← Chapters

ယန်ညီနောင်၏စိတ်ကူး

Vol. 25 Ch. 364

ယန်ညီနောင်၏စိတ်ကူး

Vol. 25 Ch. 364

သူ့အား လမ်းပြလူငယ်က ဓားနှင့်ချိန်လိုက်သည်ကို မြင်သောအခါတွင် တစ်သောင်းဧကရာဇ်ဘုရင်၏ အမူအရာ အရုပ်ဆိုးသွားပြီး..." မင်းက ငါ့ကို အဲ့ဒီလူတွေလို ထင်နေတာလား "

ယနေ့ည ရှန်းထူမိသားစုအတွက် တိုက်ခိုက်ပေးကြသူများထဲတွင် တစ်သောင်းဧကရာဇ်ဘုရင်က အသန်မာဆုံး ဖြစ်လေ၏။ သူ၏နောက်တွင် ရှန်းထူမိသားစုထဲမှ မဟုတ်သည့် အကြီးအကဲစု နှင့် အကြီးအကဲမော့တို့ ရှိလေသည်။

အခြားသော အကြီးအကဲများနှင့် ကျွမ်းကျင်သူများက အားအနည်းဆုံး ဖြစ်ကြလေ၏။

လမ်းပြလူငယ် သတ်ခဲ့သည့် လူနှစ်ဦးက သာမန်အကြီးအကဲဆယ်ဦးထဲမှ ဖြစ်လေသည်။

ထို့ကြောင့် လမ်းပြလူငယ်က အင်အားကြီးမားနေသည့်တိုင်အောင် တစ်သောင်းဧကရာဇ်ဘုရင်က လမ်းပြလူငယ်ကြောင့် သွေးပျက်မှုမရှိခြင်း ဖြစ်လေသည်။ သူ လမ်းပြလူငယ်ကို ရင်ဆိုင်နေရင်း သူ၏ခန္ဓာကိုယ်ထံမှ သိပ်သည်းလှသော သေခြင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

" အခြေအနေတွေက မကောင်းတော့ပုံပဲ " ရှန်းထူနန်ထျန်း၏ အမူအရာ အရုပ်ဆိုးနေ၏။ ယနေ့ည အခြေအနေများသည် မူလက သူ တွေးထားသည်နှင့် တက်တက်စင်အောင် လွဲနေချေ၏။

သူ တည်ဆောက်ထားသော အစီအရင်နှင့် ရန်သူများ ထောက်ချောက်ထဲသို့ ကျဆင်းလာမည်ကို စောင့်နေခဲ့ကြသည့် ကျွမ်းကျင်သူများအားလုံးတို့မှာ လမ်းပြလူငယ် တစ်ဦးတည်းနှင့်ပင် ပျက်စီးခဲ့ရလေ၏။ လမ်းပြလူငယ်က လူနှစ်ဦးကိုပင် သတ်ခဲ့သေးချေသည်။

တစ်သောင်းဧကရာဇ်ဘုရင်က လမ်းပြလူငယ်အား အနိုင်ယူနိုင်မည်လားကမူ မသိရသေးပေ။

ယနေ့တွင် လမ်းပြလူငယ် ထွက်သွားမည်ကို မတားနိုင်ခဲ့ပါက ရှန်းထူနန်ထျန်းအဖို့ မိသားစုဆီသို့ ပြန်ရောက်ချိန်တွင် မိသားစုထဲရှိ သူနှင့်မတည့်သူများက ဤကိစ္စကို အသုံးချကာ သူ့အား တိုက်ခိုက်ကြပေလိမ့်မည်။

ရှန်းထူမိသားစုထဲတွင်လည်း အာဏာနှင့် အကျိုးအမြတ်အတွက် ယှဥ်ပြိုင်နေကြရသည်။ ရှန်းထူနန်ထျန်း၏ တည်ရှိမှုက အခြားသူများ၏ မျှော်လင့်ချက်များကို ထိခိုက်စေလေသည်။

" သခင်လေးနန်ထျန်း... ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ယီယွင်ကို ရှင်းပစ်လိုက်သင့်လား "

ထိုစဥ် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က ရှန်းထူနန်ထျန်း၏နံဘေးသို့ ရောက်ရှိလာကာ ယုံကြည်ချက်များစွာမရှိဘဲ အကြံပေးလိုက်ကြသည်။

ယခင်က ရှန်းထူနန်ထျန်း၏ လုပ်ရပ်များသည် သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်လေ၏။ အထူးသဖြင့် ယန်တင်းခွမ်အတွက် ဖြစ်လေသည်။ ကျန်းရှောင်ယု ထွက်ပြေးပြီးသွားသည့်နောက်တွင် သူက ကြားဝင်ပြောခဲ့လေပြီး ချူဘုရင်ထံမှ မြားဦးကို ယီယွင်ဆီသို့ ပြောင်းပေးခဲ့သည်။ သို့သော် ရှန်းထူနန်ထျန်း၏ အော်သံကြောင့် နားစည်ပေါက်ကွဲကာ သွေးထွက်ခဲ့ရသည်။ ထိုစဥ်က သူ ဒူးထောက်ကျသွားခဲ့ရလေ၏။

ထိုစဥ်က ယန်တင်းခွမ်မှာ သေရတော့မည်ဟုပင် ထင်မိခဲ့သည်။

ရှန်းထူနန်ထျန်းနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဒဏ်ရာရရှိထားသည့် ယန်တင်းခွမ်မှာ ရဲတင်းစွာ ပြောဝံ့ခြင်းမရှိပေ။ သို့သော် လက်ရှိအနေအထားတွင် သူ မဖြစ်မနေပင် အကြံပေးရပေမည်။ လက်ရှိအချိန်၌ လမ်းပြလူငယ်က ယီယွင်ကို ကယ်တင်သွားနိုင်ခြေ ရှိနေလေသည်။

သူတို့က ယီယွင်ကို ဆိုးရွားစွာတိုက်ခိုက်ခဲ့ပြီး စော်ကားမှုမျိုးစုံလုပ်ကာ ဒဏ်ရာရစေခဲ့သည်။ သူတို့သာ ဤအခွင့်အရေးကို အရယူပြီး ယီယွင်ကို ရှင်းပစ်ခြင်းမပြုပါက အနာဂတ်တွင် တစ်စုံတစ်ခု ဖြစ်လာပေလိမ့်မည်။ လက်ရှိတွင် ယီယွင်က ဒုက္ခိတဖြစ်နေသည့်တိုင်အောင် သူတို့အဖို့ ဘေးကင်းရေးကိုသာ လုပ်ရပေမည်။

လမ်းပြလူငယ်၏ ကောင်းကင်အားဖီဆန်သော နည်းလမ်းများကို မြင်ရနေသည်ဖြစ်လေရာ လမ်းပြလူငယ်က ယီယွင်ကို ကုသပေးခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။ ယီယွင်အား အပြည့်အဝ ကုသပေးနိုင်ခြင်းမရှိဘဲ တစ်စိတ်တစ်ပိုင်းမျှ ကုသပေးနိုင်ခဲ့လျှင်ပင် သူတို့ညီအစ်ကိုနှစ်ဦးကို နှိပ်စက်ညှဥ်းပန်းရန်အတွက် လုံလောက်သည်ထက်ပင် ပိုလေသည်။

ထို့အပြင် ယီယွင်က လုံးလုံးလျားလျား ဒုက္ခိတဖြစ်သွားရလျှင်ပင် သူ၏အစ်မဖြစ်သူကို ရှာဖွေကာ ပျက်စီးခြင်းမျိုးနွယ်မှ အဆင့်မြင့်ပိုင်းတစ်ဦးကို စေလွှတ်ပြီး သူတို့နှစ်ဦးကို သတ်ခိုင်းနိုင်သေးသည်။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့မှာ အတွေးနှင့်ပင် ထိတ်လန့်မိကြသည်။ ထို့ကြောင့် သူတို့က မဖြစ်မနေပင် သတ္တိမွေးကာ ရှန်းထူနန်ထျန်းကို ပြောရပေမည်။

" အိုး... "

ရှန်းထူနန်ထျန်း၏အသံ အေးစက်သွားကာ..." ဒီညတိုက်ပွဲမှာ ငါတို့ ရှန်းထူမိသားစုက ရှုံးရလိမ့်မယ်လို့ ထင်နေကြတာလား "

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ ချက်ချင်းပင် တုန်ယင်သွားကြလေ၏။ သူတို့ ထိတ်လန့်ကာ မျက်နှာများ ဖြူလျော်သွားလေသည်။ ရှန်းထူနန်ထျန်းသာ ခံစားချက်မကောင်းဘဲ ဒေါသပေါက်ကွဲသွားလျှင် မည်ကဲ့သို့ရလဒ်မျိုး ဖြစ်လာလိမ့်မည်ကို မည်သူတစ်ဦးမျှ မသိနိုင်ပေ။

" ကျုပ်တို့က အဲ့ဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ အဲ့ဒီကိစ္စက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ... ဒီအတိုင်းပဲ ပြောလိုက်တာပါ "

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ ဇောချွေးပျံနေကြသည်။ သူတို့က အားတင်းကာ ရှင်းပြလိုသော်လည်း ရှန်းထူနန်ထျန်း၏ အေးစက်သော မျက်ဝန်းများကြောင့် သူတို့၏အသံများ စတင်ကာ တုန်ယင်လာရသည်။

ရှန်းထူနန်ထျန်းနှင့် ရင်ဆိုင်ရသည်မှာ သေမျိုးတစ်ဦးက အစွမ်းထက်သော ပျက်စီးခြင်းသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေလေသည်။ သူတို့အဖို့ အချိန်မရွေးပင် အသက်ဆုံးရှုံးရနိုင်သည်။

ရှန်းထူနန်ထျန်း၏ မျက်ဝန်းများက အေးစက်နေသည့်တိုင်အောင် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့၏ အကြံပြုချက်ကို ငြင်းပယ်ခြင်းမပြုပေ။ စင်စစ်တွင် လမ်းပြလူငယ်ထံ၌ ယီယွင်အား ကုသပေးနိုင်သည် နည်းလမ်းတစ်ခုခု ရှိနေလိမ့်မည်ဟု သူ မထင်မိပေ။

ယင်းသည် ကပ်ဘေးခုနစ်ပါးယင်နတ်ဆေးဖြစ်ပြီး အလွန်ပြင်းထန်သော အအေးစွမ်းအင် ပါရှိလေသည်။ ထိုကဲ့သို့ ဆေးလုံးမျိုးကို အထွတ်အထိပ် ပညာရှိများ ရေခဲဥပဒေသကို ကျင့်ကြံရာတွင် အသုံးပြုကြကာ လူတစ်ဦး၏ ဥပဒေသအပေါ် သိမြင်နားလည်မှုများ တိုးပွားစေပြီး ကျင့်ကြံမှုအဆင့်ကိုလည်း ပိုမိုနက်နဲသွားစေသည်။

ပညာရှိများ အသုံးပြုသည့် ဆေးလုံးများ၏ ဆေးအာနိသင်များ အလွန်ပင် ပြင်းထန်သည်။ ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးကို ထိုဆေးလုံး အသုံးပြုခိုင်းလိုက်လျှင် မည်သို့ဖြစ်လာမည်နည်း။

ထို့အပြင် အအေးအဆိပ်များ ယီယွင်၏ခန္ဓာကိုယ်ထဲတွက် ရှိနေခဲ့သည်မှာ ဆယ်ရက်ကြာခဲ့ပေပြီ။ ထိုကောင့်အား နတ်ဘုရားကပင် မကယ်နိုင်တော့ပေ။

သို့တိုင်အောင်ပင် သူသည် ယန်တင်းခွမ် ၊ ယန်ယွဲ့ဖုန်းတို့နှင့် သဘောထားတူညီနေဆဲပင်။ ကိစ္စများကို သေချာစွာလုပ်ရမည်ဖြစ်ပြီး အနာဂတ်ပြဿနာများကို ရှင်းထားရပေမည်။

ရှန်းထူနန်ထျန်းက သက်ပြင်းချကာ..." မင်းတို့ပြောတာ အဓိပ်ပါယ်ရှိတယ်။ အနာဂတ် ပြဿနာတွေကို ကြိုတင်တားဆီးဖို့အတွက် အားလုံးကို အမြစ်ကနေ ရှင်းပစ်ရမယ်။ မင်းတို့တွေ အခန်းထဲကိုဝင်ပြီး ယီယွင်ကို သတ်လိုက်ကြ "

" ကျုပ်...ကျုပ်တို့လား "

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်း ကြက်သေသေသွားလေ၏။ သခင်လေးနန်ထျန်းက ရှန်းထူမိသားစုမှ လူတစ်ဦးကို စေလွှတ်ကာ ယီယွင်ကို အသတ်ခိုင်းမည်ဟု သူတို့ ထင်မိခဲ့ကြလေ၏။ သူတို့အား စေလွှတ်မည်ဟု ထင်မထားခဲ့ပေ။

လက်ရှိတွင် ယီယွင်က ဒုက္ခိတဖြစ်နေနိုင်ကာ ကြောက်စရာမရှိပေ။ သူတို့က ယီယွင်ကို ကိစ္စမျိုးစုံလုပ်ကာ သတ်ဖြတ်ပြီး လက်စားချေလိုကြ၏။

သို့သော် ကောင်းကင်ထက်တွင် လမ်းပြလူငယ် ရှိနေသေးလေ၏။

လမ်းပြလူငယ်၏ စွမ်းအားက ဖြုံလောက်စရာပင်။ ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ဦးတွက် ထက်မြက်သော အာရုံခံနိုင်စွမ်းများ ရှိလေသည်။ သူတို့ အစီရင်အလယ်သို့ ဝင်သွားသည်ကို လမ်းပြလူငယ် သိသွားခဲ့ပါက သူတို့အား အမှုန့်ချေပစ်ပေလိမ့်မည်။

" ဟမ့်... ငကြောက်ကောင်တွေပဲ။ မိုးမြေဧကရာဇ်အစီရင်ရဲ့ အစီရင်ပြားက ငါ့လက်ထဲမှာ ရှိတယ်။ အစီရင်ပြားနဲ့ဆိုရင် ငါက မင်းတို့ကို အစီရင်ထဲ တိုက်ရိုက်ပို့ပစ်လို့ရတယ် "

" မိုးမြေဧကရာဇ်အစီရင်ရဲ့ ဗဟိုချက်မှာ အတားအဆီးတစ်ခု ရှိနေသေးတယ်။ လမ်းပြလူငယ်က မိုးမြေဧကရာဇ်အစီရင်ရဲ့ ဥပဒေသတွေကို လျစ်လျူရှုပြီး ပျက်စီးခြင်းစွမ်းအင်တွေ သုံးနိုင်နေသေးတယ်ဆိုပေမဲ့ အစီရင်ဗဟိုချက်မှာ ပြင်ပလောကနဲ့ သီးခြားခွဲထုတ်ပေးတဲ့ အားကောင်းတဲ့ အစီရင်တစ်ခု ရှိတယ်။ ဘယ်ဥပဒေသကိုပဲ နားလည်နေပါစေ ဒီစွမ်းအင်အကာအကွယ်ကို ဘယ်သူကမှ လျစ်လျူရှုလို့မရဘူး "

" ဒါကြောင့် လမ်းပြလူငယ်သာ အစီရင်ဗဟိုချက်ထဲကို ဝင်ချင်တယ်ဆိုရင် အကြမ်းထည်ခွန်အားကို သုံးရလိမ့်မယ်။ ဒါဟာ လမ်းပြလူငယ်က အစီရင်ကို မချိုးဖြတ်နိုင်တာမဟုတ်ဘဲ သူက တစ်သောင်းဧကရာဇ်ဘုရင်နဲ့ ရင်ဆိုင်ရမဲ့ပြဿနာ ရှိနေတာပဲ "

" တစ်သောင်းဧကရာဇ်ဘုရင်က လမ်းပြလူငယ်ထက် အားမနည်းတာကြောင့် လမ်းပြလူငယ်အတွက် တိုက်ခိုက်နေချိန်မှာ အစီရင်ကို ဖျက်ဆီးဖို့အတွက် ဘယ်လိုလုပ်ပြီး အာရုံထားနိုင်ပါ့မလဲ။ လမ်းပြလူငယ်ရဲ့ စွမ်းအားနဲ့တောင် အစီရင်ကို ဖျက်ဆီးဖို့အတွက် စက္ကန့်အနည်းငယ်လောက် လိုအပ်လိမ့်မယ်။ တစ်သောင်းဧကရာဇ်ဘုရင်လို အစွမ်းထက်သူတစ်ဦးအတွက်က အဲ့ဒီစက္ကန့်အနည်းငယ်အတွင်းမှာ ကိစ္စတွေအများကြီး လုပ်လို့ရတယ် "

ရှန်းထူနန်ထျန်း၏ ရှင်းပြချက်များက ကျိုးကြောင်းသင့်ဟန် ရှိလေသည်။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က ကြောက်နေသေးသည့်တိုင်အောင် သူတို့အား သေတွင်းထဲပို့နေသည်ဟု မခံစားကြရတော့ပေ။

" မင်းတို့ ဘာကိုစောင့်နေကြတာလဲ။ ယီယွင်လို ပုရွတ်ဆိတ်တစ်ကောင်ကို ငါကိုယ်တိုင် သတ်ပေးတာကို လိုချင်နေတာလား "

ရှန်းထူနန်ထျန်း၏အသံက အေးစက်သွားလေရာ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့သွားကြရလေ၏။ သူတို့က ရှန်းထူနန်ထျန်း၏အမိန့်ကို ဆန့်ကျင်ရဲခြင်းမရှိပေ။

ယခုအခါ၌ သူတို့၏စိတ်ထဲတွင် ပူပင်နေကြလေ၏။ ရှန်းထူနန်ထျန်း ပြောခဲ့သည်များက အမှန်များဖြစ်ပြီး သူတို့အား လှည့်စားခြင်းမရှိစေရန် ဆုတောင်းမိသည်။ သူတို့ကိုယ်တိုင် လုပ်ဆောင်ခြင်းထက် ပိုကောင်းသည့်အရာ အမှန်ပင်ရှိမနေချေ။

တစ်ရက်တွင် ယီယွင်၏ဒဏ်ရာများ ပြန်ကောင်းလာမည်ဆိုလျှင်ပင် လက်ရှိအချိန်၌ လမ်းပြလူငယ်နှင့် ရင်ဆိုင်ရခြင်းထက် ပိုကောင်းနေသေးလေ၏။

" စိတ်မပူပါနဲ့... ငါက မင်းတို့ကို သေတွင်းထဲမပို့ပါဘူး။ မကြာခင်မှာ လမ်းပြလူငယ်နဲ့ တစ်သောင်းဧကရာဇ်ဘုရင်တို့က တိုက်ခိုက်ကြတော့မယ်။ သူတို့ရဲ့တိုက်ပွဲ အပြင်းထန်ဆုံးအချိန်ကို ရောက်သွားချိန်ကျရင် ငါက မင်းတို့ကို အစီရင်ဗဟိုချက်ထဲ ပို့ပေးမယ် "

"အဲ့ဒီအချိန်ကျရင် လမ်းပြလူငယ်အတွက်က အခြားအရာတွေလုပ်ဖို့ အချိန်ရှိမှာမဟုတ်တော့ဘူး။ အဲ့ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားလိမ့်မယ် "

ရှန်းထူနန်ထျန်းက ယုံကြည်ချက်ရှိစွာ ဆိုလိုက်သည်။ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က တစ်ဦးနှင့်တစ်ဦးကြည့်ကာ စိတ်ထဲတွင် ဝမ်းနည်းနေကြ၏။ လက်ရှိအချိန်၌ သူတို့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေရလေသည်။

All Chapters