မြောင်ဒေသအား ရှင်းလင်းခြင်း
Vol. 15 Ch. 218
ဖိနပ်ကို ရှပ်တိုက်လျှောက်၍ မသယ်ချင့်သယ်ချင် ခြေလှမ်းများနှင့်အတူ ရွှင်းအာသည် မှုန်မှိုင်းနေသော လမ်းကြားလေးထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
လူသတ်ကွင်းသို့ ခေါ်ယူခြင်း ခံရသော ရာဇဝတ်သားကဲ့သို့ သူမ၏ ပိန်သေးသေး ကိုယ်လုံးလေးက အလွန် ညှိုးငယ်ကာ အထီးကျန်ဆန်ဟန် ပေါ်နေ၏။ ခြေလှမ်းတိုင်းတွင် ခဲဆွဲထားသလို လေးလံနေ၏။
သူမ လမ်းကြားလေး၏ အဆုံးသို့ ရောက်လာသောအခါ မှောင်ရိပ်ထဲသို့ ဖြည်းဖြည်းချင်း စိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့ ချစ်လှစွာသော ယဇ်ကောင်လေး၊ ငါ မင်းကို စောင့်နေတာ တစ်နာရီလောက် ရှိနေပြီ"
အလွန် ခက်ထန်၍ ကွဲအက်အက် အသံက ရုတ်တရက် လမ်းကြားလေးထဲ၌ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"မင်းသာ ပေါ်မလာခဲ့ဘူးဆိုရင် လူ ဘယ်လောက်တောင် သေကြေပျက်စီးရမလဲ သိရဲ့လား"
သူ၏ ဆိုးရွားသော စကားအဆုံးတွင် ရွှင်းအာ၏ ချစ်စရာကောင်းသော မျက်နှာလေးက ချက်ချင်း ဖြူရော်လာကာ ပြန်ပြောလိုက်သည်။
"ကျွန်မ အဲ့လူကို ကတိပေးထားပြီးသားလေ၊ ကျွန်မ ကိုယ့်ကတိကိုယ် မဖျက်ပါဘူး၊ ဒါပေမယ့် ကျွန်မကို ယဇ်ကောင်အဖြစ် အသုံးပြုပြီးရင် သူ့ကို ထိခိုက်အောင် မလုပ်ပါဘူးလို့ ရှင် ကျွန်မကို ကတိပေးထားပြီးသားနော်"
"ဒါပေါ့ … ငါ့အရှင်က ပမွှားလေးတစ်ကောင်ကို ခြေထောက်နဲ့ ဖိသတ်ဖို့ စိတ်မဝင်စားဘူး"
ထိုသို့ပြောပြီး မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် မှောင်ရိပ်ထဲမှ ထွက်လာသည်။ သူ၏ မျက်လုံးများက မြွေပွေးကဲ့သို့ ခက်ထန်၍ အေးစက်လှသည်။ သူ့အသားအရေက ရှုံ့တွလို့နေ၏။
သူ့မျက်နှာ၌ ရက်စက်၍ သွေးဆာသော အပြုံးမျိုး ရှိနေသည်။
"ယဇ်ကောင်လေး သွားကြစို့ … ငါ့အရှင်က မင်းကို စောင့်နေတာ ကြာလှပြီ"
ထိုသို့ပြောပြီး အဘိုးအိုက ရွှင်းအာကို အဝေးသို့ ခေါ်သွားရန် ပြင်လိုက်သည်။
ထိုစဉ် အရိုးကွဲမတတ် အေးစက်လှသည့် အသံတစ်သံ ထွက်ပေါ်လာသဖြင့် လမ်းကြားလေးထဲမှ လူတိုင်းအား တုန်လှုပ်သွားစေသည်။
"ရွှင်းအာကို မင်း ခေါ်သွားလို့ ရ၊ မရ မင်း ငါ့ကို မေးခဲ့လား"
*ဟမ်*
ထိုအသံကြောင့် အဘိုးအိုနှင့် ရွှင်းအာတို့ ချက်ချင်း မျက်နှာပျက်သွားသည်။
သူတို့ ချက်ချင်း နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် လမ်းကြားလေး အလယ်၌ ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုလူငယ်လေးရဲ့ မျက်နှာက အလွန်သုန်မှုန်နေကာ သားကောင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသကဲ့သို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
"အစ်ကိုကြီး"
ရွင်းအာ၏ မျက်နှာလေးက အေးစက်လာကာ စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် အော်ခေါ်လိုက်သည်။
"အစ်ကိုကြီး ဒီကိုမလာပါနဲ့၊ ဒီက မြန်မြန်ထွက်သွားပါ၊ ဒီကိစ္စက အစ်ကိုကြီးနဲ့ ဘာမှမဆိုင်ပါဘူး"
ရွှင်းအာ၏ မျက်နှာလေးက အလွန် ဝမ်းနည်းပက်လက် ဖြစ်နေဟန် တူသည်။
သူမ၏ မျက်နှာလေးကို သတိထားမိပြီး ယဲ့ဖန်က မျက်လုံးကို အသာမှေးစင်း၍ ပြောလိုက်သည်။
"ရွှင်းအာ မကြောက်နဲ့၊ ဘယ်သူမှ မင်းကို အဝေးခေါ်သွားလို့ မရဘူး၊ သူလည်း မရနိုင်သလို ဘယ်သူမှ မရနိုင်ဘူး"
တောက်! တောက်!
သူ့စကားကြောင့် ရွှင်းအာ၏ မျက်နှာလှလှလေးမှ မျက်ရည်များ စတင်စီးကျလာသည်။
သူမသာ တောင်းဆိုလိုက်လျင် သူမ၏ အစ်ကိုကြီးက သူမကို ရအောင် ကယ်မည်ဆိုတာကို သူမ သိပါသည်။
သို့သော် သူမ၌ ရွေးချယ်စရာ မရှိပါ။ သူ့အသက်ကို ရင်း၍ သူ့အား မကြိုးစားစေလိုပါ။
ဘယ်သောအခါမှ ထိုသို့ မလုပ်စေလိုပါ။
ထိုစဉ် မီးခိုးရောင် ဆံပင်နှင့် အဘိုးအိုက ရှေ့သို့ ဖြည်းဖြည်းချင်း လျောက်လာသည်။ ထို့နောက် ယဲ့ဖန်အား ရက်စက် ကြမ်းကြုတ်စွာ ကြည့်ပြီး လှောင်ရယ်၍ ပြောလိုက်သည်။
"ကောင်စုတ်လေး၊ မင်း လိုက်ရှာဖို့ စိတ်မကူးဖို့ ငါ အကြံပေးချင်…"
သို့သော် အဘိုးအို စကားပင် မဆုံးလိုက်၊ အေးစက်စက် အလင်းတန်းက လှစ်ခနဲ ဖြတ်ပြေးသွားသည်။
ရှုံ့တွနေသော လက်မောင်းတစ်ဘက်က ချက်ချင်း လွင့်ပျံထွက်သွားသည်။
အဘိုးအိုသည် သူ့လက်မောင်းတစ်ဘက် မရှိတော့သည်ကို ခံစားလိုက်ရသည်။ သူ့ဒဏ်ရာမှ လတ်လတ်ဆတ်ဆတ် စီးကျလာသော သွေးများကို ကြည့်ပြီး သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။
"အား…အား…အား"
"ခွေးမသားလေး …. မင်းက ငါ့လက်မောင်းကို ဖြတ်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာပဲ၊ မင်း တကယ် သေချင်နေတာပဲ"
အဘိုးအို၏ အသံက စိတ်မသက်မသာ ဖြစ်နေကာ ကြောက်လန့်နေပုံ ရသည်။ ထို့ပြင် ယဲ့ဖန် ဘယ်တုန်းက ဘယ်လို တိုက်ကွက် ထုတ်လိုက်မှန်း သူ သတိမထားမိလိုက်ပါ။
"သေချင်နေတာ ကျုပ် မဟုတ်ဘူး၊ ခင်ဗျား"
ထိုစကားအဆုံးတွင် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သဖြင့် သူ၏ ဓားကျိုးက အဘိုးအို၏ လည်ပင်းသို့ ပျံသန်း၍ ဝင်ရောက်လာသည်။
ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် အဘိုးအို ကြောက်လန့်ကာ တုန်ယင်လာသည်။
*ရူးနေပြီ*
*သူ လုံးဝ ရူးနေပြီ*
*သူက ငါ ဘယ်သူလဲဆိုတာကိုတောင် သိအောင် မစူးစမ်းဘဲ ငါ့ကို သတ်ချင်နေတာပဲ၊ သူ လုံးတ ရူးနေပြီ*
အဘိုးအို၏ မျက်နှာက ချက်ချင်း ပြာနှမ်းလာကာ အော်ဟစ်လိုက်မိသည်။
"မဖြစ်ဘူး"
သို့သော် ယဲ့ဖန်၏ ဓားကျိုးက အဘိုးအို၏ လည်ပင်းနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့သည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
ယဲ့ဖန်က ရွှင်းအာအား သုန်မှုန်နေသော မျက်နှာနှင့် လှမ်းကြည့်ကာ ချက်ချင်း ဒေါသတကြီး မေးလိုက်သည်။
"ရွှင်းအာ မင်း ဘာတွေ လုပ်နေတာလဲ"
ရွှင်းအာ၏ လက်သေးသေးထဲမှ ဓားမြှောင်တစ်ချောင်းကို ယဲ့ဖန် လှမ်းမြင်နေရသည်။
ထိုအချိန်တွင် ရွှင်းအာက ဓားမြှောင်အား သူ့လည်ပင်နား တေ့ထားပြီး မျက်နှာ၌လည်း မျက်ရည်များ စီးကျလို့နေသည်။
"အစ်ကိုကြီး …. အစ်ကိုကြီး သူ့ကို သတ်လို့မရဘူး၊ အစ်ကိုကြီး သူ့ကို သတ်မယ်ဆိုရင် ညီမ ဒီနေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာ"
*ဘာ*
သူမစကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း နီရဲလာသည်။
"ဘာကြောင့်လဲ"
ယဲ့ဖန်က ခပ်ဖျော့ဖျော့ လေသံဖြင့် မေးလိုက်သည်။
သူမ၏ မျက်နှာလေးမှ မျက်ရည်များ အဆက်မပြတ် စီးကျနေရင်း ရွှင်းအာ ပြန်ဖြေလိုက်သည်။
"အစ်ကိုကြီး မသိပါဘူး၊ အဲ့လူက အရမ်း ကြောက်ဖို့ကောင်းတယ်၊ အစ်ကိုကြီး သူ့ကို မနိုင်နိုင်ဘူး၊ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး"
"ညီမ အဲ့ကို မသွားဘူးဆိုရင် အစ်ကိုကြီး သေသွားလိမ့်မယ်၊ ကျန်းနန် စီရင်စု ဒေသတစ်ခုလုံးလည်း ဖျက်ဆီးခံရလိမ့်မယ်"
"မိသားစု တော်တော်များများ ပြိုလဲပြီးတော့ လူတော်တော်များများ အသက်ဆုံးရှုံးရလိမ်မယ်"
*ဘာ*
ရွှင်းအာ၏ သတိပေးစကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း မည်းမှောင်လာသည်။
ထို့နောက် ဆံပင် မီးခိုးရောင်နှင့် အဘိုးအိုက ယဲ့ဖန်၏ တိုက်ခိုက်သည့် စက်ကွင်းမှ လွတ်စေရန် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။ ပြီးနောက် သူက ယဲ့ဖန်အား သုန်မှုန်နေသော မျက်နှာနှင့် ကြည့်၍ ပြောလိုက်သည်။
"ကောင်လေး မင်း ကြားတယ်မလား…. ငါ့အရှင်က ဘယ်လောက် ကြောက်ဖို့ ကောင်းတယ်ဆိုတာကို မင်း နားမလည်နိုင်ပါဘူးကွာ"
"လူသားတိုင်းက သူ့မျက်စိရှေ့မှာ ပုရွက်ဆိတ်လေးလိုပဲ"
ဆံပင် မီးခိုးရောင်နှင့် အဘိုးအိုက ယဲ့ဖန်ကို လန့်နေမှန်း သိသာလှပေသည်။ သူ့ကိုယ်သူ ရွှင်းအာ၏ အနောက်၌ ကပ်ရပ်ကာ ပင့်သက်ရှိုက်လိုက်သည်။
"အစ်ကိုကြီး ပြန်ပါတော့"
ရွှင်းအာက ထိုသို့ အပူတပြင်းပြောပြီး သူမ၏ ဆံပင်တစ်ချို့ကို ဖြတ်ကာ ခေါင်းစည်းကြိုးလေးဖြင့် စည်းကာ ယဲ့ဖန်ထံသို့ ပစ်ပေးလိုက်သည်။
ထိုအချိန်တွင် သူမ၏ လှပသော မျက်နှာလေး၌ မျက်ရည်များဖြင့် ရွှဲရွှဲစိုနေသည်။
"အစ်ကိုကြီး …. ညီမ အစ်ကိုကြီးနဲ့ ထပ်ပြီး အဖော်ပြုပေးလို့ မရတော့ဘူး၊ ဒီမှာ ညီမရဲ့ ဆံပင်လေးတွေ၊ အဲ့ဒါလေးတွေက အစ်ကိုကြီးကို ထာဝရ အဖော်ပြုပေးသွားမှာပါ"
ရွှင်းအာ ငိုသံလေးနှင့် ပြောရင်း ရင်ထဲ စို့နစ်လာသည်။
သူမ စကားကြောင့် ယဲ့ဖန်၏ မျက်နှာက အလွန် ဝမ်းနည်းဟန် ပေါ်လာသည်။
ရွှင်းအာကို ဘေးကင်းအောင် မထားနိုင်ခဲ့မှန်း သူ သိလိုက်သည်။ သူကာ ထိုအဘိုးအိုကို အတင်းအကြပ် သတ်လိုက်လျင် ရွှင်းအာ တကယ် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားလောက်သည်။
အစ်ကိုကြီး …. နောက်မှ တွေ့ကြမယ်နော်"
ရွှင်းအာက ယဲ့ဖန်အား ဝမ်းနည်းဟန်များနှင့် မျက်လုံးများဖြင့် နောက်ဆုံးအကြိမ် တစ်ချက် ကြည့်လိုက်သည်။
ထို့အချိန်တွင် ဆံပင် မီးခိုးရောင်နှင့် အဘိုးအိုက မနှစ်မြို့ဖွယ်ကောင်းသော အကြည့်မျိုးနှင့် ကြည့်လာသည်။ ထို့နောက် သူက အစီအရင် တစ်ခုကို ထုတ်၍ လေထဲ အားနှင့် ပစ်ပေါက်လိုက်သည်။
ဝှစ်!
အစီအရင်က ပေါက်ကွဲသွားသည်။ သို့သော် ရွှင်းအာနှင့် ဆံပင် မီးခိုရောင်နှင့် အဘိုးအိုတို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
ကိုယ်ပျောက် မန္တန်။
သူတို့ ပျောက်သွားသည်ကို ကြည့်ရင်း ယဲ့ဖန် မတိုက်ခိုက်တော့ပါ။
ရွှင်းအာ၏ ဆံပင်စလေးအား တင်းနေအောင် ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးမှ သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များ ထွက်ပေါ်လာသည်။
"သိပ်ကောင်းတယ် …. မင်းတော့ အသေပဲ အရှင်ဆိုတဲ့ ခွေးမသား … မင်းက ငါ့ရွှင်းအာကို ယဇ်ကောင်အဖြစ် ခေါ်သွားတယ်ပေါ့ …. ငါ မင်းရဲ့ သွားနဲ့ အရိုးတွေကို ရိုက်ချိုးပစ်မယ်"
ယဲ့ဖန်က ခက်ထန်သော မျက်လုံးအစုံနှင့် ရေရွတ်လိုက်သည်။
ထို့နောက် သူက အဘိုးအို၏ ပြတ်ကျနေသော လက်မောင်းတစ်ဘက်ကို ကောက်ယူလိုက်သည်။
ထိုစဉ် အင်္ကျီစ၌ ရေးသားထားသော စာလုံးတစ်လုံးကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုစကားလုံးကား …. ဝူ။
တစ်ခဏမျှကြာသော် အေးစက်စက် အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်။
ယဲ့ဖန်က သူ့ဖုန်းကို ချက်ချင်း ထုတ်ကာ နံပါတ်တစ်ခုကို ကောက်ဆက်လိုက်သည်။
ဖုန်းက လိုင်းဝင်သွားပြီးနောက် တစ်ဘက်မှ အလွန် ရိုသေ လေးစားသော အသံတစ်သံကို ကြားလိုက်ရသည်။
"သခင်ကြီး"
"ငါ့အမိန့်ကို သေချာ လိုက်နာ"
ထို့နောက် ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။
"နတ်ဆိုးတွေဆီ သတင်းပို့ပြီး နတ်ဆိုးအားလုံးကို စုစည်းလိုက်၊ ပြီးရင် မြောင်ဒေသက ဝူတွေရဲ့ မြေကို ရှင်းလင်းဖို့ ငါ့နောက် လိုက်ခဲ့ကြ"