ထျန်းယွမ်သို့ ဦးတည်ခြင်း
Vol. 25 Ch. 372
ပြီးခဲ့သည့်နှစ်နှစ်တွင် ယီယွင်က တိမ်ရိုင်းနယ်မြေထဲမှ ထွက်ခွာကာ အတွေ့အကြုံများစွာ ရရှိခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သော ရက်အနည်းငယ်ခန့်မှ ခါးသီးသော အတွေ့အကြုံများက သူ၏စိတ်အခြေအနေကို ကြီးမားစွာပင် ပြောင်းလဲသွားစေခဲ့လေ၏။
ယခုတွင် သူ တိမ်ရိုင်းနယ်မြေထဲသို့ ပြန်ရောက်သွားကာ စုကျဲနှင့် ထပ်မံတွေ့ဆုံခဲ့ရလေသောကြောင့် အရာအားလုံးက အစပိုင်းသို့ ပြန်ရောက်သွားသည့်ပမာ ခံစားနေရသည်။ ယင်းကြောင့် ယီယွင် ခံစားချက်များ ရောထွေးရလေ၏။
" ကောင်လေး... မင်း တိမ်ရိုင်းနယ်မြေထဲကနေ တစ်ခါမှ ထွက်မသွားတာတော့ မဟုတ်ဘူးမလား "
စုကျဲ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။ သူ ဆန်းကြယ်နယ်မြေထဲတွင် နှစ်နှစ်ခန့် နေခဲ့ရပြီး ပြန်ထွက်လာချိန်တွင် ယီယွင်နှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
" ကျုပ် ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းအချို့ကြောင့် ပြန်ရောက်လာတာပါ " ယီယွင်၏ အတွေ့အကြုံများက သမိုင်းကြောင်းရှည်ကြီး ဖြစ်လေသည်။
" စီနီယာကရော ဘယ်လိုဖြစ်တာလဲ။ ဘယ်လိုကြောင့် စီနီယာက တိမ်ရိုင်းနယ်မြေထဲမှာ ရှိနေသေးရတာလဲ။ စီနီယာက အခုမှပဲ ဆန်းကြယ်နယ်မြေထဲက ထွက်လာနိုင်တာလား "
တိမ်ရိုင်းနယ်မြေထဲတွင် သူတို့ လမ်းမခွဲမီတွင် စုကျဲက ကံကောင်းမှုအခွင့်အလမ်းများ ရှာဖွေရန်အတွက် ထွက်သွားခဲ့ကြောင်းကို ယီယွင် သိသည်။
ယီယွင်၏မေးခွန်းကြောင့် စုကျဲ ငေးငိုင်သွားရသည်။ သို့သော် သူက တုန့်ပြန်မှုမြန်ဆန်သည်။ သူက ညစ်ပတ်နေသော မုတ်ဆိတ်များကို သပ်ကာ လျှို့ဝှက်ဆန်းကြယ်ပုံ ဟန်ဆောင်လိုက်လေသည်..." ဒီအဖိုးကြီးက ဆန်းကြယ်နယ်မြေတစ်ခုထဲကို တကယ်ပဲ သွားခဲ့တယ်။ အဲ့ဒီဆန်းကြယ်နယ်မြေက အံ့ဩဖို့ကောင်းပြီး ကံကောင်းမှုအခွင့်အလမ်းတွေ အများကြီးရှိတယ်။ အဲ့ဒီမှာ ငါက အများကြီးရခဲ့ပေမဲ့ အချို့အခွင့်အလမ်းတွေကတော့ ရယူဖို့အတွက် ခက်ခဲလွန်းတယ်။ ဒီအဖိုးကြီးက နည်းလမ်းပေါင်းစုံ သုံးနေခဲ့တာကြောင့် နှောင့်နှေးသွားရတဲ့ ရလဒ်ကို ဖြစ်သွားစေခဲ့တာပဲ "
အမ်...။
ယီယွင် တစ်ခဏမျှ မှင်တက်မိသွားရသည်။ ဤအဖိုးကြီးက ယခုကဲ့သို့ သနားစရာအခြေအနေမျိုးတွင်ပင် ကြွားဝါပြောဆိုနေချေ၏။ ဤအဖိုးကြီး၏စကားကို သရဲကသာ ယုံပေလိမ့်မည်။
သို့သော် စုကျဲက ဆန်းကြယ်နယ်မြေထဲတွင် ကံဆိုးခဲ့ရသည်ကို ထုတ်မပြောလိုလေသောကြောင့် ယီယွင်ကလည်း ထပ်မံကာ မမေးတော့ပေ။
" ကောင်လေး... မင်းက တိုင်အာနတ်ပြည်ထောင် ကျင်းလုံဝေ့စခန်းကို ဝင်ခဲ့ရတယ်ဆိုရင် ဘာကြောင့် မင်းက တိမ်ရိုင်းနယ်မြေထဲကို ထွက်လာခဲ့ရတာလဲ။ စစ်ဆင်ရေးလုပ်ဖို့လား "
အဖိုးကြီးစုက ယီယွင်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေ၏။ လက်ရှိ ယီယွင်က ကြည့်မကောင်းလှပေ။ ဆယ်ရက် အချုပ်ခံထားရပြီးနောက် သူ၏အဝတ်များက လုံးဝပင် ညစ်ပေကာ စုတ်ပြဲနေသည်။ သူတို့နှစ်ဦး အတူပေါင်းလိုက်ပါက သူတောင်စားအိုကြီးနှင့် သူတောင်းစားပေါက်စ ဖြစ်နေပေလိမ့်မည်။
" ဒါက ဇာတ်လမ်းရှည်ကြီးပါ။ ကျုပ် တိုင်အာနတ်ပြည်ထောင်က ထွက်လာတာ " ယီယွင် သက်ပြင်းချလိုက်၏။
" တိုင်အာနတ်ပြည်ထောင်က ထွက်လာတာလား။ ဒါမဖြစ်ရ...."
အဖိုးကြီးစု မှင်တက်မိသွားသည်။ ယီယွင်၏ အနေအထားအရဆိုလျှင် ကျင်းလုံဝေ့၏ အရင်းအမြစ်များကို အသုံးပြုကာ ကျင့်ကြံနိုင်လျှင် အကောင်းဆုံးရလဒ် ဖြစ်လေ၏။ အဘယ့်ကြောင့် ယီယွင်က တိုင်အာနတ်ပြည်ထောင်မှ ရုတ်တရက် ထွက်သွားချင်နေလေသနည်း။
" အိုး... မင်းက ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်ပြီးသွားပြီပဲ "
နှစ်နှစ်အတွင်းမှာပင် ယီယွင်၏ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ်ကို ကျော်လွန်ကာ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ချိုးဖျက်သွားလေသောကြောင့် အဖိုးကြီးစု အံ့ဩဘနန်း ဖြစ်သွားရလေသည်။
စစ်သည်တစ်ဦး၏ လမ်းစဥ်အတွက် ယွမ်အုတ်မြစ်ချနယ်ပယ်က အရေးအကြီးဆုံး ဖြစ်လေ၏။ ယင်းသည် သိုင်းပညာ၏ အခြေခံအုတ်မြစ် ဖြစ်လေသောကြောင့် အလျင်စလိုလုပ်၍ မရပေ။
" အလျင်စလို အဆင့်ချိုးဖျက်တာက အခြေခံအုတ်မြစ်ကို ယိုင်နဲ့စေတယ်။ အဲ့ဒီဟာ ပုန်းကွယ်နေတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာလိမ့်မယ် " စုကျဲက ယီယွင်ကို အကြံပေးလိုက်သည်။ စုကျဲ ထပ်မံကာ အကြံပေးရန် ပြင်လိုက်စဥ်တွင် အစာအိမ်ထံမှ " ဂွီ " ဟူသည် မြည်သံတစ်ခု ထွက်ပေါ်လာသည်။
ယီယွင် ကြောင်အသွားကာ စုကျဲအား ကြည့်နေသည်။ စုကျဲကဲ့သို့ ကျွမ်းကျင်သူတစ်ဦးက အစာအိမ်မှ အသံပေးလာသည်အထိ အလွန်ဆာလောင်နေလေသောကြောင့် သူ အံ့ဩတကြီး ဖြစ်ရလေသည်။
စုကျဲ မျက်နှာနီသွားလေ၏။ ယင်းက သောက်ကျိုးနည်း ဆန်းကြယ်နယ်မြေကြောင့် ဖြစ်ရလေသည်။ မိုးမြေယွမ်ချီများ သီးခြားခွဲထုတ်ခံရသည့် နေရာတွင် ကာလရှည်ကြာစွာ ပိတ်လှောင်ခံရပြီးနောက် လူတစ်ဦး ကျင့်ကြံမှုအဆင် မည်မျှပင် မြင့်မားနေပါစေ စွမ်းအင်ဖြည့်တင်းရန် လိုအပ်မည်သာ ဖြစ်လေ၏။
စုကျဲက ဝမ်းဗိုက်ကိုပွတ်ကာ ခြောက်ကပ်ကပ် ချောင်းဟန့်ပြီး ဆိုလေသည်..." ဆန်းကြယ်နယ်မြေက အန္တရာယ်တွေ ပြည့်နေပြီးတော့ မိုးမြေယွမ်ချီတွေ ပါးလျတယ်။ ဒီအဖိုးကြီးက စွမ်းအင်တွေ အများကြီးကုန်ခမ်းပြီး ဆေးတွေလည်း ကုန်သွားခဲ့တာကြောင့် နည်းနည်းလေး ဗိုက်ဆာနေတယ် "
ယီယွင် ရယ်ချင်နေသော်လည်း ထိုအဖိုးကြီးကို မလှောင်မိအောင် တောင့်ခံခဲ့သည်။ သူ ထင်းများ စတင်ရှာဖွေကာ မီးဖိုလေသည်။
သားရဲတစ်ကောင်၏ ပေါင်တစ်ချောင်းကို မီးဖိုပေါ်တွင်တင်ကာ ကင်လေသည်။ မီးဖို၏နံဘေးတွင် မြေအိုးတစ်လုံးရှိပြီး အရိုးအချို့ထည့်ထားကာ စွပ်ပြုတ်လုပ်နေသည်။
အဖိုးအိုစုက ယီယွင်၏လက်ထဲမှ အသားကိုကြည့်ကာ လက်ဝါးချင်းပွတ်၍ မေးလိုက်လေသည်..." ကင်လို့ပြီးပြီလား "
အဖိုးကြီးစုက ထိုမေးခွန်းကို အကြိမ်ပေါင်းများစွာ မေးထားခဲ့ပြီး ဖြစ်လေသည်။ ယီယွင်က ဒုက္ခသည် အဖိုးအိုတစ်ဦးကို မြင်နေရသည့်အလားပင်။ ယီယွင် စိတ်ပျက်လက်ပျက်နှင့် ဓားမြောင်တစ်ချောင်း ထုတ်ယူကာ သားရဲပေါင်၏ အပြင်ဘက်ရှိ ကျတ်နေပြီးသော အသားများကို လှီးထုတ်ပေးလိုက်သည်။ ထို့နောက် သူက အသားကို ဓားမြောင်ပေါ်တင်ကာ အဖိုးကြီးစုအား ပေးလိုက်သည်။
အဖိုးကြီးစုက အသားကင်ကို လက်နှင့်ကိုင်ကာ ပါးစပ်အပြည့် ဝါးလိုက်လေသည်။ သူ ကိုက်ချလိုက်သည့်အခိုက်တွင် အပြင်ပိုင်း ကြွပ်ရွကာ အတွင်းပိုင်း နူးညံ့သော အသားကင်က သူ၏ပါးစပ်ထဲတွင် ဆီများပြည့်သွားစေလေ၏။
အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံရပြီးနောက် ဘဝအသစ် ပြန်လည်ရရှိလာပြီး မစားရသည်မှာ ကြာပြီဖြစ်သော အသားကင်ကို စားလိုက်ရလေသောကြောင့် အဖိုးကြီးစု မျက်ဝဲသွားရသည်။
ဒါက ဘဝပဲ။ ဒါက ဘယ်လိုနေထိုင်သင့်လဲ ဆိုတာပဲ။ အနာဂတ်မှာ သောက်ခွေး ဆန်းကြယ်နယ်မြေတွေ ဘယ်လောက်ပဲ များနေပါစေ ငါကတော့ ဆန်းကြယ်နယ်မြေတွေထဲ ဝင်မဲ့အစား အသေခံလိုက်မယ်။
အဖိုးကြီးစုက စိတ်ထဲတွင် ကြွေးကြော်လိုက်သဘည်။
" ငါပြောမယ် ကောင်လေး။ မင်းက ဘာကြောင့် တိုင်အာနတ်ပြည်ထောင်ကနေ ထွက်လာရတာလဲ။ မင်း ဘယ်ကိုသွားမှာလဲ " အဖိုးကြီးစုက ယီယွင်ကို သာမန်မျှသာ ကြည့်လိုက်ပြီးနောက် အသားကင်ကို ကိုက်ဖဲ့စားသောက်နေသည်။
ယီယွင် သက်ပြင်းချကာ... " ကျုပ် ဘယ်နေရာမှ သွားစရာမရှိဘူး "
စုကျဲ တစ်ခဏမျှ မှင်တက်မိသွားကာ ထိုကိစ္စက မူမမှန်ကြောင်းကို သိသွားလေသည်။ ယီယွင်က သွားစရာနေရာမရှိဘဲ တိုင်အာနတ်ပြည်ထောင်မှ ထွက်လာခဲ့ခြင်းသည် ထိုသို့လုပ်ရန် တွန်းအားပေးခံခဲ့ရသည်ဟု ဆိုလိုနေလေ၏။
" မင်းကို တိုင်အာနတ်ပြည်ထောင်က ပြည်နှင်ဒဏ်ပေးလိုက်တာလား "
ယီယွင် ပြုံးကာ..." အဲ့ဒီလို ပြောလို့ရပါတယ် "
ယီယွင် စကားလုံးများ စဥ်းစားပြီးနောက် မကြာသေးမီက အဖြစ်အပျက်များအကြောင်းကို စုကျဲအား ပြောပြလိုက်လေသည်။
ကျန်းရှောင်ယု၏အကြောင်းကိုမူ ယီယွင်သည် များစွာမရင်းနှီးသူများကို ပြောပြလိုစိတ်မရှိပေ။ ထို့အပြင် စုကျဲက လူသားတစ်ဦးဖြစ်ပြီး ပျက်စီးခြင်းမျိုးနွယ်ကို မုန်းနေနိုင်လေသောကြောင့် ယီယွင်က ကျန်းရှောင်ယုနှင့် ပတ်သတ်သည်များကို မပြောလိုပေ။
" ရှန်းထူမိသားစုလား။ ဒါက ထျန်းယွမ်ကမ္ဘာကြီးထဲက မိသားစုတစ်ခုပဲ။ ရှန်းထူမိသားစုကို ရန်စမိတာက သေချာပေါက်ကို အခြေနေကောင်းမှာမဟုတ်ဘူး "
စုကျဲက ပါးစပ်မှဆီများကို သုတ်ကာ အသားကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ယီယွင်ကို မျက်လွှာပင့်ကြည့်ကာ ဆိုလေသည်..." ကောင်လေး... မင်းမှာ သွားစရာနေရာ မရှိဘူးဆိုရင် ဘာကြောင့် ငါ့နောက်ကို မလိုက်ခဲ့တာလဲ "
စုကျဲသည် ယီယွင်နှင့် ရှန်းထူမိသားစု ရန်ငြိုးရှိသည်ကို အရေးမစိုက်ပေ။ သူ အရေးစိုက်သည်မှာ ယီယွင် ကင်ပေးသည့် အသားကို နေ့တိုင်း စားသောက်ရရေးပင်။
စားသောက်ခြင်းသည် ဘဝတွင် အရေးအကြီးဆုံးအရာ ဖြစ်လေ၏။
" ခင်ဗျားရဲ့နောက်ကို လိုက်ရမှာလား "
ယီယွင်က စုကျဲကိုကြည့်ကာ..." ခင်ဗျားက ဘယ်ကိုသွားမှာလဲ "
စုကျဲက တဟဲဟဲပြုံးကာ ဆိုလေသည်..." ငါ့တပည့်ကို တွေ့ဖို့အတွက် လင်မိသားစုဆီ သွားမလို့လေ။ ပြောကာမှပဲ... လင်မိသားစုကလည်း ထျန်းယွမ်ကမ္ဘာကြီးထဲကပဲ "
လင်ရှင်းထုံကို ရှာမလို့လား။
ယီယွင်၏စိတ်ထဲတွင် ဓားရှည်ကိုင်ထားပြီး အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို တွေးမိသွားသည်။ သူ လင်ရှင်းထုံကို မတွေ့ရသည်မှာ ကြာခဲ့ပေပြီ။
စုကျဲက အသားကင်များ ပါးစပ်အပြည့်ဝါးရင်း ဗလုံးဗထွေးဆိုလေသည်..." တိုင်အာနတ်ပြည်ထောင်က ငါ့ရဲ့မွေးရပ်မြေလေ။ ဒါကြောင့် ငါက ရှင်းထုံကို လေ့ကျင့်ဖို့အတွက် ခေါ်လာခဲ့တာပဲ။ တကယ်တော့ ရှင်းထုံရဲ့မိသားစုက ထျန်းယွမ်ကမ္ဘာကြီးထဲကပဲ "
" မင်းတို့အခေါ်အရဆို ထျန်းယွမ်ကမ္ဘာကြီးက အနောက်ပိုင်းဒေသပဲ။ တကယ်တော့ ထျန်းယွမ်ကမ္ဘာကြီးက လူသားမျိုနွယ်ရဲ့ ဗဟိုချက်ဒေသတစ်ခုပဲ။ မျိုးစုံတဲ့ မိသားစုမျိုးနွယ်တွေ စုစည်းပြီးရှိနေကြပြီးတော့ ကျွမ်းကျင်သူတွေလည်း အများကြီးရှိတယ်။ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဒီနေရာက အရှေ့ဘက်ပိုင်းက ချောင်ကျတဲ့နေရာတစ်ခုပဲ။ ဘယ်လိုသဘောရလဲ။ ကောင်လေး... မင်း ငါနဲ့အတူ ထျန်းယွမ်ကမ္ဘာကြီးဆီကိုသွားပြီး အမြင်ကျယ်လာအောင် လုပ်ချင်လား "
စုကျဲ၏စကားများက ယီယွင်ကို ဆွဲဆောင်သွားသည်။
ထျန်းယွမ်ကမ္ဘာကြီး ၊ လူသားမျိုနွယ်ရဲ့ ဗဟိုချက်နယ်မြေ...။
ကျွမ်းကျင်သူများ ပိုရှိနေလျှင် သူ့အတွက် ပိုမိုကြီးမားသည့် အခွင့်အလမ်းများ ရှိနေသည်ဟု ဆိုလိုပေသည်။ သူ ထျန်းယွမ်ကမ္ဘာကြီးဆီသို့သွားလျှင် သူ အမြင်ကျယ်လာကာ ကြီးထွားမှုများလည်း ပိုမိုမြန်ဆန်လာပေလိမ့်မည်။
ဟုတ်သည်။ သူက ရှန်းထူမိသားစုနှင့် ပိုနီးသွားမည်ဖြစ်လေ၏။ နောက်ဆုံးတွင် သူက ရှန်းထူမိသားစုနှင့် ထိပ်တိုက်တွေ့ရပေလိမ့်မည်။
ထိုကဲ့သို့ အကောင်ကြီးမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ယီယွင်၏စွမ်းအားက ယှဥ်၍မရပေ။ သို့သော် သူ၏ တိုက်ခိုက်လိုစိတ်များ တိတ်တဆိတ် နိုးကြားလာသည်ဟု ခံစားရလေသည်။
သူသည် ရှန်းထူနန်ထျန်းကို ဆယ်ဆခန့် ပြန်ပေးဆပ်စေကာ အသေသတ်မည်ဟု ကျိန်ဆိုထားလေ၏။ ထျန်းယွမ်ကမ္ဘာကြီးက သူ့အတွက် အခွင့်အလမ်းကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကြီးမားသော စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။
ထျန်းယွမ်ကမ္ဘာကြီးကို သွားရမယ်တဲ့လား။ ယီယွင် တွေးကြည့်ရုံနှင့်ပင် သွေးများဆူပွက်လာရသည်။
ထိုစဥ် စုကျဲက ဆက်ပြောလာသည်..." ဒီအဖိုးကြီးက လင်မိသားစုရဲ့ တရားဝင်ဧည့်သည်တော်ဘွဲ့ ရထားတာဆိုတော့ လုပ်စရာတွေ နည်းတယ်။ ပုံမှန်ဆိုရင် လုပ်စရာမရှိဘူး။ ငါလည်း လင်မိသားစုကို သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆန်းကြယ်နယ်မြေ ခရီးစဥ်မှာ ငါ အချိန်တွေအရမ်းကြာခဲ့တာကြောင့် ငါ့အနေနဲ့ လင်မိသားစုထဲမှာ အားပြန်ဖြည့်ဖိုလိုသေးတယ်။ မင်းက ဒီအဖိုးကြီးနဲ့ လိုက်ခဲ့လို့ရတယ်။ ငါက မင်းကို အမည်ခံတပည့်အဖြစ် သတ်မှတ်ပေးမယ် "
စစ်သည်များက တပည့်များကို သင်ကြားပေးရာတွင် လက်ရင်းတပည့် ၊ သာမန်တပည့် ၊ အမည်ခံတပည့်ဟူ၍ သတ်မှတ်ထားသည်။ အမည်ခံတပည့်က အနိမ့်ဆုံးဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။ အမည်ခံတပည့်သည် အမည်တစ်ခုသာဖြစ်ပြီး မည်သည်ကိုမျှ သင်ကြားခွင့်ရမည်မဟုတ်ပေ။
ယီယွင် မျက်ဖြူလန်လိုက်၏။ ထိုအဖိုးကြီးက သူ့အား တပည့်အဖြစ် ခေါ်ယူလိုခြင်းမရှိသည်မှာ ရှင်းလင်းလှသည်။
တရားဝင်တပည့် ဖြစ်ခွင့်ရမယ်ဆိုရင်တောင် ကျုပ်က မလိုချင်သေးဘူး။
ယီယွင် ထိုသို့တွေးနေသည်။
စုကျဲက ယီယွင်၏စိတ်ကို ဖတ်မိကာ ညည်းညူလိုက်သည်..." ကောင်စုတ်လေး... မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ။ ထျန်းယွမ်ကမ္ဘာကြီးထဲမှာ ငါက ကျော်ကြားတဲ့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးပဲ။ ငါ့ရဲ့အမည်ခံတပည့် ဖြစ်ချင်နေကြတဲ့ မိသားစုအမျိုးမျိုးက သခင်လေးတွေဆိုတာ ဒုနဲ့ဒေးပဲ။ ငါက မင်းကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့တာကို မင်း ပျော်သင့်တယ် "
ယီယွင်ကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့သည်မှာ စုကျဲ၏ ရုတ်တရက်စိတ်ကူးသာ ဖြစ်လေ၏။ သူသာ ဤကဲ့သို့တပည့်မျိုးကို လက်ခံခဲ့လျှင် စားကောင်းသောက်ဖွယ်များ နေ့စဥ်စားသောက်ရမည် ဖြစ်လေသောကြောင့် အပေးအယူကောင်းတစ်ခုပင် မဟုတ်ပေလော။
ယီယွင်အား ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်ကြားပေးရန်ကိုမူ စုကျဲ တစ်ခါမျှပင် မတွေးမိဖူးပေ။ ထို့အပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူရသည်မှာ ခက်ခဲလွန်းသည်။ လိုအပ်သော ပါရမီများ ရှိသူများက လူပေါင်းတစ်သန်းလျှင် တစ်ယောက်ပင် မရှိခဲ့ချေ။