တိုက်ပွဲကြီး၏ နိဒါန်း
Vol. 1 Ch. 465
ယာ့ဇီသားရဲ၏ အင်အားကို မေးခွန်းထုတ်နေရန်ပင် မလိုချေ။ ၎င်း၏ ဖိအားတစ်ခုတည်းကပင် အပြင်မှစိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များကို တောင့်တင်းသွားစေသည်။ အဆင့်နိမ့် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များမှာ မလှုပ်ရှားနိုင် ဖြစ်ကုန်ကြသည်။
ကျန်းရီ တိုက်ခိုက်တော့မည်လော။
အင်အားစုကြီးငါးခုမှ စွမ်းအားမြင့်လူများသည် ရှားယွိမြို့အား စိုက်ကြည့်နေမိကြသည်။ ယာ့ဇီသားရဲသည် ကျန်းရီ၏ သင်္ကေတဖြစ်သည်။ ယခု ယာ့ဇီသားရဲ ထွက်ပေါ်လာပြီဖြစ်ရာ ကျန်းရီသည်လည်း သေချာပေါက် ထွက်လာပေလိမ့်မည်။
စစ်သည် အများစုသည် ကျန်းရီအား မလိုမုန်းတီးကြသည်။ သူတို့ထဲမှ အများစုသည် သူ့အား ကြောက်ကြသည်။ ထိုလူငယ်သည် အံ့ဖွယ်အများကြီးကို ဖန်တီးခဲ့သည်။ ထိုခဏတွင် ရှေ့ဆက်ဘာဖြစ်လာမည်ကို သူတို့ကိုယ်တိုင်ပင် မသေချာ ဖြစ်လာကြသည်။
"ယာ့ဇီသားရဲ...အရူးထနေတာ ရပ်လိုက်။ တိုက်ကြတော့...ဒီနတ်ဆိုးသားရဲဘုရင်လောက်ကို သတ်ဖို့ ဒီဘုရင် တစ်ယောက်နဲ့တင်ရတယ်"
အသံတစ်ခုသည် ခြင်္သေ့ဟိန်းသံပမာ ပျံ့လွင့်လာခဲ့ပြီး ပုံရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ထိုလူသည် အရောင်စုံသည့် ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေရောင် ပုဆိန်သွားတပ် လှံရှည်ကို ကိုင်ဆောင်ထားခဲ့သည်။ သူ့ခေါင်းထိပ်တွင် ကျောက်စိမ်းသရဖူတစ်ခုရှိနေပြီး ထိုသူထံမှ နဂါးတစ်ကောင်ကဲ့သို့သော အရှိန်အဝါမျိုး ရှိနေလေသည်။ ထိုသူရောက်မလာခင်ကပင် တောင်တစ်လုံးကဲ့သို့သော အရှိန်အဝါသည် ကျဆင်းလာခဲ့သည်။
ရှောင်လုံဝမ်...
စုလောရွှယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ အင်အားစုကြီး ငါးခုသည် သေချာပြင်ဆင်လာခဲ့သည်။ ယခု ဗာဂျရာအဆင့် လူတစ်ယောက် ထွက်လာပြီဖြစ်ရာ နောက်တစ်ယောက် ထပ်ထွက်လာရန် အချိန်မည်မျှ ကြာမည်နည်း။
"သတ်..."
ထိုက်ရှစ်ဝူတိသည် အော်ဟစ်လိုက်ပြီး တိုက်ခိုက်ရန် ဦးဆောင်လိုက်လေသည်။ သူသည် လက်ထဲမှဓားအား လွှဲယမ်း၍ အရှေ့သို့ ညွှန်ပြလိုက်သည်။ ထို့နောက်တွင် အစိမ်းရောင် ဓားပုံရိပ်တစ်ခုသည် လေကိုခွင်း၍ ကြယ်တစ်စင်းအလား ပြေးထွက်သွားခဲ့သည်။
ဝှစ်...ဝှစ်...
စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် လူရှစ်ထောင်သည် အတွင်းအားလှိုင်းများ တစ်ပြိုင်နက် ပစ်လွှတ်လိုက်ကြသည်။ ထိုခဏတွင် ကောင်းကင်ယံတစ်ခုလုံး ဝင်းထိန်သွားခဲ့ပြီး ကျောက်ခဲမိုးများ ရွာကျသည့်အလား လေထုမှာ သိမ့်သိမ့်တုန်သွားခဲ့သည်။ အဖျက်အဆီး စွမ်းအားတို့သည် ရှားယွိမြို့အား လွှမ်းခြုံသွားခဲ့သည်။
"အကာအကွယ် အစီအရင်ကို အသက်သွင်း"
စုလောရွှယ်သည် လက်ကိုမြှောက်၍ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ မြို့တံတိုင်းပေါ်ရှိ အနက်ရောင်အုတ်ခဲ အတော်များများသည် လင်းလက်လာခဲ့ကြပြီး ရှားယွိမြို့အထက်တွင် အပြာရောင် အကာအကွယ် အလွှာတစ်ခု ဖြစ်တည်လာခဲ့သည်။
ဗုန်း...ဗုန်း...ဗုန်း...
အတွင်းအားလှိုင်းများသည် မိုးရွာကျသည့်အလား အကာအကွယ် အလွှာထက် ကျဆင်းသွားကြသည်။ အကာအကွယ် အလွှာ၏ အပြာရောင် အလင်းတို့မှာ တောက်ပလာခဲ့ပြီး ရှစ်ထောင်သော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များ၏ တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့သည်။ အတွင်းအားလှိုင်းများ အကာအကွယ် အလွှာထက် ကျဆင်းသွားပြီးနောက် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများမှာ မီးရှူးမီးပန်းများအလား ရင်သပ်ရှုမောဖွယ် လှပနေလေသည်။
"ဒါက..."
ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီး၊ ထိုက်ရှစ်ဝူတိ၊ မိုးပြာနဂါးအင်ပါယာ၏ စစ်သူကြီးလုံနှင့် ကျန်လူများမှာ အံကြိတ်လိုက်မိကြသည်။ ကြယ်ကောင်းကင်မြို့တွင်လည်း ဤသို့သော အကာအကွယ်လွှာတစ်ခု ရှိလေသည်။ ထိုတစ်ခုအား လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကောင်းကင်ဧကရာဇ်တစ်ဦး စီရင်ပေးခဲ့ခြင်းဖြစ်သည်။ ယခင်က ရှားယွိမြို့တွင် ဘာအကာအကွယ်အစီအရင်မှ မရှိခဲ့ပေ။ ဤမျှ အချိန်တိုလေးအတွင်း မည်သူက ဤသို့သော အကာအကွယ်အစီအရင် အကြီးကြီးကို စီရင်ပေးခဲ့သနည်း။
"စုန်းနတ်ဘုရားရဲ့ တားမြစ်အစီအရင်တွေက တကယ်အစွမ်းထက်တာပဲ"
ယွင်ဖေးသည် လက်သီးများဆုပ်၍ စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။ ဤသို့ဖြစ်လာရန် သူတို့ ခက်ခက်ခဲခဲ မကြိုးစားခဲ့ရပေ။ ဤသည်မှာလည်း စုလောရွှယ်ထံတွင် ကောင်းကင်ကျောက်တုံး အမြောက်အများ ရှိနေသောကြောင့် ဖြစ်သည်။ ကောင်းကင်ကျောက်တုံး မရှိသောကြောင့် အခြားကျောက်တုံးများကိုသာ အစားထိုးသုံးရလျှင် အကာအကွယ်အလွှာသည် အစောပိုင်းက တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်။
"ဆက်တိုက်ကြ၊ ဒီအကာအကွယ်အလွှာ ဘယ်လောက်ခံမလဲ ကြည့်ရ...."
ထိုက်ရှစ်ဝူတိ ကြိမ်းဝါးလိုက်သည်။ သို့သော် သူ့စကား မဆုံးသေးခင်တွင် ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။ ထိုအလင်းတန်းသည် သူ့အား ဗဟိုပြု၍ အချင်းဝက်သုံးဆယ့်သုံးမီတာအထိ ဖုံးအုပ်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
သူ့အနီးမှ လူများသည် ပေါက်ကွဲသွားခြင်းမဟုတ်ဘဲ အမှုန့်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ မြေပြင်တွင်လည်း အတော်နက်သည့် စက်ဝိုင်းပုံချိုင့်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။ ချိုင့်၏ အနက်ကို အတိအကျ မပြောနိုင်သော်ငြား ထိုချိုင့်ကြီးကို ကြည့်ရုံနှင့်ပင် သူတို့၏ နှလုံးခုန်သံများ မြန်ဆန်လာရလေသည်။
"မကောင်းဆိုးဝါး သတ္တဝါ...ငါ့လူတွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"
ရှောင်လုံဝမ်သည် ဒေါသထွက်သွားခဲ့သည်။ သူသည် လက်ထဲမှ ပုဆိန်သွားတပ်လှံရှည်ကို ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ရှေ့သို့ပြေးထွက်သွားခဲ့သည်။ ထိုရွှေရောင်အလင်းသည် လေထုအလယ်၌ပင် ထူးဆန်းသော သားရဲတစ်ကောင်အသွင် ပြောင်းလဲသွားခဲ့ပြီး ၎င်း၏လက်သည်းများသည် ယာ့ဇီသားရဲအား လှမ်းကုတ်လိုက်လေသည်။
ဝှစ်...
ယာ့ဇီသားရဲ၏ နဖူးထက်မှ ဦးချိုသည် လင်းလက်လာခဲ့ပြီး အဖြူရောင်အလင်းတစ်ခုသည် ထူးဆန်းသည့် သားရဲပုံရိပ်ထံ ပြေးဝင်သွားခဲ့သည်။ ထို့နောက်တွင် ပေါက်ကွဲသံကျယ်ကြီး ပဲ့တင်ထပ်သွားခဲ့သည်။ အဖြူရောင်အလင်းသည် စူးရှတောက်ပလွန်းသောကြောင့် အောက်မှလူများ မျက်စိကျိန်းကုန်ကြသည်။ စုလောရွှယ်တို့လူစုပင် ဘာဖြစ်သွားသည်ကို မမြင်လိုက်ကြရပေ။
"ပြေး..."
စစ်သူကြီးလုံနှင့် သူ့လက်အောက်မှ လူများသည် မျက်နှာများ ပျက်သွားကြပြီး တိတ်တဆိတ် ဆဲရေးလိုက်ကြသည်။ ရှောင်လုံဝမ်သည် တိုက်ခိုက်ရန် နေရာတစ်ခု မရှာတတ်သည်လော။ သူ၏ ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်အပြီးတွင် ယာ့ဇီသားရဲ သေမသေကို သူတို့မသိပေ။ သို့သော် ထိုတိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် အောက်မှ သူတို့လူများအားလုံး သေသွားနိုင်လေသည်။
အောက်မှလူများသည် တုန်လှုပ်သွားကြကာ ဘက်ပေါင်းစုံသည် ထိတ်လန့်တကြား ပြေးကြတော့သည်။ ရှောင်လုံဝမ်သည် ဗာဂျရာ သတ္တမအဆင့် ဖြစ်ပြီး ယာ့ဇီသားရဲသည် အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်ဖြစ်သည်။ သို့သော် ယာ့ဇီသားရဲသည် နတ်ဆိုးဧကရာဇ် အဆင့်သို့ မရောက်သေးရာ အင်အားအများကြီး တိုးတက်လာစေနိုင်သည့် လူအသွင်မပြောင်းနိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ ၎င်း၏ နတ်ဆိုးစွမ်းအားမှာ အလွန်ကြောက်စရာကောင်းနေသေးသည်။
ဝုန်း...
ကြောက်စရာကောင်းသော အားလှိုင်းကြီးတစ်ခု ပျံ့လွင့်လာခဲ့သည်။ ထိုနေရာ အောက်တည့်တည့်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်နှစ်ရာခန့်သည် အသားစများအဖြစ် ပြောင်းသွားခဲ့သည်။ ထိုနေရာအနီးမှ လူများမှာလည်း အမြစ်မရှိသော ဘဲစာပင်များအလား လွင့်ထွက်ကုန်ကြသည်။ လွင့်ထွက်သွားသူများ အားလုံးသည် လေထဲတွင်ပင် သွေးအန်ကြပြီး သတိလစ်ကုန်ကြသည်။
"မကောင်းဆိုးဝါးကောင်...သတ္တိရှိရင် ငါနဲ့ကောင်းကင်ပေါ်မှာ လာတိုက်"
ရှောင်လုံဝမ်သည် ဘာဖြစ်နေသည်ကို သဘောပေါက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ယာ့ဇီသားရဲသည် အောက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ ရှိရာသို့ အလင်းတန်းတစ်ခုအသွင်ဖြင့် ပြေးဝင်သွားခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လူများမှာ ၎င်း၏ လက်သည်းများကြောင့် အပိုင်းပိုင်းပြတ်လျှင်ပြတ် မပြတ်ပါက ပါးစပ်ဖြင့် တစ်စစီ ဆွဲဖြဲခံခဲ့ရလေသည်။ မျက်စိတစ်မှိတ်စာအတွင်းတွင် လူတစ်ထောင်ခန့် သေဆုံးသွားခဲ့သည်။
"မကောင်းဆိုးဝါးကောင်...မင်းက သေချင်နေတာပဲ"
ရှောင်လုံဝမ်သည် ရှူးရှူးရှားရှား ဖြစ်သွားခဲ့ပြီး ယာ့ဇီသားရဲနောက် ပြေးလိုက်တော့သည်။ သူသည် ယာ့ဇီသားရဲထက် ပိုမြန်သော်လည်း ပြဿနာမှာ သူ့မဟာမိတ်များသည် နေရာတိုင်းတွင် ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလွန်အားပြင်းသည့် တိုက်ခိုက်မှုများကို သူမပြုလုပ်နိုင်ပေ။ ယာ့ဇီသားရဲ၏ ကိုယ်သည် အလွန်မာကျောလေရာ အင်အားအပြည့် မသုံးပါက သူ့တိုက်ခိုက်မှုများသည် အချည်းနှီးသာဖြစ်သည်။ ထို့ပြင် ၎င်းသည် သူနှင့်တစ်ဦးချင်းစီ ရင်မဆိုင်လိုရာ ရှောင်လုံဝမ်တစ်ယောက် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေသည်။
"ဟမ့်"
ထိုခဏတွင် အေးစက်စက် နှာမှုတ်သံတစ်ခုနှင့်အတူ ရွှေရောင်ပုံရိပ်တစ်ခုသည် မြောက်ဘက်အရပ်မှ ပျံသန်းလာခဲ့သည်။ ထိုသူသည် ရွှေရောင်ချပ်ဝတ်တို့ ဆင်ယင်ထားပြီး ရွှေရောင်လှံရှည်တစ်ချောင်းကို လက်တွင် ကိုင်ထားခဲ့သည်။ ထိုသူသည် ကိုယ်သည် နေမင်းတစ်စင်းပမာ တောက်ပနေခဲ့သည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများသည် ထိုသူမှာ ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးဟူသော ခံစားချက်ကို ပေးစွမ်းလေသည်။
မြောက်ဘက်လျန်နိုင်ငံ၏ ရှားတိ။
"ရှောင်လုံဝမ်...မင်း ဘာလို့များ ဒီလောက်တောင် တုံးတာလဲ။ အဲ့သားရဲနောက်ကို လိုက်နေမယ့်အစား မြို့ထဲကို ဖောက်ပြီး ဝင်ပါတော့လား"
ရှားတိ၏တစ်ကိုယ်လုံးသည် ချပ်ဝတ်တို့ ဖုံးလွှမ်းနေပြီး ရေခဲတမျှ အေးစက်နေသည့် မျက်လုံးတစ်စုံသာ ပေါ်နေခဲ့သည်။ သူ့လက်ထဲမှ လှံသည် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး သူ့ရှေ့မှလေဟာနယ်သည် စုတ်ပြဲသွားခဲ့သည်။ အထူးဆန်းဆုံးမှာ လှံတံသည် လုံးဝပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
စုလောရွှယ်တို့လူစုမှာ မှင်တက်နေခဲ့ကြသည်။ နောက်တစ်စက္ကန့်တွင် ရွှေရောင်လှံသည် အကာအကွယ်အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့ပြီး အကာအကွယ်အလွှာထံ ကျဆင်းလာခဲ့သည်။
ဝှစ်...
အပြာရောင် အကာအကွယ်အလွှာသည် တောက်ပလာခဲ့သော်လည်း ရွှေရောင်လှံသည် ပြန်ကန်ထွက်သွားခြင်း မရှိဘဲ အကာအကွယ်အလွှာအား ထိုးဖောက်သွားခဲ့သည်။ ထို့နောက်တွင် အပြာရောင် အကာအကွယ်အလွှာတစ်ခုလုံးသည် ဆပ်ပြာပူဖောင်း တစ်ခုပမာ ပေါက်၍ ပျောက်ကွယ်သွားခဲ့လေသည်။
"ဟုတ်တယ်...ရှားယွိမြို့ကို မြေခအောင် အရင်တိုက်ခိုက်သင့်တာပဲ"
ရှောင်လုံဝမ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ယာ့ဇီသားရဲနောက် လိုက်နေခြင်းထက် ရှားယွိမြို့ကို တိုက်ခိုက်ခြင်းက ပိုကောင်းလေသည်။ ယာ့ဇီသားရဲ ပြန်လာ၍ မြို့ကို မည်သို့ ကူညီမည်ကို သူကြည့်ချင်ပါသေးသည်။
ရှောင်လုံဝမ်သည် ထိုသို့ ပြောလိုက်ပြီးနောက် မြို့ထံသို့ အရင်ပြေးမသွားဘဲ ရှားတိထံ အရင်လှမ်းကြည့်လိုက်သည်။ သို့သော် ရှားတိသည်လည်း လှုပ်ရှားမလာခဲ့ပေ။ နှစ်ယောက်လုံးသည် တိတ်ဆိတ်နေသော ရှားယွိမြို့ထံ လှမ်းကြည့်လိုက်ကြပြီး နှလုံးခုန်သံများ မြန်ဆန်လာကြသည်။
ကျန်းရီ ပေါ်မလာသေးချေ။ သူတို့နှစ်ယောက်လုံးမှာလည်း အရူးများ မဟုတ်ကြပေ။ မြို့ထဲဝင်သွားပြီးမှ ကျန်းရီ၏ထောင်ချောက်ထဲ သူတို့ရောက်သွားလျှင် မည်သို့လုပ်မည်နည်း။ ကျန်းရီ မိန်းမစိုးလင်းကို သတ်ခဲ့ကြောင်း လူတိုင်းအသိပင် မဟုတ်ပါလော။
ရှောင်လုံဝမ်သည် မြောက်ဘက်အရပ်သို့ ဒေါသထွက်စွာဖြင့် အကြိမ်ရေအနည်းငယ် လှမ်းကြည့်လိုက်သည်။ ကျန်အဘိုးကြီးများ လုံးဝမလှုပ်ရှားကြောင်း သူမြင်သောအခါ စိတ်ထဲမှ ဆဲရေးလိုက်သည်။ သူသည် အကြည့်လွှဲလိုက်ပြီး အော်ဟစ်လိုက်သည်။
"စစ်သည်တော်တို့ နားထောင်ကြ၊ ရှားယွိမြို့ဆီ ပြေးဝင်ကြတော့။ မင်းတို့မြို့ထဲရောက်သွားရင် အဲ့ဒီသတ္တဝါ မင်းတို့နောက်လိုက်သတ်မှာ မဟုတ်ဘူး"
"အကြံကောင်းပဲ"
ယာ့ဇီသားရဲကြောင့် ကြောက်လန့်နေကြသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များအားလုံး မျက်လုံးများ တောက်ပသွားကြသည်။ သူတို့မြို့ထဲရောက်၍ ရှားယွိမြို့မှ စစ်သည်များနှင့် တိုက်ခိုက်နေလျှင် ယာ့ဇီသားရဲ သူတို့အား တိုက်ခိုက်နိုင်ဦးမည်လော။
ဝှစ်...ဝှစ်...ဝှစ်...
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ရှားယွိမြို့ထံ ပြေးသွားကြတော့သည်။ မြို့သည် ပို၍အန္တရာယ်များမည်မှန်း သူတို့သိသော်လည်း အနည်းဆုံးတော့ အသက်ရှင်ရန် မျှော်လင့်ချက် ရှိဦးမည်ဖြစ်သည်။ သူတို့ မြို့ထဲမဝင်သောကြောင့် ကျန်းရီထွက်မလာပါက ကျန်ဗာဂျရာအဆင့်ပုဂ္ဂိုလ်များသည် ထွက်လာကြလိမ့်မည် မဟုတ်ဘဲ ယာ့ဇီသားရဲ သူတို့တစ်ယောက်ချင်းစီကို သတ်ဖြတ်နေသည်အား ထိုင်ကြည့်နေကြပေလိမ့်မည်။
"တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ကြတော့။ ငါတို့ ရှားယွိမြို့နဲ့အတူ သေသေရှင်ရှင် အန္တရာယ်ကို အတူရင်ဆိုင်ကြတာပေါ့"
စုလောရွှယ်သည် နှင်းပန်းနှယ် ဖြူဆွတ်လှသော လက်ကလေးကိုမြှောက်၍ အော်ဟစ်လိုက်သည်။ မြို့ထဲမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် လက်နက်များကို ဆွဲထုတ်ရင်း အတွင်းအားများကို လှည့်ပတ်လိုက်ကြသည်။ သူတို့၏ လက်နက်များသည် အရောင်အသွေးစုံစွာ တောက်ပနေခဲ့ပြီး သူတို့၏ ဆုံးဖြတ်ချက်ခိုင်မာနေသည့် မျက်နှာများထက်တွင် အလင်းပြန်နေကြသည်။ မြို့တွင်းမှ လေထု၏ လေးလံနေမှုသည် ပိုမိုသိပ်သည်းလာခဲ့သည်။
***