← Chapters

နောက်ဆုံးတော့ တိုင်အာက ထွက်သွားပြီ

Vol. 25 Ch. 369

နောက်ဆုံးတော့ တိုင်အာက ထွက်သွားပြီ

Vol. 25 Ch. 369

ကျယ်ဝန်းသော ကောင်းကင်ထက်တွင် ဥပဒေသ နတ်အလင်းများ တဖြည်းဖြည်းချင်း စတင်မှိန်ဖျော့လာလေ၏။ ကောင်းကင်တွင် ကြယ်စင်စုများ ပြန်လည်ကာ တောက်ပလာသည်။ လက်ရှိတွင် ချူစီရင်စုမြို့က လုံးဝပင် ပျက်စီးနေလေ၏။ ချူတော်ဝင်အိမ်တော်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလားပင်။ ဘေးပတ်လည်မှ အဆောက်အဦများ ပြိုကျပျက်စီးနေလျက်ရှိပြီး ချူတော်ဝင်အိမ်တော်ကမူ အမှုန့်ဖြစ်သွားခဲ့ကာ အပျက်အစီး အကြွင်းအကျန်များပင် မကျန်ခဲ့ပေ။

လမ်းပြလူငယ်က လက်တစ်ဖက်တွင် ပုံရိပ်ယောင်အရိုးဓားကို ကိုင်ထားလေပြီး အခြားတစ်ဖက်တွင် ဝါးပုလွေကို ကိုင်ထားလျက်ဖြင့် လရောင်အောက်တွင် ရပ်နေလေသည်။ သူ၏အစိမ်းရောင်အဝတ်များကို လေပြေ တိုက်ခတ်နေလေ၏။ သူ၏ တင့်တယ်မှုနှင့် ပါရမီတို့က ပြိုင်ဘက်ကင်းနေဟန်ပင်။

သူ၏မျက်ဝန်းအစုံက ရှန်းထူမိသားစု အကြီးအကဲများကို စူးစိုက်ကြည့်နေ၏။ အဆိုပါ နက်နဲသောအကြည့်သည် သူ၏ဦးခေါင်းထက်မှ အဆုံးမဲ့သော ကြယ်စင်ကောင်းကင်ကို ကိုယ်စားပြုနေသည့်ပမာ ထင်ရသည်။

" ဒီကောင် ဒဏ်ရာရနေတယ်။ အရမ်းပြင်းထန်တဲ့ဒဏ်ရာ ဖြစ်လောက်မယ်။ ဒီကောင် အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေလောက်ပြီ "

" ဒီကောင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ မရဏကောင်းကင်ပြောင်းလဲခြင်းကို လျစ်လျူရှုထားမယ်ဆိုရင်တောင် ဒီကောင့်ရဲ့ရင်ဘက်က ဒဏ်ရာတွေမှာ အဆိပ်သင့်နေပြီ။ ဒီကောင် သွေးမဲတွေ ထွက်နေတယ် "

လူတိုင်းသည် လမ်းပြလူငယ်၏ အခြေအနေကို ကောင်းစွာသိကြသော်လည်း မည်သူကမျှ ရှေ့တက်ဝံ့ခြင်းမရှိပေ။

အစောပိုင်းက လမ်းပြလူငယ်သည် ရှန်းထူမိသားစု၏ အကြီးအကဲများထဲမှ ခြောက်ယောက်ကို သတ်ခဲ့လေပြီး ယခုအခါတွင် တစ်သောင်းဧကရာဇ်ဘုရင်ကို သတ်ခဲ့လေသည်။ ယင်းက သူတို့အတွက် ကြီးစွာပင် တုန်လှုပ်ရသည်။ ထို့အပြင် သူတို့က လမ်းပြလူငယ်ကို သတ်နိုင်တော့မည်ဟု ထင်မိလိုက်ချိန်တိုင်းတွင် လမ်းပြလူငယ်ကသာ သူတို့ကို သတ်သွားခဲ့လေ၏။

ထို့ကြောင့် လမ်းပြလူငယ်၏ အသက်စွမ်းအင်များ ထိခိုက်နေကြောင်း သိနေသည့်တိုင်အောင် ရှန်းထူမိသားစုမှ မည်သည့်အကြီးအကဲကမျှ တိုက်ခိုက်ရဲခြင်းမရှိပေ။

အကြီးအကဲစုနှင့် အကြီးအကဲမော့တို့ပင် ရှေ့တက်ခြင်းမရှိပေ။ ဖိအားက အလွန်ကြီးမားလှလေ၏။

သူတို့အားလုံး ပုံအောမည်ဆိုပါက လမ်းပြလူငယ် ထွက်မသွားနိုင်အောင် တားနိုင်လောက်သည်။ သို့သော် သူတို့အဖို့ အဆုံးသတ်တွင် လူအနည်းငယ်သာ ကျန်ရစ်ခဲ့မည်မှာ သံသယဖြစ်ရန်မလိုပေ။ သူတို့အားလုံး လမ်းပြလူငယ်နှင့်အတူ သေဆုံးရသည်ပင် ဖြစ်နိုင်လေသည်။

မည်သူတစ်ဦးမျှ ထိုကဲ့သို့ စတေးလိုကြခြင်းမရှိပေ။

ထိုစဥ် လမ်းပြလူငယ်၏ရင်ဘက်မှ လက်သည်းရာဆယ်ခုထံမှ အနက်ရောင်အငွေ့များ ထွက်လာသည်ကို လူတိုင်း မြင်လိုက်ကြလေ၏။

ရှဲ...ရှဲ...ရှဲ...။

အနက်ရောင်အငွေ့များက ဒဏ်ရာထဲမှ ထွက်လာပြီးသည့်နောက် လေထဲတွင် လောင်ကျွမ်းသွားကာ ပြာဖြစ်သွားလေသည်။

လူအများ ထိုအဖြစ်ကိုမြင်ကာ နှလုံးသားများ တောင့်တင်းသွားကြပြီး..." ဒီကောင်က ပျက်စီးခြင်းစွမ်းအင်ကို သုံးပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို တွန်းထုတ်ပစ်နေတာပဲ "

" ဒါမကောင်းဘူး။ ဒီကောင် အဆိပ်တွေထုတ်တာကို ခွင့်ပြုပေးလို့မရဘူး။ ဒီကောင်သာ ပြန်ကောင်းသွားရင် ငါတို့တွေ ဒီကောင့်ကို ယှဥ်နိုင်မှာတောင် မဟုတ်တော့ဘူး။ ဒီနေ့ ငါတို့အားလုံး သေရတာတောင် ဖြစ်သွားနိုင်တယ် "

မမျှော်လင့်စွာဖြင့် လမ်းပြလူငယ်က လေထဲတွင် ဒဏ်ရာကုသနေပြီး သူတို့အားလုံးကို လုံးဝပင် လျစ်လျူရှုထားလေသည်။ ယင်းကြောင့် ရှန်းထူမိသားစုမှ အကြီးအကဲများ ဒေါသထွက်ရသည်။ သူတို့က လုံးဝပင် ရှိမနေသည့်အလားပင်။

ယခုတွင် သူတို့သာ လမ်းပြလူငယ်ကို တိုက်ခိုက်ခြင်းမပြုခဲ့ပါက တိုက်ပွဲတွင် အကြီးမားဆုံး အရေးသာမှုကို ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း သူတို့ သိသည်။

သို့သော် မည်သူကမျှ လမ်းပြလူငယ်ကို ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိပေ။ ရှေ့တက်သွားသူမှန်သမျှ သေချာပေါက်ပင် သေခြင်းနှင့် အဆုံးသတ်ရပေလိမ့်မည်။

သူတို့ ကြည့်နေစဥ်မှာပင် လမ်းပြလူငယ်၏ ရင်ဘက်တွင် အဖြူရောင်မီးခိုးငွေ့များ စတင်လောင်ကျွမ်းလာသည်။ သည်အတိုင်း သူတို့ ဘာမျှမလုပ်ဘဲ နေမည်ဆိုပါက အခွင့်အရေးရှိနိုင်တော့မည် မဟုတ်ပေ။

ရှီး...။

ပုံရိပ်ယောင်အရိုးဓားတွင် အေးစက်သော အလင်းတစ်ခု တောက်ပသွားလေ၏။ လရောင်အောက်တွင် လမ်းပြလူငယ် ကိုင်ထားသည့် အဖြူရောင်အရိုးဓားက ဆင်စွယ်ဖြူတစ်ချောင်းနှင့် ဆင်တူနေလေ၏။

" ကျုပ်တို့ ဘာလုပ်ကြမလဲ "

ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦးက အကြီးအကဲစုနှင့် အကြီးအကဲမော့အား မေးလိုက်သည်။

အကြီးအကဲစုနှင့် အကြီးအကဲမော့တို့၏ မျက်နှာများ အရုပ်ဆိုးနေကြသည်။

" ကျုပ်တို့က ဘယ်များလုပ်နိုင်သေးလို့လဲ။ ကျုပ်တို့က ဒီကောင် ပြန်ကောင်းလာတာကို မစောင့်နိုင်တော့တာကြောင့် ကျုပ်တို့အားလုံးကို ဒီကောင်က သတ်တာကို တကယ်ပဲ ခံတော့မလို့လား။ သခင်လေးကို ကာကွယ်ပြီး ထွက်သွားကြမယ် "

အကြီးအကဲမော့၏စကားကြောင့် ရှန်းထူမိသားစုမှ အကြီးအကဲများ ကသိ့ကအောင့် ဖြစ်သွားရလေ၏။ အမည်ခံအားဖြင့် သူတို့က သခင်လေးကို ကာကွယ်ပေးကာ ထွက်သွားကြခြင်းဖြစ်ပြီး စင်စစ်တွင်မူ သူတို့က ထွက်ပြေးကြခြင်းသာ ဖြစ်လေ၏။

သူတို့က လူအင်အားများလေပြီး မိုးမြေဧကရာဇ်အစီရင်ကိုပင် ချထားခဲ့သည်။ တစ်သောင်းဧကရာဇ်ဘုရင်ပင် အပိုဆောင်းပါဝင်သည့်တိုင်အောင် သူတို့က လမ်းပြလူငယ်ကြောင့် ဖိနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရသည်။ ယင်းက ဟာသကြီးတစ်ခုပင်။

ယခုအခါ လမ်းပြလူငယ်က အဆိပ်အား ကုသနေသည်ကို အခွင့်ကောင်းယူကာ ထွက်ပြေးခြင်းမပြုပါက အခြားနည်းလမ်း ရှိမည်မဟုတ်တော့ပေ။

" ချူစီရင်စုမြို့ကနေ ရွှေ့ပြောင်းမယ် "

အကြီးအကဲစုက ဆိုလိုက်ချိန်တွင် အခြားအကြီးအကဲများက တစ်ဦးနှင့်တစ်ဦးကြည့်ကာ မလိုလားစွာဖြင့် လက်ခံလိုက်ကြရသည်။ သူတို့က သတိချပ်ထားလျက်ဖြင့် မိုင်များစွာဝေးသည်အထိ တရွေ့ရွေ့ဆုတ်ခွာသွားကြသည်။ ထို့နောက်တွင် သူတို့က ရှန်းထူနန်ထျန်းကို ခေါ်ဆောင်ကာ လျင်မြန်စွာ ရွှေ့ပြောင်းသွားကြလေ၏။

အစမှ အဆုံးအထိ လမ်းပြလူငယ်က ခပ်အေးအေးသာ ရှိနေခဲ့လေပြီး ထပ်မံတိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူက အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်လေ၏။ ယင်းသည် တစ်သောင်းဧကရာဇ်ဘုရင်၏ အဆိပ်ကြောင့် မဟုတ်လေဘဲ လွန်ခဲ့သည့်ဆယ်နှစ်က သူ၏ခန္ဓာကိုယ်ထဲတွင် ရှန်းထူဘိုးဘေး ချန်ထားခဲ့သည့် မရဏကောင်းကင်ပြောင်းလဲခြင်းကြောင့် ဖြစ်လေသည်။

ယခုတွင် သူက တစ်သောင်းဧကရာဇ်ဘုရင်ကို သတ်ရန်အတွက် ပျက်စီးခြင်းမျိုးနွယ်၏သွေးကို အသုံးပြုခဲ့ရသည်။ ထိုအချင်းအရာကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ မရဏကောင်းကင်ပြောင်းလဲခြင်းကို လှုပ်ခတ်သွားစေခဲ့ပြီး သူ့အဖို့ ဖိနှိမ်မရလုနီးပါး ဖြစ်ခဲ့ရလေသည်။

ဤအခြေအနေမျိုးတွင် ရှန်းထူမိသားစု၏ အကြီးအကဲများကို အတင်းအကျပ် သတ်မည်ဆိုပါက သူ့အဖို့ ကြောက်မက်ဖွယ်ရာ တန်ကြေးကို ပေးရပေလိမ့်မည်။ သူ့အဖို့ ပြန်လည်ကုစားရသည့် အခြေအနေသို့ ပြန်ရောက်သွားမည်သာမက သူ၏အသက်စွမ်းအားများလည်း ထိခိုက်သွားစေလိမ့်မည်။

သူ၏အသက်စွမ်းအားများ အမှန်တကယ် ထိခိုက်သွားခဲ့ရပါက သူ့ကိုယ်သူအား ဆယ်စုနှစ်တစ်ခုအထိ ပြန်လည်ကျန်းမာအောင် ဂရုစိုက်လျှင်ပင် ပြန်လည်သက်သာရန်အတွက် ခက်ခဲပေလိမ့်မည်။

....................

" ရှန်းထူမိသားစု ဆုတ်ခွာသွားပြီ "

တိုင်အာနတ်မြို့မှ စစ်သည်များသည် ရှန်းထူမိသားစုက ချူစီရင်စုမြို့နှင့် ဆယ်မိုင်ခန့်အကွာအထိ ဆုတ်ခွာသွားပြီးနောက် ထွက်ပြေးသွားကြသည်ကို မြင်လိုက်ကြရသည်။ မကြာမီတွင် သူတို့က ညအမှောင်တွင် ပျောက်ကွယ်သွားကြလေ၏။

ထိုမြင်ကွင်းကြောင့် လူများစွာတို့ ရင်တထိတ်ထိတ် ဖြစ်သွားရလေ၏။

လမ်းပြလူငယ်က ရှန်းထူမိသားစုကို တစ်ကိုယ်တော် မောင်းထုတ်ခဲ့သည်။ ယခင်က သူတို့၏ အပြန်အလှန်စကားများအရဆိုလျှင် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က မရဏကောင်းကင်ပြောင်းလဲခြင်း ထိမှန်ထားသည့် လမ်းပြလူငယ်၏ စွမ်းအားများက လျော့ကျသွားခြင်းမရှိဘဲ စင်စစ်တွင် တိုးပွားလာခဲ့၏။

ယင်းကြောင့်ပင် ရှန်းထူမိသားစုက လမ်းပြလူငယ်၏စွမ်းအားကို ကြီးစွာလျော့တွက်မိခဲ့ကြခြင်း ဖြစ်လေသည်။

တိုင်အာနတ်မြို့မှ စစ်သည်များ အလွန်ပင် စိုးရိမ်နေကြလေ၏။ သူတို့အား လမ်းပြလူငယ်က ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်နေကြသည်။ လမ်းပြလူငယ် ဒေါသထွက်သွားပါက ချူစီရင်စုမြို့ပါ ဆွဲသွင်းခံရလိမ့်မည်။ ဧရာမသတ်ပွဲကြီး စတင်ပါက သူတို့ထဲမှ လူနည်းစုခန့်သာ လွတ်မြောက်နိုင်လိမ့်မည်။

မဟာဧကရာဇ်တစ်ပါးက မြို့တစ်ခုကို ဖျက်ဆီးပစ်ရန်မှာ အလွန်ပင် လွယ်ကူလေသည်။

သို့သော် လက်ရှိတွင် လမ်းပြလူငယ်က တိုင်အာနတ်မြို့မှ စစ်သည်များကို အာရုံမထားပေ။ သူက အဆိပ်များကို တိုက်ထုတ်ပြီးနောက် ပုံရိပ်ယောင်အရိုးဓားကို ကိုင်ထားပြီး မိုးမြေဧကရာဇ်အစီရင်၏ အထက်တွင် ရပ်လိုက်သည်။

ပုံရိပ်ယောင်အရိုးဓားသည် ဓားအလင်းသုံးခု ထုတ်လွှတ်လိုက်လေ၏။

ဝုန်း...။

မိုးမြေဧကရာဇ်အစီရင် အပြင်းအထန် တုန်ခါသွားကာ ထို့နောက်တွင်မူ လုံးလုံးလျားလျား ပွင့်ထွက်သွားလေ၏။ ထို့နောက်တွင် လမ်းပြလူငယ်က ခုတ်ချက်တစ်ခု ထပ်မံထုတ်လွှတ်လိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ချူတော်ဝင်အိမ်တော်၏ အခန်း ပွင့်ထွက်သွားလေ၏။

.....................

အခန်းထဲတွင် စွမ်းအင် ပေါက်ကွဲသံကြီးတစ်ခုကို ယီယွင် ကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ အခန်း၏အမိုးခုံး ပွင့်ထွက်နေသည်ကို မြင်လိုက်ရသည်။ လရောင်သည် အမိုးခုံး၏ ကြီးမားသော အက်ကွဲကြောင်းမှတစ်ဆင့် ဖြာဆင်းလာကာ သူ၏မျက်နှာကို ထွန်းလင်းနေလေ၏။

သူ အခန်းထဲတွင် အပိတ်ခံရစဥ်ကတည်းက နေ့နှင့်ညဟူ၍ မသိတော့ဘဲ လရောင်ကို မမြင်ရသည်မှာ ကြာခဲ့ပေပြီ။ ယခုအခါ လရောင်ပက်ဖြန်းသည်ကို ခံလိုက်ရချိန်၌ ယီယွင်မှာ ပြန်လည်မွေးဖွားလာသည့်ပမာ ခံစားလိုက်ရသည်။

ကျန်ခဲ့သည့်ဆယ်ရက်တွင် သူ သေဆုံးခဲ့ရသည်အလားပင်။

ယနေ့တွင် သူ ပြန်လည်မွေးဖွားလာပေပြီ။ သိုင်းပညာရပ်၏ အမြင့်မားဆုံး နယ်ပယ်ကို သူ နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေရပေမည်။ သူ၏ ကိုယ်ပိုင်ကံကြမ္မာနှင့် သူနှင့်ရင်းနှီးသော လူများ၏ ကံကြမ္မာများကို သူ ထိန်းချုပ်လိုသည်။

လရောင်အောက်တွင် လမ်းပြလူငယ်၏ အစိမ်းရောင်အဝတ်များ သွေးစွန်းထင်းနေ၏။ သူက အစွန်းအထင်းမရှိသော ကျောက်စိမ်းတစ်တုံးပမာပင်။ ပုံရိပ်ယောင်အရိုးဓားကို လက်ထဲတွင်ကိုင်ထားသည့် သူက ယီယွင်ကို ခံစားချက်မရှိ ကြည့်နေလေ၏။ သူ၏အသံတွင် ခံစားချက်မပါဘဲ ဆိုလိုက်သည်..." ငါနဲ့လိုက်ခဲ့ "

လမ်းပြလူငယ်က ဆက်မပြောတော့ပေ။ သူက လှည့်ထွက်သွားခဲ့ပြီး ယီယွင်ကို တစ်ချက်ပင် လှည့်မကြည့်တော့ပေ။

ယီယွင်သည် မမြင်ရသော အားအင်တစ်ခုက ခန္ဓာကိုယ်အား ရစ်ပတ်လာသည်ဟု ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် စတင်ကာ ပျံသန်းသွားလေ၏။

လရောင်အောက်တွင် လမ်းပြလူငယ်က ဓားကို ကိုင်ထားလျက်ဖြင့် ကြယ်စင်ကောင်းကင်ဆီသို့ ပျံသန်းသွားနေသည်။ သူ၏ အနက်ရောင်ဆံနွယ်များက လေနှင့်အတူ လှုပ်ခတ်နေကာ အဆုံးစွန်သော ဆွဲဆောင်မှုကို ပေးစွမ်းနေသည်။ သူ၏နောက်တွင် ယီယွင်က နီးကပ်စွာ လိုက်ပါသွားနေ၏။

လမ်းပြလူငယ်က စကားမဆိုသလို ယီယွင်ကလည်း တိတ်ဆိတ်နေသည်။ ဤကဲ့သို့နေ့မျိုးအား ကြုံရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူ့အား လူသားအဖွဲ့စည်းကြီးတစ်ခုက အကျဥ်းချခဲ့လေပြီး သူ့အား ကယ်တင်ခဲ့သူမှာ ပျက်စီးခြင်းမျိုးနွယ်မှ လမ်းပြလူငယ် ဖြစ်လေသည်။

ပထမဆုံးအကြိမ် ဆုံတွေ့သည်ကို ပြန်တွေးကြည့်လျှင် သူက နတ်အရိုင်းမြေထဲတွင် လမ်းပြလူငယ်နှင့် ဆုံတွေ့ခဲ့သည်။ လမ်းပြလူငယ်က နွားစိမ်းတစ်ကောင် စီးနင်းကာ ရေနက်နွံအိုင်ကို ဖြတ်ကျော်နေခဲ့သည်။ ထိုမြင်ကွင်းက အိပ်မက်တစ်ခုပမာပင်။

ထိုစဥ်က လမ်းပြလူငယ်တွင် ဤကဲ့သို့ သရုပ်မှန်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

နှစ်ဦးသား တိတ်ဆိတ်စွာပင် ရှေ့ဆင့်နောက်ဆင့် ပျံသန်းနေကြလေ၏။ သူတို့သည် တဖြည်းဖြည်းချင်း မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားကာ လရောင်အောက်တွင် ပုန်းကွယ်သွားကြလေ၏။

ထိုနှစ်ဦး လုံးဝပျောက်ကွယ်သွားချိန်တွင် တိုင်အာနတ်ပြည်ထောင်မှ စစ်သည်များ သက်ပြင်းချလိုက်ကြလေ၏။ လူအများစု၏ ကျောများတွင် ချွေးများစိုနေကြ၏။ လမ်းပြလူငယ်က သူတို့အား ကြီးမားသောဖိအား ပေးခဲ့လေသည်။

" ငါတို့က သေးနုပ်လွန်းတာကြောင့် လမ်းပြလူငယ်က ငါတို့ကိုသတ်ဖို့ စိတ်မဝင်စားတာလဲ ဖြစ်လောက်မယ် "

အဖိုးအိုတစ်ဦးက ခါးသီးစွာ ဆိုလိုက်သည်။ လမ်းပြလူငယ်က တိုင်အာနတ်ပြည်ထောင်ကို ဖြတ်ကျော်ကာ ယီယွင်ကို ကယ်တင်သွားခဲ့၏။ လမ်းပြလူငယ်အတွက် ဘေးမှရပ်ကြည့်နေကြသူများက ပုရွက်ဆိတ်အုပ်ထက် မပိုခဲ့ပေ။

" သူက ယီယွင်ကို ကယ်သွားခဲ့ပြီ။ ဒါပေမဲ့ ယီယွင်က ဒုက္ခိတဖြစ်နေပြီးပြီ " လူသားအရှင်သခင်တစ်ဦး သက်ပြင်းချလိုက်၏။ တိုင်အာနတ်ပြည်ထောင်မှ လူများမှာ ယီယွင်အတွက် သနားစိတ်ဖြစ်နေမိကြသည်။ အများစုသည် ယီယွင် ဒုက္ခိတဖြစ်သွားရသည်ကို စိတ်မကောင်း ဖြစ်နေကြလေ၏။

" အဲ့ဒီလို မဟုတ်လောက်ဘူး။ လမ်းပြလူငယ်ရဲ့စွမ်းအားက နတ်ဘုရားဆန်တယ်။ သူ့မှာ ယီယွင်ရဲ့ကျင့်ကြံမှုတွေ ပြန်ကောင်းလာစေဖို့ နည်းလမ်းရှိလောက်မယ် " အခြားသော လူသားအရှင်သခင်က ဆိုလိုက်သည်။

သို့သော် လူအများစုက ခေါင်းယမ်းလိုက်ကြ၏။

" သူ့ရဲ့သွေးကြောတွေ ပျက်စီးနေပြီး ခန္ဓာကိုယ်ထဲမှာ အအေးအဆိပ် ရှိနေတယ်ဆိုတော့ သူ့ရဲ့သွေးကြောတွေ ပြန်ဆက်ဖို့အတွက် ဘယ်လိုရတနာမျိုး လိုအပ်မယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။ ပြီးတော့ ပျက်စီးခြင်းမျိုးနွယ်က ယီယွင်အတွက် အဲ့ဒီလိုရတနာမျိုး အသုံးမပြုနိုင်တဲ့အချက်ကို ဖယ်ထားမယ်ဆိုရင်တောင် ယီယွင်အတွက် အဲ့ဒီဆေးမျိုးကို ကိုင်တွယ်နိုင်မယ်မှာမဟုတ်ဘူး "

" အခြေအနေတွေအားလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင်တောင် ယီယွင်ရဲ့သွေးကြောတွေ ပြန်ဆက်ဖို့က အချိန်အများကြီး ကြာလိမ့်မယ်။ သွေးကြောတွေ ပြန်ဆက်သွားရင်တောင် နဂိုကလောက် ကောင်းမှာမဟုတ်တော့ဘူး။ ပုန်းကွယ်နေတဲ့ ဒဏ်ရာအချို့တောင် ကျန်ခဲ့နိုင်တယ်။ အဲ့ဒီလိုသာဆိုရင် ယီယွင်က လူသားအရှင်သခင်နယ်ပယ် အထွတ်အထိပ်လောက်ပဲ ရောက်နိုင်လိမ့်မယ်။ မဟာဧကရာဇ်ကို အသာထားဦး ပညာရှိတစ်ဦး ဖြစ်လာဖို့တောင် အတော်ခက်ခဲလိမ့်မယ် "

တိုင်အာနတ်ပြည်ထောင်၏ သမိုင်းတွင် ပြိုင်စံရှားသော ပါရမီရှင်များ မနည်းခဲ့ပေ။ သို့သော် ရုတ်တရက်ဆန်သည့် ပြင်းထန်သော ဒဏ်ရာများကြောင့် သူ၏ ခန္ဓာကိုယ်များနှင့် ပါရမီတို့က ပြန်လည်သက်သာလာချိန်တွင် ယခင်ကနှင့် မတူကြတော့ပေ။ သူတို့၏ကျင့်ကြံမှုများကို ရွယ်တူများက တဖြည်းဖြည်းချင်း လိုက်မီလာကြမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတို့၏အလားအလာများ ကုန်ခမ်းသွားကာ လူအများအကြားတွင် အုတ်ရောရော ကျောက်ရောရော ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့ သာဓကများ များစွာပင်ရှိသည်။ ယီယွင်လည်း တူညီစွာပင် အဆုံးသတ်သွားလိမ့်မည်ဟု လူအများ သံသယဝင်မိကြသည်။

တွေးကြည့်ရုံနှင့်ပင် ရင်မောရလေ၏။

ကောင်းကင်ဂုဏ်ယူရသူ သားတော်တစ်ဦးက သည်ပုံစံအတိုင်း ကျဆုံးခဲ့ရချေသည်။ သူက အသက်ရှင်နေသေးသော်လည်း တောက်ပမှုများ ဆုံးရှုံးသွားချေပြီ။ ပိုမြင့်သည့်နေရာမှ ကျလေလေ ပိုမိုကာ အထိနာရလေလေပင်။

လူတစ်ဦးအဖို့ တစ်ညတည်းတွင် အရာအားလုံးကို ဆုံးရှုံးသွားရပါက မုန်းတီးမှုနှင့် စိတ်ပျက်အားငယ်မှုများကို မြေမြုပ်သင်္ဂြိုဟ်ကာ ရှင်သွားရပေတော့မည်။ လူအများက လေးစားအားကျရသော လူတစ်ဦးအတွက် စွမ်းအားများပျောက်ဆုံးကာ အားနည်းသူအဖြစ် ရှင်သန်နေရပြီး လက်စားချေခွင့်မရှိတော့ပါက သေခြင်းတရားသည်သာ ချမ်းသာသုခထက် ပိုကောင်းနိုင်လောက်သည်။

" အရာအားလုံးက ကံကြမ္မာသတ်မှတ်ထားပြီးသားပါ။ ရှန်းထူမိသားစု ရောက်လာတဲ့အချိန်မှာ ငါတို့က မျှော်လင့်ချက်ကို မြင်ရပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ အခု သူတို့က ဆုတ်ခွာသွားခဲ့ပြီ။ သူတို့တွေ ပြန်လာမလားဆိုတာကို ဘယ်သူ သိနိုင်မှာလဲ " ချူဘုရင်က ချူစီရင်စုမြို့၏ အပျက်အစီးများကို စိတ်လေးလံစွာဖြင့် ကြည့်နေသည်။

သူတို့က ရှန်းထူမိသားစုအား အလွန်စိတ်ပျက်မိကာ အလွန်ပင် မကျေမနပ် ဖြစ်နေရသည့်တိုင်အောင် တိုင်အာနတ်ပြည်ထောင်၏ စစ်သည်များမှာ ရှန်းထူမိသားစု သည်အတိုင်း ထွက်ခွာသွားမည်ကို စိုးရိမ်နေကြဆဲပင်။

အကယ်၍ လမ်းပြလူငယ် ပြန်ရောက်လာပါက လက်စားချေဖို့ရာသာ များလေသည်။ လမ်းပြလူငယ်က အခြားသော သားရဲတစ်အုပ် စေလွှတ်ကာ တိုင်အာနတ်ပြည်ထောင်ကို ဖျက်ဆီးပစ်လောက်သည်။

ရှန်းထူမိသားစုက အထက်စီးဆန်ကာ ရက်စက်သော်ငြားလည်း အနည်းဆုံးအနေဖြင့် လူသားမျိုးနွယ်ဘက်တွင် ရှိနေသေးသည်။

သူတို့အား ကူညီရန်အတွက် ကျားများ ၊ ကျားသစ်များ ၊ ဝံပုလွေများနှင့် အခြားသားရဲများထံ မျှော်လင့်မိခြင်းသည် သူတို့၏ အားနည်းမှုမှ ပေါက်ဖွားလာသော ကံဆိုးမိုးမှောင်ကျခြင်းကိုသာ ဆောင်ကြဥ်းပေးလာပေလိမ့်မည်။

All Chapters