ထောင်ချောက်
Vol. 25 Ch. 362
လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ရှန်းထူမိသားစုသည် လမ်းပြလူငယ်နှင့် တိုက်ခိုက်ခဲ့ကြလေ၏။ သူ၏ရှေ့မှောက်မှ အစိမ်းရောင်ဝတ်လူငယ်က သူ၏မျိုးနွယ်ဝင်များစွာအား သတ်ခဲ့သည်ကို ရှန်းထူနန်ထျန်း မှတ်မိနေသေးသည်။ သူတို့၏အကြားတွင် ကျေလည်၍မရသော ရန်ငြိုးများ ရှိနေလေ၏။
" မင်းက တကယ်ကို သတ္တိရှိတာပဲ။ ထောင်ချောက်တစ်ခု ရှိနေတာကို သိနေခဲ့တာတောင် တစ်ယောက်တည်း လာဝံ့နေသေးတာပါ့လား။ ဒီနေ့ မင်း သေရမယ် "
ရှန်းထူနန်ထျန်း၏ အာရုံကြောများ တောင့်တင်းနေသည်။ သူ့တွင် မိုးမြေဧကရာဇ်အစီရင် ၊ အကြီးအကဲမော့နှင့် အကြီးအကဲစုတို့ ရှိနေသည့်တိုင်အောင် အလွန်အစွမ်းထက်သော ပျက်စီးခြင်းမျိုးနွယ်ဝင်ဖြစ်သည့် လမ်းပြလူငယ်နှင့် ရင်ဆိုင်ရန်အတွက် သတ္တိများ စုစည်း၍မရချေ။ သူ့တွင် နောက်ဆုံး အသက်ကယ်ဝှက်ဖဲတစ်ခုပင် ရှိနေသေးချေသည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန့်က တိုက်ပွဲတွင် လမ်းပြလူငယ်က သူ့အား ကြီးမားသော စိတ်ဒဏ်ရာတစ်ခု ပေးထားခဲ့လေသည်။
လမ်းပြလူငယ်က ရှန်းထူနန်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းနက်အစုံက လျှပ်စီးတန်းနှစ်ခုပမာပင် လေထုအား ထိုးဖောက်သွားသည်။ ယှဥ်ပြိုင်ဘက်မဲ့သော အရှိန်အဝါများ ရှိနေသည့် ထိုလျှပ်စီးတန်းများက နှလုံးသားတည့်တည့်အား ထိုးဖောက်သွားနိုင်ဟန် ရှိနေလေ၏။
လက်ရှိအချိန်၌ ရှန်းထူနန်ထျန်း၏မျက်နှာ ဖြူလျော်နေသည်။ လမ်းပြလူငယ်၏ မျက်ဝန်းများက သူ့အား ထိုးဖောက်ကာကြည့်သွားသည်ဟု ခံစားနေရသည်။ ထိုအကြည့်က သူ့ကို ထိခိုက်မှုဖြစ်စေရန် လုံလောက်လေ၏။
ရှန်းထူနန်ထျန်း လေထဲတွင် ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရသည်။ ထိုစဥ် အကြီးအကဲစုက ကြေးမှန်တစ်ခု ကိုင်ထားပြီး ရှန်းထူနန်ထျန်း၏ရှေ့တွင် ရပ်လိုက်လေသည်။
ယင်းကြောင့် ရှန်းထူနန်ထျန်းထံမှ ဖိအားများ လျော့နည်းသွားခဲ့ရသည်။
" သခင်လေးနန်ထျန်း... ဒီကောင်က အခြောက်တိုက်ကြီး ခွန်းအားပြနေရုံလောက်ပါပဲ။ အခုလက်ရှိ ဒီကောင်က လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကနဲ့ မတူတော့ဘူး " အကြီးအကဲစုက လမ်းပြလူငယ်ကိုကြည့်ကာ သရော်လိုက်သည်။
....................
လက်ရှိအချိန်၌ ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ရောက်ရှိလာသည်ကို သွားကြလေသောကြောင့် ချူတော်ဝင်အိမ်တော်ထဲရှိ လူပေါင်းများစွာတို့မှာ အဆောင်များထဲမှ ထွက်လာကြလေ၏။ သူတို့ ကောင်းကင်ကိုမော့ကြည့်ကာ တိုက်ပွဲကို စောင့်ဆိုင်းနေကြသည်။
သူတို့ စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ခြင်းများ ဖြစ်နေရလေ၏။
" ဒါက လမ်းပြလူငယ်လား "
ချူတော်ဝင်အိမ်တော်မှ လူများက လမ်းပြလူငယ်ကို ပထမဆုံးအကြိမ် မြင်ဖူးကြဟန်ရှိသည်။
တိုက်ခိုက်ကြတော့မည့် နှစ်ဖက်စလုံးက မော်ကြည့်ရန်ပင် ခက်ခဲလှသော တည်ရှိမှုများ ဖြစ်ကြလေသည်။ ဤတိုက်ပွဲက ကမ္ဘာတုန်ခါစေမည်မှာ သေချာသည်။ သူတို့အတွက်မူ ဤသည်က ရှားပါးသော အတွေ့အကြုံတစ်ခု ဖြစ်လေ၏။
" ဝေးဝေးမှာနေကြမယ်။ တိုက်ပွဲဆီက လမ်းကြောင်းမှားလာတဲ့ တိုက်ခိုက်မှုတစ်ခုခုက ငါတို့ကို ထိမှန်သွားခဲ့မယ်ဆိုရင် ငါတို့ရဲ့ခန္ဓာကိုယ်တွေ သေချာပေါက်ကို အမှုန့်ဖြစ်သွားလိမ့်မယ် "
ချူတော်ဝင်အိမ်တော်မှ လူများက သူတို့၏စွမ်းအားကို သိကြလေသည်။ ချူဘုရင်သည်ပင် လမ်းပြလူငယ်တို့နှင့် ငါးကီလိုမီတာခန့်အကွာအထိ ဆုတ်ခွာသွားခဲ့သည်။
လက်ရှိအချိန်၌ မိုးမြေဧကရာဇ်အစီရင်၏အလယ်ရှိ အခန်းထဲမှ ယီယွင်သည် ခေါင်းမော့လာ၏။ အခန်း၏အစီရင်များ ပိတ်ဆို့ထားသည့် ကောင်းကင်အား သူ ကြည့်လိုက်သည်။
ထိုအခိုက်တွင် တစ်ယောက်တစ်ယောက်၏ စိတ်အာရုံက သူ့အား ဖြတ်ကျော်သွားလေ၏။ သူ့အား အစီရင် ဝန်းရံထားသည့်တိုင်အောင် ထိုအစီရင်က ထိုသူ၏စိတ်အာရုံကို တားနိုင်ခြင်းမရှိပေ။
ပျက်စီးခြင်းမျိုးနွယ်မှ တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို သူ သိသည်။
ကျန်းရှောင်ယုက ပျက်စီးခြင်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးကို လှုပ်ရှားရန် စေလွှတ်ခဲ့သည်။
တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးကို မျိုးဖြုတ်ပစ်နိုင်သည့် သားရဲအုပ်ကို ဖန်တီးခဲ့သော ပျက်စီးခြင်းမျိုးနွယ်ကို သူ အကျဥ်းအကျပ်ဖြစ်နေချိန်တွင် အားကိုးအားထား ပြုရလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
ကယ်တင်ရှင်တစ်ဦးပမာ ဖြစ်နေခဲ့သည့် ရှန်းထူမိသားစုက သူ့အား သေစေလိုနေခြင်းကြောင့် သူ့အား ကယ်တင်ရန်အတွက် ပျက်စီးခြင်းမျိုးနွယ်ကို အားကိုးခဲ့ရခြင်း ဖြစ်လေ၏။
ထိုကဲ့သို့ ပြောင်းပြန်အခြေအနေမျိုးက ကို့ရို့ကားယား နိုင်လှချေသည်။
...............
" လမ်းပြလူငယ်... ဒီနေ့ မင်း ရောက်လာပြီဆိုမှတော့ နေရစ်ခဲ့လိုက်တော့။ လွန်ခဲ့တဲ့ဆယ်နှစ်က တိုက်ပွဲမှာ မင်းက ရှေးဦးနတ်သားရဲတစ်ကောင်ဖြစ်တဲ့ တမလွန်လောက ပျက်စီးခြင်းနတ်ဘုရားရဲ့ နတ်ခြင်္သေ့ကို အားကိုးအားထားပြုခဲ့တယ်။ နတ်ခြင်္သေ့က တကယ်ကို သန်မာပေမဲ့ ငါတို့ရဲ့ဘိုးဘေးကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။ ဒီနေ့အထိ အသက်ရှင်နိုင်သေးတာက မဆိုးဘူးဆိုပေမဲ့ နတ်ခြင်္သေ့ မရှိတော့ဘူးဆိုရင် မင်းမှာ လုံကွေ့အိုကြီးတစ်ကောင်ပဲ ရှိတော့တယ်။ မင်းက လက်သည်းမရှိတဲ့ ကျားတစ်ကောင်လို ဖြစ်နေမှတော့ ဘာများကြောက်စရာရှိမှာလဲ "
" သူ့မှာ လုံကွေ့ မရှိဘူး "
ရှန်းထူနန်ထျန်းက ကြားဖြတ်ကာ ပြောလာသည်..." ကျုပ်က ဆယ်ရက်အချိန်ကို တမင်ရည်ရွယ်ပြီး သတ်မှတ်ပေးခဲ့တာပဲ။ ဒါမှပဲ ဒီကောင်က နတ်အရိုင်းမြေထဲကနေ ဒီနေရာကို အရောက်လာနိုင်မှာ။ လုံကွေ့အိုကြီးက သန်မာပေမဲ့ အမြန်နှုန်းကတော့ အရမ်းနှေးတယ်။ လုံကွေ့ရဲ့ အရွယ်အစားကြီးကို သာမန်တည်နေရာကူးအစီအရင်တွေက ဘယ်လိုလုပ်ပြီး ပို့ပေးနိုင်မှာလဲ။ ဒါကြောင့် လုံကွေ့အိုကြီးက လုံးဝကို လိုက်မလာဘူး "
ရှန်းထူနန်ထျန်း လှောင်ရယ်လိုက်သည်။ နတ်အရိုင်းမြေမှတစ်ဆင့် ချူစီရင်စုမြို့သို့ ဆယ်ရက်အတွင်း အရောက်လာသည်မှာ အတော်ပင်မြန်ဆန်သည်။
" အဲ့ဒါအမှန်ပဲ... ဒီကောင့်မှာ လုံကွေ့ စိတ်ဝိညာဥ်စစ် မရှိဘူး "
အကြီးအကဲစုက ဆိုလိုက်လေပြီး ကျောဘက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက လက်တစ်ထောင်ဗုဒ္ဓ ဖြစ်လေ၏။ ဗုဒ္ဓ၏ရှေ့မှောက်တွင် လောင်ကျွမ်းနေသည့် ကြေးဆီမီးခွက်တစ်ခု ရှိလေသည်။ ယင်းက အကြီးအကဲစု၏ ရှုထောင့်ပုံရိပ် ဖြစ်လေသည်။
" လက်တစ်ထောင်ဗုဒ္ဓပုံစံ ရှုထောင့်ပုံရိပ်တစ်ခုလား "
တိုင်အာနတ်ပြည်ထောင်မှ လူများအဖို့ ဤကဲ့သို့ ရှုထောင့်ပုံရိပ်မျိုးကို မြင်ဖူးခြင်းမရှိပေ။ ရှုထောင့်ပုံရိပ်က ပေပေါင်းရာချီကာ မြင့်မားလေသည်။ ရှုထောင့်ပုံရိပ် ပေါ်ထွက်လာချိန်တွင် ကောင်းကင်အား ထိုးဖောက်သွားခဲ့ပြီး အကြီးအကဲစု၏ ကျောဘက်တွင် တောင်တစ်လုံးတမျှ မြင့်မားလှသော ဗုဒ္ဓတစ်ပါး ရပ်နေသည့်ပမာ ဖြစ်နေလေသည်။
မြင်ကွင်းက တုန်လှုပ်ဖွယ်ကောင်းလှသည်။ သည်မတိုင်မီက သူတို့ မြင်ဖူးကြသည့် ရှုထောင့်ပုံရိပ်များက များစွာသေးငယ်သည်ဖြစ်ပြီး ပညာရှိများ၏ ရှုထောင့်ပုံရိပ်များပင် သေးငယ်ကြလေသည်။
ရှန်းထူမိသားစုမှ အကြီးအကဲများအားလုံးနှင့် ဧည့်သည်တော်များ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့အားလုံးက ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လေသည်။ ပုံမှန်ဆိုလျှင် သူတို့၏ ထူးခြားသော အဆင့်အတန်းများကြောင့် တစ်စုံတစ်ဦးကို အုပ်စုဖွဲ့ကာ တိုက်ခိုက်သည်မှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်သာ ဖြစ်လေ၏။
သို့သော် ယနေ့တွင်မူ ရှန်းထူမိသားစုမှ အကြီးအကဲများ ၊ အကြီးအကဲစုနှင့် အကြီးအကဲမော့တို့ အပါအဝင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ၁၂ ဦး တို့က လမ်းပြလူငယ်ကို ထောင့်ပေါင်းစုံမှ ဝိုင်းထားကြလေ၏။
လမ်းပြလူငယ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့အဖို့ အားကုန်ထုတ်သုံးပြီး နည်းလမ်းပေါင်းစုံ အသုံးပြုရန် လိုအပ်လေသည်။ သူတို့သာ လမ်းပြလူငယ်ကို သတ်နိုင်ခဲ့လျှင် မဟာအောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ရှန်းထူမိသားစုက သူတို့အား တန်းဖိုးဖြတ်မရသော ပစ္စည်းများ ချပေလိမ့်မည်။
လမ်းပြလူငယ်ကို သူတို့က ဝိုင်းထားသည်ဖြစ်ပြီး အောက်ဘက်တွင်လည်း ရှန်းထူမိသားစုက ဂရုတစိုက်ပြင်ဆင်ထားသည့် မိုးမြေဧကရာဇ်အစီရင် ရှိနေလေသည်။
" လမ်းပြလူငယ်... မင်းတို့ရဲ့ ပျက်စီးခြင်းမျိုးနွယ်က အခြေခံအရဆိုရင် သားရဲသခင်တွေနဲ့ ဘာမှမကွာခြားဘူး။ မင်းရဲ့လက်အောက်မှာ ရှေးဦးနတ်သားရဲတွေ ရှိမနေဘူးဆိုရင် မင်း ထွက်ပြေးနိုင်မယ်လို့ ငါ မယုံဘူး " အကြီးအကဲမော့က လမ်းပြလူငယ်ကို ရွှေရောင်ဓားနှင့်ချိန်ကာ ပြောလိုက်သည်။
လမ်းပြလူငယ်က အကြီးအကဲမော့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဆိုသည်... " ခင်ဗျားရဲ့ ရှုထောင့်ပုံရိပ်က ခန္ဓာကိုယ်ထဲကို မဝင်နိုင်သေးဘူး။ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က အတော်နိမ့်တာပဲ "
" အရူးကောင် "
လမ်းပြလူငယ်က အထင်သေးသည်ကို ခံလိုက်ရသည့် အကြီးအကဲမော့၏ မျက်ဝန်းတွင် အေးစက်မှုများ တောက်ပသွားပြီး..." လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းဟာ ငါတို့ဘိုးဘေးရဲ့ မရဏကောင်းကင်ပြောင်းလဲခြင်း ရိုက်ချက် ထိမှန်သွားခဲ့တယ်။ အခုချိန်အထိ မင်း ဒဏ်ရာရနေသေးတာကိုတောင် ကြောင်းကျိုးမစဥ်းစားဘဲ ပြောဝံ့နေသေးတယ်။ မင်းကို အဲ့ဒီယုံကြည်ချက်တွေ ဘယ်သူက ပေးခဲ့သလဲဆိုတာကို ငါ သိချင်မိတယ် "
လွန်ခဲ့သည့်ဆယ်နှစ်ခန့်က လမ်းပြလူငယ်သည် နတ်ခြင်္သေ့ကို အသုံးပြုပြီး ရှန်းထူမိသားစု ဘိုးဘေးကို ရင်ဆိုင်ခဲ့သည်။
သားရဲသခင်တစ်ဦးအနေဖြင့် တမလွန်လောက ပျက်စီးခြင်းနတ်ဘုရား၏ စွမ်းအားများကို ငှားရမ်းအသုံးပြုထားသည့် နတ်ခြင်္သေ့က လမ်းပြလူငယ်၏ အကြီးမားဆုံးစွမ်းအား ဖြစ်လေသည်။ သို့သော် နတ်ခြင်္သေ့သည် ရှန်းထူဘိုးဘေး၏လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေ၏။
တစ်ချိန်တည်းမှာပင် ရှန်းထူဘိုးဘေး၏ မရဏကောင်းကင်ပြောင်းလဲခြင်း တိုက်ကွက်က လမ်းပြလူငယ်ကို ထိမှန်သွားခဲ့သည်။
ရှန်းထူဘိုးဘေး၏ စွမ်းအားကို ဖြုံလောက်စရာဟုသာ ဖော်ညွှန်းရချေမည်။ သို့သော် သူသည် တိုက်ပွဲထဲတွင် ဒဏ်ရာရရှိခဲ့ပြီး ထိုစဥ်ကတည်းကပင် တံခါးပိတ်ကာ ကုသနေခဲ့သည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန့်က လမ်းပြလူငယ်၏ ဒဏ်ရာများက ရှန်းထူဘိုးဘေးထက် ပိုမိုပြင်းထန်ကြောင်းကို အကြီးအကဲမော့က အတပ်သိသည်။ ထို့ကြောင့်ပင် လမ်းပြလူငယ် ဆုတ်ခွာသွားရခြင်း ဖြစ်လေ၏။ မရဏကောင်းကင်ပြောင်းလဲခြင်းကမူ လူတစ်ဦး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပါက ပျောက်ကွယ်ရန်မဖြစ်နိုင်တော့ပေ။
ယခုတွင် ရှန်းထူဘိုးဘေးက စွမ်းအား ၆၀% ခန့်သာ ပြန်ကောင်းသေးသည်ဖြစ်ရာ လမ်းပြလူငယ်အဖို့ အဘယ်သို့များ ပျောက်ကင်းနိုင်ပါဦးမည်နည်း။
လမ်းပြလူငယ်က ငြိမ်သက်နေမြဲသာဖြစ်ပြီး အကြီးအကဲမော့ကို အသိအမှတ်ပြုခြင်း မရှိပေ။
ရုတ်ခြည်းမှာပင် သူ အသာငဲ့စောင်းကာ လေထုတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ လမ်းပြလူငယ်က ဝါးပုလွေကိုင်ထားလျက်ဖြင့် လက်ကိုအသာယမ်းကာ..." ထွက်လာခဲ့... မင်း အမှောင်ထဲမှာ ပုန်းနေတာကို ငါသိတယ် "
လေထုပါးပါးက ငြိမ်သက်နေမြဲသာဖြစ်ပြီး မည်သူတစ်ဦးမျှ တုန့်ပြန်မလာပေ။
လမ်းပြလူငယ်က ဝါးပုလွေကို ရင်ဘက်တွင်ကပ်ကာ ဆိုလိုက်လေသည်..." မင်း ထွက်လာဖို့အတွက် ငါ ဖိတ်ခေါ်ပေးတာကို လိုချင်တာလား "
ထိုစဥ် စူးရှသော ရယ်သံတစ်ခု ထွက်ပေါ်လာလေရာ ဘေးပတ်လည်မှလူများမှာ ဦးရေပြားများ ကြိမ်းသွားရလေ၏။
" ငါက ရှန်းထူမိသားစုနဲ့အတူ တိုင်အာနတ်ပြည်ထောင်ကို လိုက်လာခဲ့ရုံတင်ပါပဲ။ ငါက ဘာကိုမှ လုပ်ဖို့စိတ်ကူးမရှိဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင် ရောက်လာတယ်ဆိုမှတော့ ငါက ဘယ်လိုလုပ်ပြီး လွဲချော်ခံနိုင်မှာလဲ "
အက်ကွဲသော အသံကြောင့် လူအများ ဖိန့်ဖိန့်တုန်သွားရသည်။ တိုင်အာနတ်ပြည်ထောင်မှ လူအများ အလွန်ထိတ်လန့်သွားရကာ စကားမဆိုကြတော့ပေ။ ရှေ့တွင် ကျွမ်းကျင်သူ ၁၂ ဦး ရှိနေသည်ဖြစ်ပြီး အထူးသဖြင့် အကြီးအကဲစုနှင့် အကြီးအကဲမော့တို့က ထူးထူးခြားခြား အားကောင်းကြလေသည်။ ရှန်းထူနန်ထျန်းသည်ပင် သူတို့အား တလေးတစား ဆက်ဆံပေးရသည်။
သို့သော် ယခုတွင်မူ အမှောင်ထဲ၌ ပုန်းအောင်းနေသည့် လူတစ်ဦး အမှန်တကယ်ပင် ရှိနေသည်တဲ့လား။ အားလုံးထဲတွင် ထိုသူက အသန်မာဆုံး ဖြစ်ဟန်ရလေသည်။