← Chapters

ချိတ်တံဆိပ်

Vol. 25 Ch. 371

ချိတ်တံဆိပ်

Vol. 25 Ch. 371

နတ်အရိုင်းမြေအတွင်း တိုင်အာနတ်မြို့တွင်။

မီးခိုးရောင် ညကောင်းကင်ထဲတွင် လမ်းပြလူငယ်သည် တိုင်အာနတ်မြို့ထဲသို့ အစိမ်းရောင် မီးခိုးတန်းတစ်ခုပမာ ဆင်းသက်သွားလေ၏။

" အရှင်ချင်းခွေ့.... မဟာကဝေရွှမ်းယင်က အရှင်ချင်းခွေ့ အမြန်ဆုံး ရောက်လာပေးဖို့ကို တောင်းဆိုလိုက်ပါတယ် "

ပျက်စီးခြင်းမျိုးနွယ်မှ ပေါ့ပါးသောချပ်ဝတ်ကို ဝတ်ဆင်ထားသည့် စစ်သည်တစ်ဦးက လမ်းပြလူငယ် ဆင်းသက်လာချိန်တွင် ဂါရဝပြုကာ ဆိုလိုက်လေသည်။

ချင်းခွေ့ ဆိုသည်မှာ လမ်းပြလူငယ်၏ အမည်အစစ် ဖြစ်လေသည်။ သူ လူသားတိုင်းပြည်များစွာကို ဖြတ်သန်းသွားလာခဲ့စဥ်က အမည်အစစ်ကို အသုံးမပြုခဲ့လေသောကြောင့် လူသားများက သူ့အား လမ်းပြလူငယ်ဟုသာ ခေါ်ခဲ့ကြခြင်း ဖြစ်လေသည်။

ချင်းခွေ့ ခေါင်းညိတ်ကာ တိုင်အာနတ်မြို့ထဲရှိ ဗဟိုနတ်မျှော်စင်ဆီသို့ ဦးတည်လိုက်လေသည်။

ချင်းခွေ့ ဗဟိုနတ်မျှော်စင်ထဲသို့ ဝင်ပြီးသည့်နောက်တွင် မြေအောက်ခန်းဆီသို့ သွားခဲ့လေပြီး နောက်ဆုံးတွင် သူ ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းဆီသို့ ရောက်ရှိချိန်မှသာ ရပ်ခဲ့လေသည်။

ဤနေရာတွင် တိုင်အာနတ်မြို့၏ မြို့သခင်သာ ရှိနေခဲ့ပါက သူ လုံးဝပင် အံ့အားသင့်သွားပေလိမ့်မည်။

တိုင်အာနတ်ပြည်ထောင်သည် ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းကို တိုင်အာနတ်မြို့၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။ သို့သော် မျိုးဆက်တိုင်း၏ မြို့သခင်များက ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းတို့၏ နောက်ကွယ်တွင် ထိုကဲ့သို့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ကြောင်းကို မသိခဲ့ကြပေ။

ယခုတွင် သင်္ချိုင်းနှစ်ခုက ပွင့်နေလေသည်။

ဓားမောက်သင်္ချိုင်းနှင့် ဓားသင်္ချိုင်းတို့ အောက်တွင် ကြီးမားသော အနက်ရောင်နေရာလပ်တစ်ခု ရှိနေလေသည်။ ထိုဟင်းလင်းပြင်က အဆုံးမဲ့သော ချောက်နက်ကြီးဆီသို့ ဦးတည်နေပုံရသည်။ ချောက်နက်ကြီး၏ မျက်နှာပြင်တွင် ခရမ်းရောင်ဝဲကတော့တစ်ခု ဖြည်းညင်းစွာ လည်နေလေ၏။

ချင်းခွေ့သည် ဝဲကတော့၏ရှေ့တွင် လေးနက်သော အမူအရာဖြင့် ရပ်နေလေ၏။

" နင် ခဏလောက် အနားယူဖို့လိုသေးလား။ နင့်ကို ကြည့်ရတာ အခြေနေသိပ်မကောင်းဘူး "

ထိုစဥ် သူ၏ကျောဘက်တွင် မက်မွန်ပင်သား တောင်ဝှေးနှင့် အဖွားအိုတစ်ဦး ထွက်ပေါ်လာသည်။

" ရွှမ်းယင်... မင်း အလုပ်ကြိုးစားသားပဲ။ ငါမရှိတဲ့ ဒီရက်တွေအတွင်းမှာ မင်းက ဒီနေရာကို စောင့်ရှောက်ပေးထားတယ် "

လမ်းပြလူငယ်က အဖွားအိုကို ပြောလေသည်..." ငါ အနားယူဖို့ မလိုပါဘူး။ ငါ ဆေးအချို့ သောက်ထားတယ်။ ငါ့ရဲ့ဒဏ်ရာတွေက ပြန်သက်သာလာနေတဲ့အပြင် ငါ့ရဲ့ခန္ဓာကိုယ်ထဲက မရဏကောင်းကင်ပြောင်းလဲခြင်းကိုလည်း တစ်ခါထပ်ပြီး ဖိနှိမ်ထားပြီးပြီ "

" ချင်းခွေ့..."

အဖွားအိုက ခေါင်းယမ်းကာ... " ဒီတစ်ကြိမ်မှာ နင်က တိုင်အာနတ်ပြည်ထောင်ထဲအထိ တစ်ယောက်တည်း သွားခဲ့ပြီးတော့ ရှန်းထူမိသားစုကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တယ်။ ဒါက အန္တရာယ်များလွန်းတယ်။ နင်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ရဲ့အစီအစဥ်တွေကို ကြီးကြီးမားမား ထိခိုက်သွားစေလိမ့်မယ် "

" ငါ အဲ့ဒါကို တွေးပြီးသားပါ "

လမ်းပြလူငယ်က ကိစ္စများရှုပ်ထွေးအောင် မလုပ်လိုဟန်ဖြင့် ခပ်ရိုးရိုးသာ ဖြေလိုက်လေသည်။

" ငါတို့တွေ စလိုက်ရအောင် "

" ကောင်းပြီ "

မဟာကဝေရွှမ်းယင်က လမ်းပြလူငယ်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ သူတို့က လေထဲတွင် လွင့်မျောနေလျက်ရှိပြီး ခြေထောက်အောက်တွင်မူ ဓားနှင့်ဓားမောက် သင်္ချိုင်းများအောက်မှ အနက်ရောင်ဝဲကတော့ကြီး ရှိနေလေသည်။

.........................

ထိုည....။

နတ်အရိုင်းမြေထဲရှိ အပြောကျယ်လှသော ကုန်းမြေထဲတွင် ခရမ်းရောင် နတ်အလင်းတစ်ခု ကောင်းကင်ထက်သို့ တက်သွားလေသည်။ ထိုခရမ်းရောင်နတ်အလင်းသည် ဘုံကိုးပါးကို ထိုးခွင်းပစ်ရန် အထက်သို့တက်သွားနေသော ဧရာမနတ်ဓားတစ်လက်ပမာပင်။

နတ်အလင်းသည် နာရီပေါင်းများစွာ ကြာမြင့်ခဲ့လေပြီး ကီလိုမီတာ ၅၀၀၀၀ ပတ်လည်အထိ လင်းထိန်သွားစေသည်။

နတ်အရိုင်းမြေ အစွန်အဖျားပိုင်း ချောင်ကျသောနေရာရှိ တိုင်အာနတ်ပြည်ထောင်သည်ပင် နတ်အလင်းကို မြင်နေရလေသည်။ ထိုနတ်အလင်းက ကောင်းကင်နှင့်မြေပြင်ကို ချိတ်ဆက်ထားပြီး ဘုံကိုးပါးနတ်ပြည်အထိ ရောက်ရှိနိုင်သော လမ်းကြောင်းတစ်ခုပမာပင်။

နေထွက်လာချိန်မှသာ နတ်အလင်းသည် တဖြည်းဖြည်းချင်း မှိန်ဖျော့သွားပြီး လုံးဝပျောက်ကွယ်သွားရလေသည်။ နတ်အလင်း ပျောက်ကွယ်သွားပြီးနောက် အဆုံးမဲ့ပမာဏရှိသော နတ်အလင်းများ စုစည်းလာသည်။ ခရမ်းရောင်တိမ်တိုက်များ ပိုမိုကာ စုစည်းလာခဲ့ပြီး အဆုံးသတ်တွင် နတ်အရိုင်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

" ခရမ်းရောင်တိမ်တိုက် မွေးဖွားလာပြီ။ ခရမ်းရောင်တိမ်တိုက် ထပ်ပြီးတော့ မွေးဖွားလာပြီ "

တိုင်အာနတ်ပြည်ထောင်၏ နယ်စပ်မြို့ တစ်ခုတွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးက ထိုမြင်ကွင်းကိုကြည့်ကာ ခံစားချက်များ ရောထွေးနေသည်။

သူ၏ နဂါးဝတ်ရုံကို မဟူရာရွှေချည်မျှင်နှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ရွှေနဂါးကိုးကောင် ချည်ပန်းထိုးထားသည်။ နဂါးအားလုံးသည် လက်သည်းငါးခုရွှေနဂါးများ ဖြစ်ကြလေ၏။

လက်သည်းငါးခုရွှေနဂါးကိုးကောင် အတူပေါင်းစည်းထားခြင်းသည် တော်ဝင်ထီးနန်းကို ကိုယ်စားပြုလေ၏။ ထိုအဖိုးအိုသည် တိုင်အာနတ်ပြည်ထောင်၏ လက်ရှိအုပ်ချုပ်သူ နတ်ဧကရာဇ် ဖြစ်လေသည်။

တိုင်အာနတ်မြို့ ကျဆုံးသွားပြီဖြစ်ပြီး သားရဲအုပ်က တိုင်အာနတ်ပြည်ထောင်ထဲသို့ ဝင်ရောက်ပေတော့မည်။ နတ်ဧကရာဇ်ကိုယ်တိုင် ထွက်လာကာ သားရဲအုပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ သူနှင့် တိုင်အာနတ်ပြည်ထောင်၏ ပညာရှိများအားလုံးက တိုင်အာနတ်ပြည်ထောင်၏ နယ်စပ်မြို့တွင် စခန်းချထားကြလေ၏။

သို့သော် လမ်းပြလူငယ်က သားရဲအုပ်ကို ဦးဆောင်ကာ တိုင်အာနတ်မြို့ကို သိမ်းပိုက်ပြီးနောက် တောင်အရပ်သို့ ဆက်မသွားတော့ချေ။ ထို့အစား သူ တိုင်အာနတ်မြို့တွင်သာ အချိန်အတန်ကြာအထိ အခြေချနေခဲ့သည်။

ယနေ့တွင်မူ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာခဲ့ချေ၏။

နတ်ဧကရာဇ်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က တိမ်ရိုင်းနယ်မြေထဲမှ အဖြစ်အပျက်များကို တွေးမိသွားလေ၏။

တိမ်ရိုင်းနယ်မြေ၏ ကောင်းကင်တွင် ခရမ်းရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသည်။ ထိုစဥ်က တိုင်အာနတ်ပြည်ထောင်မှ ရာထူးမြင့်ပိုင်းများသည် ထူးခြားသော ရတနာတစ်ခု မွေးဖွားလာခဲ့ပြီဟု ထင်ခဲ့ကြလေ၏။ သူတို့သည် ထိုကိစ္စကို စုံစမ်းရန်အတွက် ကျင်းလုံဝေ့ကို စေလွှတ်ခဲ့သည်။ သူတို့၏ တိုင်းပြည်ရတနာဖြစ်သည့် တိုင်အာသံလိုက်အိမ်မြောင်ကိုပင် အသုံးပြုခဲ့ကြသည်။ သို့သော် သူတို့က လက်ဗလာနှင့်သာ ပြန်လာခဲ့ကြရ၏။

တိမ်ရိုင်းနယ်မြေထဲတွင် တစ်ကြိမ်ဖြစ်ခဲ့ပြီး နတ်အရိုင်းမြေထဲတွင် ထပ်မံကာ ဖြစ်လာပြန်ချေ၏။ ခရမ်းရောင်တိမ်တိုက် မွေးဖွားမှုနှစ်ခုသည် နှစ်နှစ်ကွာခြားနေလေသောကြောင့် ဖြစ်ရပ်နှစ်ခုက ဆက်စပ်နေသည်လားကို မည်သူကမျှ မသိနိုင်ပေ။

နတ်ဧကရာဇ်က အဝေးသို့ကြည့်လိုက်သည်။ သူ၏အကြည့်က နတ်အရိုင်းမြေ၏ အဆုံးမဲ့သော ကုန်းမြေများကို ဖြတ်ကျော်သွားကာ တိုင်အာနတ်မြို့၏ပုံရိပ်ကို မြင်နေရပုံပင်။

" လက်စသတ်တော့ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာတာက ပျက်စီးခြင်းမျိုးနွယ်နဲ့ ပတ်သတ်နေတာကိုး။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ငါ ခရမ်းရောင်တိမ်တိုက် မွေးဖွားလာတာကို မြင်ခဲ့တုန်းက သူတို့နဲ့ ပတ်သတ်နေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး "

" ငါက တိမ်ရိုင်းနယ်မြေထဲမှာ ထူးခြားရတနာတစ်ခု မွေးဖွားလာပြီလို့ ထင်နေမိခဲ့တာ ဟာသပဲ။ ပြီးတော့ အဲ့ဒါကို ရှာဖွေဖို့အတွက် တပ်ဖွဲ့တွေတောင် စေလွှတ်လိုက်သေးတယ်။ အဆုံးသတ်မှာတော့.... ဟူး...."

နတ်ဧကရာဇ်က သက်ပြင်းရှည်ကြီးချကာ ခေါင်းယမ်းလိုက်၏။ တိုင်အာနတ်ပြည်ထောင်၏ ကံကြမ္မာက အသက်မဲ့နေသည်ကို သူ ခံစားမိသည်။ သမိုင်းကြောင်းရှည်လျားစွာ အဓွန့်ရှည်တည်တံ့လာခဲ့သော တိုင်အာနတ်ပြည်ထောင်က သူ၏လက်ထက်တွင် ပျက်သုဥ်းရပေတော့မည်လော။

.........

ဝေးလံသောနေရာရှိ တိမ်ရိုင်းနယ်မြေထဲတွင် ယီယွင် တစ်ဦးတည်းသာ ရှိနေလေသည်။ နတ်အရိုင်းမြေက အလွန်ဝေးလံလှလေသောကြောင့် နတ်အရိုင်းမြေထဲတွင် မည်သို့ဖြစ်နေကြောင်းကို သူ မသိပေ။

လက်ရှိတွင် သူ၏ ကိုယ်ပိုင်အနာဂတ်အတွက် စီစဥ်နေလေ၏။ သူ တိုင်အာနတ်ပြည်ထောင်မှ ထွက်သွားလိုသည်။

တိုင်အာနတ်ပြည်ထောင်၏ မြောက်ဘက်တွင် နတ်အရိုင်းမြေ ရှိလေပြီး အရှေ့ဘက်တွင် တိမ်ရိုင်းနယ်မြေ ရှိလေသည်။ အနောက်ဘက်တွင် ယွင်လုံနတ်ပြည်ထောင်ဖြစ်ပြီး တောင်ဘက်တွင်မူ တောင်ပိုင်းတိုင်းပြည်ဆယ်ခု ရှိလေသည်။

လက်ရှိတွင် ယီယွင်က တိုင်အာနတ်ပြည်ထောင်၏ အရှေ့ဘက်မှ တိမ်ရိုင်းနယ်မြေထဲတွင် ရှိနေလေသည်။ သူ တိုင်အာနတ်ပြည်ထောင်ထဲမှ အမြန်ဆုံး ထွက်ခွာသွားလိုသည်။ သူ တိမ်ရိုင်းနယ်မြေ အနက်ပိုင်းထဲသို့သာ ဆက်သွားရချေမည်။ အကြောင်းကမူ ရှန်းထူနန်ထျန်းတွင် သူ့အားရှာဖွေရန် နည်းလမ်းရှိနေခဲ့ပါက သူ သေချာပေါက်ပင် သေရပေလိမ့်မည်။

တိမ်ရိုင်းနယ်မြေက နတ်အရိုင်းမြေကို ယှဥ်နိုင်လောက်သည်အထိ မကျယ်လှသော်လည်း တိမ်ရိုင်းနယ်မြေ၏ အနက်ပိုင်းထဲသို့ ရောက်ဖူးသူများ မရှိသလောက်ပင် ရှားလေသည်။ တိမ်ရိုင်းနယ်မြေ အနက်ပိုင်းထဲသို့ သွားမည်ဆိုပါက မည်သည့်အရာများနှင့် တွေ့ရလိမ့်မည်ကို ယီယွင် မသိပေ။

သူသာ တိမ်ရိုင်းနယ်မြေကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့လျှင် အခြားတစ်ဖက်ခြမ်း၌ မည်သည့်အရာများကို တွေ့ရလိမ့်မည်နည်း။

အခြားသော လူသားတိုင်းပြည်များ ရှိနေလိမ့်မည်လော။ ထိုတိုင်းပြည်များက တိုင်အာနတ်ပြည်ထောင် ပိုအားကောင်းမည်လော သို့မဟုတ် ပိုအားနည်းမည်လော။

ထိုလမ်းကြောင်းက သေချာပေါက်ပင် အန္တရာယ်များ ပြည့်နေပေလိမ့်မည်။ တိမ်ရိုင်းနယ်မြေက မည်မျှကျယ်ဝန်းကြောင်းကိုလည်း ယီယွင် မသိပေ။ တစ်နှစ်ခန့် အချိန်ယူရနိုင်လောက်သော်လည်း ယင်းက လေ့ကျင့်ရေးအတွေ့အကြုံခရီးလည်း ဖြစ်လေ၏။

သူ၏ကိုယ်ပိုင်ခွန်အားများ အမြန်ဆုံး တိုးပွားလာရန် လိုအပ်လေသည်။ သူ စွမ်းအား လိုအပ်နေ၏။

လူသားမျိုးနွယ်နှင့် ပျက်စီးခြင်းမျိုးနွယ်က လမ်းကြောင်းမတူဟု လမ်းပြလူငယ်က ဆိုခဲ့သည်။ သူ့တွင် အကြွင်းမဲ့စွမ်းအား ရှိနေခဲ့ပါက စည်းမျဥ်းများကို သူကိုယ်တိုင် ချမှတ်နိုင်လိမ့်မည်။ လူသားမျိုးနွယ်နှင့် ပျက်စီးခြင်းမျိုးနွယ် လမ်းကြောင်းမတူလျှင်ပင် ဘာဖြစ်သေးသနည်း။

ယီယွင် အနာဂတ်အတွက် စီစဥ်နေချိန်၌ အဝေးတစ်နေရာတွင် ခရမ်းရောင်အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် မြေပြင်သည် ညင်သာစွာ တုန်ဟီးသွားလေ၏။

ဘာတွေဖြစ်နေတာလဲ။

သူ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် တောက်ပနေသော ခရမ်းရောင်အလင်းဆီသို့ လျင်မြန်စွာ သွားလေသည်။ လမ်းတွင် ယီယွင် အသက်ရှုနှုန်းကို ထိန်းချုပ်ပြီး သူ့ကိုယ်သူအား ဖုံးကွယ်ထားကာ ဘေးပတ်ဝန်းကျင်ကို သတိမပြတ်ထားနေခဲ့သည်။

ဤကဲ့သို့ ရုတ်တရက်ဖြစ်စဥ်မျိုးက ကံကောင်းမှုဖြစ်ရပ်တစ်ခု ဖြစ်နိုင်လောက်သည်။ ယင်းက ကြီးမားသော အန္တရာယ်တစ်ခုလည်း ဖြစ်နိုင်လေ၏။ လက်ရှိတွင် သူက စွမ်းအားမရှိပေ။ ခရမ်းရောင်အလင်းက အတော်ပင် အစွမ်းထက်ဟန်ရှိလေပြီး ၎င်းထံမှ သေးငယ်သော အန္တရာယ်တစ်ခုကပင် သူ့အတွက် အလွန်ကြီးမားနေနိုင်သည်။ ထိုသို့ဖြစ်လာပါက သူ လျင်မြန်စွာပင် ထွက်ခွာသွားမည်။

ယီယွင် အချိန်အတန်ကြာ ပြေးနေပြီးနောက်တွင် ပေါက်ကွဲသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ အဝေးရှိ တောင်ကြားထဲတွင် မြေပြင် ပေါက်ကွဲသွားခဲ့လေ၏။ မြေပြင်ပေါ်ရှိ ကျောက်အပိုင်းအစများထဲမှ လူပုံရိပ်တစ်ခု ထွက်လာသည်ကို ယီယွင် မြင်လိုက်ရသည်။

ထိုပုံရိပ်သည် ဆံပင်များ ရှုပ်ထွေးနေကာ မျက်နှာသည် ညစ်ပတ်နေပြီး အဝတ်များလည်း စုတ်ပြဲနေလေသောကြောင့် သူတောင်းစားတစ်ဦးနှင့် ဆင်တူလှသည်။

ယီယွင် လျင်မြန်စွာပင် ပုန်းအောင်းလိုက်သည်။ သူ အာရုံစိုက်လိုက်လေရာ ထိုပုံရိပ်က အဖိုးအိုတစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသည်။

ထိုအဖိုးအိုက ရူးနေသည့်ပမာပင် ကျိန်ဆဲနေလေသည်..." ချီးလိုနေရာ... ဒါ ငါ့ကို သတ်နေတာပဲ။ တကယ်ပဲ ငါ့ကို သတ်နေတာ "

အဖိုးအိုက ကျိန်ဆဲနေရင်း မျက်နှာကို သုတ်လိုက်လေ၏။ သို့သော် သူ၏လက်များက ညစ်ပတ်နေလေသောကြောင့် မျက်နှာသည် ပိုမို၍ပင် မဲတူးသွားရလေ၏။

သို့သော် ယီယွင်က ထိုမျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရသည်။

ဒီအဖိုးကြီးက စုကျဲ မဟုတ်လား။

အဖိုးကြီးစု... ။

ယီယွင် တိမ်ရိုင်းနယ်မြေထဲရှိ လျှိုင်မျိုးနွယ်တွင် ကျင့်ကြံခဲ့စဥ်က လင်ရှင်းထုံ ၊ အဖိုးကြီးစုတို့နှင့် ဆုံတွေ့ခဲ့ရသည်။

အဖိုးကြီးစုက ကပ်စေးနည်းကာ အစားလောဘကြီးသည်။ အဖိုးကြီးက ဘယ်သောအခါမျှ ရည်မွန်ခြင်းမရှိသော်လည်း ယီယွင် အကာအကွယ်မန္တန်တစ်ခု ပေးခဲ့လေသည်။ ကြယ်ကြွေဂိတ်ထဲတွင် ယီယွင်က ထိုအကာအကွယ်မန္တန်ကို အသုံးပြုကာ အန္တရာယ်ခံတွင်းဝမှ လွတ်မြောက်ခဲ့ပြီး ရွှေကျီးကန်းမျိုးစိတ်ကို သတ်နိုင်ခဲ့သည်။

နောက်ပိုင်း ကျင်းလုံဝေ့၏ ရွေးချယ်ပွဲတွင်လည်း တောက်မျိုးနွယ်ထဲတွင် ယီယွင်က အဖိုးကြီးစုနှင့် ထပ်မံဆုံတွေ့ခဲ့သည်။ အဖိုးကြီးစုက ဆန်းကြယ်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရန် သွားရတော့မည်ဟု ပြောခဲ့လေပြီး လင်ရှင်းထုံက မိသားစုကိစ္စများ လုပ်ရန်ရှိသည်ဟု ပြောကြားခဲ့ကာ သူတို့က တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ခဲ့ကြသည်။

ထို့ကြောင့် သူတို့သုံးယောက် ခွဲခွာပြီးကတည်းက ပြန်မတွေ့ကြရတော့ပေ။

အံ့အားသင့်ဖွယ်ရာဖြင့်ပင် ယနေ့တွင် တိမ်ရိုင်းနယ်မြေထဲ၌ သူ အဖိုးကြီးစုနှင့် ထပ်မံဆုံတွေ့ခဲ့ရလေ၏။

ယီယွင် ကျောက်ဆောင်များကြားတွင် ပုန်းနေသည်။ သို့သော် စုကျဲက ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် တစ်စုံတစ်ခုကို ခံစားမိကာ ယီယွင်ကို ရှာတွေ့သွားလေသည်။

ယီယွင် ထရပ်ရန် ဆုံးဖြတ်လိုက်လေ၏။

အဖိုးကြီးစုက ယီယွင်ကိုမြင်ကာ မှင်တက်မိသွားသည်။

လက်ရှိတွင် ယီယွင်က လွန်ခဲ့သော နှစ်နှစ်ခန့်ကထက် များစွာပို၍ အရပ်ရှည်လာသည်။ သူ၏ရုပ်ရည်က အနည်းငယ်ခန့် ပြောင်းလဲသွားသော်လည်း အဖိုးကြီးစုကမူ တစ်ချက်ကြည့်ရုံနှင့် မှတ်မိခဲ့သည်။

အဲ့ဒီကောင်လေးလား။

သောက်ကျိုးနည်း ဆန်းကြယ်နယ်မြေထဲတွင် အချိန်နှစ်နှစ်ခန့် ပိတ်မိနေခဲ့သည်ဟု အဖိုးကြီးစုက တွက်ဆထားသည်။ ထိုနှစ်နှစ်တာကာလတွင် သူသည် ခရမ်းရောင်ချိတ်တံဆိပ်တစ်ခုထဲ၌ ပိတ်မိနေခဲ့သည်။ သူ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သော်လည်း ချိတ်တံဆိပ်ကို ဖျက်ဆီးနိုင်ခြင်းမရှိပေ။

ထိုချိတ်တံဆိပ်က မိုးမြေယွမ်ချီများကို သီးခြားခွဲထုတ်ပစ်ပြီး ပျက်စီးခြင်းစွမ်းအင်များကို စုဆောင်းလေသည်။ ထို့ကြောင့် ချိတ်တံဆိပ်ထဲတွင် ပျက်စီးခြင်းစွမ်းအင်များ အလွန်ကြွယ်ဝလှပြီး မိုးမြေယွမ်ချီများကမူ အလွန်းပါးလျသည်။ အဖိုးကြီးစုကဲ့သို့ လူစားမျိုးက မစားမသောက်ဘဲ နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော်လည်း မိုးမြေယွမ်ချီများ မရှိ၍မရပေ။

အစာ မစားရသလို မိုးမြေယွမ်ချီများ စုပ်ယူရခြင်းလည်း မရှိလေသောကြောင့် အဖိုးကြီးစုမှာ မီးစာကုန်တော့မည့် မီးခွက်တစ်လုံးပမာ ဖြစ်လာရသည်။

နဂိုက သူသည် လွယ်ကူသော တာဝန်တစ်ခုတွင် ဆိုးရွားစွာကျဆုံးခဲ့ရပြီဟု ထင်ထားခဲ့၏။ သို့သော် ခရမ်းရောင်ချိတ်တံဆိပ်က ရုတ်တရက်ပင် ခရမ်းရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယင်းကြောင့်ပင် သူ ဆန်းကြယ်နယ်မြေထဲမှ ထွက်လာနိုင်ခဲ့လေသည်။

ထို့နောက် ဤကဲ့သို့အခြေအနေမျိုးတွင် သူ ယီယွင်ကို မြင်ခဲ့ရလေ၏။

နှစ်နှစ်ခန့် ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင် သူ ထွက်လာနိုင်ခဲ့ချိန်၌ အဘယ်သို့ဖြစ်၍ ယီယွင်ကို တွေ့ခဲ့ရလေသနည်း။ အဖိုးကြီးစု၏ တွက်ဆချက်အရ ယီယွင်သည် ကျင်းလုံဝေ့က အသိအမှတ်ပြုသည်ကို ခံရပြီးနောက် တိမ်ရိုင်းနယ်မြေထဲမှ ထွက်ခွာသွားရမည်မှာ ကြာမြင့်နေလောက်ပေမည် မဟုတ်ပေလော။

" ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ "

" ဘယ်လိုလုပ်ပြီး ခင်ဗျား ဖြစ်နေရတာလဲ "

အဖိုးကြီးစုနှင့် ယီယွင်က တစ်ချိန်တည်း ဆိုလိုက်ကြသည်။ ဤနေရာတွင် တစ်ဦးနှင့်တစ်ဦး ပြန်တွေ့ရလိမ့်မည်ဟု နှစ်ဦးစလုံး ထင်မထားခဲ့ကြပေ။

All Chapters