အရှက်မဲ့သော၊ အောက်တန်းကျသော
Vol. 1 Ch. 466
ရှားယွိမြို့တွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များ အမြောက်အများ မရှိချေ။ သူတို့တွင် မူလက အယောက်တစ်ထောင်ခန့်ရှိခဲ့ပြီး ကျန်းရီ ကောင်းကင်သွေးကြောကို တူးဖော်ပြီးနောက်တွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အတော်များများကို တိတ်တဆိတ် ပျိုးထောင်၍ လေ့ကျင့်စေခဲ့သည်။ ထို့ကြောင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်နှစ်ထောင်ခန့် ရှိလာပြီဖြစ်သော်လည်း သူမ လေ့ကျင့်စေခဲ့သည့် လူများမှာ ပဉ္စမအဆင့်ခန့်တွင်သာ ရှိသေးရာ အားကောင်းသည်ဟု မဆိုနိုင်ပေ။
စုလောရွှယ်သည် သူမအသက်ကိုပင်ရင်းရန် ဆုံးဖြတ်ထားရာ ဘာဝှက်ဖဲမှ ချန်မနေတော့ပေ။ သူမသည် ရှားနိုင်ငံကို ကျူးကျော်လာသည့် အနှီမျိုးမစစ်ကောင်များကို အထိနာစေရန် သူမတတ်နိုင်သမျှ လုပ်သွားမည်ဖြစ်သည်။ ရှားနိုင်ငံမှ လူများသည် သတ္တိမရှိသူများ မဟုတ်ကြောင်း တစ်လောကလုံးကို သူမ သိစေလိုသည်။ ရှားနိုင်ငံကို ပျောက်ကွယ်သွားစေချင်လျှင် တန်ဖိုးကြီးကြီး ပေးဆပ်မှရမည်ဖြစ်ကြောင်း ထိုသူတို့အား သူမ သိစေချင်သည်။
"သတ်"
မြို့ပြင်တွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ရင်ဆိုင်မိကြသည်။ စစ်သူကြီးလုသည် စစ်သည်များကို ဦးဆောင် အော်ဟစ်၍ မြို့ထဲမှ ပြေးထွက်လာခဲ့သည်။ ရန်သူများသည် အတွင်းအားလှိုင်းများပစ်၍ တိုက်ခိုက်ခြင်း ပြုမလာလေရာ လူအင်အား နည်းနေသည့် သူတို့ဘက်မှ အတွင်းအားများဖြင့် စတင်တိုက်ခိုက်မည် မဟုတ်ပေ။ မြို့၏ အကာအကွယ် အရံအတား ပျက်စီးသွားပြီဖြစ်ပြီး မြို့တံတိုင်းထက်တွင် သူတို့၏ ဘုရင်မဖြစ်သူရှိနေ၍ မြို့တံတိုင်း အနောက်ဘက်တွင် သာမန်မြို့သူမြို့သားများ ရှိနေသည်။ အတွင်းအားတိုက်ခိုက်မှုများ သူတို့ပြုလုပ်မိပါက သာမန်မြို့သူမြို့သား အမြောက်အများ သေဆုံးရပေလိမ့်မည်။
ဝှစ်...ဝှစ်...
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် မြို့တံတိုင်းများထက်မှ ခုန်ချလာကြသည်။ သုံးထောင်နီးပါးရှိသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များသည် စုလောရွှယ်ကို ကာကွယ်ရန် နှစ်ယောက်သာချန်ရစ်၍ တိုက်ပွဲရှိရာသို့ ပြေးဝင်သွားကြသည်။ တစ်ချိန်တည်းတွင် ကျန်စစ်သည်များ အားလုံးသည် မြို့တံတိုင်းများထက်မှ ပြေးဆင်းလာကြသည်။ စစ်တပ်တွင် သဏ္ဍာန်သုံးဆင့်အသွင်ပြောင်းခြင်း အဆင့်နှင့် ခရမ်းရောင်နန်းတော်ရှင်အဆင့်များသာ အဓိက ပါဝင်သော်လည်း သူတို့သည် သေရမည့်အတူတူ မြို့ထဲတွင် နေ၍ ဘာထူးမည်နည်းဟု တူညီစွာ တွေးနေခဲ့ကြသည်။ တိုက်ပွဲအတွင်းတွင်သာ ဂုဏ်သရေရှိစွာ သူတို့သေလိုက်မည်ဖြစ်သည်။
ချလွမ်...ချလွမ်...
ဘန်း...ဘန်း...
နှစ်ဖက်သည် အနီးကပ် ရင်ဆိုင်တိုက်ခိုက်နေကြသည်။ တာအိုတိုက်ခိုက်မှုများနှင့် သိုင်းကွက်အမြောက်အများမှာ စုံလင်စွာ ထွက်ပေါ်လာသည်။ နေရာတိုင်းတွင် လက်နက်တို့၏ ရောင်ပြန်များ၊ လက်နက်ချင်း ထိခတ်သံများက အပြည့်ဖြစ်နေသည်။ ရှားယွိမြို့ပြင်၏ နေရာအနှံ့တွင် သွေးများ စွန်းပေလာသည်။
ဝေါင်း...ဝေါင်း..
ယာ့ဇီသားရဲသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အတော်များများကို သတ်ပြီးနောက် မြို့ရှိရာဘက်သို့ ဒေါသတကြီး ပြေးလိုက်သည်။ သို့သော်လည်း နှစ်ဖက်လုံးမှ စစ်သည်များသည် နေရာတိုင်းတွင် တိုက်ခိုက်နေကြသည်။ ၎င်းသာ တိုက်ခိုက်ပါက ရှားနိုင်ငံ၏ စစ်တပ်ကို မတော်တဆ ထိခိုက်သွားစေနိုင်သည်။
ဝှစ်...ဝှစ်...
ယာ့ဇီသားရဲသည် ကူကယ်ရာမဲ့စွာ ကောင်းကင်သို့ ပျံတက်၍ မြောက်ဘက်လျန်နိုင်ငံ၏ ရှားတိရှိရာသို့ ဦးတည်သွားလိုက်သည်။ လေထဲမှ ရှောင်လုံဝမ်နှင့် ရှားတိသည် ယာ့ဇီသားရဲအား စောင့်နေသည့်အလား ကောက်ကျစ်စွာ ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် ပုံရိပ်များအလား ပြောင်းလဲသွားကာ ယာ့ဇီသားရဲနှင့် စတင်တိုက်ခိုက်ကြလေသည်။
ဗုန်း...ဗုန်း...
ယာ့ဇီသားရဲ၏ကိုယ်သည် အလင်းတန်းတစ်ခုပမာ လေထဲတွင် လှုပ်ရှားနေခဲ့သည်။ ရှောင်လုံဝမ်နှင့် ရှားတိတို့မှာလည်း လျှပ်စီးအလား မြန်ဆန်လေသည်။ အောက်မှ စစ်သည်များသည် ထိုပုံရိပ်သုံးခုအား ရှင်းရှင်းလင်းလင်းပင် မမြင်ရဘဲ လေထဲတွင် အရိပ်သုံးခု လှုပ်ရှားနေသည်ကိုသာ မြင်နိုင်ကြသည်။ တစ်ချက်တစ်ချက်တွင် ယာ့ဇီသားရဲ၏ လက်သည်းများနှင့် လက်နက်နှစ်ခု ထိခတ်သံများ သူတို့ကြားရလေသည်။
ရှောင်လုံဝမ်နှင့် ရှားတိသည် အင်အားအပြည့် မသုံးရသေးမှန်း ထင်ရှားနေသည်။ လင်းဂိုဏ်းမှ ဘိုးဘေးကြီးနှင့် အခြားသူများမှာလည်း ထွက်ပေါ်မလာရသေးပေ။ ကျန်းရီ ထွက်မလာသေးချေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ရူးမိုက်စွာ အသက်ကိုရင်း၍ တိုက်ခိုက်မည် မဟုတ်ပေ။ ရှောင်လုံဝမ်နှင့် ရှားတိ၏ အင်အားနှင့်ဆိုလျှင် ယာ့ဇီသားရဲကို ဒဏ်ရာရအောင် လုပ်ရန် အလွယ်လေးပင်။ ၎င်းကို သတ်ရန်လည်း မခက်ခဲလှချေ။ သို့သော် ကျန်းရီထွက်မလာခင်တွင် သူတို့၏ အင်အားအစစ်အမှန်ကို ထိန်းထားရန် လိုအပ်လေသည်။
အောက်မှ မဟာမိတ်တပ်များသည် ရှားနိုင်ငံ၏စစ်တပ်ကို ဖိနှိပ်ထားနိုင်သည်။ တစ်နာရီ မပြည့်ခင်တွင် ရှားယွိမြို့ထဲသို့ သူတို့ ဝင်ရောက်နိုင်လိမ့်မည်။ မဟာမိတ်တပ်များ မြို့ထဲဝင်နိုင်သည့် အချိန်ထိ သူတို့နှစ်ယောက် ယာ့ဇီသားရဲကို အချိန်ဆွဲထားနိုင်လျှင် ကျန်းရီဆက်ပုန်းနေနိုင်ပါဦးမည်လော။
မြေပေါ်မှ တိုက်ပွဲသည် အလွန်အခြေအနေ ဆိုးလှသည်။ ရှားနိုင်ငံ စစ်တပ်သည် မဟာမိတ်တပ်များထက် စစ်သည်အရေအတွက် များပြားသော်လည်း မဟာမိတ်တပ်များဘက်တွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်သို့ ရောက်နေကြသူများသည် အယောက်တစ်ထောင် မကချေ။ ကျားတစ်အုပ်သည် သိုးများအကြား ပြေးဝင်လာသောအခါ သိုးအရေအတွက် မည်မျှပင် များပါစေ၊ ကျားများကို မည်သို့ခုခံနိုင်မည်နည်း။
စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များကြားတွင် မြောက်ဘက်လျန်နိုင်ငံ၏ စစ်သူကြီးတစ်ဦးသည် အထူးရဲရင့်လေသည်။ သူသည် အနက်ရောင်ချပ်ဝတ်တို့ကို ဝတ်ဆင်ထားပြီး ရှစ်ပေခန့် အရပ်မြင့်လေသည်။ ထိုသူကိုင်ဆောင်ထားသည့် ပုဆိန်မှာ အနက်ရောင် အလင်းများ လင်းလက်နေပြီး ကြောက်စရာကောင်းသော အရှိန်အဝါ ရှိလေသည်။ ပုဆိန်မှာ သူတော်စင်အဆင့်လက်နက်ဖြစ်လေသည်။
ထိုသူသည် မြောက်ဘက်လျန်နိုင်ငံမှ သားရဲတစ်ကောင်ပမာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေသည်။ သူဖြတ်သွားရာ လမ်းတစ်လျှောက်ရှိလူများမှာ ချက်ချင်းအသတ်ခံလိုက်ရသည်။
ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီး၊ မိုးပြာနဂါးအင်ပါယာမှ စစ်သူကြီးလုံ၊ မြောက်ဘက်မန့်နိုင်ငံမှ တောက်ဂိုဏ်း၏ စစ်သူကြီးတို့သည်လည်း တပ်စုအသီးသီးကို ဦးဆောင်၍ တိုက်ခိုက်နေကြသည်။ သူတို့သည် မြို့ရိုးများရှိရာသို့ သွားနေရင်း လမ်းတစ်လျှောက်ရှိ စစ်သည်များကို ကောက်ရိုးမျှင်များပမာ ပိုင်းဖြတ်နေကြသည်။ မိနစ်သုံးဆယ်ခန့် အချိန်အတွင်းတွင် ရှားနိုင်ငံ၏စစ်သည် တစ်သောင်းခန့်ကို သူတို့သတ်ဖြတ်ပြီးခဲ့ပြီဖြစ်သည်။ ထိုအထဲတွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များ ရာချီ၍ ပါဝင်သည်။
မဟာမိတ်တပ်များဘက်တွင်လည်း အကျအဆုံး များလေသည်။ ရှားယွိမြို့မှ စစ်သည်များသည် မြို့နှင့်အတူ ကျဆုံးကြရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သူတို့၏အသက်ကို သူတို့ဂရုမစိုက်တော့ရာ ကြောက်လန့်နေစရာအကြောင်း မရှိတော့ပေ။ ရန်သူများကို သူတို့မသတ်နိုင်လျှင်တောင် ဒဏ်ရာတစ်ခုတော့ ချန်ရစ်ခဲ့နိုင်ရန် သူတို့ ရည်ရွယ်ကြသည်။
**
"မင်းသမီးယွင်ဖေး...သခင်လေးဝူရွှမ်းက တိုင်ပင်စရာရှိတာကြောင့် လာခဲ့ဖို့ ခေါ်နေပါတယ်"
ကျန့်ဂိုဏ်းမှ သက်တော်စောင့် တစ်ယောက်သည် မြို့တံတိုင်းထက်တွင် ရပ်နေသည့် ယွင်ဖေးအား အကြောင်းကြားလာခဲ့သည်။ ယွင်ဖေးသည် ကျန့်ဂိုဏ်းမှ အစေခံများကို ရင်းရင်းနှီးနှီး သိလေသည်။ သူမသည် သိပ်မင်္ကာလှသော်လည်း ဘာမှမမေးခဲ့ပေ။ စုလောရွှယ်ကို အသိပေးပြီးနောက် မြို့တံတိုင်းထက်မှ ယွင်ဖေးဆင်းလာခဲ့လေသည်။
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် မြို့တံတိုင်းထက် လိုက်မလာကြသော်လည်း စုလောရွှယ် စိတ်ထဲမထားပေ။ သူတို့ သေရမှာကို ကြောက်နေသည်ဟုလည်း သူမ သံသယမဝင်မိပေ။ မဟုတ်ပါက သူတို့ကို ရှောင်တိမ်းခိုင်းချိန်တည်းက သူတို့ထွက်သွားလောက်ပြီဖြစ်သည်။
ယွင်ဖေးသည် ရွှယ်လော့နန်းဆောင်ဆီ ပြေးသွားခဲ့သော်လည်း ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်ကို မမြင်မိပေ။ ရွှယ်လော့နန်းဆောင် အဝနားတွင် ရပ်နေသည့် အားနည်းဟန်ရှိသော မိန်းမလှလေးတစ်ယောက်ကိုသာ သူမမြင်မိသည်။
"ညီမရှောင်နူ...ဝူရွှမ်းကို တွေ့မိလား"
ယွင်ဖေးသည် မသင်္ကာစွာ မေးလိုက်သည်။ မြို့ပြင်မှတိုက်ပွဲသည် ပြင်းထန်လာပြီဖြစ်ပြီး မြို့ထဲသို့ ရန်သူများ အချိန်မရွေး ရောက်လာနိုင်သည်။ သူမကိုယ်တိုင်ပင် ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ကျန့်ဝူရွှမ်းသည် ကိုယ်တိုင်ဝင်မတိုက်လျှင် ရသေးသည်၊ သို့သော် သူမကို ပြန်လာခိုင်းပြီး ပျောက်နေရသည်လော။
ဝှစ်...
ကျန်းရှောင်နူသည် ဘာမှမပြောဘဲ ယွင်ဖေးအနီးသို့ အရိပ်တစ်ခုပမာ ရွေ့လျားသွားခဲ့ပြီး ယွင်ဖေး၏ ဇက်ပိုးကို အသာရိုက်လိုက်သည်။ သူမသည် ယွင်ဖေးအား လက်တစ်ဖက်ဖြင့် ထိန်းထား၍ ကျန်လက်မှ အစိမ်းရောင် ပန်းအိုးကို ထုတ်လိုက်သည်။ အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်လာခဲ့ပြီးနောက် ယွင်ဖေးပျောက်ကွယ်သွားခဲ့သည်။
အစိမ်းရောင်ပန်းအိုးသည် မြစိမ်းကြည်လင်ပန်းအိုး ဖြစ်လေသည်။
ကျန်းရီတွင် စကြဝဠာနန်းတော် ရှိနေပြီဖြစ်ရာ မြစိမ်းကြည်လင်ပန်းအိုးမှာ သူ့အတွက် အသုံးမလိုတော့ပေ။ ကျန်းရီသည် ဝိဉာဉ်ပျောက်တောင်ကြားသို့ မသွားခင်က မြစိမ်းကြည်လင်ပန်းအိုးကို ကျန်းရှောင်နူအား ပေးခဲ့သည်။ သူသည် သူတို့အားလုံးကို ကာကွယ်ပေးရန်လည်း မှာကြားခဲ့သေးသည်။ ကျန်းရှောင်နူ၏အတွေးမှာ အလွန်ရိုးရှင်းလေသည်။ သူတို့ကို ကာကွယ်ပေးရမည်ဆိုလျှင် သူမဘေးတွင် ထားသည်မှာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲသည် အနိုင်ရနိုင်ချေမရှိကြောင်း သေချာသွားသောအချိန်တွင် တိုက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းကို လှည့်စားခဲ့သည်။ ယခုလည်း ယွင်ဖေးကို ပြန်ခေါ်စေ၍ ရိုက်လိုက်ပြီးနောက် သူတို့အားလုံးကို မြစိမ်းကြည်လင်ပန်းအိုးအတွင်း ထည့်လိုက်သည်။
ပန်းအိုးကို ဂရုတစိုက် သိမ်းလိုက်ပြီးနောက် နန်းမြို့ရိုးရှိရာသို့ ကျန်းရှောင်နူ ထွက်လာခဲ့သည်။ ထို့နောက် သူမသည် ကျောက်သားလှေကားများမှတစ်ဆင့် မြို့ရိုးထက် တက်သွားခဲ့လေသည်။
သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ပုံစံမှာ နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း ခန္ဓာကိုယ်အချိုးအဆစ်များမှာ အလွန်လှလေသည်။ ကျန်းရှောင်နူ၏ မျက်နှာ အမူအရာမှာ ကိုယ့်ခြံထဲကိုယ် အေးအေးလူလူ လမ်းလျှောက်နေသည့်အလား အလွန်တည်ငြိမ်နေသည်။ သူမ၏အေးစက်စက် မျက်လုံးများမှာ လူသတ်ငွေ့များ ကင်းစင်နေသော်ငြား မြို့ရိုးထက်ရှိ စစ်သည်များမှာ အန္တရာယ် အငွေ့အသက်ကို ခံစားနေကြရသည်။
"ရှောင်နူ"
စုလောရွှယ်သည် ကျန်းရှောင်နူ လျှောက်လာသည်ကို မြင်သောအခါ တစ်ခုခုပြောရန် ပြင်လိုက်သည်။ ကျန်းရှောင်နူ၏ မျက်လုံးများကို ကြည့်လိုက်မိချိန်တွင် စုလောရွှယ်သည် ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။ ကျန်းရှောင်နူသည်လည်း ဘာမှမပြောဘဲ စုလောရွှယ်၏ နောက်တွင် ရပ်၍ မြို့ပြင်မှ တိုက်ပွဲကို တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။
တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ရှားနိုင်ငံစစ်တပ်၏ တစ်ဝက်ကျော်ခန့်မှာ သတ်ဖြတ်ခံရပြီးဖြစ်သည်။ သူတို့ဘက်မှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အားလုံးနီးပါးမှာ သေဆုံးသွားကြပြီဖြစ်ပြီး မဟာမိတ်တပ်များဘက်မှ စစ်သည်သုံးထောင်ခန့် သေဆုံးသွားကြသည်။ ရန်သူဘက်မှ ကျန်ရစ်သော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အယောက် လေးထောင်ခန့်မှာ အရှုံးမရှိသည့် သားရဲများအလားပင်။
ဝှစ်...
ထိုအခိုက်အတန့်တွင် တောင်ဘက်အရပ်ဆီမှ လေခွင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်အလင်းတန်း တစ်ခုသည် ကြယ်တံခွန်တစ်စင်းပမာ ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာခဲ့ပြီး မြို့မြောက်ဘက်ခြမ်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ရောက်လာသူမှာ အဘွားကြီးတစ်ယောက်ဖြစ်သည်။ ဆံပင်ဖြူများနှင့် သူမသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ကျိုင်းတံတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ သူမသည် စုလောရွှယ်အား ပြုံးပြပြီးမှ ယာ့ဇီသားရဲနှင့် ရှောင်လုံဝမ်၊ ရှားတိတို့ကြားရှိ တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ သူမသည် လှောင်ရယ်သံနှင့် ပြောလိုက်သည်။
"ရှောင်လုံဝမ်၊ ရှားတိ...ရှင်တို့နှစ်ယောက်က နယ်မြေရဲ့ ဂုဏ်သရေရှိ သိုင်းသမားတွေဖြစ်ပြီးတော့ ယာ့ဇီသားရဲကို နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်နေတယ်။ ရှင်တို့ အရှက်မဲ့တယ်၊ အောက်တန်းကျတယ်လို့ ကိုယ့်ကိုယ်ကို မခံစားရဘူးလား။ တစ်လောကလုံးရဲ့ ပြက်ရယ်ပြုစရာဖြစ်မှာ ရှင်တို့မကြောက်ဘူးလား"
***