← Chapters

မင်းကိုပြန်ပေးမယ်

Vol. 25 Ch. 366

မင်းကိုပြန်ပေးမယ်

Vol. 25 Ch. 366

ယန်တင်းခွမ်သည် ခြေဖဝါး မရှိတော့သော ခြေသလုံးကို ကိုင်ထားရင်းဖြင့် ယီယွင်အား ထိတ်လန့်ချောက်ချားစွာ ကြည့်နေသည်။

" မင်း... မင်း... "

သူ၏အသံ တုန်ယင်နေပြီး စကားဆုံးအောင်ပင် မပြောနိုင်ချေ။

ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးအဖို့ ခြေထောက်ခုတ်ဖြတ်ခံရပြီး ဆေးကောင်းဝါးကောင်းနှင့် ပြန်ဆက်မည်ဆိုပါက လအနည်းငယ်အတွင်း လုံးဝပြန်ကောင်းနိုင်လေသည်။

သို့သော် ခြေထောက်က စိစိညက်ညက်ကြေအောင် ထုချေခံထားရသည်ဖြစ်၍ ပြန်ကောင်းရန်မဖြစ်နိုင်တော့ပေ။ ထိပ်တန်းအဆင့် ဆေးဝါးများကသာ ဆုံးရှုံးသွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်လေ၏။ သို့သော် ယန်တင်းခွမ်၏ အဆင့်အတန်းနှင့် ကြွယ်ဝမှုတို့နှင့်သာဆိုပါက ထိုကဲ့သို့ဆေးဝါးမျိုး ရရှိရန်မဖြစ်နိုင်ပေ။

ထို့ကြောင့် ယန်တင်းခွမ်၏ခြေထောက်က လုံးဝပျက်စီးသွားသည်နှင့် ညီမျှလေသည်။

ယီယွင်က အသားစများနှင့် သွေးများ ပေကျံနေသော အုတ်ခဲကို ကိုင်ထားလျက်ဖြင့် ယန်တင်းခွမ်ကို ကြည့်နေသည်။ သူက တည်ငြိမ်စွာ ဆိုလိုက်သည်..." မင်း စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။ ဒီနေ့ မင်းက ဒီနေရာမှာ သေရမှာပဲ။ ခြေထောက်တစ်ဖက် ဆုံးရှုံးတာ မဆုံးရှုံးတာက အရေးမပါတော့ဘူး "

ယီယွင်၏အသံက တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။

ယန်တင်းခွမ်၏နံဘေးတွင် ယန်ယွဲ့ဖုန်းက ဓားမြောင်ကို ကိုင်ထားလျက်ဖြင့် ရပ်နေ၏။

" ဘယ်...ဘယ်လိုဖြစ်ရတာလဲ။ မင်းရဲ့ကျင့်ကြံမှုတွေ ပျက်စီးသွားတာ အရှင်းသားကြီးလေ "

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ အခန်းထဲသို့ ဝင်လာခဲ့စဥ်က ယီယွင်သည် အအေးအဆိပ်မိကာ ရေခဲလွှာများ ကပ်နေသည်ကို မြင်ခဲ့ရသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲလွှာများ ပျောက်ကွယ်သွားပြီး ယီယွင်၏ယွမ်ချီများ ပေါက်ကွဲထွက်လာချေ၏။

" ကျင့်ကြံမှု ပျက်စီးတယ်တဲ့လား " ယီယွင်က သရော်လိုက်လေသည်..." မင်းတို့ ငါ့အပေါ်မှာ လုပ်ခဲ့တာတွေနဲ့ မင်းတို့ ငါ့အပေါ်မှာ လုပ်ချင်နေပြီး မလုပ်ရသေးတာတွေ အားလုံးကို ငါက မင်းတို့နှစ်ကောင်ဆီ အတိအကျပြန်ပေးမယ်။ မင်းတို့ပဲဖြစ်စေ ရှန်းထူမိသားစုပဲဖြစ်စေ အတိအကျ ပြန်ပေးမယ် "

ယီယွင်၏ခန္ဓာကိုယ်တွင် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။ သူ၏ကျောဘက်၌ အလောင်းတောင်နှင့် သွေးပင်လယ်ပုံရိပ် ပေါ်ထွက်လာသည်။

ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်ရဲ့အနှစ်သာရက သတ်ဖြတ်ခြင်း။

ယီယွင်က ဓားမောက်အမှန်တရား စကားလုံး ၃၂ ခုကို တစ်ရက်ထက်တစ်ရက် ပိုမိုနက်နဲစွာ နားလည်သိမြင်လာသည်ဖြစ်၍ သူ သတ်ဖြတ်လိုစိတ်များ ပြည့်လာချိန်တိုင်း အလောင်းတောင်နှင့် သွေးပင်လယ်ပုံရိပ်က အလိုအလျောက်ပင် ထွက်ပေါ်လာခဲ့လေသည်။

ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့မှာ ယီယွင်၏ကျောဘက်မှ ပုံရိပ်ကိုမြင်ကာ မျက်နှာများ ဖြူလျော်သွားကြလေ၏။ သူတို့၏နဖူးတွင် ချွေးသီးများထွက်လာကာ..." မင်း... မင်းရဲ့ကျင့်ကြံမှုက ပျက်စီးမသွားဘူးလား။ ဘယ်လိုဖြစ်ရတာလဲ "

လွန်ခဲ့သည့် လအနည်းငယ်ခန့် ယီယွင် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်တွင် ရှိခဲ့စဥ်က ပိုင်နှင့်ဖုန်းလင်ကို အနိုင်ယူကာ မဟာမိတ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည်။

ထိုစဥ်က ဖုန်းလင်နှင့် ပိုင်တို့သည် ကျင့်ကြံမှုများ ဖိနှိမ်ထားသော်လည်း ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတိုအဖို့ ယှဥ်နိုင်ခြင်းအလျဥ်းမရှိခဲ့ပေ။

ယခုအခါတွင် ယီယွင်က ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်ပြီးပေပြီ။ ယီယွင်၏ ကျင့်ကြံမှုအဆင့်က သူတို့နှင့် အဆင့်တူဖြစ်လေ၏။ ယီယွင်၏ ပြောင်မြောက်လှသော တိုက်ခိုက်ရေးစွမ်းရည်နှင့်ဆိုလျှင် သူတို့အဖို့ ယီယွင်ကို ရင်ဆိုင်ရန်အတွက် သတ္တိမရှိပေ။

" ဒီကောင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သံကြိုးတွေ ရှိနေသေးတယ် "

ယီယွင်၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးပျက်များ ရှိနေလေပြီး အချို့က ချိတ်ဆက်နေသေးသည်ကို ယန်ယွဲ့ဖုန်း မြင်သွားလေသည်။ ထိုသံကြိုးများတွင် မှော်စာလုံးများ ရေးထိုးထားပြီး အလွန်ပင် အားကောင်းလေ၏။ ယင်းတို့ကို ဖျက်ဆီးပစ်ရန်မှာ မလွယ်ကူပေ။

ယန်ယွဲ့ဖုန်း တဖြည်းဖြည်းချင်း ဆုတ်ခွာသွားလေ၏။ သူ အခန်းတံခါးကို မျက်ဝန်းထောင့်စွန်းမှ ကြည့်နေသည်။ အခန်းထဲသို့ ဝင်လားပြီး သတ္တုတံခါးအနီးတွင် ရှိနေလေသည့် ယန်တင်းခွမ်ကို သူ မုန်းမိသည်။

သူ လက်ဖျောက်တစ်ချက်တီးစာ အချိန်အတွင်း သတ္တုတံခါးကို ဖွင့်နိုင်ရေးအတွက် စိတ်ထဲတွင် တွက်ချက်နေလေ၏။ ယီယွင်တွင် သံကြိုးများ ရှိနေလေသောကြောင့် အဝေးမှသာ တိုက်ခိုက်ရမည်ဖြစ်ပြီး သူ့အား အန္တရာယ်ပေးနိုင်မည်မဟုတ်ပေ။ သူ၏နောက်တွင် ယန်တင်းခွမ် ကျန်ခဲ့မည်ဖြစ်လေ၏။

ယခုအခါ၌ ညီအစ်ကို ချစ်ခြင်းက ဟာသတစ်ခုသာ ဖြစ်ချေသည်။ ယန်ယွဲ့ဖုန်းအဖို့ ယန်တင်းခွမ်၏အသက်ကို အဘယ့်ကြောင့် ဂရုစိုက်နေရပါမည်နည်း။

ယီယွင်က သိုလှောင်လက်စွပ်ကိုထိကာ သရော်လိုက်သည်..." မင်းက ထွက်ပြေးဖို့ တွေးနေတာလား "

ယန်ယွဲ့ဖုန်းက ယီယွင်၏ လှုပ်ရှားမှုများကို ကြည့်နေရင်း အေးစက်စက်ဆိုလိုက်သည်..." မင်းက ငါ့ကို ဒီနေရာမှာ ပိတ်ထားနိုင်မယ်လို့ ထင်နေတာလား။ မင်းက သံကြိုးခတ်ခံထားရတာကြောင့် မင်းရဲ့လှုပ်ရှားမှုစွမ်းအားမှာ အကန့်အသတ်ရှိတယ်။ ဒါ့အပြင် မင်းမှာ တစ်ကြိမ်ပဲ တိုက်ခိုက်ချိန်ရှိတာဆိုတော့ ဘာလုပ်နိုင်မှာမလို့လဲ "

" မင်း သံကြိုးတွေကို ဖျက်ချင်တယ်ဆိုရင် စွမ်းအားအများကြီး သုံးဖို့လိုတယ်။ မင်း သံကြိုးတွေ ဖျက်ခဲ့တုန်းကလည်း စွမ်းအားအများကြီး သုံးခဲ့ရတယ်မလား "

ယီယွင် ရယ်မောကာ သိုလှောင်လက်စွပ်ထဲမှ ဓားကျိုးတစ်လက် ထုတ်ယူလိုက်သည်။ ဓားကျိုးတွင် သံချေးများ ပြည့်နေသည်။

ယန်ယွဲ့ဖုန်း အံ့အားသင့်သွားရ၏။ အဘယ့်ကြောင့် ယီယွင်က သုံးမရသည့်ဓားကို ထုတ်ယူခဲ့ကြောင်း သူ မသိပေ။ သူ တွေးနေချိန်မှာပင် မျက်လုံးပြူးသွားရလေ၏။ ယီယွင်က လက်ကို သာမန်မျှယမ်းကာ ခုတ်ပိုင်းလိုက်သည်ကို သူ မြင်လိုက်ရသည်။

ထို့နောက်တွင်မူ သံကြိုးပေါ်မှ မှော်စာလုံးများက အချိန်အနည်းငယ်မျှ တောက်ပသွားပြီးနောက် ဓားကျိုးက သံကြိုးကို လုံးဝဖြတ်တောက်သွားလေသည်။

" ဘယ်လို "

ယန်တင်းခွမ် မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။

အဘယ်သို့ ဖြစ်ရလေသနည်း။ ထိုသံကြိုးများကို ချူတော်ဝင်အိမ်တော်၏ ပန်းပဲပညာရှင်က ပြုလုပ်ထားခဲ့ခြင်း ဖြစ်လေသည်။ အဘယ်သို့ဖြစ်၍ အလွယ်တကူ ပျက်စီးသွားရလေသနည်း။ ဆွေးမြေ့ပျက်စီးလုနီးပါး ဖြစ်နေသည့် ဓားကျိုးက သံကြိုးများကို မြက်ပင်များပမာပင် ဖြတ်သွားခဲ့ချေသည်။

" ခုနက မင်း ဘာပြောလိုက်တာလဲ "

ယီယွင်က သံကြိုးပျက်များကို အဝေးသို့ပစ်ကာ အေးစက်စက်ဆိုလိုက်သည်..." လူတစ်ယောက်က အရမ်းကြီး မောက်မာမနေသင့်ဘူးလို့ မင်း ပြောခဲ့တယ်။ ဒီလိုမှမဟုတ်ရင် နတ်ပြည်ကနေ ငရဲအထိ ပြုတ်ကျရလိမ့်မယ်။ အဲ့ဒါက တကယ်ကို မှန်တယ် "

ယီယွင်က ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့ဆီသို့ လျှောက်သွားလိုက်လေသည်။

လက်ရှိတွင် အခန်းတံခါးက ပိတ်ထားဆဲဖြစ်၏။ ယီယွင်၏စွမ်းအားနှင့်ဆိုလျှင် ယန်ယွဲ့ဖုန်းအဖို့ ယီယွင်ကို တိုက်ခိုက်ကာ တံခါးကိုဖွင့်ရန် မျှော်လင့်ချက်မရှိပေ။

" ငါတို့က မင်းကို အားကုန်ထုတ်ပြီး တိုက်မယ် "

ယန်တင်းခွမ်က ခြေသလုံးကို ကိုင်ထားလျက်ဖြင့် ခြိမ်းခြောက်သည့်ပုံစံ ပြောလိုက်သော်လည်း သတ္တိနည်းပါးနေလေ၏။ ခြေဖဝါးတစ်ဖက်သာရှိသည့် သူ့အဖို့ ယီယွင်၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ပေ။

ထိုစဥ် သူ၏ဝမ်းကွဲဖြစ်သူ ယန်ယွဲ့ဖုန်းက သူ့အား ယီယွင်ဆီသို့ တွန်းလွှတ်လိုက်လေ၏။

" အစ်ကို... ကျုပ်ကိုကူပြီး ဒီကောင့်ကို တားပေးထားပါဦး "

ယန်ယွဲ့ဖုန်းက စကားဆိုကာ အခန်းထဲမှ ပြေးထွက်သွားလေသည်။

" မင်း "

ယန်တင်းခွမ် ကြီးစွာထိတ်လန့်သွားလေ၏။ သူ့တွင် ခြေဖဝါးတစ်ဖက်သာ ရှိလေရာ ယန်ယွဲ့ဖုန်းက အားအပြည့် တွန်းလွှတ်လိုက်သည်ကို မည်သို့များ တောင့်ခံနိုင်ပါမည်နည်း။ သူ၏ခန္ဓာကိုယ် ယီယွင်ဆီသို့ ပျံသန်းသွားရလေ၏။

ယီယွင် လှောင်ရယ်ကာ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။

အား...။

ယန်တင်းခွမ် စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။ သူ၏ဓားကို ယီယွင်ဆီသို့ ထိုးစိုက်လိုက်လေ၏။

သို့သော် ယီယွင်က ဓားကျိုးကို ပြန်သိမ်းထားလိုက်သည်။ ယန်တင်းခွမ်ကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသူက သန့်စင်ယန်ဓားနန်းတော်သခင်၏ လက်သုံးတော်ဓားနှင့် အသတ်ခံရရန် အဘယ်သို့များ ထိုက်တန်ပါမည်နည်း။

ယီယွင်က ဓားကို သိမ်းပြီးသည်နှင့် ယန်တင်းခွမ်၏ မျက်နှာကို ထိုးချလိုက်သည်။

အား...။

ယန်တင်းခွမ်၏မျက်နှာ ချိုင့်ဝင်သွားကာ မျက်လုံးတစ်လုံး ကျွတ်ထွက်သွားလေ၏။

ယီယွင်က လက်သီးကို လက်သည်းအဖြစ် ပြောင်းလဲပစ်ကာ အရှိန်အဟုန်ကို အသာစီးယူပြီး ယန်တင်းခွမ်၏မျက်နှာကို ဖမ်းဆုပ်ပြီးနောက် ယန်တင်းခွမ်၏ ဦးခေါင်းကို သတ္တုနံရံနှင့် ရိုက်ချလိုက်သည်။

ဖောင်း...။

ယန်တင်းခွမ်၏ ဦးခေါင်းနောက်ပိုင်း ကြေမွသွားကာ သွေးများပြန့်ကျဲသွားလေ၏။

ထိုစဥ် ယီယွင်က ခေါင်းလှည့်ကြည့်လိုက်ရာ ယန်ယွဲ့ဖုန်းက တံခါးနှင့် နီးကပ်နေသည်ကို မြင်လိုက်ရသည်။

အခန်းတံခါး ပိတ်သွားပါက အပြင်ဘက်မှသာ ဖွင့်၍ရလေသည်။ တံခါးကို သံကြိုးများနှင့် တူညီသော သတ္တုများနှင့် ပြုလုပ်ထားသည်။ နှစ်ပေအထူ သတ္တုတံခါးက သံကြိုးများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။ သန့်စင်ယန်ဓားနန်းတော်သခင်၏ ဓားကျိုးနှင့်ပင် ဖျက်ဆီးရန် လွယ်ကူမည်မဟုတ်ပေ။

" နှုတ်ဆက်ပါတယ် ယီယွင်။ မင်းရဲ့ကျင့်ကြံမှုတွေ ဘယ်လို ပြန်ကောင်းလာသလဲဆိုတာကို ငါ မသိပေမဲ့ အဲ့ဒါက အရေးမကြီးတော့ပါဘူး။ သခင်လေးနန်ထျန်းက မင်းကို အဆုံးသတ်ပေးလိမ့်မယ် "

ယန်ယွဲ့ဖုန်းက စက္ကန့်ဝက်အတွင်းမှာပင် ယီယွင်ဆီသို့ အသံပို့လွှတ်လိုက်သည်။

ယီယွင်က တံခါးကို ဖျက်ဆီးနိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။ ဖျက်ဆီးနိုင်လျှင်ပင် အချိန်အချို့ ယူရမည်ဖြစ်ပြီး ထိုအချိန်က သူ ထွက်ပြေးရန် လုံလောက်လေသည်။

ဂျိန်း...။

တံခါးပိတ်သွားသည်။ သတ္တုတံခါး လော့ကျသွားသည့် အသံက သူ၏နားထံတွင် တေးဂီတတစ်ခုအလားပင်။

ယန်ယွဲ့ဖုန်း သပ်ပြင်းရှည်ကြီး ချလိုက်လေ၏။ သူ ဤနေရာတွင် ကြာကြာနေ၍မရပေ။ သူ ချက်ချင်းထွက်ခွာကာ ရှန်းထူနန်ထျန်းဆီသို့ အဖြစ်အပျက်အားလုံး သတင်းပို့ရပေမည်။

သို့သော် ယန်ယွဲ့ဖုန်း တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် အေးခဲသွားရ၏။ သူနှင့် သုံးပေခန့်အကွာတွင် ယီယွင်က တစ္ဆေတစ်ကောင်ပမာ ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

ဒီကောင်က ဘယ်လိုဖြစ်ပြီး အရမ်းမြန်နေရတာလဲ။

ယန်ယွဲ့ဖုန်းမှာ ဘဝပျက်သွားသည်ဟု ခံစားလိုက်ရ၏။ သူသည် အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရရှိခဲ့ပြီဟု ထင်မိခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ငရဲတံခါးဝသို့ ပြန်ရောက်သွားခဲ့ပြန်ချေ၏။

" ဒါက အဆုံးသတ်ပဲ " ယီယွင်က ကံကြမ္မာကို အဆုံးဖြတ်ပေးနေသည့်အလား တည်ငြိမ်စွာ ဆိုလိုက်လေသည်။

" အား ၊ အား ၊ အား "

ယန်ယွဲ့ဖုန်းက ရူးသွပ်စွာအော်ကာ ယီယွင်ကို ဓားမြောင်နှင့်ထိုးကာ တိုက်ခိုက်နေ၏။

ယီယွင်၏ ယွမ်ချီများ ထကြွလာကာ လက်ဆန့်လိုက်ပြီး ယန်ယွဲ့ဖုန်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေ၏။ ယွမ်ချီ လည်ပတ်လိုက်ချိန်တွင် ယီယွင်၏စွမ်းအားများ တိုးပွားလာသည်။

ဂျွတ်...။

အရိုးကျိုးသံ ထွက်ပေါ်လာပြီး ယီယွင်ကြောင့် ယန်ယွဲ့ဖုန်း၏ လက်ကောက်ဝတ် ကျိုးသွားရသည်။

ယန်ယွဲ့ဖုန်း၏ လက်ကောက်ဝတ် တွန့်လိမ်သွားကာ အသည်းခိုက်လုမတတ် နာကျင်သွားရသည်။ သူ အံကျိတ်ကာ ယီယွင်၏ နတ်အမြုတေဆီသို့ လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။

ယီယွင်၏ အခြားလက်တစ်ဖက်က လျှပ်ပြက်သည့်ပမာ လှုပ်ရှားသွားကာ ယန်ယွဲ့ဖုန်း၏ အခြားလက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်လေသည်။ အရိုးကျိုးသံ ထပ်မံထွက်ပေါ်လာ၏။

ယန်ယွဲ့ဖုန်း၏မျက်နှာ မဲ့ရှုံ့သွားရလေ၏။ ယီယွင်ကြောင့် သူ၏လက်နှစ်ဖက်လုံး တွန့်လိမ်သွားရချေပြီ။ သူ လွတ်ကျသွားသည့် ဓားမြောင်ကို ယီယွင်က ဖမ်းယူသွားခဲ့သည်။

" မင်း အသေဆိုးနဲ့ သေရမယ် "

ယန်ယွဲ့ဖုန်းက ယီယွင်ကို နာကျည်းစွာကြည့်ကာ ကျိန်ဆဲလိုက်သည်။

ယီယွင်က လှောင်ရယ်ကာ လက်ကိုယမ်းလိုက်ပြီး ယန်ယွဲ့ဖုန်း၏ ပြူးကျယ်စွာကြည့်နေသော မျက်လုံးတစ်ဖက်ကို ဓားမြောင်ဖြင့် ထိုးစိုက်လိုက်လေ၏။

မျက်လုံးဆံ ပေါက်ကွဲသွားသည်။ ယီယွင်က ဓားမြောင်ကို ယန်ယွဲ့ဖုန်း၏ မျက်လုံးအိမ် အနက်ပိုင်းထဲအထိ ထိုးစိုက်ပစ်ခဲ့လေ၏။ အစွမ်းထက်သော အားအင်တစ်ခုက ယန်ယွဲ့ဖုန်း၏ ဦးနှောက်ထဲသို့ တိုးဝင်သွားသည်။ ယန်ယွဲ့ဖုန်း၏ခန္ဓာကိုယ် တွန့်လိမ်သွားကာ မျက်ဝန်းအိမ်ထံမှ သွေးနှင့်ဦးနှောက်များ ထွက်ကျလာလေ၏။

ယီယွင်ကမူ ထိုကဲ့သို့ သွေးစွန်းမြင်ကွင်းအား မည်သို့မျှ မခံစားရပေ။

သူက သွေးဆာတတ်သူ မဟုတ်သော်လည်း သူ၏နှလုံးသားတွင် အမုန်းတရားများ ပြည့်နေချိန်၌ ဤကဲ့သို့ သွေးစွန်းမြင်ကွင်းတစ်ခုက သူ့အား ဖော်မပြနိုင်သော ဝမ်းသာမှုကို ပေးစွမ်းလေသည်။

" ငါ ပြောခဲ့သလိုပဲ... မင်းတို့တွေ ငါ့အပေါ်မှာ လုပ်ချင်တာမှန်သမျှကို ငါက မင်းတို့တွေဆီ အတိအကျပြန်ပေးမယ် "

All Chapters