အားလုံးကို အတူသတ်
Vol. 25 Ch. 367
ယီယွင်က ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့အား သတ်ပြီးသည့်နောက် ခန္ဓာကိုယ်များကို အတူစုကာ သန့်စင်ယန်မီးတောက်တစ်ခု ပစ်လွှတ်လိုက်သည်။ အလောင်းနှစ်ခု ချက်ချင်းပင် ပြာကျသည်အထိ လောင်ကျွမ်းခံရကာ ပျောက်ကွယ်သွားလေ၏။
သန့်စင်ယန်မီးတောက်၏ မြင့်မားသော အပူချိန်က ပြာများကိုပင် အငွေ့ပျံသွားစေလေရာ အလောင်းများက လေထဲတွင် ပျောက်ကွယ်သွားသည်ဟုပင် ဆိုနိုင်လေ၏။
ယီယွင်က ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့နှင့် ပတ်သတ်သမျှကို ဖျက်ဆီးခဲ့လေသည်။ ယင်းသည် အလောင်းများကို ဖျက်ဆီးကာ သက်သေဖျောက်ပစ်ခြင်းပင် ဖြစ်လေ၏။
ယီယွင်သည် ယခုဘဝနှင့် ယခင်ဘဝတွင် ယခုက ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်လေ၏။
သူသည် သိုင်းပညာက အရာအားလုံး၏အထက်တွင်ရှိသည့် ဤလောကကြီးနှင့် တဖြည်းဖြည်းချင်း အသားကျလာသည်လည်း ဖြစ်နိုင်သည်။ သူက နတ်အရိုင်းမြေထဲတွင် ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ခဲ့ရခြင်းကြောင့် လက်ယဥ်နေသည်လည်း ဖြစ်နိုင်လေ၏။ သို့မဟုတ် သူက ယန်တင်းခွမ်နှင့် ယန်ယွဲ့ဖုန်းတို့အား မုန်းတီးနေခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်လေသည်။ လက်ရှိတွင် ယီယွင်က ထိုကောင်များကို သတ်ခဲ့ရခြင်းအတွက် နောင်တရစိတ် မဖြစ်မိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပြီးခဲ့သည့်ရက်များတွင် သူ အောင့်အီးစုဆောင်းထားခဲ့ရသည့် မကျေနပ်စိတ်များကို ဖွင့်ချလိုက်ရသည့်ပမာပင် ခံစားနေရလေ၏။
ဤဆယ်ရက်အတွင်း သူ ကျန်းရှောင်ယုကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရသည်မှာ ပထမဒဏ်ရာ ဖြစ်လေ၏။ သူ အသတ်ခံရလုနီးပါးလည်း ဖြစ်ခဲ့ရသည်။ ယင်းသည် ရက်စက်စွာ အရိုက်ခံကာ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရခြင်းမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ စိတ်ပျက်အားငယ်ဖွယ်ရာ အခြေအနေမျိုးက လူတစ်ဦးကို များစွာပင် ပြောင်းလဲသွားစေနိုင်သည်။
ယီယွင် ကောင်းကင်ထက်ဆီသို့ ကြည့်လိုက်သည်။ သူ၏အကြည့်နှင့် အာရုံခံနိုင်စွမ်းတို့က အခန်း၏မျက်နှာကျက်ကို ထိုးဖောက်နိုင်ရန် မဖြစ်နိုင်ပေ။ အပြင်ဘက်တွင် မည်သို့ဖြစ်နေသည်ကိုလည်း သူ မသိပေ။ သူသည် ကံကြမ္မာ အဆုံးအဖြတ်ပေးမည်ကို စောင့်နေရလေ၏။
သူ၏ရှင်သန်မှုကို အခြားသူများအား ဆုံးဖြတ်ခွင့်ပေးပြီး ကံကြမ္မာအပေါ်တွင် ပုံချသည်မှာ ဤသည်က နောက်ဆုံးအကြိမ်ဟု သူ ကျိန်ဆိုလိုက်၏။
ယနေ့မှစ၍ သူ၏ကံကြမ္မာကို သူကိုယ်တိုင်သာ ထိန်းချုပ်မည်။
ဤလောကထဲတွင် စွမ်းအားကြီးသူများကသာ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်သည်ဟု ဆိုလာပါက သူသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရပေမည်။ မဟာဧကရာဇ်နယ်ပယ်က မလုံလောက်သေးလျှင် သူသည် မဟာဧကရာဇ်နယ်ပယ်ထက် ကျော်လွန်အောင် လုပ်ဆောင်မည်။
.....................
လက်ရှိအချိန်၌ ကောင်းကင်ထက်တွင် အရိုးဓားက ခုတ်ပိုင်းနေသည်။ ထက်ရှသော ဓားချီသည် ကြယ်အလင်းများ တောက်ပသွားပြီး လေထုထဲတွင် သွေးနီရောင်များ စွန်းထင်းသွားသည်။ ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦးကို ဓားချီက ထက်ပိုင်းဖြတ်သွားခဲ့၏။
ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦး ထပ်မံကာ သေသွားခဲ့သည်။
ထိုအကြီးအကဲများ၏ ကျင့်ကြံမှုများက မဟာဧကရာဇ်နယ်ပယ်တွင် မရှိလေသောကြောင့် လမ်းပြလူငယ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိပေ။ လမ်းပြလူငယ်က အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်မိသည်နှင့် တစ်ချက်တည်း အသတ်ခံရသည်။
သာမန်အကြီးအကဲများ၏ စိတ်ထဲတွင် ဆုတ်ခွာလိုစိတ်များ ဖြစ်လာကြလေ၏။ သူတို့က ရှန်းထူမိသားစု၏ အစိတ်အပိုင်းများဖြစ်ပြီး အလုပ်ကြိုးစားကြသော်လည်း အသက်စွန့်ရန် ဝန်မလေးသည့်အဆင့်အထိ မရောက်သေးချေ။ သူတို့အတွက်မူ အသက်ရှင်ရေးက အရာအားလုံးထက် ပိုအရေးကြီးသည်။
လမ်းပြလူငယ် ချဥ်းကပ်လာခြင်းကြောင့် အကြီးအကဲများ ဆုတ်ခွာသွားကြ၏။
တစ်သောင်းဧကရာဇ်ဘုရင်က မျက်မှောင်ကုတ်ကာ... " မင်းတို့ ဘာကိုကြောက်နေတာလဲ။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဒီကောင့်ကို ဘိုးဘေးရဲ့ မရဏကောင်းကင်ပြောင်းလဲခြင်းတိုက်ကွက် ထိထားတယ်။ အခုလက်ရှိမှာ ဒီကောင် သက်သာသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကောင် တစ်ချိန်လုံး တောင့်ခံထားနိုင်မယ်လို့ ငါ မယုံဘူး "
တစ်သောင်းဧကရာဇ်ဘုရင်က လက်ဆန့်လိုက်ရာ ကြီးမားလှသော ခေါင်းလောင်းတစ်လုံး သူ၏လက်ဆီသို့ ပျံသန်းလာသည်။
ဒေါင်...။
ခေါင်းလောင်းသံ မြည်သွားလေ၏။ ချူစီရင်စုမြို့ထဲမှ သာမန်လူများကို ရွှေ့ပြောင်းပေးထာသည့်တိုင်အောင် သူတို့သည် ဆယ်ကီလိုမီတာခန့်အကွာမှ ခေါင်းလောင်သံကို ကြားလိုက်ရပြီး မူးဝေသွားကာ စိတ်များလေးလံသွားကြသည်။ ကျင့်ကြံမှု နိမ့်သူများမှာ တုန်ယင်သွားပြီး သွေးအန်လိုက်ရကြ၏။
ဒေါင်...။
ခေါင်းလောင်းကြီးက ထပ်မံကာ အသံမြည်လာသည်။ သေမျိုးများမှာ အသံလှိုင်းကို မခံနိုင်တော့ပေ။ အသံလှိုင်းကြောင့် သူတို့ သွေးမြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားရလေ၏။
အသံလှိုင်း နှစ်ကြိမ်ဆက်တိုက် ထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုအခါတွင် သွေးများက မြစ်တစ်စင်းပမာ ဖြစ်နေလေသည်။
ချူဘုရင်က အဝေးတစ်နေရာရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေသည်။ သူ မြင်ကွင်းကို မြင်တွေ့သွားကာ သက်ပြင်းရှည်ကြီး ချလိုက်လေ၏။
သူ၏စိတ်ထဲတွင် ဖော်မစွမ်းနိုင်သော ခံစားချက်တစ်ခု ဖြစ်လာရသည်။ လမ်းပြလူငယ်က တစ်သောင်းဧကရာဇ်ဘုရင်၏ ဘွဲ့အမည်ကို ခေါ်လိုက်စဥ်ကတည်းကပင် မဟာဧကရာဇ်နယ်ပယ် လူနှစ်ဦး၏ ပြိုင်ဆိုင်မှုက ချူစီရင်စုမြို့အား ထိခိုက်စေလိမ့်မည်ကို သူ သိခဲ့သည်။ ထို့ကြောင့်ပင် ဒေသခံများကို စောစီးစွာ ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ချူစီရင်စုမြို့ထဲတွင် လူများ အလွန်များလေသောကြောင့် အချိန်မီ ရွှေ့ပြောင်းနိုင်ရန် မဖြစ်နိုင်ပေ။ ထိုရလဒ်ကြောင့် အပြစ်မဲ့သော သာမန်လူများစွာ သေဆုံးခဲ့ရလေ၏။
တစ်သောင်းဧကရာဇ်ဘုရင်၏ ရှေ့တွင် ကြီးမားသော ခေါင်းလောင်းနက် လွင့်မျောနေသည်။ ခေါင်းလောင်းပေါ်တွင် ကြောက်မက်ဖွယ်ရာ မှော်စာလုံးများ ရေးထိုးထားလေရာ ခေါင်းလောင်းက နိမိတ်မကောင်းကာ အရိုင်းဆန်သောပုံစံ ဖြစ်နေလေ၏။
" ငါ့ရဲ့ တစ္ဆေတစ်သောင်းခေါင်းလောင်းကို လူသားအရှင်တစ်သောင်းရဲ့ ဝိညာဥ်တွေနဲ့ စွမ်းအားမြင့်ပေးထားတာပဲ။ ဒါပေမဲ့ ပင်မဝိညာဥ်အဖြစ်ထားဖို့ မဟာဧကရာဇ်နယ်ပယ် လူတစ်ဦး လိုနေသေးတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက မင်း ငါ့ရဲ့သားကို သတ်ခဲ့တယ်။ ဒီနေ့ ငါ မင်းရဲ့ဝိညာဥ်ကို တစ္ဆေတစ်သောင်းခေါင်းလောင်းရဲ့ ပင်မဝိညာဥ်အဖြစ် သုံးမယ်။ ဒါမှပဲ သားလေးရဲ့ ဝိညာဥ်ကို ငါက ပူဇော်ပေးနိုင်မှာ "
" ဒါက တကယ်ကို ကြေကွဲစရာပဲ။ ခင်ဗျားရဲ့ခန္ဓာကိုယ်က မြုံနေတော့ မျိုးဆက်မလည်းရှိတော့ဘူး။ အသက်ရှင်နေရတာ ဘာများ အဓိပ္ပါယ်ရှိတော့မှာလဲ " လမ်းပြလူငယ်က သရော်လိုက်သည်။
တစ်သောင်းဧကရာဇ်ဘုရင်က အသက်ရှည်လေပြီး များစွာသော မိန်းမများနှင့် ကိုယ်လုပ်တော်များ ရှိသည်ဖြစ်၍ မျိုးဆက်များစွာ ရှိသင့်လေသည်။ သို့သော် တစ်သောင်းဧကရာဇ်ဘုရင်က ရှေးဟောင်း မိစ္ဆာကျင့်စဥ်တစ်ခုကို ကျင့်ကြံခဲ့ပြီး လမ်းလွဲသွားခဲ့သည်။ သူက မရဏစိတ်ဝိညာဥ်မဟာတာအိုကျင့်စဥ်ကိုလည်း ကျင့်ကြံလေသောကြောင့် သူ၏တန်းခိုးများကို ဆုံးရှုံးထားရပြီး ဖြစ်လေသည်။
သေပြီးသော ခန္ဓာကိုယ်တစ်ခုတွင် အသက်အဆီအနှစ်များ ဖန်တီးပေးရန်မှာ အလွန်ခက်ခဲလေသောကြောင့် သူ၏သားဖြစ်သူ သေဆုံးသွားချိန်တွင် မကျေလည်နိုင်သော ရန်ငြိုးတစ်ခု ဖြစ်လာခဲ့ရသည်။
" သေချင်နေတာပဲ " တစ်သောင်းဧကရာဇ်ဘုရင်၏ မျက်ဝန်းများ ရဲရဲနီသွားလေ၏။
ဒေါင်...။
သူ တစ္ဆေတစ်သောင်းခေါင်းလောင်းကို တီးလိုက်လေရာ ကြောက်မက်ဖွယ်ရာ အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ အောက်ဘက်ရှိမြေပြင် တုန်ခါအက်ကွဲသွား၏။ အသံလှိုင်း ပဲ့တင်ထပ်မှုကြောင့် မြေပြင်သည် ရေမျက်နှာပြင်ပမာပင် လှိုင်းများထသွားရသည်။
မြောက်မြားစွာသော ခန်းမဆောင်များနှင့် ကျောက်ဆောင်များ ပျက်စီးသွားရလေ၏။ မျှော်စင်များ၏ အုတ်မြစ်များသည်ပင် အပေါ်ဘက်သို့ ကျွတ်ထွက်လာရသည်။
ယင်းက အဖျားခတ်ခြင်းမျှသာ ဖြစ်လေသည်။ တစ်သောင်းဧကရာဇ်ဘုရင်ထံမှ အသံလှိုင်းအများစုသည် လမ်းပြလူငယ်ကို တိုက်ရိုက်ထိမှန်လေ၏။
တစ္ဆေတစ်သောင်းခေါင်းလောင်း၏ အသံလှိုင်းနှင့် ရင်ဆိုင်ရချိန်၌ လမ်းပြလူငယ်၏ လက်ထဲတွင် ဝါးပုလွေတစ်ချောင်း ပေါ်ထွက်လာသည်။ သူ၏ဝါးပုလွေကို နေရာတိုင်း ယူသွားလေ့ရှိသည်။ သူ သားရဲအုပ်ကို ဦးဆောင်ချိန်တွင်ပင် သူ၏ဆန္ဒကို ပြောပြရန်အတွက် ဝါးပုလွေကို အသုံးပြုသည်။
ဝါးပုလွေထံမှ ချိုသာသော ဂီတသံတစ်ခု ထွက်ပေါ်လာပြီး ခေါင်းလောင်းအသံလှိုင်းနှင့် ဆုံတွေ့မိသည်။
ဘုန်း...။
အသံလှိုင်း ပေါက်ကွဲသွားကာ ဘေးပတ်လည်အား တုန်ခါသွားစေသည်။ အသံလှိုင်းထဲတွင် ဖုံးကွယ်ထားသည့် အားအကောင်းဆုံး တိုက်ခိုက်မှုက ဝိညာဥ်ဓား ဖြစ်လေ၏။
ဝိညာဥ်တိုက်ခိုက်မှုက အန္တရာယ်အများဆုံးဖြစ်ပြီး ကံဆိုးသွားပါက အလွန်ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာလိမ့်မည်။
ထိုနှစ်ဦး၏ ဝိညာဥ်များ ထိတွေ့မိသွားကြ၏။ သူတို့၏ စိတ်များထဲတွင် ပုံရိပ်ယောင်များ လွှမ်းမိုးသွားကာ မတိုးမသာမဆုတ်သာ အခြေအနေ ဖြစ်သွားလေသည်။
တစ်သောင်းဧကရာဇ်ဘုရင်၏ ဝိညာဥ်သည် သွေးရောင်အရိုးခေါင်းအဖြစ် ဖွဲ့စည်းသွားလေ၏။ ယင်းက လောကကြီးထဲသို့ နတ်ဆိုးမိစ္ဆာတစ်ကောင် ဝင်လာသည့်ပမာပင် အဆုံးမဲ့သော ဖိနှိမ်နိုင်စွမ်းများ ရှိလေသည်။
လမ်းပြလူငယ်၏ကျောဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းက ကြီးမားသော တောအုပ်တစ်ခု ဖြစ်လေသည်။ တောအုပ်ထဲတွင် နတ်နဂါးများနှင့် ဇာမဏီများ ပျံသန်းနေလေ၏။
မဟာဧကရာဇ်နှစ်ပါး၏ ပုံရိပ်များ ပြိုင်တူပေါ်ထွက်လာသည်။ ဤတိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေသို့ ရောက်နေပေပြီ။
" လမ်းပြလူငယ်နဲ့ တစ်သောင်းဧကရာဇ်ဘုရင်တို့ သူတို့ရဲ့ ဝိညာဥ်တွေနဲ့ တိုက်ခိုက်နေကြပြီ။ သူတို့က မတိုးသာမဆုတ်သာ ဖြစ်နေကြတော့ အခုက လမ်းပြလူငယ်ကို သတ်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ "
တစ်ဆယ်ကီလိုမီတာခန့်အကွာမှ ရှန်းထူနန်ထျန်းက အော်လိုက်သည်။
" သွားကြ။ မင်းတို့သာ လမ်းပြလူငယ်ကို သတ်နိုင်ခဲ့မယ်ဆိုရင် ဒီကောင့်ရဲ့သွေးကို နတ်ဆေးဖော်ပြီး မင်းတို့တွေကို တစ်လုံးဆီပေးမယ်။ မင်းတို့တွေ မတိုက်ခိုက်ဘဲ ပြန်ဆုတ်လာမယ်ဆိုရင်တော့ ဒီကိစ္စတွေကို ဘိုးဘေး သိသွားခဲ့ရင် မင်းတို့တွေ အပြစ်ပေးခံရမယ် "
ရှန်းထူနန်ထျန်းက ရှန်းထူဘိုးဘေးကို အသုံးပြုကာ ခြိမ်းခြောက်ခဲ့လေ၏။
ဤခြိမ်းခြောက်မှုနှင့် လမ်းပြလူငယ်၏ သွေးဆေးလုံးများ ဆွဲဆောင်မှုအောက်တွင် အကြီးအကဲငါးဦး ၊ အကြီးအကဲစုနှင့် အကြီးအကဲမော့တို့က လမ်းပြလူငယ်ဆီသို့ ပြေးဝင်သွားလေ၏။
သူတို့အားလုံးက လမ်းပြလူငယ်ကို တစ်ချက်တည်းနှင့် သတ်နိုင်ရေးအတွက် အကောင်းဆုံးတိုက်ကွက်များ အသုံးပြုထားကြသည်။
နတ်အလင်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့လေပြီး တိမ်တိုက်များ၏အလယ်တွင် လမ်းပြလူငယ် ရပ်နေသည်။
လူတိုင်း အသက်အောင့်လိုက်ကြ၏။ ဤတိုက်ပွဲ ပြီးဆုံးတော့မည်လော။
ဘုန်း...။
တိုက်ခိုက်မှုအားလုံး ပြိုင်တူပေါက်ကွဲသွားလေ၏။ စွမ်းအင်များ၏ တောက်ပသော အလင်းများကြောင့် လူတိုင်း မျက်လုံးမှိတ်လိုက်ရသည်။ အစွမ်းထက်သော စွမ်းအင်များက စွမ်းအင်စက်ကွင်းတစ်ခု ဖြစ်တည်သွားလေပြီး အခြားသူများအဖို့ အထဲသို့ အာရုံခံနိုင်ခြင်း မရှိတော့ပေ။ တိုက်ပွဲရလဒ်က မည်သို့ရှိသည်ကို သူတို့ မသိကြပေ။
လမ်းပြလူငယ်က တစ္ဆေတစ်သောင်းခေါင်းလောင်း၏ အသံကို ခုခံနေချိန်တွင် ကျွမ်းကျင်သူခုနစ်ဦး အတူပူးပေါင်းကာ သူ့အား တိုက်ခိုက်ခဲ့လေ၏။ ထိုအခြေအနေမျိုးတွင် မည်သူကမျှ ခုခံနိုင်မည်မဟုတ်ပေ။
" တိုက်ပွဲ ပြီးသွားပြီလား "
" လမ်းပြလူငယ် သေသွားပြီလား "
အလင်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ပြီး လူအများက ကောင်းကင်ထက်ဆီသို့ အာရုံစိုက်ကာ ကြည့်နေကြသည်။ သူတို့ မြင်လိုက်ရသည်မှာ ကောင်းကင်ထက်တွင် မသေမျိုးနတ်ဘုံတစ်ပမာ ဖြစ်လေ၏။
ယင်းသည် တောက်ပနေသည့် ပင်လယ်ပြာကျယ်ကြီး ဖြစ်လေ၏။ ပင်လယ်၏အထက်တွင် ကျွန်းတစ်ခု ရှိသည်။ ပင်လယ်သည် ကောင်းကင်ထက်၌ လွင့်မျောနေလေပြီး ပင်လယ်ထဲတွင် ကျွန်းငယ်တစ်ခု ရှိနေသည်။
ကျွန်းပေါ်တွင် စမ်းရေပမာပင် စိတ်ဝိညာဥ်ရေပန်းများ ပြည့်နေလျက်ရှိရာ ကျေးလက်ဒေသမြင်ကွင်းပမာ ဖြစ်နေလေ၏။ ဤကျွန်းပေါ်တွင် နှစ်ပေါင်းထောင်ချီအထိ ကြီးထွားရှင်သန်လာဟန်ရှိသည့် မက်မွန်ပင်များလည်း ရှိနေလေသည်။
လက်ရှိတွင် မက်မွန်ပင်များ ပွင့်လန်းနေလေ၏။ ပွင့်ဖက်များ ကြွေကျနေကာ ပန်းမိုးရွာသကဲ့သို့ ဖြစ်နေသည်။ ပန်းများအကြားတွင် နွားစိမ်းတစ်ကောင် လမ်းလျှောက်နေသည်ကို မြင်နေရလေ၏။
နွားစိမ်း ၊ မက်မွန်ပန်း ၊ နတ်ဘုံကျွန်း...။
ထိုနတ်ဘုံထဲတွင် အစိမ်းရောင်ဝတ်ထားသည့် လမ်းပြလူငယ် ရပ်နေသည်။ သူက ဝါးပုလွေကို ကိုင်ထားလျက်ရှိပြီး အစိမ်းရောင်အဝတ်များတွင် သွေးများစွန်းနေသည်။
လမ်းပြလူငယ် ဒဏ်ရာရထား၏။
လမ်းပြလူငယ်၏ လက်ချောင်းတွင် ငွေရောင်သွေးများ စီးကျနေ၏။
ပန်းရောင်မက်မွန်ပန်းများနှင့် ငွေရောင်သွေးများက ရုတ်တရက်ပင် လှပသော ပန်းချီကားတစ်ခု ဖြစ်သွားစေခဲ့လေသည်။