လူသားမျိုးနွယ်နဲ့ ပျက်စီးခြင်းမျိုးနွယ်က လမ်းကြောင်းမတူဘူး
Vol. 25 Ch. 370
ယီယွင် လမ်းပြလူငယ်၏နောက်မှ ပျံသန်းနေခဲ့သည်မှာ အချိန်မည်မျှ ကြာသွားခဲ့သည်မှန်း မသိတော့ချေ။
ပျံသန်းနေချိန်တွင် ယီယွင်မှာ အမြန်နှုန်းက မြန်ဆန်သည်ဟု မခံစားရသလို သူ့အား တိုက်ခတ်နေသည့် လေများကလည်း အားကောင်းသည်ဟု မခံစားရပေ။ စင်စစ်တွင် ညင်သာသည်ဟုပင် ဆိုနိုင်လေသည်။
သို့သော် သူ၏အောက်ဘက်ရှိ မြေပြင်မြင်ကွင်းများကမူ ဟင်းလင်းပြင် တွန့်လိမ်နေသည့်ပမာပင် လျင်မြန်စွာ ပြောင်းလဲနေလေ၏။
" စီနီယာလမ်းပြလူငယ်... ကျုပ်ရဲ့အစ်မ ဘယ်မှာလဲ " နှစ်နာရီခန့် ပျံသန်းပြီးနောက် ယီယွင် ထိန်းမရတော့ဘဲ မေးလိုက်လေသည်။ လက်ရှိန်အချိန်၌ သူသည် ကျန်းရှောင်ယု အဘယ်နေရာတွင် ရှိနေသည်ကို အစိုးရိမ်ဆုံး ဖြစ်လေ၏။
လမ်းပြလူငယ်က တုန့်ပြန်ခြင်းမပြုဘဲ တောင်တစ်လုံးထိပ်သို့ ဆင်းသက်သွားလေသည်။ ဘေးပတ်လည်အား ကြည့်လိုက်လေရာ ဖုန်းဆိုးမြေများနှင့် ချောက်ကြီးများသာ ရှိလေသည်။ မီတာရာချီကာ မြင့်မားပြီး ကောင်းကင်သို့ ထိုးထွက်နေသော သက်တမ်းရင့် သစ်ပင်များစွာလည်း ရှိနေလသည်။
ထိုနေရာက တိမ်ရိုင်းနယ်မြေဖြစ်သည်ကို ယီယွင် မှတ်မိသွားသည်။
တိမ်ရိုင်းနယ်မြေထဲရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရသည်မှာ အေးစက်ပြင်းထန်သော လေများ တိုက်ခတ်နေလေ၏။ ယီယွင်က မျက်လုံးအား ဖုံးနေသော ဆံပင်များကို ဖယ်ရှားလိုက်ပြီး လက်သီးဆုပ်ကာ ဆိုလေသည်..." စီနီယာလမ်းပြလူငယ်က ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကြွေးကို ယီယွင်က အမြဲတမ်း အမှတ်ရနေမှာပါ။ အနာဂတ်မှာ ကျုပ် စီနီယာလမ်းပြလူငယ်ကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် "
လမ်းပြလူငယ်က တိတ်ဆိတ်နေပြီး ယီယွင်ကို ကျောပေးထားလေသည်။
ယီယွင် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ထပ်မံကာ မေးလိုက်သည်..." ကျုပ် မေးစရာရှိပါတယ် စီနီယာ။ ကျုပ်ရဲ့အစ်မ ဘယ်မှာလဲ "
လမ်းပြလူငယ်က အဆုံးမဲ့ ဖြန့်ကျတ်နေသော ကုန်းမြေကိုကြည့်နေရင်း ဆိုလိုက်လေသည်..." မင်းအနေနဲ့ ဒီကျေးဇူးကို သတိရနေစရာ မလိုသလို ကျေးဇူးပြန်ဆပ်ဖို့လည်း မလိုဘူး။ ငါ မင်းကို ကယ်ပေးခဲ့တာက ဆက်ခံသူရဲ့ တောင်းဆိုမှုကို သဘောတူခဲ့တာကြောင့်ပဲ။ ဆက်ခံသူကတော့ အခြေအနေအချို့ကို သဘောတူခဲ့ရတာပေါ့လေ။ ဒါကြောင့် မင်းက ငါ့ဆီမှာ ဘာအကြွေးမှ တင်မနေဘူး "
" အခု ငါ မင်းကို ကယ်ပေးပြီးပြီဆိုတော့ မင်း သွားလို့ရပြီ "
ထွက်သွားရမယ်တဲ့လား။
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ သူက အဘယ်သို့များ သည်အတိုင်း ထွက်သွားရပါမည်နည်း။ သူက ကျန်းရှောင်ယုကိုပင် မတွေ့ရသေးချေ။
" စီနီယာ... ကျုပ်ရဲ့အစ်မနဲ့ တွေ့ချင်သေးတယ် "
ယီယွင်က အလေးအနက် ဆိုလိုက်သည်။
လမ်းပြလူငယ်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး..." လူသားမျိုနွယ်နဲ့ ပျက်စီးခြင်းမျိုးနွယ်က အစကတည်းကကို မသက်ဆိုင်တဲ့ လောကနှစ်ခုပဲ။ မျိုးနွယ်နှစ်ခုအကြားမှာ မလိုမုန်းထားမှုတွေလည်း ရှိနေတယ်။ မင်းက ဆက်ခံသူနဲ့ တွေ့ဖို့မလိုဘူး။ ဒါ့အပြင်... သူက မင်းရဲ့အစ်မ မဟုတ်ဘူး။ မင်းတို့နှစ်ယောက်ရဲ့ ရေစက်က ဒီမှာပဲ အဆုံးသတ်ပြီ "
ယီယွင်၏နှလုံးသား တောင့်တင်းသွားရသည်။ သူတို့၏ရေစက် အဆုံးသတ်ပြီတဲ့လား။
သူနှင့်ကျန်းရှောင်ယုသည် တစ်လျှောက်လုံး တစ်ဦးနှင့်တစ်ဦး မှီခိုအားထားကာ အဆိုးအကောင်းမှန်သမျှကို ကျော်ဖြတ်ခဲ့ကြသည်။ သို့သော် ယခုအခါတွင် လမ်းပြလူငယ်၏ ရိုးရှင်းသောစကားများကြောင့် သူတို့၏ရေစက်ကို အဆုံးသတ်ရတော့မည်လော။
" စီနီယာလမ်းပြလူငယ်... စီနီယာပြောခဲ့သလိုပဲ လူသားမျိုနွယ်နဲ့ ပျက်စီးခြင်းမျိုးနွယ်တို့က မတူညီတဲ့ လောကနှစ်ခု ဖြစ်နေတာကြောင့် ကျုပ်နဲ့ ကျုပ်ရဲ့အစ်မတို့ရဲ့ ရေစက်က အဆုံးသတ်ရတော့မယ်ဆိုရင် ကျုပ်က ကျုပ်ရဲ့အစ်မနဲ့ တစ်ခါလောက်တွေ့ပြီး သူကိုယ်တိုင် ပြောတာကို ကြားချင်ပါတယ်။ အစ်မကလည်း ကျုပ်တို့ရဲ့ရေစက် အဆုံးသတ်သင့်ပြီလို့ တွေးမိနေတာဆိုရင် ကျုပ် ချက်ချင်းထွက်သွားပြီး သူ့ရဲ့ဘဝထဲမှာ ဘယ်တော့မှ ကြားဝင်မပတ်သတ်တော့ဘူး "
ယီယွင်က ထိုစကားလုံးများကို လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။ သူတို့၏ရေစက်က အဆုံးသတ်သင့်ပြီဟု ကျန်းရှောင်ယုက တွေးနေလိမ့်မည်ကို သူ မယုံကြည်ပေ။ ကျန်းရှောင်ယုနှင့် သူနှင့်အကြားမှ ပတ်သတ်မှုအား ယခင်က ဆက်ဆံဖူးခြင်းမရှိသည့် ကျန်းရှောင်ယုနှင့် ပျက်စီးခြင်းမျိုးနွယ်တို့၏ ပတ်သတ်မှုက ယှဥ်၍မရပေ။
လမ်းပြလူငယ်က ယီယွင်ကို လှည့်ကြည့်လိုက်သည်။ သူ၏ဆံပင်များ လေနှင့်အတူ လွင့်နေလျက်ရှိပြီး မျက်ဝန်းများက သမုဒ္ဒရာပမာ နက်ရှိုင်းနေလေသည်။
" မင်း သူနဲ့တွေ့စရာမလိုဘူး။ သူကလည်း မင်းနဲ့ တွေ့ရမှာမဟုတ်ဘူး။ ဒါဟာ သူ အစကတည်းက ပေးထားတဲ့ကတိပဲ။ ဒါဟာ ငါ မင်းကို ကယ်တင်ပေးရခဲ့တဲ့ အခြေအနေတစ်ခုဆိုလည်း ဟုတ်တယ် "
ဘယ်လို...။
ယီယွင် မွန်းကျပ်သွားရလေ၏။
လမ်းပြလူငယ်က သူ့အား ကူညီပေးရေးအတွက် ကျန်းရှောင်ယုက ထိုကဲ့သို့ အခြေအနေအောက် ရောက်သွားခဲ့ချေသည်။
အစ်မဖြစ်သူ၏ အဆင့်အတန်းက ပျက်စီးခြင်းမျိုးနွယ်ထဲတွင် ထူးခြားနေမည်ဟု သူ ခန့်မှန်းမိသော်လည်း သူမတွင် စွမ်းအားမရှိပေ။ သူမ လုပ်ဆောင်လိုသည့် အရာများစွာတွင် တားမြစ်ခံရပေလိမ့်မည်။ သူ့အား ကယ်တင်ရေးအတွက် ကျန်းရှောင်ယုက လမ်းပြလူငယ်ထံတွင် တောင်းဆိုခဲ့ချိန်၌ အခြေအနေများစွာကို သဘောတူခဲ့ရမည်မှာ သံသယဖြစ်ရန် မလိုပေ။
" သူက ဘာတွေ ကတိပေးခဲ့ရသေးလဲ " ယီယွင် မေးလိုက်သည်။ လမ်းပြလူငယ်၏ စကားများကြောင့် သူ စိတ်ဓာတ်ကျရသည်။
" အခြားအရာတွေက သူ့ရဲ့ကျင့်ကြံမှု ၊ ပျက်စီးခြင်းမျိုးနွယ်နဲ့ ပတ်သတ်နေတယ်။ အဲ့ဒီအရာတွေကိုတော့ မင်း သိစရာမလိုသလို စိုးရိမ်နေစရာလည်း မလိုဘူး။ ဆက်ခံသူ သဘောတူလာအောင် ငါလုပ်ခဲ့တဲ့အရာတွေကို သူ မလုပ်ချင်ခဲ့ဘူးဆိုပေမဲ့ ဒါတွေအားလုံးက သူ ကောင်းဖို့အတွက်ပဲ။ ပျက်စီးခြင်းမျိုးနွယ်ရဲ့ အနာဂတ်အတွက်လည်း ဟုတ်တယ်။ လူသားမျိုနွယ်နဲ့ ပျက်စီးခြင်းမျိုးနွယ်က လမ်းကြောင်းမတူတော့ မင်းအနေနဲ့ သူ့ကို မေ့ပစ်လိုက်တာက အကောင်းဆုံးပဲ "
" ငါ မင်းကို အကြံထပ်ပေးလိုက်မယ်။ မြန်မြန် ကြီးထွားလာတော့။ ငြိမ်းချမ်းနေတဲ့ နှစ်ကာလတွေက ကြာရှည်မခံတော့ဘူး။ ငါတို့တွေ နောက်တစ်ကြိမ် ပြန်ဆုံဖြစ်ချိန်ကျရင် ငါတို့က ရန်သူတွေ ဖြစ်နေနိုင်တယ် "
စကားဆုံးသောအခါတွင် လမ်းပြလူငယ်က ထွက်သွားရန် ပြင်လိုက်သည်။ ယီယွင်က အော်ကာ တားလိုက်လေသည်..." နေပါဦး "
" ဘာကျန်သေးလို့လဲ "
လမ်းပြလူငယ်က ယီယွင်ကို ကျောပေးထားလေပြီး လှည့်ကြည့်ရန် စိတ်ကူးမရှိချေ။
" ငြိမ်းချမ်းနေတဲ့ နှစ်ကာလတွေက ကြာရှည်မခံတော့ဘူးဆိုတော့... ခင်ဗျားတို့ ပျက်စီးခြင်းမျိုးနွယ်က လူသားမျိုနွယ်နဲ့ စစ်ခင်းတော့မှာလား "
လမ်းပြလူငယ်က ဆိုသည်..." မလိုအပ်သေးပါဘူး။ ဒါပေမဲ့... ငါတို့တွေ မဖြစ်မနေ စစ်ခင်းရဖို့လည်း အလားအလာရှိတယ် "
" အစကတော့ တိုင်အာနတ်ပြည်ထောင်ကို ဖျက်ဆီးတာက စစ်မီးပျိုးတာပဲ။ ခေါင်းဆောင်ရဲ့အမိန့်က တိုင်အာနတ်ပြည်ထောင် ၊ ယွင်လုံနတ်ပြည်ထောင်နဲ့ ဘေးပတ်လည်က တိုင်းပြည်တွေဆီ လမ်းဖောက်ဖို့ပဲ။ ဒါမှပဲ နတ်အရိုင်းမြေက အဲ့ဒီတိုင်းပြည်တွေရဲ့ နယ်မြေတွေကို သိမ်းယူနိုင်ပြီးတော့ နတ်အရိုင်းမြေက ထျန်းယွမ်ကမ္ဘာကြီးတစ်ခုလုံးဆီကို လမ်းဖောက်နိုင်မှာလေ။ ထျန်းယွမ်ကမ္ဘာကြီးဆိုတာ မင်းတို့ရဲ့အခေါ်အရဆို အနောက်ပိုင်းဒေသပဲ "
" ဒါပေမဲ့ မတော်တဆအနေနဲ့ ငါတို့ ဆက်ခံသူကို ရှာတွေ့ခဲ့တာကြောင့် အဲ့ဒီကိစ္စကိုလုပ်ဖို့ အလျင်မလိုတော့ဘူး။ ဒါ့အပြင် ဆက်ဆံသူက ကြင်နာတတ်တော့ တိုင်အာနတ်ပြည်ထောင် သွေးချောင်းစီးမှာကို မမြင်ချင်ဘူးလေ "
နတ်အရိုင်းမြေက ထျန်းယွမ်ကမ္ဘာကြီးဆီကို လမ်းကြောင်းအားလုံး ဖောက်မှာတဲ့လား။
ယီယွင် ရင်ထိတ်သွားရသည်။ ယီယွင်က ထျန်းယွမ်ကမ္ဘာကြီးကို မသိပေ။ မူလက ထျန်းယွမ်ကမ္ဘာကြီးသာ် ကျားကွက်ခုံ၏ ဗဟိုချက် ဖြစ်နေခဲ့သည်။
ထျန်းယွမ်ကမ္ဘာကြီးက ဤလောကကြီး၏ ဗဟိုချက် ဖြစ်ပုံရလေသည်။ တိုင်အာနတ်ပြည်ထောင်ကမူ လောက၏ဗဟိုချက်နှင့် ဝေးကွာလွန်းနေသော တိုင်းပြည်တစ်ခုသာ ဖြစ်လေ၏။ ထျန်းယွမ်ကမ္ဘာကြီးက တိုင်အာနတ်ပြည်ထောင်၏ အနောက်ဘက်တွင် ရှိနေခဲ့ခြင်းကြောင့် တိုင်အာနတ်ပြည်ထောင်က ထိုနေရာကို အနောက်ပိုင်းဒေသဟု ယေဘုယျအနေဖြင့် ခေါ်ဝေါ်နေခြင်း ဖြစ်လေသည်။
နတ်အရိုင်းမြေကမူ တိုင်အာနတ်ပြည်ထောင်၏ မြောက်ဘက်တွင် ရှိလေ၏။ လမ်းပြလူငယ်ကသာ သားရဲအုပ်တစ်ခု ဖန်တီးပြီး တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးကို ဝါးမျိုလိုက်မည်ဆိုပါက မြို့များအားလုံး ပျက်စီးသွားပေလိမ့်မည်။ နယ်မြေသည် ပျက်စီးခြင်းသားရဲများ၏နယ်မြေ ဖြစ်သွားပေလိမ့်မည်။ ထို့နောက်တွင် တိုင်အာနတ်ပြည်ထောင်က နတ်အရိုင်းမြေ၏ တစ်စိတ်တစ်ဒေသ ဖြစ်သွားပေတော့မည်။
နတ်အရိုင်းမြေနှင့် ထျန်းယွမ်ကမ္ဘာကြီးသာ ချိတ်ဆက်မိသွားပါက ပျက်စီးခြင်းမျိုးနွယ်သည် နတ်အရိုင်းမြေကို အခြေပြုကာ သားရဲအုပ်များ ဖန်တီးပြီး ထျန်းယွမ်ကမ္ဘာကြီးကို တိုက်ရိုက် တိုက်ခိုက်ပေလိမ့်မည်။
ရှန်းထူမိသားစုကလည်း ထျန်းယွမ်ကမ္ဘာကြီးထဲတွင် တည်ရှိနေလေ၏။
ပျက်စီးခြင်းမျိုးနွယ်က ရှန်းထူမိသားစုနှင့် ရန်ငြိုးရှိသည်ကို ယီယွင် သိလေသည်။ ယခင်က ပျက်စီးခြင်းမျိုးနွယ်သည် သားရဲအုပ်တစ်စု ဖန်တီးကာ ရှန်းထူမိသားစုကို တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့ရလေ၏။ သို့သော် ထိုစဥ်က လမ်းပြလူငယ်သည် သားရဲအုပ်တစ်စု ဖန်တီးကာ ရန်သူ့ပိုင်နက်ထဲသို့ ဝင်သွားခဲ့သည်ဖြစ်ပြီး ကူညီပေးမည့်သူ မရှိပေ။ သူက နတ်အရိုင်းမြေကို မှီခိုခြင်းမရှိခဲ့ပေ။
နတ်အရိုင်းမြေနှင့် လမ်းကြောင်းပွင့်သွားခဲ့ပါက နတ်အရိုင်းမြေထဲတွင် အဆုံးမဲ့သော သားရဲအုပ်များ ဖြစ်ပေါ်လာကာ ထျန်းယွမ်ကမ္ဘာကြီးဆီသို့ တည့်မတ်စွာ သွားကြပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် စစ်ပွဲရလဒ်က ပြောင်းလဲသွားဖို့ရာသာ များလေသည်။
" အစ်မရဲ့ သရုပ်မှန်ကို ကျုပ် သိလို့ရမလား။ သူ့ရဲ့ဇာစ်မြစ် ပျက်စီးခြင်းမျိုးနွယ် အဆင့်မြင့် မျိုးနွယ်ဝင်တစ်ဦးဆိုပေမဲ့ တိမ်ရိုင်းနယ်မြေထဲမှာ အဆုံးသတ်ခဲ့ရတယ်။ ပြီးတော့ ရှန်းထူနန်ထျန်းက သူ့ရဲ့သရုပ်မှန်ကို ဘယ်လိုလုပ်ပြီး တစ်ချက်ကြည့်ရုံနဲ့ သိသွားရတာလဲ။ ပျက်စီးခြင်းမျိုးနွယ်နဲ့ ရှန်းထူမိသားစုက ဘာကြောင့် မကျေလည်နိုင်တဲ့ ရန်ငြိုးတွေ ရှိနေရတာလဲ "
ယီယွင်သည် ထိုကိစ္စ၏နောက်ကွယ်မှ အကြောင်းအရာများကို အမြဲတမ်းလိုပင် သိလိုခဲ့လေပြီး ကျန်းရှောင်ယု၏ ငယ်ဘဝကိုလည်း နားလည်လိုသည်။
သို့သော် လမ်းပြလူငယ်က ရှင်းပြလိုဟန်မရှိဘဲ ခပ်အေးအေးပင် ဆိုလိုက်လေသည်..." မင်း သိစရာမလိုဘူး "
လမ်းပြလူငယ်က စကားဆုံးသည်နှင့် အဝေးသို့ ပျံသန်းသွားခဲ့လေသည်။ သူ၏ပုံရိပ်က ညအမှောင်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေပြီး တောင်ထိပ်ပေါ်တွင် ယီယွင်က ရပ်နေလျက်သား ကျန်ရစ်ခဲ့သည်။
လမ်းပြလူငယ် ထွက်ခွာသွားချေပြီ။ ဖုန်းဆိုးမြေသည် တိတ်ဆိတ်နေလေ၏။ လေတိုက်ခတ်သံများကိုသာ ကြားနေရသည်။ ယီယွင် စိတ်ရှုပ်ထွေးနေရလေ၏။
သူ အန္တရာယ်ထဲမှ လွတ်မြောက်လာသော်လည်း ကျန်းရှောင်ယုနှင့် မတွေ့ခဲ့ရချေ။ အနာဂတ်တွင် သူမနှင့် ထပ်မံဆုံတွေ့ရန် အလွန်ခက်ခဲပေတော့မည်။
အကယ်၍ သူတို့ ထပ်မံဆုံတွေလျှင် သူမက ပျက်စီးခြင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေမည်ဖြစ်ပြီး သူက လူသားမျိုးနွယ်မှ ဖြစ်လေသောကြောင့် မည်ကဲ့သို့ ဖြစ်လာမည်နည်း။
သူက တိုင်အာနတ်ပြည်ထောင်သို့ ပြန်သွားမည်မဟုတ်တော့ပေ။ သူ မည်သည့်နေရာသို့ သွားရမည်နည်း။
နတ်အရိုင်းမြေ...။
သူ၏စွမ်းအားနှင့်ဆိုလျှင် နတ်အရိုင်းမြေကို ဖြတ်သန်းသွားရန် မဖြစ်နိုင်လုနီးပါးပင်။ သူ နတ်အရိုင်းမြေကို ဖြတ်သွားသင့်လေသလော။
လက်ရှိတွင် မည်သည့်နေရာသို့ သွားသင့်သည်ကို ယီယွင် မသိပေ။
သူ၏စွမ်းအားများကို တိုးမြင့်ရန် အရေးတကြီး လိုအပ်နေလေ၏။
..............
ယီယွင်နှင့် လမ်းခွဲလာပြီးနောက် လမ်းပြလူငယ်က အလွန်မြန်ဆန်စွာ ပျံသန်းနေသည်။ သူ၏ဦးတည်ရာက တိုင်အာနတ်မြို့ ဖြစ်လေ၏။
ယီယွင်ကို ကယ်တင်ရန်အတွက် သူ များစွာနှောင့်နှေးခဲ့ရသည်။ သူ ဒဏ်ရာပင် ရခဲ့သေးချေ၏။
လမ်းပြလူငယ် ပျံသန်းနေချိန်တွင် စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် အဝေးမှ အသံတစ်ခု မြည်ဟီးနေ၏။ ထိုသတင်းစကားက တိုတောင်းလေသည်။
" ချိတ်တံဆိပ်က လျော့ရဲလာနေပြီ။ အရှိန်လျော့ "
ချိတ်တံဆိပ် လျော့ရဲလာကြောင်း ကြားလိုက်ရချိန်တွင် လမ်းပြလူငယ် အသက်ပြင်းပြင်း ရှုလိုက်လေ၏။ အမြဲတမ်းလို အေးအေးဆေးဆေး ရှိနေခဲ့သော သူ၏မျက်ဝန်းတွင် လက်ရှိအချိန်၌ မျှော်လင့်စောင့်စားမှုများ ရှားရှားပါးပါး တောက်ပနေလေ၏။
ယင်းက နောက်ဆုံးတွင် စတင်ခဲ့ချေပြီ။ အရာအားလုံးက အသီအစဥ်တကျ သွားနေလေ၏။
မမျှော်လင့်ထားသော အံ့အားသင့်စရာမှာ ဆက်ခံသူ ပြန်ရောက်လာခဲ့ခြင်းပင်။
နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် ဆက်ခံသူက သေဆုံးခြင်းမရှိပေ။ ထိုအချင်းအရာနှင့်သာဆိုလျှင် သူသည် ပျက်စီးခြင်းမျိုးနွယ်အတွက် ခေတ်သစ်တစ်ခု ဖွင့်လှစ်နိုင်လောက်သည်။