← Chapters

ဘေးခုနစ်ပါးယင်နတ်ဆေး

Vol. 25 Ch. 360

ဘေးခုနစ်ပါးယင်နတ်ဆေး

Vol. 25 Ch. 360

ရှန်းထူနန်ထျန်း ထိုစကားများ ပြောလိုက်ချိန်တွင် ဘေးပတ်လည်မှ လူများ ထိတ်လန့်သွားကြလေ၏။ ရှန်းထူနန်ထျန်းက ယီယွင်အား မည်သို့လုပ်မည်ကို သူတို့ မသိပေ။ သို့သော် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းမည်မှာမူ သံသယဖြစ်ရန် မလိုပေ။

လူအများက ရှန်းထူနန်ထျန်း၏ လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်ကြလေ၏။ ဆေးလုံးတွင် ရေခဲလေထု ဝန်းရံနေသည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသည်။

ရှန်းထူနန်ထျန်းက ယီယွင်ကို ပြောလေသည်..." ငါ့အတွက်တော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ မင်းက ထည့်ပြောဖို့တောင် မတန်ဘူး။ မင်းက ငါ့ကို သတ်ဖို့တွေးနေတာဟာ သေမျိုးသူဖုန်းစားတစ်ဦးက ပညာရှိတစ်ဦးရဲ့နေရာကို အစားထိုးပြီး နေရာယူမယ်လို့ ပြောနေသလိုမျိုး ဟာသဆန်နေတယ်။ ဒါ့အပြင် မင်းက ဆယ်ရက်အတွင်း သေရတော့မယ်။ မင်းကို လာကယ်ကြမဲ့ ပျက်စီးခြင်းမျိုးနွယ်ဝင်တွေ မင်းကို ကယ်လို့မရအောင်လို့ ငါက အထူးထောင်ချောက်တွေ ချထားဦးမယ် "

" ဒါပေမဲ့ကွာ ငါက မင်းကို လက်စားချေဖို့ ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး။ ငါ့လက်ထဲက ဆေးလုံးကို ဘေးခုနစ်ပါးယင်နတ်ဆေးလို့ ခေါ်တယ် "

ရှန်းထူနန်ထျန်းက ယီယွင်၏ပါးစပ်ကို ညှစ်ကာဖွင့်လိုက်လေ၏။ သူ၏မျက်နှာထက်၌ ပြုံးနေဆဲဖြစ်သော်လည်း ထိုအပြုံးက ရက်စက်ကာ အကြင်နာမဲ့လေ၏။

" ဘေးခုနစ်ပါးယင်နတ်ဆေးက အရမ်းကို ဈေးကြီးတယ်။ မင်းအနေနဲ့ ဒီဆေးကိုစားပြီး သေရတာကို ကျေနပ်သင့်တယ် "

" ဆယ်ရက်အတွင်းမှာ အအေးအဆိပ်တွေက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲ ဝင်သွားလိမ့်မယ်။ မင်းက သန့်စင်ယန်ဥပဒေသကို ကျင့်ကြံတဲ့ပုံပဲ။ ဟားဟားဟား...ဆယ်ရက်အတွင်းမှာ မင်းရဲ့ သန့်စင်ယန်ကျင့်ကြံမှုတွေ သုံးစားမရ ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းကို ပျက်စီးခြင်းမျိုးနွယ်က ကယ်သွားနိုင်ခဲ့ရင်တောင် မင်းကတော့ ဒုက္ခိတ ဖြစ်နေဦးမှာပဲ။ မင်းအတွက် စိတ်ပျက်အားငယ်စရာတွေပဲ စောင့်ကြိုနေလိမ့်မယ် "

ရှန်းထူနန်ထျန်း စကားပြောပြီးသွားချိန်တွင် ဘေးပတ်လည်မှလူများ မျက်နှာများ အရုပ်ဆိုးသွားကြလေ၏။ ရှန်းထူနန်ထျန်းက တွေးမမှီနိုင်လောက်သည့် အဆင့်အထိပင် ရက်စက်လှချေ၏။ စစ်သည်တစ်ဦး၏ ကျင့်ကြံမှုများကို ဖျက်ဆီးပစ်သည်မှာ အသေသတ်လိုက်သည်ထက်ပင် ပိုဆိုးသေးလေ၏။

သိုင်းပညာက ဆောင်ကြဥ်းပေးလာသည့် ခွန်အားနှင့် အဆင့်အတန်းတို့နှင့် အသားကျနေသည့် သူတို့အဖို့ ကျင့်ကြံမှုများ ပျက်စီးခံမည့်အစား အသေခံလိုကြသည်။

ယီယွင်၏ပါးစပ်တွင် သွေးများပြည့်နေ၏။ သူ ရှန်းထူနန်ထျန်းကို ကြည့်နေရင်း ခါးသက်သက် ပြုံးလိုက်သည်။ သူ၏တစ်ဘဝလုံးတွင် လူတစ်ဦးကို များစွာမုန်းတီးဖူးခြင်း မရှိပေ။ သူ့အား အကြိမ်ပေါင်းများစွာ သတ်ရန်ကြိုးပမ်းခဲ့သည့် လျှိုင်ချန်းယုသည်ပင် ရှန်းထူနန်ထျန်းထက် သာသေးလေသည်။

" မင်းက ငါ့ကို တကယ်မုန်းတီးနေပုံပဲ။ မင်းရဲ့မျက်လုံးအကြည့်တွေ... ဟဲဟဲ... ဒါပေမဲ့ မင်း ဘာလုပ်နိုင်လို့လဲ။ မင်းကို အသုံးချစရာသာမရှိရင် ငါက မင်းကို အခုချက်ချင်း သတ်ပစ်မှာ။ ဒါပေါ့လေ မင်းကို သတ်လိုက်တာက မင်း နာကျင်ခံစားရအောင် ငါ ကိုင်တွယ်တဲ့နည်းလမ်းနဲ့တော့ မတူဘူးပေါ့ "

ရှန်းထူနန်ထျန်းက သူတစ်ပါး ဒုက္ခရောက်နေသည်ကို ဝမ်းသာနေသည့်ဟန်ဖြင့် ရယ်လိုက်လေသည်။ သူ လက်ချောင်းများ လှုပ်ခါလိုက်ရာ ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးက ယီယွင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေ၏။

စက္ကန့်ပိုင်းမျှအချိန်တွင် ယီယွင် ဘာမျှမခံစားရသေးပေ။ ထို့နောက်ပိုင်းတွင်မူ ခန္ဓာကိုယ် အေးခဲလာသည်ကို ယီယွင် ခံစားလိုက်ရ၏။ ထိုဆေးလုံးက ကြောက်မက်ဖွယ်ရာ အအေးချီများ သယ်ဆောင်ထားလေသည်။ အအေးချီများ သူ၏အစာအိမ်ထဲသို့ ရောက်ရှိပြီးနောက် သူ၏နတ်အမြုတေဆီသို့ တိုးဝင်သွားလေသည်။

သူ ပြင်းထန်သော အေးစိမ့်မှုကို ခံစားနေရသည်။ ကြောက်မက်ဖွယ်ရာ အအေးချီများက သူ၏နတ်အမြုတေထဲသို့ ဝင်ရောက်လာပြီး သူ ကျင့်ကြံထားသည့် သန့်စင်ယန်စွမ်းအင်များကို တိုက်စားပစ်နေသည်။

ယီယွင်၏မျက်နှာ ဖြူလျော်သွားကာ ခန္ဓာကိုယ် တုန်ယင်လာသည်။ သူ၏သွေးကြောဆုံမှတ်များနှင့် မွေးညှင်းပေါက်များထံမှ အအေးချီများ စိမ့်ထွက်လာ၏။ ဘေးပတ်လည်မှ ရေခိုးရေငွေ့များ အေးခဲသွားကာ ရေခဲသလင်းများ ဖြစ်ပေါ်လာရသည်။ ယီယွင်၏ မျက်ခုံးနှင့် ဆံပင်များတွင် ရေခဲလွှာများ ဖြစ်ပေါ်လာလေ၏။

ယီယွင် သွေးများအေးခဲကာ စီးဆင်းမှုရပ်တန့်သွားသည်ဟု ခံစားလိုက်ရပြီး မြေပြင်ပေါ် လဲကျသွားရသည်။

" ယီယွင် "

ယီယွင်၏ အခြေအနေကြောင့် ချူရှောင်းရန် ၊ ယီယွင်နှင့် ဆက်ဆံရေးကောင်းသူများ ရင်နာသွားရသည်။ ရှန်းထူနန်ထျန်းက လူမဆန်ချေ။ ထိုကောင်က ကောက်ကျစ်ခြင်း ၊ မသမာခြင်း ၊ စိတ်ခံစားချက်များကို ရိုက်ချိုးတတ်ခြင်းနှင့် ရည်မှန်းချက်ကြီးခြင်းများ ရှိလေသည်။

ယီယွင်အဖို့ ထိုကောင့်၏လက်ထဲတွင် အဆုံးသတ်သွားဖို့ရာသာ များလေ၏။

ဘေးဒုက္ခကို ကြိုတင်ခန့်မှန်း၍ မရချေ။ မူလက စိတ်အားတက်ကြွကာ တိုးတက်မြင့်မားနေသည့် ယီယွင်တွင် ဤကဲ့သို့နေ့မျိုး ရှိလာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

ယီယွင်၏ ကျင့်ကြံမှုများ လျင်မြန်စွာပင် ပျက်စီးရပေတော့မည်။ တိုင်အာနတ်ဧကရာဇ်က ယီယွင်ကို ကယ်တင်ပေးလိုပါဦးမည်လော။

လူတိုင်းသည် သံယောဇဥ်ရှိသူတိုင်းကို တန်ဖိုးထားတတ်ကြ၏။

ခန်းယန် ၊ ဆရာသခင်ယွဲ့ဟွား ၊ တိုင်အာနတ်မြို့၏ မြို့သခင်တို့က ခံစားချက်ကြီးမားကြပြီး ယီယွင် စွမ်းဆောင်မှုများကို အသိအမှတ်ပြုကြသည်။ လက်ရှိတွင် ယီယွင်၏ကျင့်ကြံမှု ပျက်စီးသွားလျှင်ပင် သူတို့က ယီယွင်ကို ကာကွယ်ရန်အတွက် အကောင်းဆုံး ကြိုးစားကြပေလိမ့်မည်။

သို့သော် တိုင်အာနတ်ဧကရာဇ်ကမူ ယီယွင်ကို လုံးဝမသိပေ။ တိုင်အာနတ်ဧကရာဇ်က ယီယွင်၏အကြောင်းကို ကြားဖူးရုံသာရှိလေပြီး တိုင်းပြည်၏အကျိုးအတွက်ဆိုပါက ယီယွင်ကဲ့သို့ ကျင့်ကြံမှုပျက်စီးနေသည့် လူတစ်ဦးအတွက်ဖြင့် ရှန်းထူနန်ထျန်းကို အပြစ်လုပ်ပါမည်လော။

ယခုတွင် တိုင်အာနတ်ပြည်ထောင်က ရှန်းထူမိသားစုကို အားကိုးနေရသည်။ တိုင်အာနတ်ဧကရာဇ်က ဤကိစ္စ မဖြစ်ဖူးသကဲ့သို့ မျက်နှာလွှဲထားမည်ဆိုလျှင်ပင် အံ့ဩစရာမရှိပေ။

ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ချူရှောင်းရန် ဝမ်းနည်းလာရလေ၏။

ထိုအခိုက်တွင် ရှန်းထူနန်ထျန်းက ဆိုလေသည်...." သားရဲအုပ် တိုက်ခိုက်နေတာကို တစ်လောကလုံးဆီ အမိန့်ထုတ်ပြန်လိုက်။ တိုင်အာနတ်ပြည်ထောင်က သာမန်လူတွေရဲ့ နှလုံးသားထဲက ဒဏ္ဍာရီဖြစ်တဲ့ တိုင်အာနတ်မြို့က ကျဆုံးသွားပြီလို့ ပြောလိုက်။ တိုင်အာနတ်ပြည်ထောင်ရဲ့ ပိုင်နက်ထဲမှာ အန္တရာယ်တွေ ကျရောက်လာတော့မယ် "

သားရဲအုပ် ကျူးကျော်နေသည်ကို တိုင်အာနတ်ပြည်ထောင်က မဟာလျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိထားကြောင်း ရှန်းထူနန်ထျန်း သိလေသည်။ သို့သော် လက်ရှိတွင် ထိုလျှို့ဝှက်ချက်ကို ထိန်းထားရန်မလိုတော့ပေ။

လူအများက ရှန်းထူနန်ထျန်း၏ စိတ်ကူးကို ခန့်မှန်းမိကြသည်။ သူက တိုင်အာနတ်ပြည်ထောင်တစ်ခုလုံး ထိတ်လန့်နေသည်ကို လိုချင်နေသည်။ သို့မှသာ တိုင်အာနတ်ပြည်ထောင်၏ တော်ဝင်အိမ်တော်က သူတို့အပေါ်တွင် ပိုမိုမှီခိုလာပေလိမ့်မည်။

ထို့အပြင် သူတို့က ပြည်သူများ၏ နှလုံးသားကိုလည်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ နောက်ပိုင်းတွင် တိုင်အာနတ်ပြည်ထောင်ထဲ၌ သူတို့၏အဆင့်အတန်းများ လျင်မြန်စွာ မြင့်တက်လာမည်ဖြစ်ပြီး ကျန်းရှောင်ယုအား ဖမ်းဆီးရေးအတွက် တိုင်အာနတ်ပြည်ထောင်အား စစ်မြေပြင်အဖြစ် အသုံးပြုခဲ့သည့် သူတို့၏လုပ်ရပ်များက မှန်ကန်ကြောင်းကိုလည်း ပြသနိုင်ပေလိမ့်မည်။

" ဒီလူက ရက်စက်ပြီး အကွက်ချတတ်တယ်။ သူ့လက်ချက်နဲ့ ယီယွင် မသေရအောင် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး " တိုင်အာနတ်မြို့၏ ကောင်းကင်မှ ကောင်းချီးပေးထားသော သားတော်တစ်ဦးက ညည်းတွားလိုက်သည်။

ရှန်းထူနန်ထျန်းကဲသို့ လူစားမျိုးက ခေါင်းဆောင်ဗီဇနှင့် မွေးဖွားလာသူတစ်ဦး ဖြစ်လေသည်။ သူ၏ ရက်စက်မှု ၊ စိတ်ပြတ်သားမှုနှင့် မသမာသောနည်းလမ်းများက အခြားသူများကို ထိတ်လန့်စေလေသည်။ ထိုကဲ့သို့ လူစားမျိုး၏ အမိန့်များကို မည်သူကမျှ မလိုက်နာဘဲ နေဝံ့ကြမည်မဟုတ်ပေ။

တိုင်အာနတ်ပြည်ထောင်နှင့် မသက်ဆိုင်သည့် ရှန်းထူနန်ထျန်းက တိုင်အာနတ်ပြည်ထောင်တွင် သူ၏နေရာကို ခိုင်မာအောင်လုပ်ဆောင်ပြီး တိုင်အာနတ်ပြည်ထောင်ကို ထိန်းချုပ်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။

" အကြီးအကဲစု ၊ အကြီးအကဲမော့ "

အကြီးအကဲအချို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ " အကြီးအကဲနှစ်ဦးကို ဖိတ်ခေါ်ပြီး ယီယွင်ကို ငါးစာအဖြစ်သုံးမလို့လား။ ပျက်စီးခြင်းမျိုးနွယ်ရဲ့ အရေးပါသူတွေက ထောင်ချောက်တစ်ခု ရှိနေတာကိုသိရင် လာမှာမဟုတ်လောက်ဘူး။ ကျုပ်တို့သာ အဲ့ဒီနှစ်ယောက်ကို အနှောင့်အယှက်ပေးမိပြီး ဘာမှမဟုတ်ဘဲ ခေါ်မိသွားတာမျိုးဆိုရင် မကောင်းလောက်ဘူးမလား "

အကြီးအကဲစုနှင့် အကြီးအကဲမော့တို့က ရှန်းထူမိသားစု၏ ဧည့်သည်များ ဖြစ်ကြသည်။ သူတို့က အနောက်ပိုင်းဒေသတွင် အလွန်ကျော်ကြားကြ၏။ သူတို့က မည်သည့် ရှေးဟောင်းမိသားစုဆီသို့ သွားပါစေ ဧည်သည့်တော်များအဖြစ် ဆက်ဆံခံရသည့် လူတန်းစားများ ဖြစ်လေ၏။

သူတို့က ရှန်းထူမိသားစုထံတွင် ကျေးဇူးကြွေး တင်နေလေသောကြောင့် ရှန်းထူမိသားစုထံတွင် နှစ်ပေါင်းသုံးရာ အလုပ်ကျွေးပြုရမည်ဖြစ်ပြီး ကိစ္စသုံးခုသာ လုပ်ပေးရန်လိုအပ်သည်။

ဥပမာဆိုရသော် အကြီးအကဲစုနှင့် အကြီးအကဲမော့တို့အား မိုးမြေဧကရာဇ်အစီရင်တစ်ခု တည်ဆောက်ခိုင်းပါက ရှန်းထူမိသားစုအတွက် ကိစ္စတစ်ခု လုပ်ပေးခဲ့သည်ဟု သတ်မှတ်နိုင်သည်ဖြစ်လေပြီး ပျက်စီးခြင်းမျိုးနွယ်အတွက်လည်း ထိုကဲ့သို့သာ ဖြစ်လေသည်။

သို့သော် ပျက်စီးခြင်းမျိုးနွယ်ထံမှ မည်သူတစ်ဦးမျှ မလာခဲ့ပါက ကိစ္စတစ်ခု ပြီးမြောက်သည်ဟု မဆိုနိုင်လေဘဲ ကျေးဇူးကြွေးတစ်ခုကို ဖြုန်းတီးမိသကဲ့သို့ ဖြစ်သွားပေမည်။

ယင်းကြောင့် အကြီးအကဲများ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ ယီယွင်က အလွန်အားနည်းသော လူသားတစ်ဦးသာ ဖြစ်လေ၏။ ထိုသို့လုပ်ရန် လိုပါ၏လော။

ရှန်းထူနန်ထျန်းက ဆိုလေသည်..." ဒီမျိုးမစစ်လေးက မိန်းကလေးကျန်းအတွက် အရမ်းအရေးပါတယ်လို့ ကျုပ် ခံစားမိတယ်။ ပြီးတော့ အဲ့ဒီမိန်းကလေးက ပျက်စီးခြင်းမျိုးနွယ်ထဲမှာ အရမ်းထူးခြားတဲ့ အဆင့်အတန်းတစ်ခု ရှိတယ်။ ကျုပ်သာ သတင်းဖြန့်လိုက်မယ်ဆိုရင် ပျက်စီးခြင်းမျိုးနွယ်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ လာကြဖို့များတယ် "

" ပျက်စီးခြင်းမျိုးနွယ်က ကြီးမားတဲ့ အကြံတစ်ခုကြောင့် နတ်အရိုင်းမြေကို ဖြတ်ကျော်လာကြတာပဲ။ ဒီလိုသားရဲအုပ်ကြီး ဖန်တီးထားတာဟာ မိန်းကလေးတစ်ယောက်ကို ရှာဖွေဖို့ ကိစ္စတစ်ခုလောက် ရိုးရှင်းမှာမဟုတ်ဘူး။ လမ်းပြလူငယ်က ဒီမိန်းကလေး ရှိနေတာကိုတောင် သိလောက်မှာမဟုတ်ဘူး "

" ဒါကြောင့် သူတို့က မိန်းကလေးကျန်းကို တွေ့သွားရင်တောင် ချက်ချင်းထွက်သွားမှာ မဟုတ်လောက်ဘူး။ ကျုပ်တို့သာ ပျက်စီးခြင်းမျိုးနွယ်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်အချို့ကို သတ်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီမိန်းကလေး ချန်ထားခဲ့တဲ့ သဲလွန်စတွေနောက်လိုက်ပြီး ဖမ်းဆီးနိုင်လိမ့်မယ် "

" ဒီမိန်းကလေးရဲ့ အဆင့်အတန်းက အရမ်းထူးခြားရုံတင်မကဘူး သူ့ရဲ့သွေးကလည်း အရမ်းစင်ကြယ်တယ်။ ကျုပ်တို့သာ သူ့ကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် ကျုပ်အတွက် မဟာကံကောင်းမှုကြီးတစ်ခု ဖြစ်ရုံတင်မကဘူး ရှန်းထူမိသားစုအတွက်လည်း ရွှေရောင်အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့က အကြီးအကဲစုနဲ့ အကြီးအကဲမော့ကို သုံးမှဖြစ်မယ် "

" ဒါက... ကောင်းပြီလေ ကျုပ်တို့ သခင်လေးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ် " အကြီးအကဲများက လိုအပ်သည်များ လုပ်ဆောင်ရန်အတွက် ထွက်ခွာသွားကြလေ၏။

ရှန်းထူနန်ထျန်းက ယီယွင်ကိုကြည့်ကာ အေးစက်စက်ဆိုလိုက်သည်..." ဒီကောင့်ကို ခေါ်သွားပြီး ချုပ်ထားလိုက် "

လက်ရှိအချိန်၌ ယီယွင်၏ခန္ဓာကိုယ်တွင် ရေခဲများ ဖုံးလွှမ်းနေသည်။ မူလက သူ၏အနက်ရောင်ဆံပင်များတွင် အဖြူရောင်များ စတင်ထွက်ပေါ်လာ၏။ ယင်းက ကပ်ဘေးခုနစ်ပါးယင်နတ်ဆေး၏ အာနိသင်များထဲမှ တစ်ခုဖြစ်လေသည်။ ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးက တန်ဖိုးဖြတ်၍မရဟု ရှန်းထူနန်ထျန်းက ပြောခဲ့ဖူးသည်။

ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးအား မည်ကဲ့သို့ ဖော်စပ်ထားသည်ကို ယီယွင် မသိပေ။ ပါဝင်ပစ္စည်းများက အနည်းဆုံးအနေဖြင့် ထိပ်တန်းအဆင့် ရှေးဦးမျိုးစိတ်များ ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ ဆေးလုံးထဲတွင် ရှေးဦးဆေးပင်များ ရောနှောကာထည့်ထားသည်ပင် ဖြစ်နိုင်သည်။

သာမန်အခြေအနေတွင်ဆိုလျှင် ယီယွင်၏ ကျင့်ကြံမှုအဆင့်မျှနှင့် ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးကို သောက်ပြီးပါက ရှန်းထူနန်ထျန်း ပြောခဲ့သကဲ့သို့ပင် ယီယွင်၏ သွေးကြောများနှင့် နတ်အမြုတေတို့ အေးခဲသွားမည်ဖြစ်လေ၏။ နောက်ပိုင်းတွင် သူ ကျင့်ကြံထားသည့် သန့်စင်ယန်ချီများကို အေးစိမ့်ရေခဲများက တိုက်စားသွားမည် ဖြစ်လေ၏။

ထိုအချိန်သို့ရောက်လျှင် သူ၏သွေးကြောများ ပျက်စီးသွားကာ နတ်အမြုတေလည်း ပျောက်ကွယ်သွားလိမ့်မည်။ သူ၏တစ်ကိုယ်လုံးတွင် အအေးအဆိပ်များ ပျံ့နှံ့နေပြီး ကျင့်ကြံမှုများ ပျောက်ကွယ်သွားကာ ဒုက္ခိတလုံးလုံး ဖြစ်သွားပေလိမ့်မည်။

ယင်းက ရှန်းထူနန်ထျန်း မြင်လိုနေသည့်အရာ ဖြစ်လေ၏။ သူက ယီယွင်ကို အထင်သေးသည့်တိုင်အောင် သူ့တွင် ကျူပင်ခုတ်လျှင် အမြစ်ပါမချန်တတ်သည့် အလေ့အကျင့်တစ်ခု ရှိလေသည်။ သူ့အား အသေးငယ်ဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေနိုင်သည့် မည်သူတစ်ဦးကိုမျှ ဤလောကကြီးထဲတွင် မြင်လိုခြင်းမရှိပေ။

ယီယွင် အအေးချီများကို တောင့်ခံနေချိန်တွင် သူ၏နှလုံးထဲမှ ခရမ်းရောင်သလင်းကျောက် တုန်ခါလာသည်ကို မည်သူကမျှ မသိကြပေ။ ခရမ်းရောင်သလင်းကျောက်က နှလုံးနှင့်အတူ တုန်ခါလာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲမှ အအေးချီများကို ခရမ်းရောင်သလင်းကျောက်က စုပ်ယူနေလေသည်။

ယီယွင်က ရေခဲတုံးတစ်ခု ဖြစ်လာဆိုလျှင် ခရမ်းရောင်သလင်းကျောက်က ယီယွင်ကို အနွေးဓာတ်နှင့်အလင်းရောင် ပေးစွမ်းနေသည့် မီးတောက်တစ်ခုသာ ဖြစ်လေ၏။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များ သွေးကြောထဲတွင် လည်ပတ်နေချိန်၌ ယီယွင်မှာ ပြန်လည်သက်သာလာသည့် လက္ခဏာများ ပြသလာသည်ဟု ခံစားလိုက်ရသည်။

ခရမ်းရောင်သလင်းကျောက်က ကပ်ဘေးခုနစ်ပါးယင်နတ်ဆေး၏ အအေးစွမ်းအင်များကို စုပ်ယူပြီးနောက်တွင်မူ ခရမ်းရောင်သလင်းကျောက်ထဲတွင် အစိုင်အခဲလေးတစ်ခုအဖြစ် တဖြည်းဖြည်းချင်း ဖွဲ့စည်းသွားလေ၏။

ခရမ်းရောင်သလင်းကျောက်ထဲတွင် ရေခဲပြာရောင် အစိုင်အခဲနှင့် ရွှေရောင်အစိုင်အခဲတို့က အနည်းငယ်ခန့်သာ ဝေးကွာကြလေ၏။ စွမ်းအင်များ၏ ဂုဏ်သတ္တိများက လုံးလုံးလျားလျားပင် ဆန့်ကျင်ဘက်ဖြစ်နေသည့်တိုင်အောင် ၎င်းတို့က တစ်ခုနှင့်တစ်ခု သီးခြားရှိနေကြပြီး မည်သည့်အရာမျှ မဖြစ်ကြပေ။

ခရမ်းရောင်သလင်းကျောက်.... ရှိနေသေးတာပဲ...။

ယီယွင် ရင်ဘက်အား ဆုပ်ကိုင်လိုက်သည်။ သူ အကြီးမားဆုံး ဆင်းရဲဒုက္ခရောက်နေချိန်တွင် ခရမ်းရောင်သလင်းကျောက်က သူ့အား စွန့်ပယ်မသွားခဲ့ဘဲ နောက်ဆုံးမျှော်လင့်ချက်ကို ပေးခဲ့လေသည်။

မည်သည့်ကိစ္စပင် ဖြစ်ပျက်ခဲ့ပါစေ သူ၏ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်က ယီယွင်အတွက် ထာဝရမှီခိုအားထားရာတစ်ခု ဖြစ်လာလိမ့်မည်။

All Chapters