← Chapters

အကြွေးရှင်းခြင်း

Vol. 25 Ch. 365

အကြွေးရှင်းခြင်း

Vol. 25 Ch. 365

ကောင်းကင်ထက်တွင် လမ်းပြလူငယ်နှင့် တစ်သောင်းဧကရာဇ်ဘုရင်တို့ စတင်ကာ တိုက်ခိုက်ကြလေသည်။ မိုးမြေဧကရာဇ်အစီရင်၏ ချိတ်ပိတ်ဥပဒေသက အလုပ်ဖြစ်ခြင်းမရှိပေ။ တစ်ချိန်တည်းမှာပင် ရှန်းထူမိသားစု၏ အကြီးအကဲများ အတူပူးပေါင်းကာ လမ်းပြလူငယ်နှင့် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

တစ်သောင်းဧကရာဇ်ဘုရင်ကို သူတို့၏ ခေါင်းဆောင်အဖြစ်ထားပြီး အကြီးအကဲစုနှင့် အကြီးအကဲမော့တို့က အခြားကျွမ်းကျင်သူများနှင့်အတူ အစီရင်ဖွဲ့ကာ ထောက်ပံ့ကူညီပေးလေသည်။

တစ်သောင်းဧကရာဇ်ဘုရင်က တစ္ဆေတာအိုဥပဒေသကို အသုံးပြုလိုက်ချိန်၌ ကောင်းကင်အထက် ကီလိုမီတာငါးဆယ် ပတ်လည်အတွင်းတွင် ညည်းညူအော်ဟစ်သံများ ထွက်ပေါ်လာလေ၏။ သွေးပင်လယ်တစ်ခု ထွက်ပေါ်လာကာ လမင်းအား သွေးအရိပ် လွှမ်းမိုးသွားခဲ့သည်။

အားကုန်ထုတ်သုံးလာသည့် တစ်သောင်းဧကရာဇ်ဘုရင်နှင့် ရင်ဆိုင်ရချိန်၌ လမ်းပြလူငယ်က အရိုးဓားနှင့် ခုတ်ပိုင်းလိုက်လေသည်။ ဓားပေါ်မှ မှော်စာလုံးကိုးခု တစ်ခုပြီးတစ်ခုပင် တောက်ပလာလေ၏။

" အခုအချိန်ပဲ "

မိုင်အနည်းငယ်ခန့်အကွာမှ ရှန်းထူနန်ထျန်းသည် တစ်သောင်းဧကရာဇ်ဘုရင်နှင့် လမ်းပြလူငယ်တို့က ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်တော့မည်ကို သတိပြုမိသွားလေ၏။ သူက ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ကို ဆွဲကိုင်လိုက်လေပြီး တစ်ချိန်တည်းမှာပင် မိုးမြေဧကရာဇ်အစီရင်၏ အစီရင်ပြားက လေထဲသို့ ပျံတက်သွားပြီး ရှန်းထူနန်ထျန်း၏ ဦးခေါင်းထက်၌ လည်နေလေသည်။

အစီရင် တောက်ပလာချိန်တွင် ရှန်းထူနန်ထျန်းက ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ကို အစီရင်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ စိတ်များတင်းကျပ်သွားကာ..." ခဏနေပါအုံး သခင်လေးနန်ထျန်း... လမ်းပြလူငယ်က တိုက်ခိုက်မှု မလုပ်သေးတာကြောင့် အချိန်မကျသေးပါဘူး "

ယန်ယွဲ့ဖုန်း စကားမဆုံးသေးမီမှာပင် အစီရင်၏အလင်းထဲသို့ ပစ်ထည့်ခံလိုက်ရလေ၏။ ရှန်းထူနန်ထျန်း၏ ရှေ့မှောက်မှ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့အဖို့ အဘယ်သို့များ ခုခံနိုင်စွမ်းရှိပါမည်နည်း။

အား...။

နှစ်ဦးလုံး ဟစ်အော်လိုက်ရပြီး ဟင်းလင်းပြင် တွန့်လိမ်သွားသည်ဟု ခံစားလိုက်ကြရသည်။ သူတို့အား အစီရင်က လွှမ်းခြုံသွားလေ၏။

ရှန်းထူနန်ထျန်းက လှောင်ရယ်လိုက်သည်..." မင်းတို့နှစ်ယောက် ကံကောင်းပါစေ။ မင်းတို့က လမ်းပြလူငယ် သတိထားမိအောင်လုပ်ပြီး မင်းတို့ကို လမ်းပြလူငယ် လာသတ်ရအောင် ဖိအားပေးနိုင်ခဲ့မယ်ဆိုရင် သေရတာ တန်ပါတယ် "

မိုးမြေဧကရာဇ်အစီရင်၏ ဗဟိုချက်တွင် အကာအကွယ်အစီရင်တစ်ခုရှိပြီး လမ်းပြလူငယ်က တစ်သောင်းဧကရာဇ်ဘုရင်နှင့် တိုက်ခိုက်ကာ အလုပ်များနေသည့်တိုင်အောင် ယီယွင် အမှန်တကယ် အသတ်ခံခဲ့ရပါက လမ်းပြလူငယ် ဒေါသထွက်သွားကာ ကြောင်းကျိုးမစဥ်းစားဘဲ လုပ်ဆောင်မည်လားကမူ မေးခွန်းထုတ်စရာဖြစ်နေဆဲပင်။

ထို့အပြင် ရှန်းထူနန်ထျန်းကိုယ်တိုင်က လမ်းပြလူငယ်နှင့် ရန်ငြိုးရှိနေလေသောကြောင့် သေချာပေါက်ပင် စွန့်စားမည်မဟုတ်ပေ။

သို့သော် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့က အရေးမပါပေ။ သူတို့အားသတ်ရန် လမ်းပြလူငယ်ကို အာရုံလွှဲနိုင်ခဲ့မည်ဆိုပါက တစ်သောင်းဧကရာဇ်ဘုရင်အဖို့ ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေး ရလာလိမ့်မည်။ ယင်းက ထိုနှစ်ကောင်ကို အကျိုးရှိစွာ အသုံးချလိုက်ခြင်း ဖြစ်လေ၏။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့မှာ ဟင်းလင်းပြင် တွန့်လိမ်သွားသည်ဟုသာ ခံစားခဲ့ရလေပြီး ထို့နောက်ပိုင်းတွင် သူတို့က ချူတော်ဝင်အိမ်တော်၏ မြေအောက်အခန်းထဲသို့ ရောက်နေလေ၏။

...................

ကောင်းကင်အမြင့်မှ လမ်းပြလူငယ်သည် တစ်စုံတစ်ခုကို သတိပြုမိသွားလေ၏။ သူက မိုးမြေဧကရာဇ်အစီရင်၏ ဗဟိုချက်ဆီသို့ စိတ်အာရုံ ဖြန့်ကျတ်ထားလေသောကြောင့် ယခုလေးတွင်ပင် ဗဟိုချက်နေရာဆီသို့ လူအချို့ ဝင်သွားခဲ့ကြောင်း သတိပြုမိခဲ့သည်။

လမ်းပြလူငယ်၏ စိတ်အာရုံက အတားအဆီးကို ထိုးဖောက်သွားပြီး ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ကို တွယ်ကပ်မိသွားသည်။

လမ်းပြလူငယ်က ထိုနှစ်ဦးကို မြင်သောအခါတွင် တိတ်ဆိတ်သွားလေ၏။ သူက မည်သည့်လှုပ်ရှားမှုမျှ မလုပ်သေးသော်လည်း ရှေ့တွင်ရှိနေသည့် တစ်သောင်းဧကရာဇ်ဘုရင်က ထူးဆန်းသောအသံတစ်ခု ဖော်ထုတ်လာ၏။ သူ့ဆီသို့ လက်ဝါးရိုက်ချက်တစ်ခု တိုးဝင်လာ၏။ ထိုလက်ဝါးက ကြောက်မက်ဖွယ်ရာ လက်သည်းနက်တစ်ခု ဖြစ်သွားခဲ့ပြီး လမ်းပြလူငယ်၏ မျက်နှာဆီသို့ တိုးဝင်သွားလေ၏။

လမ်းပြလူငယ် နောက်သို့ဆုတ်သွားကာ ဓားနှင့်ခုတ်သည်။ အရိုးဓားပေါ်တွင် အဖြူရောင်မီးတောက်တစ်ခု တောက်လောက်လာလေ၏။

မီးတောက်က ပြစ်မျိုးမှဲ့မထင် စင်ကြယ်လှသည်။ အခြားအရောင်များ ရောထွေးနေခြင်းမရှိဘဲ မိုးနှင့်မြေ ဆက်နွယ်မှုကို လိုက်နာနေသည့်အလားပင်။

ဘုန်း...။

တစ္ဆေလက်သည်းက ဓားအလင်းကို တိုက်ခိုက်မိကာ ကောင်းကင်ထက်တွင် နတ်အလင်းတစ်ခု တောက်ပသွားပြီး မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ချူတော်ဝင်အိမ်တော်ပေါ်သို့ ကြီးမားလှသော စွမ်းအင်အလင်းစက်များ စုပြုံကာကျလာ၏။

စွမ်းအင်အလင်းများ ပေါက်ကွဲမှုကြောင့် အဖိုးတန်ကျောက်မျိုးစုံနှင့် ပြုလုပ်ထားသော နန်းဆောင်များမှာ သဲရဲတိုက်များပမာ ပျက်စီးသွားရလေ၏။

" ကြောက်စရာပဲ "

ချူဘုရင်၏မျက်နှာ ဖြူလျော်နေသည်။ သူ အရင်းအမြစ်များစွာ အသုံးပြုပြီး အစီရင်များ ချထားသော နန်းဆောင်များ ပျက်စီးရသည်ကို နှမြောနေရန် အချိန်မရှိပေ။ ယခုတွင် အသက်များက အန္တရာယ်ရှိနေသည်။ မဟာဧကရာဇ်နယ်ပယ် လူနှစ်ဦး တိုက်ခိုက်နေကြသည်ဖြစ်ရာ မည်သို့ဖြစ်လာမည်ကို မည်သူကများ သိနိုင်ပါမည်နည်း။

" အမိန့်ပေးလိုက်ကြ။ ချူစီရင်စုမြို့ထဲက သာမန်လူတွေကို ရွှေ့ပြောင်းပေးကြ။ တော်ဝင်အိမ်တော်ထဲက လူအားလုံးကိုလည်း ရွှေ့ပြောင်းပေးလိုက်ကြ "

တစ်သောင်းဧကရာဇ်ဘုရင်က သေချာပေါက်ပင် ကြင်နာတတ်သူ မဟုတ်ပေ။ လမ်းပြလူငယ် ပြောခဲ့သကဲ့သို့ပင် တစ်သောင်းဧကရာဇ်ဘုရင်က ရှေးဟောင်းမိစ္ဆာကျင့်စဥ်ကို ကျင့်ကြံနေသူဖြစ်လေရာ သေချာပေါက်ပင် ကြင်နာတတ်သူ ဖြစ်လိမ့်မည်မဟုတ်ပေ။

လမ်းပြလူငယ်ကမူ ရုပ်ချောဟန်ရှိသော်လည်း သူက ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦးသာ ဖြစ်လေသည်။ လူသားများက ပျက်စီးခြင်းသားရဲများကို သတ်သကဲသို့ပင် သူသည်လည်း လူသားများကို သတ်ဖြတ်ရာတွင် သက်ညှာနေမည်မဟုတ်ပေ။

ဘုန်း...။

လမ်းပြလူငယ်နှင့် တစ်သောင်းဧကရာဇ်ဘုရင်တို့ ထပ်မံကာ တိုက်ခိုက်လေသည်။ ချူတော်ဝင်အိမ်တော်၏ အလယ်ခေါင်မြေပြင် လုံးဝပင် ပြိုကျသွားရလေ၏။ မြေပြင်တွင် ကြောက်မက်ဖွယ်ကောင်းကာ ကြီးမားလှသော လက်သည်းရာတစ်ခု ကျန်ခဲ့လေသည်။ နန်းဆောင်ပေါင်းများစွာ ပြိုကျသွားကာ ငလျင်လှုပ်ခါသွားလေ၏။

...................

အစီရင်ဗဟိုချက်ထဲတွင် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့သည် အခန်းနံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားလေ၏။ ကြောက်မက်ဖွယ်ရာ လက်သည်းတိုက်ကွက်က မိုးမြေဧကရာဇ်အစီရင်၏ ဗဟိုချက် အကာအရံကို တိုက်ရိုက်ထိမှန်မိလေသည်။

အကာအရံက ပြိုကျမသွားသော်လည်း ကြောက်မက်ဖွယ်ရာ တုန်ခါမှုကြောင့် အထဲတွင်ရှိနေသည့် သူတို့နှစ်ဦးမှာ လွင့်စဥ်သွားရလေသည်။ သူတို့ နံရံနှင့်ဝင်ဆောင့်မိကာ သွေးအန်ရလုနီးပါး ဖြစ်ခဲ့ရလေသည်။

" ဘာတွေဖြစ်နေတာလဲ။ လမ်းပြလူငယ်က အစီရင်ကို တိုက်ခိုက်နေတာလား "

သူတို့ အစီရင်ထဲသို့ ရောက်သွားသည်နှင့် အသံအားလုံး ပြတ်တောက်သွားခဲ့သည်။ ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့မှာ အပြင်ဘက်မှ အခြေအနေများကို မသိရတော့ပေ။

ထိုစဥ် သူတို့၏နားထဲတွင် ရှန်းထူနန်ထျန်း၏အသံ ထွက်ပေါ်လာသည့်..." မလန့်ကြနဲ့။ လမ်းပြလူငယ်က မင်းတို့ကို လုံးဝလျစ်လျူရှုထားတယ်။ အခုလက်ရှိမှာ သူက တစ်သောင်းဧကရာဇ်ဘုရင်နဲ့ တိုက်ခိုက်နေတာကြောင့် သူတို့တွေ အားကုန်ထုတ်တဲ့အချိန်မှာ မင်းတို့က တုန်ခါမှုအချို့ကို ခံစားနေရရုံတင်ပဲ "

ရှန်းထူနန်ထျန်းသည် အစီရင်ထဲတွင် မည်သို့ဖြစ်နေသည်ကို မသိသော်ငြားလည်း တစ်သောင်းဧကရာဇ်ဘုရင်၏ လက်သည်းချက်ကြောင့် ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ သေချာပေါက်ပင် ထိခိုက်ခံစားရမည်ကို သိထားလေသည်။ ထို့ကြောင့် သူက ယွမ်ချီနှင့် အသံပို့လွှတ်လိုက်ခြင်း ဖြစ်လေသည်။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး ကျိတ်ကာ ထိတ်လန့်နေကြသည်။ သို့သော် သူတို့အား လမ်းပြလူငယ်က လျစ်လျူရှုထားသရွေ့ အရာအားလုံးက အဆင်ပြေလေသည်။

" အရင်ဆုံး ယီယွင်ကို ရှင်းပစ်ကြတာပေါ့ "

" ဟုတ်တယ်... ငါတို့က ဒီနေရာကို ရောက်နေပြီဆိုမှတော့ ယီယွင်ကို သတ်ဖို့က အရေးအကြီးဆုံး ဖြစ်သွားပြီ။ ငါ ဒီကောင့်ကို စိစိညက်ညက်ကြေအောင် ဖိနောင့်နဲ့ပေါက်ပစ်ချင်နေတာ ကြာနေပြီ "

သူတို့က သရော်လိုက်ကြ၏။ ကျင့်ကြံမှု ပျက်စီးနေသည့် ယီယွင်နှင့် ရင်ဆိုင်ရမည်ကို တွေးကြည့်ရုံနှင့်ပင် သူတို့အား စိတ်လှုပ်ရှားစေသည်။

သူတို့က ယီယွင်ကို ပိတ်လှောင်ထားသည့် အခန်းဆီသို့ အမြန်သွားလိုက်ကြသည်။

ဘုန်း...။

ယန်တင်းခွမ်က အခန်းတံခါးကို ကန်ဖွင့်လိုက်လေ၏။

" ဟားဟားဟား ယီယွင်... ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို် မင်း ထင်မထားဘူးမလား "

အခန်းထဲတွင် ယီယွင်၏ခန္ဓာကိုယ်အား သံကြိုးခတ်ထားသည်။ သူက နံရံထောင့်တစ်နေရာတွင် ခွေနေလေ၏။ သူ၏မျက်ခုံးများနှင့် ဆံပင်များတွင် ဆီးနှင်းလွှာများ တင်နေသည်။ သူ၏အဝတ်များ စုတ်ပြဲနေကာ သွေးများစွန်းထင်းနေသည်။

လက်ရှိ ယီယွင်၏ပုံစံက သူဖုန်းစားနှင့် မခြားပေ။

" ယီယွင်... ရက်အနည်းငယ်လောက် မတွေ့ရတဲ့အချိန်မှာ မင်းက ဒီအခြေအနေကို ရောက်နေပြီပဲ။ ဒီနေရာမှာ မင်းတစ်ယောက်တည်းကိုပဲ ပိတ်ထားတာကိုသာ ငါ မသိခဲ့ဘူးဆိုရင် မင်းကို တကယ် မှတ်မိမှာတောင်မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက တိုင်အာနတ်မြို့ရဲ့ ကောင်းကင်ဂုဏ်ယူရတဲ့ သားတော်ဆိုတာ အမှန်ပဲလား။ ဟဲဟဲ... ဘဝက တကယ်ကို ကြိုတင်ခန့်မှန်းလို့မရဘူးပဲ "

ယန်တင်းခွမ်က ယီယွင်ကို ဤကဲ့သို့အနေအထားတွင် မြင်ရသည်ကို အလွန်ကျေနပ်နေသည်။ သူ အသက်စွန့်ကာ ဤအခန်းထဲသို့ ဝင်လာရသည်မှာ တန်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

ယန်ယွဲ့ဖုန်းက လက်ကိုဝှေ့ယမ်းကာ သိုလှောင်လက်စွပ်ထဲမှ ဓားမြောင်တစ်ချောင်း ထုတ်ယူလိုက်သည်။ သူက ဓားမြောင်ကို ယီယွင်၏မျက်လုံးရှေ့တွင် ကစားပြကာ ယီယွင်၏မျက်လုံးကို နှိုက်ထုတ်မည့်ပမာ လုပ်ဆောင်ပြနေသည်။

ယန်တင်းခွမ်ကမူ ယီယွင်၏ရှေ့သို့သွားကာ ယီယွင်၏မျက်နှာအား တက်နင်းရန်ပြင်ကာ ခြေထောက်မြောက်လိုက်သည်။

" မင်းက ကောင်းကင်ဂုဏ်ယူရတဲ့ သားတော်တစ်ဦးဆိုတော့ရော ဘာဖြစ်လဲ။ အခု မင်းကို တက်နင်းရမှာက ခွေးသေတစ်ကောင်နဲ့ ဘာမှမခြားဘူး "

သို့သော် ယန်တင်းခွမ်၏ခြေထောက် အောက်သို့ဆင်းလာချိန်တွင် နံရံထောင့်၌ရှိနေသည့် ယီယွင်က ကျားသစ်တစ်ကောင်ပမာ လွှားခနဲ ခုန်ထွက်သွားလေသည်။

ထန်း...။

ယီယွင်၏ခန္ဓာကိုယ်ပေါ်မှ သံကြိုးများ တင်းသွားလေ၏။

ဟူး...။

ယီယွင်၏ခန္ဓာကိုယ်တွင် ယွမ်ချီများ ထွက်ပေါ်လာကာ လောင်ကျွမ်းလာသည်။

ရုတ်တရက် အဖြစ်အပျက်ကြောင့် ယန်တင်းခွမ် ထိတ်လန့်သွားလေ၏။ သူ တုန့်ပြန်ချိန်မရမီတွင် ယီယွင်က သူ၏လည်ပင်းကို ဖမ်းဆုပ်လိုက်လေသည်။ ယီယွင်က ယန်တင်းခွမ်ကို မြေပြင်ပေါ်သို့ လှဲချလိုက်လေ၏။

" မင်း..."

ယန်တင်းခွမ် အော်လိုက်သည်။ ယီယွင်က ယန်တင်းခွမ်ကို လက်တစ်ဖက်သုံးကာ ဖိချထားလေပြီး အခြားလက်တစ်ဖက်က သိုလှောင်လက်စွပ်ထဲမှ အုတ်ခဲတစ်လုံး ထုတ်ယူလိုက်လေသည်။

အနက်ရောင် သတ္တုအုတ်ခဲက အေးစက်သောအလင်း တောက်ပနေသည်။ ယီယွင်၏မျက်ဝန်းများက ခက်ထန်နေလျက်ရှိပြီး ယန်တင်းခွမ်၏ ခြေကျင်းဝတ်အား အုတ်ခဲနှင့် ရိုက်ချသည်။

ဘုန်း...။

မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး ယန်တင်းခွမ်မှာ ဝက်တစ်ကောင်ပမာ အော်ညည်းလိုက်ရလေသည်။ ယီယွင်၏အုတ်ခဲက ယန်တင်းခွမ်၏ ခြေထောက်ကို ရိုက်ချိုးသွားလေ၏။ အခန်း၏ကြမ်းပြင်ကို သတ္တုများနှင့် အထူးတည်ဆောက်ထားပြီး အလွန်မာကျောသည်။ ယီယွင်၏ ကြမ်းတမ်းသောခွန်အား ပါဝင်နေသည့် အုတ်ခဲနှင့် မာကျောသော သတ္တုကြမ်းပြင်တို့ အတူဆုံတွေ့မိချိန်၌ ယန်တင်းခွမ်၏ခြေထောက်သည် စိစိညက်ညက် ကြေမွသွားရလေ၏။

ခြေထောက်ရိုးများ အမှုန့်ကြေသွားကာ အသားများ တစ်စစီဖြစ်သွားသည်။

ယန်တင်းခွမ် အူလှိုက်သည်းလှိုက်ပင် ဟစ်အော်လေသည်။ သူ၏မျက်နှာ ဖြူလျော်နေကာ ချွေးသီးချွေးပေါက်များ ကျဆင်းနေ၏။

သေလုမြောပါးဖြစ်နေသည့် ယီယွင်က ရုတ်တရက်အတွင်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

All Chapters