ခြေလှမ်းတိုင်းတွင် ကြာပန်းများပွင့်
Vol. 25 Ch. 361
" အထဲကိုဝင် "
အစောင့်နှစ်ဦးက ယီယွင်အား ချူတော်ဝင်အိမ်တော်ထဲရှိ အခန်းတစ်ခုဆီသို့ ခေါ်လာကာ တွန်းထည့်လိုက်ပြီးနောက် ယီယွင်၏ ခြေလက်များကို သံကြိုးများ ခတ်ထားလိုက်ကြသည်။
ရေခဲတမျှအေးစက်သော ကြမ်းပြင်ပေါ်တွင် ယီယွင် ပက်လက်လဲကျနေလေ၏။ သူ၏ဝင်သက်ထွက်သက်တိုင်းတွင် အအေးငွေ့များ ထုတ်လွှတ်နေပြီး လေထဲတွင် ရေများဖြစ်လာရသည်။
အခန်း၏တံခါးများနှင့် ပြတင်းပေါက်များကို အထူးသတ္တုများနှင့် ပြုလုပ်ထားပြီး အစီရင်များ ရေးထိုးထားသည်။ ဤနေရာတွင် လူသားအရှင်သခင်တစ်ဦး ပိတ်မိနေလျှင်ပင် ဖောက်ထွက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် တံခါးအပြင်ဘက်တွင် ချူတော်ဝင်အိမ်တော်မှ အစောင့်များ ကင်းလှည့်နေကြသေးသည်။ မဝေးလှသောနေရာတွင် ရှန်းထူမိသားစုမှ ပုဂ္ဂိုလ်များ ရှိကြလေ၏။ ထွက်ပြေးရန်ကြိုးစားခြင်း စိတ်ကူးယဥ်အတွေးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူ အသက်ရှင်နေသေးလေ၏။ သို့သော် သူက အချိန်တစ်ခုအထိသာ အသက်ရှင်နေသေးခြင်း ဖြစ်လေသည်။ အကြောင်းအရင်းမှာ ရှန်းထူနန်ထျန်းက ကျန်းရှောင်ယု၏သွေးကို တပ်မက်နေခြင်းကြောင့် ဖြစ်လေ၏။
ရှန်းထူနန်ထျန်းကသာ ပျက်စီးခြင်းမျိုးနွယ်ကို အလွန်မုန်းတီးမနေခြင်း သို့မဟုတ် ကျန်းရှောင်ယုကို ဖမ်းဆီးလိုခြင်း မရှိတော့ပါက ယီယွင်ကို တန်ဖိုးထားမည်မဟုတ်တော့လေဘဲ ယီယွင်၏အလောင်းသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ယီယွင် ထိုအရာကို လက်မခံနိုင်ပေ။ သူသည် " အကယ်၍ " ဆိုသည့် စကားလုံးပေါ်တွင် အခြေခံကာ ရှင်သန်လိုခြင်းမရှိပေ။
ယနေ့တွင် သူ ကြုံဖူးသမျှထဲ၌ သေခြင်းနှင့် အနီးကပ်ဆုံး ဖြစ်ခဲ့ရသည်။ သူ၏ဘဝတွင် အရေးအပါဆုံး လူတစ်ဦးကိုလည်း ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရလေ၏။
တိမ်ရိုင်းနယ်မြေထဲတွင် လျှိုင်ချန်းယုက သူ့အား တိုက်ခိုက်ခြင်းနှင့် ကြယ်ကြွေဂိတ်ထဲတွင် ရွှေကျီးကန်းမျိုးစိတ် အမဲလိုက်သည်ကို ခံရခြင်းတို့က ယခုအခြေအနေလောက်အထိ သေရန်မနီးကပ်ခဲ့ပေ။
သေခြင်းက မည်သို့ရှိသည်ကို ယီယွင် မသိပေ။ မြေကြီးအောက်တွင် အေးစက်မဲမှောင်ကြီး အထီးကျန်ဆန်သော ခံစားချက်သာ ရှိလေသည်။ ခန္ဓာကိုယ်များ ပုပ်သိုးဆွေးမြေ့လာကာ နောက်ဆုံးတွင် ဗလာနတ္ထိ ဖြစ်သွားရလိမ့်မည်။
ယီယွင်က ယခင်ဘဝတွင် ခေတ်မီသူတစ်ဦး ဖြစ်လေသည်။ သူက စစ်သည်လောကမှ မဟုတ်ပေ။ ကိစ္စရပ်တစ်ခုကြောင့် သူ၏အသက်ကို အလွယ်တကူ စွန့်စားမည်မဟုတ်ပေ။ ယီယွင်က သူ၏အသက်ကို တန်ဖိုးထားသည်။ သူ၏ သည်းခံနိုင်သည့် အတိုင်းအတာကို မကျော်လွန်သေးသရွေ့ သူ အသက်နိုင်ရေးအတွက် အကောင်းဆုံးကြိုးစားမည်သာ ဖြစ်လေသည်။
သူ၏အသက်ကို အခြားသူတစ်ဦး၏လက်ထဲတွင် မထားချင်သလို အခြားသူတစ်ဦးက သူ၏အသက်အား အဆုံးအဖြတ်ပေးခြင်းသည်လည်း မဖြစ်သင့်ပေ။ သူ မည်သူကိုမျှ ထိုသို့လုပ်ခွင့်ပေးမည်မဟုတ်ပေ။
သူ၏ခန္ဓာကိုယ်က မလှုပ်မယှက် ရှိနေသည်။ ဤအခန်းထဲတွင် လုံးဝတိတ်ဆိတ်နေလေ၏။ သူ၏စိတ်စွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေလိုက်သည်။ ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်ထဲမှ အအေးအဆိပ်များကို စတင်ကာ သန့်စင်လေသည်။
စိတ်ပျက်အားငယ်မှုများ အကြားတွင်ပင် သူက မျှော်လင့်ချက်ကို လက်မလွှတ်ပေ။ ရှင်သန်နိုင်မည့်အခွင့်အရေး ပိုကောင်းလာစေရေးအတွက် သူ အစွမ်းကုန်ကြိုးစားရမည်။
သူက ယာယီသာ ဘေးကင်းနေကြောင်းကို သိလေသည်။
ရှန်းထူနန်ထျန်းက သူ့အား အသုံးချကာ ပျက်စီးခြင်းမျိုးနွယ်မှ အဆင့်မြင့်ပိုင်းများကို မျှားခေါ်ချင်နေသည်။ ယင်းကြောင့်ပင် သူ့အား ဆိုးရွားစွာ ထိခိုက်အောင်မလုပ်ခြင်း ဖြစ်လေသည်။ အနည်းဆုံးအနေဖြင့် သူ့အား ခြေလက်များချိုးကာ ဒုက္ခိတလုံးလုံး ဖြစ်သွားစေရန် မလုပ်ခဲ့ကြပေ။
ထိုသို့ဖြစ်သွားခဲ့လျှင် ပျက်စီးခြင်းမျိုးနွယ်၏ အဆင့်မြင့်ပိုင်းများက ယီယွင်၏ သနားစရာအခြေအနေကြောင့် အာရုံစိုက်ကြတော့မည် မဟုတ်ပေ။ အကြောင်းကမူ ထိုသို့အခြေအနေဖြစ်နေသည့် ယီယွင်ကို ကယ်တင်သည်မှာ အဓိပ္ပါယ်မရှိလေသောကြောင့်ပင်။ ယီယွင်အတွက် ထိခိုက်ခံစားရမှုများ ပိုတိုးလာရုံသာ ရှိပေမည်။
ယင်းကြောင့်ပင် ရှန်းထူနန်ထျန်းက ယီယွင်၏ ကျင့်ကြံမှုများ ဆုံးရှုံးသွားစေရန် ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးကို အသုံးပြုခဲ့ခြင်း ဖြစ်ပုံရလေသည်။ ထိုသို့လုပ်ခြင်းအားဖြင့် သတင်းဖောင်းပွခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အပေါ်ယံအားဖြင့် ယီယွင်က စွမ်းအင်ကုန်ခမ်းကာ အားနည်းနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ထို့အတူပင် ပျက်စီးခြင်းမျိုးနွယ် အဆင့်မြင့်ပိုင်းများကလည်း ဒုက္ခိတတစ်ဦးအား ကယ်တင်နေကြောင်း သိနိုင်တော့မည်မဟုတ်ပေ။
ယင်းက ရှန်းထူနန်ထျန်း၏ အစီအစဥ်လည်း ဖြစ်လေ၏။
သိသာစွာဖြင့်ပင် ယီယွင်က ထိုကောင့်၏အကြံများကို အောင်မြင်စေမည်မဟုတ်ပေ။
မှောင်မဲနေသော အခန်းထဲတွင် အချိန်ကို မသိရပေ။ ယီယွင်က လက်တစ်ချောင်းပင် မလှုပ်ဘဲ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည်။ သို့သော် ယီယွင်၏ခန္ဓာကိုယ်ထဲတွင်မူ ခရမ်းရောင်သလင်းကျောက်က ဝဲကတော့ငယ်တစ်ခု ဖြစ်ပေါ်နေသည်။ ထိုဝဲကတော့က ယီယွင်၏ခန္ဓာကိုယ်ထဲ အအေးအဆိပ်များကို မသိမသာ စုပ်ယူနေလေ၏။
ခရမ်းရောင်သလင်းကျောက်ထဲမှ အပြာရောင် ရေခဲသလင်းက ပိုမိုကြီးမားလာခဲ့သည်။ ၎င်း၏အရည်အသွေးက သန့်စင်ယန်စိတ်ဝိညာဥ်ထက် နိမ့်ကျသော်လည်း ဤဖြစ်ရပ်က ခရမ်းရောင်သလင်းကျောက်ထဲတွင် အအေးယင်ဓာတ်မျိုးစေ့ကို မတော်တဆ ချန်ထားမိခဲ့လေသည်။
တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်...။
ယီယွင် မျက်လုံးဖွင့်ကာ ကောင်းကင်ကိုသာ ကြည့်နေသည်။ သူက လှုပ်ရှားခြင်းမရှိဘဲ သေနေသည့်ပမာ ဖြစ်နေလေ၏။ သို့သော် ယီယွင်၏ဒဏ်ရာများ ဖြည်းညင်းစွာ ပြန်သက်သာလာနေကာ စွမ်းအားများလည်း ပြန်ရလာနေသည်။
သူ၏နတ်အမြုတေထဲတွင် နေအလင်းချီက ကြမ်းတမ်းစွာ စီးဆင်းနေသော်လည်း ယီယွင်က ခရမ်းရောင်သလင်းကျောက် အသုံးပြုကာ သန့်စင်ယန်စွမ်းအင်များကို ပိတ်လှောင်ထားသည်။
တစ်ချိန်တည်းမှာပင် ယီယွင်က ခရမ်းရောင်သလင်းကျောက်ထဲမှ အအေးချီများ ထုတ်လွှတ်ကာ တစ်ကိုယ်လုံးတွင် ဖြန့်ကျတ်ထားလေသည်။ ယင်းကြောင့် အပေါ်ယံတွင်မူ ယီယွင်က အအေးအဆိပ်သင့်နေကာ ကျင့်ကြံမှုများ ဆုံးရှုံးသွားသည့်ပမာ ဖြစ်နေလေ၏။
" ဟဲဟဲ... အတော်ကို သနားစရာပဲ။ ခုနစ်ရက်တောင် ကြာသွားပေမဲ့ ယီယွင်က မျက်တောင်တောင် မခတ်ဘူး။ ဒီကောင် နှလုံးခုန်နေသေးတာကြောင့်သာ မဟုတ်ခဲ့ရင် သေနေပြီလို့တောင် ထင်မိမှာပဲ " အစောင့်တစ်ဦးက ကျေနပ်အားရမှုဖြင့် ဆိုလေသည်။
" နှလုံးသား သေဆုံးသွားရတာထက် ဝမ်းနည်းဖို့ကောင်းတဲ့အရာ မရှိဘူး။ မင်းရဲ့ကျင့်ကြံမှုတွေ ပျက်စီးသွားခဲ့ရင် ရက်အနည်းငယ်လောက်အကြာမှာ မင်းရဲ့နှလုံးသားလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေရမှာပံလေ " အခြားအစောင့်တစ်ဦးက ယီယွင်ကို ဆေးတိုက်ရင်း ပြောလိုက်လေသည်။
" ဟားဟား... ငါသာ ဒီကောင့်နေရာမှာဆိုရင် အခုလောက်ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးနေလောက်ပြီ "
" သတ်သေမယ်တဲ့လား။ အိပ်မက်မက်မနေနဲ့။ သခင်လေးနန်ထျန်းက ဒီကောင့်ကို သေခွင့်ပြုမှာမဟုတ်ဘူး။ အအေးအဆိပ်သင့်နေတဲ့ ဒီကောင်က ကိုယ့်ရဲ့သွေးကြောတွေကိုတောင် ပိတ်မထားနိုင်ဘူး။ ဒီကောင့်ရဲ့ခြေလက်တွေလဲ အချုပ်ခံထားရတာကြောင့် သတ်သေဖို့ဆိုတာ မျှော်လင့်နေမှပဲရမယ်။ အသက်ဆွဲဆန့်ဆေးကို နေ့တိုင်း တိုက်နေတာကြောင့် ဒီကောင် သေချင်ရင်တောင် မဖြစ်နိုင်ဘူး။ ဟူး... လောကကြီးက မှန်းဆဖို့မလွယ်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်း နေမင်းလို တောက်ပခဲ့တဲ့ ဒီကောင်က အခုလက်ရှိမှာ သနားစရာကောင်းတဲ့ သေဒဏ်အပြစ်သားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိခဲ့မှာလဲ။ ဒီကောင်က နတ်ပြည်ကနေ ငရဲပြည်အထိ ပြုတ်ကျသွားတာပဲ "
အစောင့်က ခေါင်းယမ်းကာ ဆိုလိုက်လေသည်။ ရှန်းထူမိသားစုက စွမ်းအားမြင့်သော အကြီးအကဲနှစ်ဦးအား ဖိတ်ခေါ်ထားကြောင်းကို သူ သိလေသည်။ နှစ်ဦးလုံးက ငါးစာချရန် အစွမ်းထက်သော အစီရင်တစ်ခု ဖန်တီးထားကြသည်။
ရက်အနည်းငယ်ခန့်အတွင်း ပျက်စီးခြင်းမျိုးနွယ်မှ အဆင့်မြင့်ပိုင်းများက ဤဒုက္ခိတကို ကယ်တင်ရန်အတွက် ဖျက်ဆီးမရသော အစီအရင်ကို ကျော်ဖြတ်ရနိုင်လောက်သည်။
အစောင့်နှစ်ဦးအဖို့ တွေးကြည့်ရုံနှင့်ပင် ပျော်စရာကိစ္စကို မျှော်လင့်မိနေသည်။
ပျက်စီးခြင်းမျိုးနွယ် အဆင့်မြင့်ပိုင်းများက ယီယွင်အား ကယ်တင်ပြီးချိန်တွင် ဒုက္ခိတတစ်ဦးဖြစ်ကြောင်း သိသွားခဲ့ပါက မျက်နှာအမူအရာများ မည်သို့ရှိလိမ့်မည်ကို သူတို့ သိလိုကြသည်။
..........................
ကိုးရက်...။
ရှန်းထူနန်ထျန်း ကောင်းကင်အား ကြည့်လိုက်သည်။ နေဝင်တော့မည်ဖြစ်ပြီး မနက်ဖြန်က နောက်ဆုံးနေ့ ဖြစ်လေသည်။ ပျက်စီးခြင်းမျိုးနွယ် အဆင့်မြင့်ပိုင်းများ ရောက်မလာပါက ယီယွင်ကို သေဒဏ်ပေးရတော့မည်။
" သခင်လေးနန်ထျန်း... ပျက်စီးခြင်းမျိုးနွယ် ရောက်မလာမှာကို ကျုပ် စိုးရွံ့မိတယ်။ မိုးမြေဧကရာဇ်အစီရင်ကို ဖွဲ့စည်းတာက ကုန်ကျစရိတ်မနည်းဘူး "
ရှန်းထူနန်ထျန်း၏ နံဘေးတွင် အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ဦး ရှိသည်။ သူ၏ မျက်ခုံးမွေးများက အလွန်ရှည်လျားလှပြီး မြွေဖြူနှစ်ကောင်ပမာ တွဲလောင်းကျနေသည်။
မိုးမြေဧကရာဇ်အစီရင်၏ အစီရင်မျဥ်းများ ရေးဆွဲရန်အတွက် ရှေးဦးမျိုးစိတ်များ၏ သွေးများ လိုအပ်လေသည်။ ပျက်စီးခြင်းအရိုး ၁၀၈ ကိုလည်း သန့်စင်ကာ အစီရင်အလံအဖြစ် အသုံးပြုရန် လိုအပ်သေးလေ၏။
ထိုအစီရင်အလံအစုံလိုက် ဖန်တီးရသည်မှာ အကုန်အကျများသည်။ ထို့အပြင် ထိုကဲ့သို့ အစီရင်အလံမျိုးက ထာဝရအသုံးပြု၍ မရပေ။ အသုံးပြုချိန်တိုင်းတွင် အစီရင်အလံများ၏သက်တမ်း ကုန်ဆုံးနေမည် ဖြစ်လေ၏။
ရှန်းထူနန်ထျန်းက ဆိုသည်..." အကြီးအကဲစုနဲ့ အကြီးအကဲမော့က ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားဖို့ ကျုပ် ဆန္ဒပြုပါတယ်။ အဲ့ဒီစုန်းမလေးက ပျက်စီးခြင်းမျိုးနွယ်ထဲမှ အရမ်းထူးခြားတဲ့ အဆင့်အတန်းရှိတယ်။ သူ့ရဲ့ဆန္ဒကို ပျက်စီးခြင်းမျိုးနွယ်က ကြီးကြီးမားမား တန်ဖိုးထားလိမ့်မယ်။ မိုးမြေဧကရာဇ်အစီရင်က တန်ဖိုးကြီးတယ်ဆိုပေမဲ့ ပျက်စီးခြင်းမျိုးနွယ် အဆင့်မြင့်ပိုင်းအချို့ကို ဖမ်းနိုင်ပြီး သားရဲအုပ်ကိုလည်း တားနိုင်ခဲ့မယ်ဆိုရင် ကျုပ်တို့တွေအတွက် အဲ့ဒီစုန်းမလေးကို ဖမ်းဆီးနိုင်ဖို့ အခွင့်အရေးတောင် ရလာနိုင်တယ်။ ကျုပ်တို့သာ အဲ့ဒါကို လုပ်နိုင်ခဲ့မယ်ဆိုရင် ရင်းနှီးထားတဲ့ပမာဏကို လျစ်လျူရှုထားလို့ရပြီ "
အကြီးအကဲနှစ်ဦးက မတုန့်ပြန်ကြပေ။ သူတို့က သမထထိုင်ကာ အနားယူရန်အတွက် မူလနေရာများဆီသို့ ပြန်သွားခဲ့ကြသည်။ သူတို့ ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိရန်အတွက် ကြိုးစားကုသရပေမည်။
သို့သော် အကြီးအကဲနှစ်ဦးအတွက် သိသာနေသည့် ဤထောက်ချောက်က မည်သည့်အရာမျှ ပြန်ပေးနိုင်မည်မဟုတ်ပေ။ ပျက်စီးခြင်းမျိုးနွယ် မည်သည့်အဆင့်မြင့်ပိုင်းကမျှ သူတို့ကိုယ်သူတို့အား သေတွင်းထဲသို့ တွန်းပို့မည်မဟုတ်ပေ။
ကောင်းကင်တွင် လ ထွက်ပေါ်လာပြီး ညချမ်းလေပြေက ချူစီရင်စုမြို့အား တိုက်ခတ်နေလျက်ရှိသည်။
မြို့အပြင်ဘက် တောင်တစ်လုံးပေါ်တွင် ငွေရောင်ဝံပုလွေတစ်ကောင်က လမင်းကို မျက်နှာမူကာ အူနေလျက်ရှိသည်။ ငွေရောင်ဝံပုလွေ၏ နံဘေးတွင်မူ တစ်ပေထက်မရှည်သော ဝါးပုလွေတစ်ချောင်း ကိုင်ထားသည့် လူငယ်တစ်ဦး ရပ်နေလေသည်။ သူက အထီးကျန်စွာ ရပ်နေလေ၏။
သူ၏မျက်လုံးများက အနက်ရောင် ကျောက်မျက်များပမာ နက်ရှိုင်း နက်မှောင်လေသည်။ မျက်ဝန်းများက ကြယ်များထက်ပင် တောက်ပစွာ ရောင်ပြန်ဟပ်နေ၏။ လူငယ်၏ကျောဘက်တွင် အပြောကျယ်လှသော ကြယ်ပင်လယ်ကြီး ရှိနေသည်။ ငွေရောင်အလင်းများက ကောင်းကင်ထက်ဆီမှ ရေတံခွန်တစ်ခုပမာ ကျဆင်းနေလေ၏။ ထိုမြင်ကွင်းက အတိတ်ကို သတိရစေသော အိပ်မက်တစ်ခုပမာပင်။
အစိမ်းဝတ်လူငယ်က အဝေးဆီမှ ချူစီရင်စုမြို့ကို ကြည့်နေလေ၏။ ညလေပြေက သူ၏အစိမ်းရောင်အဝတ်ကို တိုက်ခတ်နေကာ တဖျပ်ဖျပ်လှုပ်ခါနေစေသည်။
ညအမှောင်အောက်တွင် ချူစီရင်စုမြို့က သူ ရောက်လာသည်ကို စောင့်ဆိုင်းနေသည့် ဧရာမသားရဲကြီးတစ်ကောင်အလားပင်။
အစိမ်းဝတ်လူငယ်က လေထဲတွင် စတင်ကာ လမ်းလျှောက်လေသည်။
ဟင်...။
သမထထိုင်နေကြသည့် အကြီးအကဲစုနဲ့ အကြီးအကဲမော့တို့က ချက်ချင်းပင် မျက်လုံးဖွင့်လာကြ၏။ အားကောင်းသော တည်ရှိမှုတစ်ခု ချဥ်းကပ်လာနေသည်ကို သူတို့ ပြိုင်တူပင် အာရုံခံမိကြလေ၏။ ယင်းက လူသားများ၏ယွမ်ချီ မဟုတ်လေဘဲ ထကြွနေသည့် ပျက်စီးခြင်းစွမ်းအင် ဖြစ်လေသည်။
ပျက်စီးခြင်းစွမ်းအင်... ပျက်စီးခြင်းမျိုးနွယ်လား။
သူတို့ တကယ်ရောက်လာတာလား။
အကြီးအကဲနှစ်ဦး၏ မျက်ဝန်းများ တောက်ပနေသည်။ သူတို့ ကောင်းကင်ထက်သို့ ခုန်တက်သွားကာ ခြေထောက်များတွင် ရွှေရောင်အလင်းများ အမျှင်တန်းနေလျက်ဖြင့် ပျံသန်းသွားလေ၏။ တစ်ဦးက ဓားကိုင်ထားပြီး ကျန်တစ်ဦးကမူ ကြေးမှန်တစ်ခု ကိုင်ထားလေသည်။ သူတို့က စစ်နတ်ဘုရားနှစ်ပါး လေထဲတွင် ပျံသန်းနေကြသည့်အလားပင်။
သူတို့နှစ်ဦး ရှိနေလေပြီး မိုးမြေဧကရာဇ်အစီရင် ရှိနေသည်ကိုပင် ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးက အသေခံရန် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
တစ်ယောက်တည်း လာခြင်းမျိုးကို စစ်တပ်တားမြစ်ချက် ဖြစ်လေ၏။ ထို့အပြင် သူတို့က အားပြည့်လန်းဆန်းနေပြီး ထောက်ချောက်တစ်ခုလည်း ချထားသေးလေသည်။ ဤပျက်စီးခြင်းမျိုးနွယ်ဝင်က အမှန်ပင် ရူးလှချေ၏။
ရှန်းထူနန်ထျန်းသည်လည်း နန်းဆောင်တစ်ခုထဲမှ ပျံသန်းကာထွက်လာ၏။ ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး အမှန်တကယ်ပင် ရောက်လာခဲ့လေသောကြောင့် သူ စိတ်လှုပ်ရှားနေသည်။ ယင်းက သူ၏အစီအစဥ် အလုပ်ဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။
" ဘယ်လိုလူစာရင်းလဲဆိုတာ ငါသိချင်မိတယ်။ ငါ စိတ်မပျက်ရဖို့ မျှော်လင့်ပါတယ် " ရှန်းထူနန်ထျန်း တွေးလိုက်သည်။ တစ်ဦးနှင့်တစ်ဦး ကူညီနိုင်စေရေးအတွက် ပျက်စီးခြင်းမျိုးနွယ် ခုနစ်ဦး ၊ ရှစ်ဦးခန့် ပါလိမ့်မည်ဟု သူ တွက်ဆထားသည်။
သို့သော် ရောက်လာသည့်လူကို မြင်လိုက်ရချိန်၌ သူ မှင်တက်မိသွားရသည်။
လေထဲတွင် အစိမ်းရောင်ဝတ် လူငယ်တစ်ဦး ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။ လူငယ်၏လှုပ်ရှားမှုများက တင့်တယ်တည်ငြိမ်လေ၏။ လူငယ်၏ ခြေလှမ်းတိုင်းတွင် ကြယ်အလင်းများ စုစည်းလာကာ ကြာပန်းစိမ်းတစ်ပွင့် ပွင့်လန်းလာသည်။
ရေပေါ်တွင် ရှပ်တိုက်ကာ သွားနေသည့်အလားပင် ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်နေလေ၏။
လူငယ်၏ ခြေလှမ်းများက အလွန်နှေးကွေးဟန်ရှိသော်လည်း သူ၏ခြေထောက်အောက်တွင် အကွာအဝေးကို ချုံ့ပစ်လိုက်သည့်ပမာ ရှိနေလေသည်။ လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ခန့်က လူငယ်သည် မိုးကုတ်စက်ဝိုင်းတွင်သာ ရှိနေသေးလေပြီး ယခုတွင်မူ သူ၏ တည်ငြိမ်သော ခြေလှမ်းများကြောင့် ချူတော်ဝင်အိမ်တော်၏အထက်သို့ ရောက်ရှိနေပေပြီ။
" လမ်းပြလူငယ် "
ရှန်းထူနန်ထျန်း၏ မျက်ဝန်းများတွင် အေးစက်မှုများ တောက်ပသွားလေ၏။