင်၏ နိဗ္ဗာနဆေးရည်ပင် ဖြစ်၏။ ထိုအရာက ထင်းအပြည့် ဖြည့်ထားသည့် အခန်းတစ်ခုလိုပင်။ ရှမ့်လန်က မီးပွားလေး တစ်ပွင့်ကို ပစ်ထည့်လိုက်ရုံမျှသာ ဖြစ်၏။ လျှို့ဝှက်လက်နက်များက စွမ်းအားကြီးမားသော်လည်း သုံးစွဲသူက လုံလောက်သည့် အရည်အချင်းနှင့် ဉာဏ်ပညာ မရှိလျှင် မိမိကိုယ်ကိုယ် ပြန်လည်ကာ ဖျက်ဆီးတတ်သည်။
ကျုံးအီက ကုန်းမြင့်တစ်ခုပေါ်မှ စစ်မြေပြင်ကို လှမ်းကြည့်၏။ အရမ်းကို ရင်မောဖွယ်ရာ ကောင်း၏။ ကျုံးမိသားစု၏ ပင်မစစ်သည် သုံးသောင်းကျော်က သိုးကောင်များကဲ့သို့ပင် အသတ်ခံရ၏။ ပုံမှန်လူများကို သတ်ပြီးနောက် ဤအရူးများက အချင်းချင်း ပြန်သတ်နေကြပြန်၏။
ကျုံးအီက ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေ၏။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ရှမ့်လန် ရွှေနဂါးသွေးကို သုံးတုန်းက ဘာမှမဖြစ်ဘဲ သူတို့ကျမှ အဘယ့်ကြောင့် ဒုက္ခရောက်ရသနည်း။ ဤတစ်ခေါက် အသေအပျောက်က မည်မျှရှိမည်နည်း။ သုံးသောင်းလား၊ လေးသောင်းလား၊ ငါးသောင်းလား။ ကျုံးမိသားစု၏ စစ်သည်တစ်သိန်းလုံးက ပြောင်လေပြီလား။ စစ်တပ်တစ်ခုလုံး ပြာကျသွားပေတော့မည်။
“ရှမ့်လန်... မင်းက အရူးပဲ။ ငါတို့က မင်း တခြားနေရာကနေ တိုက်ခိုက်မယ်ထင်နေတာ။ ဒါပေမဲ့ မင်းက စစ်မြေပြင်တစ်ခုလုံးကို ကျင်းမူလန်လက်ထဲကို ထိုးပေးထားခဲ့တယ်။ မင်းက လူ လေးထောင်ကျော်နဲ့ ငါ့ရဲ့ စစ်သည်ပေါင်း တစ်သိန်းကို နိုင်မယ်လို့ ယုံကြည်ချက် ရှိလွန်းခဲ့တယ်။
ငါတို့ စေတီတောင်ကို အကူအညီတောင်းမယ်ဆိုတာလည်း မင်း ကြိုသိထားခဲ့ပြီသား။ ငါတို့ အချင်းချင်း ပြန်သတ်ကြအောင် မင်းစီစဉ်ထားတာပဲ။ ရှေးဟောင်းယဉ်ကျေးမှုရဲ့ စွမ်းအင်တွေက သိပ်ပြီး မက်မောစရာ ကောင်းတယ်။ ဒါပေမဲ့ ရှမ့်လန်ကိုတောင်မနိုင်ရင် ငါတို့ ကျုံးမိသားစုက ဘာဆက် လုပ်ရတော့မှာလဲ။”
ရလဒ်အနေဖြင့် ရှမ့်လန်က အကြီးအကျယ်နိုင်ပြီး သူတို့ကျုံးမိသားစုက ကပ်ဘေးသင့်ခဲ့၏။ ဤအချိန်မှာတော့ ကျုံးအီ၏ မျက်လုံးထဲ၌ ရှမ့်လန် ပြုံးပြနေသည့်ပုံကိုပင် မြင်ယောင်လာမိ၏။
“ဆရာကြီး ....ပြဿနာတက်ပြီ။ ကျုပ်တို့ တပ်သားတချို့ ထျန်းရှစ်မြို့ဘက်ကို ထွက်ပြေးသွားကြပြီ။ အဲဒီ အရူးကောင်တွေကပါ ထျန်းရှစ်မြို့ကို လိုက်သွားပြီ။”
ကျုံးအီက ထိတ်လန့်သွား၏။ လှမ်းကာ ကြည့်လိုက်ချိန်မှာတော့ သွေးရနံ့ကို ရရှိခဲ့ပြီးသားဖြစ်သော ဝံပုလွေ ကဲ့သို့ပင် ရူးသွပ်နေသည့် တပ်သားများက ထျန်းရှစ်မြို့ဘက်သို့ ဦးတည်ကာ ပြေးနေကြောင်း မြင်ရသည်။
“သွားပြီ။”
ထျန်းရှစ်မြို့၌ စစ်သည်တစ်သောင်းလောက်သာ ကျန်တော့၏။ “ရှမ့်လန်... မင်းက ငါ့စစ်တပ်ကို ဖျက်ဆီးရုံတင် မကဘူး။ ဒီသားရဲတွေကိုသုံးပြီး မြို့ကိုပါ ထပ်တိုက်ခိုက်ခိုင်းတာလား။”
...............