မိုးနဲ့မြေ ဆက်နွယ်မှု
Vol. 25 Ch. 363
လေထဲတွင် ဝဲကတော့တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ ဟင်းလင်းပြင် အက်ကွဲသွားကာ လေဟာနယ်ထဲမှ ခေါင်းလောင်းနက်တစ်လုံး ပျံသန်းထွက်ပေါ်လာသည်။
ဒေါင်...။
ကျယ်လောင်သော ခေါင်းလောင်သံတစ်ခု ထွက်ပေါ်လာကာ နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေပြီး ချူစီရင်စုမြို့တစ်ခုလုံးကို တုန်ခါသွားစေသည်။
ခေါင်းလောင်း ပေါ်လာခြင်းနှင့်အတူ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခါးကုန်းအဖိုးအိုတစ်ဦး မြူခိုးနက်များထဲမှ ပေါ်ထွက်လာသည်။ ထိုအဖိုးအိုထံမှ ထူထဲလှသော သေခြင်းအရှိန်အဝါတစ်ခု ထွက်ပေါ်နေလေ၏။
" ကျုပ် ခန့်မှန်းထားသလိုပဲ ခင်ဗျား ဖြစ်နေတာကိုး... တစ်သောင်းဧကရာဇ်ဘုရင် "
လမ်းပြလူငယ်က ရုတ်တရက်ပေါ်လာသည့် အနက်ရောင်ဝတ်ရုံနှင့်လူကို အမူအရာမပြောင်းဘဲ ကြည့်လိုက်လေသည်။
သို့သော် ချူစီရင်စုမြို့ထဲမှ စစ်သည်များမှာမူ တစ်သောင်းဧကရာဇ်ဘုရင်ဟူသည့် ဘွဲ့အမည်ကို ကြားလိုက်ရချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။
တစ်သောင်းဧကရာဇ်ဘုရင်... ။
တစ်သောင်းဆိုသည်မှာ ဘွဲ့အမည်ဖြစ်ပြီး ဧကရာဇ်ဘုရင်ကမူ ထိုသူ၏ နယ်ပယ်အဆင့် ဖြစ်လေသည်။
စင်စစ်တွင်မူ ပညာရှိနယ်ပယ်၏အထက်မှ နယ်ပယ်အမည်များကို တိုင်အာနတ်ပြည်ထောင်မှ လူတော်တော်များများ မသိကြပေ။ ဧကရာဇ်ဘုရင်ဆိုသည်မှာ မဟာဧကရာဇ်နယ်ပယ်ဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။ ထိုသူက မဟာဧကရာဇ်များထဲတွင် မည်မျှသန်မာကြောင်းကမူ မသိရပေ။ သူတို့အတွက် မဟာဧကရာဇ်က ထူးခြားဆန်းကြယ်လွန်းနေသည်။
" မင်း ငါ့ကို မှတ်မိနေသေးတာ ကောင်းတယ်... ဟဲဟဲ " ဝတ်ရုံနက်နှင့်လူက အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။ သူ ဦးခေါင်းကို ဖုံးအုပ်ထားသည့် ဝတ်ရုံကို ဖြည်းညင်းစွာ ပင့်မြောက်လိုက်လေ၏။ လူအများမှာ ထိုသူ၏မျက်နှာကိုမြင်ကာ အန်ထွက်လုနီးပါး ဖြစ်သွားရလေ၏။
ဝတ်ရုံနက်နှင့်လူ၏ မျက်နှာတွင် အရေးအကြောင်းများနှင့် အမာရွတ်များ ပြည့်နှက်နေ၏။ သူ၏ဆံပင် အများစုက ကျွတ်နေလျက်ရှိပြီး အမွေးကျဲကျဲသာ ကျန်ရှိသည်။ သူ၏ လည်ပင်း ၊ မျက်နှာနှင့် အရေပြားများက ဖုဖောင်းနေလျက်ရှိပြီး ပုပ်သိုးဆွေးမြေ့ကာ ပြတ်ကျတော့မည်ကဲ့သို့ ဖြစ်နေလေသည်။
သူတို့၏ရှေ့မှ လူက မြေတွင်းထဲမှ ပြန်ထွက်လာသည့်ပမာ ဖြစ်နေလေသည်။ ထိုကဲ့သို့ ပုံစံမျိုးကို လူအများအဖို့ ဒုတိယအကြိမ် ပြန်ကြည့်လိုခြင်း မရှိပေ။
" သူက ဒီလိုပုံစံမျိုးနဲ့တောင် အသက်ရှင်နိုင်နေသေးတာလား "
တိုင်အာနတ်မြို့မှ စစ်သည်များ အလွန်ထိတ်လန့်နေသည်။ တစ်လခန့်အကြာ ပုပ်ပွနေပြီးသော အဖိုးအိုတစ်ဦး၏ ရုပ်အလောင်းသည်ပင် ဤသူထက် ကြည့်ရပိုကောင်းလောက်ချေသည်။
" ကျုပ် မှတ်မိတာပေါ့။ ခင်ဗျား ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးလဲဆိုတာကိုပဲ ကျုပ်က သိချင်နေတာ။ ခင်ဗျားက တစ္ဆေတစ်သောင်းတာအိုကို လမ်းလွဲသွားတဲ့အထိ ကျင့်ကြံခဲ့တယ်လေ။ အခုတော့ ခင်ဗျားက လူမဟုတ် တစ္ဆေမဟုတ်တဲ့ အခြေအနေကို ရောက်နေပြီ။ ဒီလိုပုံစံနဲ့ ဆက်ပြီးရှင်သန်ဖို့က သတ္တိတွေ အများကြီးလိုအပ်တယ် "
လမ်းပြလူငယ်က တည်ငြိမ်စွာဖြင့်ပင် သရော်ကာ ကြမ်းတမ်းသော စကားလုံးများ ပြောခဲ့လေသည်။ သို့သော် သူ၏ စကားပြောပုံက လှောင်ရယ်ခြင်းနှင့် တူမနေဘဲ အခြေအနေတစ်ခုကို သုံးသပ်ပြသည်နှင့် ပိုတူနေသည်။
လူအများ ထိတ်လန့်သွားကြလေ၏။ အစီရင်ထဲသို့ ရောက်ရှိနေပြီး ကျွမ်းကျင်သူများစွာ ဝိုင်းထားကြသည့် အခြေနေမျိုးတွင်ပင် လမ်းပြလူငယ်က ရန်သူကို တည်ငြိမ်စွာ ခွန်းတုန့်ပြန်နိုင်နေဆဲပင်။
တစ်သောင်းဧကရာဇ်ဘုရင် မျက်နှာပျက်သွားကာ... " ကောင်းတယ် ၊ ကောင်းတယ်... ဒီနေ့ မင်းက ဘာတွေထူးချွန်နေလို့ အရမ်းမောက်မာပြနေလဲဆိုတာကို ငါ ကြည့်ချင်တယ် "
" တိုက်ကြ "
တစ်သောင်းဧကရာဇ်ဘုရင်က ဦးစွာတိုက်ခိုက်သည်။ ထူးဆန်းစွာ အော်လိုက်လေရာ သူ၏ကျောဘက်၌ သွေးနီရောင် အရိုးစုကြီးတစ်ခု ပေါ်ထွက်လာသည်။ သွေးနီရောင် အရိုးစုက ပေတစ်ထောင်ခန့် မြင့်မားလေ၏။
ဝီ...။
သွေးနီရောင် အရိုးစုက လေထဲတွင် အရည်ပျော်သွားကာ သွေးရောင်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်သောင်းဧကရာဇ်ဘုရင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားလေသည်။
ထို့နောက်တွင် တစ်သောင်းဧကရာဇ်ဘုရင်၏ ပုပ်ပွနေသော ခန္ဓာကိုယ်သည် သွေးနီရောင် ဖြစ်သွားလေ၏။ လက်ရှိန်အချိန်၌ သူက ငရဲမှတက်လာသော သွေးရောင် ရှုရာတစ်ကောင်ပမာ ဖြစ်နေလေသည်။
" ရှုထောင့်ပုံရိပ်က သူ့ရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားတယ် "
ငါးကီလိုမီတာအကွာမှ ချူဘုရင် အံ့အားသင့်သွား၏။ ရှုထောင့်ပုံရိပ်ကို ခန္ဓာကိုယ်ထဲ ပေါင်းစည်းသည်မှာ မည်သည့်နယ်ပယ်ဖြစ်ကြောင်း သူ မသိသော်လည်း " ခင်ဗျားရဲ့ ရှုထောင့်ပုံရိပ်က ခန္ဓာကိုယ်ထဲကို မဝင်နိုင်သေးဘူး။ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က အတော်နိမ့်တာပဲ " ဟု လမ်းပြလူငယ်က ပြောခဲ့ဖူးသည်ကို သူ မှတ်မိနေသေးသည်။
ရှုထောင့်ပုံရိပ်ကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းခြင်းသည် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ၏ ပန်းတိုင်ဖြစ်သည်မှာ ရှင်းလင်းလှလေသည်။
တစ်သောင်းဧကရာဇ်ဘုရင်က လက်ဝါးနှင့် ရိုက်ချလိုက်သည်။ လက်ဝါးသည် သွေးလှိုင်းတစ်ခု ဖြစ်ပေါ်သွားစေ၏။ သွေးလှိုင်းလုံးထဲတွင် အရိုးဖြူများကို ဝိုးတဝါးမြင်နေရပြီး တစ္ဆေအော်သံများလည်း ကြားနေရသည်။
လမ်းပြလူငယ်က ခြေတစ်လှမ်းပင်မဆုတ်ဘဲ အစိမ်းရောင်ဝတ်ရုံစကို အသာယမ်းကာ သွေးလှိုင်းလုံးကို လက်ဝါးတစ်ဖက်နှင့် ဖိချလိုက်သည်။
ဘုန်း...။
သွေးလှိုင်းလုံးသည် ကောင်းကင်ထက်တွင် သွေးစက်များအဖြစ် ပျောက်ကွယ်သွားလေ၏။ လမ်းပြလူငယ်က လုံးဝပင် ဆုတ်ခွာခြင်းမရှိပေ။ သူက တစ်သောင်းဧကရာဇ်ဘုရင်ကို စူးစိုက်ကြည့်ကာ... " ခင်ဗျားက တမလွန်လောကကို ခြေလှမ်းဝက် ရောက်ပြီးနေပြီပဲ။ ခင်ဗျားက နောက်ဆုံးအဆင့်ကို လုပ်ဆောင်ဖို့အတွက် သတ္တိမရှိမှတော့ ကျုပ်ကပဲ ခင်ဗျားကို ခင်ဗျားရဲ့လမ်းကြောင်းပေါ် ပို့ပေးမယ် "
တစ်သောင်းဧကရာဇ်ဘုရင်က ခက်ထန်စွာကြည့်ကာ အော်လိုက်သည်... " မင်းတို့တွေ ဘာကိုစောင့်နေကြတာလဲ။ အစီရင်ကို အသက်သွင်းပြီး အတူပူးပေါင်းပြီး ဒီကောင့်ကို သတ်ကြ "
" ဟုတ်တယ်... တိုက်ကြ။ ငါတို့က လူများတဲ့အပြင် ဒီကောင်က ဒဏ်ရာရှိနေသေးတယ်။ ဒီကောင် ငါတို့ကို သေချာပေါက် မယှဥ်နိုင်ဘူး "
" ဒီကောင် အမိန့်ပေးလို့ရတဲ့ ရှေးဦးနတ်သားရဲတစ်ကောင် ရှိမနေရင် ကြောက်စရာမရှိဘူး "
ကျွမ်းကျင်သူများ အတူပူးပေါင်းကာ တိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏အောက်မှ မိုးမြေဧကရာဇ်အစီရင်တွင် အပြာရောင်အလင်းများ တောက်ပလာသည်။ မြင်နိုင်သော စွမ်းအင်အရံအတားတစ်ခုက သူတို့အား လွှမ်းခြုံသွားလေ၏။
မိုးမြေဧကရာဇ်အစီရင်က ပျက်စီးခြင်းမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်ရန် အစီရင်တစ်ခု ဖြစ်သည်။ အစီရင်ကို အသက်သွင်းလိုက်လျှင် ငါးကီလိုမီတာပတ်လည် နယ်မြေတစ်ခုကို ပိတ်ဆို့သွားမည် ဖြစ်လေ၏။ ထိုနယ်မြေထဲတွင် ပျက်စီးခြင်းစွမ်းအင်များကို ကြီးစွာအားနည်းသွားပေမည်။
ပျက်စီးခြင်းစွမ်းအင်ဆိုသည်မှာ ပျက်စီးခြင်းမျိုးနွယ်၏ စွမ်းအင်အရင်းအမြစ် ဖြစ်လေ၏။ ယခုအခါ၌ လမ်းပြလူငယ် စွမ်းအားသုံးချိန်တိုင်း မိုးမြေဧကရာဇ်အစီရင်၏ တန်ပြန်စွမ်းအင်များကို ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
အစီအရင်ကို ခုခံရခြင်းနှင့် လူပေါင်းများစွာ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရခြင်းတို့က လမ်းပြလူငယ်အတွက် အတော်ပင် အရေးမသာလှပေ။
ကျွမ်းကျင်သူများစွာ အတူတိုက်ခိုက်ကြလေ၏။ ရုတ်ခြည်းမှာပင် အမှောင်ကောင်းကင်ယံ၌ ရှုထောင့်ပုံရိပ်အလင်းများ တောက်ပသွားသည်။ မိုးမြေဧကရာဇ်အစီရင်ထဲတွင် လူသားများ၏ စွမ်းအားများက လျော့နည်းသွားခြင်းမရှိဘဲ တိုးမြင့်လာလေ၏။
" ငါတို့ဆယ်ယောက် အတူပူးပေါင်းရင် မင်း သေချာပေါက်ကို အမှုန့်ဖြစ်တယ် "
သို့သော် လမ်းပြလူငယ်၏ အမူအရာက ဝမ်းနည်းခြင်းမရှိသလို ဝမ်းသာခြင်းလည်း မရှိပေ။ လရောင်အောက်တွင် သူက နတ်ဘုံမှ ဆင်းသက်လာသော နတ်တစ်ပါးပမာ ဖြစ်နေသည်။
သူ တိုက်ခိုက်လာသည်။ သူ တိုက်ခိုက်သည်ကို မည်သူကမျှ မမြင်ခဲ့ရပေ။ သူတို့ မြင်လိုက်ရသည်မှာ ကြယ်စင်ကောင်းကင်ထံမှ ပေပေါင်းသိန်းချီသော ရေတံခွန်ပမာ အစိမ်းရောင်အလင်းတစ်ခု ကျဆင်းလာသည်ကိုသာ မြင်ကြရသည်။
အား...။
ရှန်းထူမိသားစုမှ ကျွမ်းကျင်သူတစ်ဦး အော်လိုက်ရ၏။ သူ့အား တောင်တစ်လုံးက မြန်နှုန်းမြင့်မားစွာဖြင့် ဝင်တိုက်သည့်အလားပင်။ ထိုကျွမ်းကျင်သူ နောက်သို့လွင့်သွားရပြီး ရင်ညွန့်ရိုးနှင့် နံရိုးနှစ်ဘက်လုံး ကျိုးကြေသွားလေ၏။ သူ၏ရင်ဘက် ချိုင့်ဝင်နေကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားရ၏။ သူ ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။
ဘယ်လို...။
လမ်းပြလူငယ်က ကျွမ်းကျင်သူဆယ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင်အောင် တန်ပြန်တိုက်ခိုက်နိုင်နေသေးသည်။ တစ်ချိန်တည်းမှာပင် သူက လူတစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လေ၏။ ထို့အပြင် မိုးမြေဧကရာဇ်အစီရင်ထဲတွင် သူ၏စွမ်းအားများ ကြီးစွာလျော့နည်းနေသည် ဖြစ်လေ၏။
" အကြီးအကဲစွန်း "
ရှန်းထူမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက ထိုအဖိုးကြီးကို ကယ်တင်ရန် ပြန်လှည့်သွားလေသည်။ သို့သော် ပိုးချည်ပမာ အစိမ်းရောင်အလင်းတစ်ခုက သူ့အား ထိုးဖောက်သွားလေ၏။
ကောင်းကင်ထက်တွင် သွေးများဖြာဆင်းသွားကာ ထိုကျွမ်းကျင်သူ၏ဦးခေါင်း လွင့်သွားလေ၏။
ယနေ့တိုက်ပွဲက လွယ်ကူမည်မဟုတ်သည်ကို လမ်းပြလူငယ်က သိသည်။ ထို့ကြောင့် သူ၏ပန်းတိုင်က ရန်သူများကို ဒဏ်ရာရစေခြင်း မဟုတ်လေဘဲ သတ်ဖြတ်ခြင်းသာ ဖြစ်လေ၏။
လူအများသည် ကောင်းကင်ထက်၌ လွင့်ပျံနေသည့် ဦးခေါင်းအားကြည့်ကာ မှင်တက်မိနေကြလေ၏။
တိုင်အာနတ်မြို့မှ စစ်သည်များအတွက်မူ ဤတိုက်ပွဲက သူတို့၏ သိမြင်နိုင်စွမ်းများထက် ကျော်လွန်နေချေ၏။
ရှန်းထူမိသားစုမှ လူများကမူ ထိတ်လန့်ချောက်ချားနေကြ၏။ ရှန်းထူနန်ထျန်း အဝေးသို့ ဆုတ်ခွာသွားသည်မှာ ကြာခဲ့ပေပြီ။ သူက ဂျူနီယာတစ်ဦးသာဖြစ်၍ ထိုတိုက်ပွဲတွင် ပါဝင်ရန် အဆင့်မမီပေ။
လမ်းပြလူငယ်ကြောင့် အကြီးအကဲစွန်း အသတ်ခံလိုက်ရသည်ကို သူ ကူရာမဲ့စွာဖြင့် ကြည့်နေရလေ၏။ လမ်းပြလူငယ်က မည်သို့တိုက်ခိုက်သွားကြောင်းကိုပင် သူ မပြောနိုင်ချေ။
" ဘယ်လိုဖြစ်တာလဲ " ရှန်းထူနန်ထျန်း မျက်မှောင်ကုတ်လိုက်၏။ သူက မိုးမြေဧကရာဇ်အစီရင်ကို ချထားလေသည်။ အဘယ်သို့ဖြစ်၍ လမ်းပြလူငယ်အား သက်ရောက်ခြင်းမရှိသကဲ့သို့ ဖြစ်နေရလေသနည်း။
" မလန့်ကြနဲ့... ငါတို့တွေ အတူပူးပေါင်းမယ်ဆိုရင် ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကောင်က အစီရင်ရဲ့ ထိန်းချုပ်မှုကို ရုန်းထွက်ဖို့အတွက် အကြမ်းထည်စွမ်းအားကို သုံးနေတာပဲ ဖြစ်ရမယ်။ ဒါက ဒီကောင့်အတွက် အရမ်းကို ဝန်ပိုစေတယ် "
ရှန်းထူမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက ဆိုလိုက်သည်။ လမ်းပြလူငယ်တွင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့်စွမ်းအား ရှိနေလိမ့်မည်ဟု သူ မယုံကြည်ပေ။
သူတို့သာ အတူပူးပေါင်းပြီး တစ်ဆင့်ချင်းလုပ်ဆောင်ပါက မကြာမီတွင် လမ်းပြလူငယ် စွမ်းအင်ကုန်ခမ်းသွားပေလိမ့်မည်။
သို့သော် ထိုကျွမ်းကျင်သူ စကားပြောနေချိန်မှာပင် သူ၏ရှေ့၌ ပုံရိပ်တစ်ခု တစ္ဆေတစ်ကောင်ပမာ ပေါ်လာသည်ကို မြင်လိုက်ရလေ၏။
လမ်းပြလူငယ်က ထိုအဖိုးကြီး၏ရှေ့တွင် အမူအရာကင်းမဲ့စွာ ထွက်ပေါ်လာပြီး လက်ဝါးတစ်ချက် ရိုက်ချသည်။
ထိုအကြီးအကဲ ထိတ်လန့်သွားရ၏။ သူ စကားပြောနေချိန်တွင် သတိကြီးစွာ ရှိနေခဲ့သည်။ သူ မည်သည့် ဟင်းလင်းပြင်လှုပ်ခတ်မှုကိုမျှ မခံစားမိသော်လည်း လမ်းပြလူငယ်က သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ချေသည်။
ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းမျိုးနွယ်ဝင် လမ်းပြလူငယ်နှင့် ရင်ဆိုင်ချိန်တွင် ထိုအကြီးအကဲမှာ သေခြင်းဆိုက်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ ထိုဖိအားကို စကားများနှင့် ဖော်ပြ၍မရပေ။
ထိုအကြီးအကဲမှာ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ သူ လမ်းပြလူငယ်၏ လက်ဝါးရိုက်ချက်ကို လျစ်လျူရှုထားလိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ယွမ်ချီများ လည်ပတ်စေပြီး လမ်းပြလူငယ်၏ရင်ဘက်အား ဓားမောက်နှင့်ခုတ်သည်။
သို့သော် လမ်းပြလူငယ်က အမူအရာကင်းမဲ့နေမြဲဖြစ်ပြီး သူ၏လက်ဝါးချက်က ဆက်လက်၍ ကျဆင်းနေသည်။
လမ်းပြလူငယ်က နတ်အရိုင်းမြေထဲတွင် တစ်ဘဝလုံး နေထိုင်ခဲ့ပြီး ယခုအခါ၌ လောကကြီး၏ထိပ်၌ ရပ်တည်နေသည်။ သူ၏အသက်ကို ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦးအတွက်ဖြင့် အဘယ်သို့များ အန္တရာယ်အဖြစ်ခံပါမည်နည်း။
ဘုန်း...။
လက်ဝါးက အကြီးအကဲ၏ရင်ဘက်အား ထိမှန်သွားချိန်တွင် အကြီးအကဲ၏ခန္ဓာကိုယ် ရုတ်တရက်ပင် ကျုံ့ဝင်သွားလေ၏။ သူ၏ရင်ညွန့်ရိုး ၊ နှလုံးနှင့် အဆုတ်များ ပေါက်ကွဲသွားသည်။ သူ သွေးအပိုင်းအစများ ဖြစ်သွားရလေ၏။
သို့သော် ထိုအကြီးအကဲ၏ဓားမောက်က ခုတ်မိသွားချိန်တွင် လမ်းပြလူငယ် ရုတ်တရက်ပင် ပျောက်ကွယ်သွားခဲ့လေ၏။
သူသည် ပေပေါင်းရာချီခန့်အထိ ပြိုင်စံရှားသော အသရေများနှင့် ဆုတ်ခွာသွားလေ၏။ သူ၏အစိမ်းရောင်အဝတ်များက တဖျပ်ဖျပ်လှုပ်ခါနေလျက်ရှိပြီး သွေးတစ်စက်ပင် ညစ်ပေခြင်းမရှိဘဲ သန့်ရှင်းနေသည်။ သူ၏လက်များသည်ပင် တိုက်ခိုက်ခြင်းမရှိခဲ့သည့်ပမာ သန့်ရှင်းနေသည်။ သူ၏လက်များက လက်ဝါးရိုက်ချက် မထုတ်ဖော်ဖူးသည့်ပမာပင် ကျောက်စိမ်းကဲ့သို့ တောက်ပနေ၏။
ဒုတိယမြောက် ကျွမ်းကျင်သူတစ်ဦး သေခဲ့ရချေပြီ။
ကီလိုမီတာ အနည်းငယ်ခန့်အကွာမှ ရှန်းထူနန်ထျန်း၏မျက်နှာ ဖြူလျော်နေသည်။ အဘယ်သို့ ဖြစ်ရလေသနည်း။ လွန်ခဲ့သည့်ဆယ်နှစ် လမ်းပြလူငယ်၏ အထွတ်အထိပ်ကာလတွင် နတ်ခြင်္သေ့၏ တိုက်ပွဲစွမ်းအားရှိနေချိန်တွင်ပင် ထိုမျှလောက်အထိ အားကောင်းခြင်းမရှိပေ။
လွန်ခဲ့သည့်ဆယ်နှစ်က လမ်းပြလူငယ်နှင့် ရှန်းထူဘိုးဘေးတို့ တိုက်ခိုက်ခဲ့သည်ဟု ဆိုသော်ငြားလည်း အမှန်တကယ် တိုက်ခိုက်ခဲ့သည်မှာ နတ်ခြင်္သေ့သာ ဖြစ်လေသည်။ လမ်းပြလူငယ်က အကူနေရာ၌သာ ပါဝင်ခဲ့သည်။ ထိုစဥ်က လမ်းပြလူငယ်သည် ရှန်းထူဘိုးဘေးကို သေချာပေါက်ပင် ယှဥ်နိုင်ခြင်းမရှိပေ။
နတ်ခြင်္သေ့ကမူ တမလွန်လောက ပျက်စီးခြင်းနတ်ဘုရား ပိုင်ဆိုင်သော နတ်သားရဲတစ်ကောင် ဖြစ်လေသည်။ ၎င်းက လမ်းပြလူငယ်နှင့် သက်ဆိုင်ခြင်းမရှိလေဘဲ ငှားရမ်းထားခြင်းမျှသာ ဖြစ်လေ၏။
ထို့ကြောင့် လမ်းပြလူငယ်၏စွမ်းအားက မဟာဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်၌သာ ရှိနေလိမ့်မည်ဟု ရှန်းထူနန်ထျန်းက ခန့်မှန်းထားခဲ့သည်။ ရှန်းထူနန်ထျန်းက အမှောင်ထဲတွင် ပုန်အောင်းနေသည့် တစ်သောင်းဧကရာဇ်ဘုရင်က ထိုနယ်ပယ်ထက် ကျော်လွန်နေသည်ဖြစ်၍ ရှန်းထူနန်ထျန်းက ထိုကဲ့သို့ စွမ်းအားများကို ကြောက်ရွံ့ခြင်းမရှိပေ။ မဟာအစီရင်၏ အထောက်အပံ့နှင့်သာဆိုပါက မှားနိုင်မည်မဟုတ်တော့ပေ။
သို့သော် အခြေအနေအပြောင်းအလဲက သူ ထင်ထားသည်နှင့် လုံးဝမတူပေ။
လမ်းပြလူငယ်က မယုံနိုင်လောက်အောင်ပင် အလွန်သန်မာနေသည်။ သာမန်အတွေးအမြင်အရဆိုလျှင် လမ်းပြလူငယ်က ယခင်ကျင့်ကြံမှုအဆင့်၌သာ ရှိနေရမည်ဖြစ်ပြီး ဆယ်နှစ်တာ ကာလတိုအတွင်း၌ သူ၏စွမ်းအားများ တိုးလာနိုင်မည်မဟုတ်ပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်ထဲတွင် လမ်းပြလူငယ်က တစ်စုံတစ်ခု ဖြစ်ခဲ့လေသလော။
တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်ပင် ရှန်းထူနန်ထျန်းအဖို့ လမ်းပြလူငယ်က မိုးမြေဧကရာဇ်အစီရင်ကို အဘယ့်ကြောင့် လျစ်လျူရှုထားနိုင်ကြောင်း နားမလည်ပေ။
အစောပိုင်းက သေဆုံးသွားသည့် အကြီးအကဲ ပြောခဲ့သကဲ့သို့ပင် လမ်းပြလူငယ်က မိုးမြေဧကရာဇ်အစီရင်၏ အချုပ်အနှောင်ကို ရုန်းထွက်ရန်အတွက် အတင်းအကျပ် အားသုံးနေရခြင်း ဖြစ်လေသလော။
ထိုကိစ္စသာ အမှန်ဆိုပါက တိုက်ပွဲအား အချိန်ဆွဲထားလျှင် သူတို့ အနိုင်ရပေလိမ့်မည်။
သို့သော် ယခုအခါတွင် ရှန်းထူမိသားစုမှ ကျွမ်းကျင်သူများမှာ ယုံကြည်ချက်များ နည်းပါးလာကြ၏။ လမ်းပြလူငယ်က ကြောက်မက်ဖွယ်ကောင်းလှသည်။ လမ်းပြလူငယ်က နှစ်ကြိမ်သာ တိုက်ခိုက်ခဲ့လေပြီး အကြိမ်တိုင်းတွင် ရှန်းထူမိသားစု၏ အကြီးအကဲတစ်ဦးကို သတ်ခဲ့လေသည်။
ယင်းကိစ္စအား အခြားသူများ၏ ထိန်းချုပ်မှုနှင့် ခြိမ်းခြောက်မှုအောက်တွင် လုပ်ခဲ့ခြင်းဖြစ်သည်။ လမ်းပြလူငယ်က အခြားသူများ၏ တည်ရှိမှုများကို ဥပေက္ခာပြုထားနိုင်သည့်အလားပင်။
လမ်းပြလူငယ်နှင့် ရင်ဆိုင်ချိန်တွင် မည်သူတစ်ဦးမျှ စကားပြောရဲခြင်း မရှိတော့ပေ။
" ဒါကြောင့်လား "
လမ်းပြလူငယ်နှင့် ပေတစ်ထောင်ခန့်အကွာမှ တစ်သောင်းဧကရာဇ်ဘုရင်သည် လမ်းပြလူငယ် နှစ်ကြိမ်တိုက်ခိုက်သည်ကို မြင်ခဲ့ရသည်။ သူ၏အမူအရာ လေးနက်သွားကာ..." မင်းက မိုးနဲ့မြေ ဆက်နွယ်မှုတွေကို ဖမ်းဆုပ်မိနေပြီကိုး။ မင်း နားလည်ထားတဲ့ ဆက်နွယ်မှုက လောကရဲ့ ပျက်စီးခြင်းစွမ်းအင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတာကြောင့် မင်းက မိုးမြေဧကရာဇ်အစီရင်ကို လျစ်လျူရှုထားနိုင်တာပဲ "
မိုးမြေဧကရာဇ်အစီရင်ကလည်း ဥပဒေသအမျိုးအစားတစ်ခု ဖြစ်လေ၏။ တိကျစွာဆိုရသော် သိုင်းကမ္ဘာကြီးထဲရှိ အစီရင်အားလုံးက ဥပဒေသအမျိုးအစားတစ်ခုနှင့် သက်ဆိုင်ကြလေသည်။
စစ်သည်တစ်ဦး၏ ဥပဒေသများကို ဖမ်းဆုပ်နိုင်မှုက အစီရင်များထက် ကျော်လွန်နေလျှင် သူ့အား ထိုအစီရင်များက ထိန်းချုပ်နိုင်ခြင်းမရှိပေ။
လမ်းပြလူငယ်က ထိုကဲ့သို့အခြေအနေတွင် ရှိနေသည်။ သူ ထိန်းချုပ်နိုင်သည့် ဆက်နွယ်မှုကို မိုးမြေဧကရာဇ်အစီရင်က ယှဥ်နိုင်ခြင်းမရှိပေ။
တစ်သောင်းဧကရာဇ်ဘုရင်၏ စကားကြောင့် ရှန်းထူမိသားစုမှ အကြီးအကဲများ အသက်ရှုမှားသွားရလေ၏။
မိုးနဲ့မြေ ဆက်နွယ်မှုကို ဖမ်းဆုပ်မိတာတဲ့လား။ ဒါက ကျင့်ကြံမှုနဲ့ မသက်ဆိုင်ဘဲ လူတစ်ဦးရဲ့ ဥပဒေသအပေါ် ပေါက်မြောက်မှုနဲ့ပဲ သက်ဆိုင်တယ်။ ဒါဟာ စစ်သည်တစ်ဦးက ဥပဒေသတစ်ခုအပေါ် အောင်မြင်ဖြစ်ထွန်းမှုက အထွတ်အထိပ်အထိ ရောက်နေပြီလို့ ဆိုလိုတာပဲ။
လမ်းပြလူငယ်က မှတ်ချက်ပေးခြင်းမပြုဘဲ သိုလှောင်လက်စွပ်ကို အသာပွတ်ကာ ဓားတစ်လက် ထုတ်ယူလိုက်သည်။ ထိုဓားက ဖြူဖွေးနေပြီး ကျောက်စိမ်းပမာ ဖြစ်နေသည်။ ဓားသည် သတ္တုများကဲ့သို့ အလင်းရောင်ပြန်ဟပ်ခြင်း မရှိပေ။
သို့သော် ထိုဓားကို ကျောက်စိမ်းနှင့် ပြုလုပ်ထားခြင်း မဟုတ်လေဘဲ အရိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်လေ၏။ ရှေးဦးနတ်သားရဲ၏ အရိုးကို ဓားတစ်လက်အဖြစ် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ဓား၏အသွားက လေးပေရှည်သော်လည်း ဓားလက်ကိုင်ကမူ အလွန်တိုလှပြီး လေးလက်မခန့်သာ ရှိလေသည်။ ဓားအသွားနှင့် ဓားလက်ကိုင်တို့က အတားအဆီးမရှိဘဲ တစ်ဆက်တည်းဖြစ်နေလေ၏။ သို့သော် ဓားလက်ကိုင်ပေါ်တွင် ဥပဒေသချိတ်စည်းကိုးခု ရှိနေလေပြီး ရှေးကျကာ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။
" ဒီဓားရဲ့အမည်က ပုံရိပ်ယောင်အရိုး "
လမ်းပြလူငယ်က ခပ်အေးအေးပင်ဆိုကာ တစ်သောင်းဧကရာဇ်ဘုရင်အား အဖြူရောင်ဓားနှင့် ချိန်ရွယ်လိုက်လေ၏။