ထျန်းယွမ်ကမ္ဘာကြီး
Vol. 25 Ch. 373
စုကျဲက ယီယွင်ကို အမည်ခံတပည့်အဖြစ် လက်ခံပြီးနောက်တွင် ထျန်းယွမ်ကမ္ဘာကြီးဆီသို့ ပြန်သွားရန် အလျင်မလိုခဲ့ဘဲ တိမ်ရိုင်းနယ်မြေထဲတွင် စူးစမ်းရှာဖွေနေခဲ့၏။ ယခင်က သူနှင့်အတူ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ခဲ့ကြသူများကို ရှာဖွေလိုလေသည်။ သို့သော် ထိုသူများက ပျောက်နေလေ၏။
ထိုအဖြစ်ကြောင့် စုကျဲ သက်ပြင်းချမိသည်။ ထိုသူများထဲတွင် သူ၏မိတ်ဆွေဟောင်းဖြစ်သူ အမတ်ဝမ်ယွင်ခေါ် လီဝမ်ယွင်လည်း ပါဝင်နေသည်။
သူနှင့် လီဝမ်ယွင်က ထျန်းယွမ်ကမ္ဘာကြီးဆီသို့ အတူခရီးနှင်ခဲ့ကာ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် အမတ်ဝမ်ယွင်ဟူသော ရာထူးကို မရမီအချိန်အထိ ဆန်းကြယ်နယ်မြေများစွာကို ရှာဖွေခဲ့လေသည်။ စုကျဲကမူ ထျန်းယွမ်ကမ္ဘာကြီးထဲရှိ အဖွဲ့အစည်းများစွာ၏ ဧည့်သည်တော် ပျက်စီးခြင်းကောင်းကင်သခင်အဖြစ် နေထိုင်ခဲ့သည်။ နှစ်ဦးစလုံး အတော်ပင် အောင်မြင်ခဲ့ကြ၏။
အမတ်ဝမ်ယွင်က ဒဏ်ရာနှင့် အသက်ကြီးရင့်မှုတို့ကြောင့် တိုင်အာနတ်ပြည်ထောင်သို့ ပြန်ကာ ပင်စင်ယူခဲ့သည်။ ထိုအချင်းအရာကြောင့် သူတို့နှစ်ဦးသည် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ခရမ်းရောင်တိမ်တိုက် မွေးဖွားမလာမီအချိန်အထိ နှစ်ပေါင်းရာချီအထိ ပြန်မဆုံဖြစ်ခဲ့ကြပေ။ ထို့နောက်ပိုင်းတွင် အမတ်ဝမ်ယွင်က ဆန်းကြယ်နယ်မြေကို စူးစမ်းရှာဖွေရန်အတွက် စုကျဲကို ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုဆန်းကြယ်နယ်မြေက တားမြစ်နယ်မြေတစ်ခု ဖြစ်နေလိမ့်မည် မည်သူကများ ထင်ထားပါမည်နည်း။
ထိုဆန်းကြယ်နယ်မြေက ရှေးဟောင်းချိတ်တံဆိပ်နှင့် နယ်မြေတစ်ခုဖြစ်မည်ဟု စုကျဲက ခန့်မှန်းထားသည်။ အထဲတွင် မည်သည့်အရာအား ပိတ်လှောင်ထားကြောင်းကိုမူ မသိရပေ။
စုကျဲ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ပြီးသည့်နောက်တွင် မိတ်ဆွေဟောင်းကြီးနှင့် လျင်မြန်စွာပင် ခွဲခွာသွားရလေ၏။ နောက်ပိုင်းတွင်မူ သူ ခရမ်းရောင်ချိတ်တံဆိပ်ထဲတွင် ပိတ်မိသွားခြင်းဖြင့် အဆုံးသတ်ခဲ့ရပြီး ယခုမှသာ လွတ်မြောက်ခဲ့ရသည်။
မိတ်ဆွေဟောင်းကြီး သေသည်လား ၊ ရှင်သည်လားကိုမူ စုကျဲ မသိရပေ။
" သွားကြစို့ "
စုကျဲ သက်ပြင်းချလိုက်၏။ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်က သူ၏အနေအထားသို့ ရောက်ရှိသွားခဲ့ပြီး နှစ်ပေါင်းသောင်းချီအထိ ရှင်သန်နေထိုင်ခဲ့ရပါက သေခြင်းနှင့်ရှင်ခြင်းသည် ဘာမျှမဟုတ်တော့ပေ။
ယီယွင် ငြိမ်နေသည်။ လက်ရှိတွင် သူ မည်သို့ပြောရမည်ကို မသိပေ။
စုကျဲက သိုလှောင်လက်စွပ်ထဲမှ လေသင်္ဘောတစ်စီး ထုတ်ယူလိုက်သည်။ အစီရင်ကို အသက်သွင်းပြီးနောက်တွင် လေသင်္ဘောက ကောင်းကင်သို့ ပျံတက်သွားလေသည်။
ထို့နောက် သူတို့က ထျန်းယွမ်သို့ ပျံသန်းသွားလေ၏။ လမ်းတွင် ခရီးရှည် တည်နေရာကူးအစီအရင်များစွာကို ဖြတ်ကျော်ရသည့်တိုင်အောင် သူတို့အဖို့ လပေါင်းများစွာ ခရီးနှင်ရပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် စုကျဲက မကြာခဏရပ်နားခဲ့ပြီး ကိစ္စများစွာကို စနည်းနာခဲ့သည်။ ယမန်နေ့ညက တိုင်အာနတ်ပြည်ထောင် ၊ ယွင်လုံနတ်ပြည်ထောင် ၊ ဘေးပတ်လည်မှ တိုင်းပြည်ငယ်များထဲရှိ နေရာများစွာတွင် ခရမ်းရောင်အလင်းများ ထွက်ပေါ်ခဲ့လေ၏။
ထိုအလင်းများထဲတွင် နတ်အရိုင်းမြေထဲမှ ခရမ်းရောင်အလင်းက ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်လေ၏။ ၎င်းက ကောင်းကင်လမ်းကြောင်းတစ်ခုနှင့် ဆင်တူလှပြီး ကမ္ဘာမြေကို ထွန်းလင်းနေစေလေသည်။ ယင်းက ထူးထူးခြားခြား မှင်တက်မိဖွယ်ရာ ဖြစ်လေ၏။
ခရမ်းရောင်အလင်း ပျောက်ကွယ်သွားပြီးနောက် နတ်အရိုင်းမြေထဲတွင် ခရမ်းရောင်တိမ်တိုက်များ မွေးဖွားလာခဲ့သည်။ တိမ်ရိုင်းနယ်မြေထဲတွင် ဖြစ်ခဲ့ဖူးသည်ထက် နတ်အရိုင်းမြေထဲတွင် ခရမ်းရောင်တိမ်တိုက်များ ဖုံးလွှမ်မှုက ပိုမိုကျယ်ပြန့်လေသည်။
ထို့ကြောင့် သူ ဝင်ရောက်ခဲ့သည့် ဆန်းကြယ်နယ်မြေနှင့် ယမန်နေ့ညက မြင်ခဲ့ရသည့် ဖြစ်ရပ်များက တစ်စုံတစ်ခု ပတ်သတ်မှုရှိနေမည်ကို စုကျဲ နားလည်သွားလေသည်။
တိမ်ရိုင်းနယ်မြေထဲတွင် ဆန်းကြယ်နယ်မြေ ရှိနေသည်သာမက အခြားနေရာများစွာတွင်လည်း ဆန်းကြယ်နယ်မြေများစွာ ရှိနေချေသည်။ ထိုဆန်းကြယ်နယ်မြေများအားလုံးက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြ၏။
ပျက်စီးခြင်းမျိုးနွယ်က တိုင်အာနတ်မြို့ထဲတွင် အမျိုးအမည်မသိရသော အရာတစ်ခု လုပ်ဆောင်ခဲ့ကာ ဤဖြစ်စဥ်များကို ဖန်တီးခဲ့သည်။ မိုင်ပေါင်းသန်းချီအဝေးမှ ဆန်းကြယ်နယ်မြေများပင် အသက်ဝင်လာကာ အဝေးမှ တုန့်ပြန်ခဲ့ကြသည်။
စုကျဲ ပိတ်မိနေခဲ့သည့် ဆန်းကြယ်နယ်မြေထံမှလည်း ခရမ်းရောင်အလင်း ထွက်ပေါ်လာသည်သာ ဖြစ်လေသည်။ ယင်းကြောင့် ခရမ်းရောင်ချိတ်တံဆိပ် ပျောက်ကွယ်သွားကာ သူ လွတ်မြောက်ခဲ့ရ၏။
လမ်းပြလူငယ်ကမူ ချူစီရင်စုမြို့တွင် ယီယွင်ကို ကယ်တင်ပြီးသည့်နောက် တိမ်ရိုင်းနယ်မြေထဲမှ ထွက်ခွာသွားခဲ့သည်။ သူက တိုင်အာနတ်မြို့သို့ အမြန်ပြန်သွားကာ ဤဖြစ်စဥ်များနှင့် ပတ်သတ်နေသည့် ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည်။
ထိုဖြစ်စဥ်ကို အသက်သွင်းလိုက်ခြင်းကြောင့် စုကျဲ လွတ်မြောက်လာကာ တိမ်ရိုင်းနယ်မြေထဲတွင် ရှိနေခဲ့ပြီး ခရမ်းရောင်အလင်းက ဆွဲဆောင်သည်ကို ခံခဲ့ရသော ယီယွင်နှင့် ဆုံမိခဲ့လေသည်။
ထိုအဖြစ်အပျက်များအားလုံးက တိုက်ဆိုင်မှုဖြစ်နိုင်သလို ၊ တိုက်ဆိုင်မှုမဟုတ်သည်လည်း ဖြစ်နိုင်လေသည်။
.........................
လေသင်္ဘောက မြန်ဆန်သော အမြန်နှုန်းဖြင့် ခရီးနှင်နေချိန်တွင် ယီယွင်သည် ပြတင်းပေါက်နားတွင် ထိုင်နေလေ၏။ လေသင်္ဘောက ကျယ်ဝန်းလှသော တောရိုင်းနယ်မြေများကို ဖြတ်ကျော်ကာ ပင်လယ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
သူ၏ယခင်ဘဝမှ ပင်လယ်များတွင် မုန်တိုင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ လေမတိုက်လျှင်ပင် လှိုင်းများကမူ မသေပေ။
သို့သော် ဤပင်လယ်က လုံးဝပင် ကွဲပြားနေသည်။ ပင်လယ်က တည်ငြိမ်လွန်းနေပြီး လှိုင်းသေးသေးပင် ရှိမနေပေ။ ပင်လယ်၏ တည်ငြိမ်မှုက မကောင်းသောခံစားချက်ကို ရစေလေ၏။
" ဒီပင်လယ်ကို ပြန်လမ်းမဲ့ပင်လယ်လို့ ခေါ်တယ်။ ပြန်လမ်းမဲ့ပင်လယ်လို့ ဘာကြောင့် ခေါ်ရတာလဲဆိုတော့ ဘယ်သူကမှ ဖြတ်မသွားနိုင်တာကြောင့်ပဲ။ အခု ငါတိုက ပင်လယ်ရဲ့အထက်မှာ ပျံသန်းနေတယ်ဆိုပေမဲ့ ငါတို့ မြင်နေရတာက နတ်အရိုင်းမြေနဲ့ ထျန်းယွမ်ကမ္ဘာကြီးရဲ့ အကြားမှာရှိတဲ့ ရေလက်ကြားရဲ့ အစိတ်အပိုင်းငယ်တစ်ခုကိုပဲ မြင်နေရတာပဲ "
" မြောက်ဘက်ကိုသွားရင် ပြန်လမ်းမဲ့ပင်လယ်အစစ် ဖြစ်လာလိမ့်မယ်။ ဒီပင်လယ်က အကန့်အသတ်မဲ့ပြီး အဆုံးမရှိဘူး။ ပင်လယ်က သေနေပြီးတော့ ရေနေသတ္တဝါတွေလည်း အရမ်းနည်းတယ်။ ပြန်လမ်းမဲ့ပင်လယ် အနက်ပိုင်းထဲမှာ ချောင်းမြောင်းနေကြတဲ့ သန္ဓေပြောင်း ပျက်စီးခြင်းသားရဲအချို့လည်း ရှိတယ်။ အဲ့ဒီပျက်စီးခြင်းသားရဲတွေရဲ့ အဆင့်ကို ခန့်မှန်းဖို့ခက်တယ်။ ပြန်လမ်းမဲ့ပင်လယ် အနက်ပိုင်းထဲကို ဆင်းသွားတဲ့သူက ငါ ဖြစ်နေမယ်ဆိုရင်တောင် ငါ့အတွက် အရမ်းကို အန္တရာယ်များနေသေးတယ် "
" အရင်တုန်းက လူသားမျိုးနွယ် မဟာဧကရာဇ်တစ်ပါးက ပြန်လမ်းမဲ့ပင်လယ်ကို စူးစမ်းဖို့အတွက် ဖြတ်ပြီးပျံသန်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ ခုနစ်နှစ် ၊ ရှစ်နှစ်လောက် ပျံသန်းခဲ့ရပြီး အဝေးကိုရောက်လေလေ မိုးမြေယွမ်ချီတွေ ပါးလျလာလေလေ ဖြစ်လာခဲ့တယ်။ မိုးမြေယွမ်ချီတွေ မရှိဘူးဆိုရင် မဟာဧကရာဇ်တစ်ပါးတောင် တဖြည်းဖြည်းချင်း အားနည်းလာမှာပဲ။ နောက်ဆုံးတော့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့ရတယ် "
စုကျဲက ပြန်လမ်းမဲ့ပင်လယ်၏ ဒဏ္ဍာရီကို ပြောနေရင်းဖြင့် ထပ်လောင်းကာ ပြောလေသည်..." ပြန်လမ်းမဲ့ပင်လယ်ရဲ့ တောင်ဘက်ခြမ်းမှာ နတ်အရိုင်းမြေနဲ့ ချိတ်ဆက်နေတဲ့ ကုန်းမြေတံတားတစ်ခု ရှိတယ်။ တိုင်အာနတ်ပြည်ထောင် ၊ ယွင်လုံနတ်ပြည်ထောင်တို့လို တိုင်းပြည်တွေက အဲ့ဒီကုန်းမြေတံတားပေါ်မှာ တည်ရှိနေကြတာပဲ "
ယီယွင် ထိတ်လန့်သွားရသည်။ လမ်းပြလူငယ်က နတ်အရိုင်းမြေကို ထျန်းယွမ်ကမ္ဘာကြီးနှင့် ချိတ်ဆက်ရေးအတွက် အဘယ့်ကြောင့် တိုင်အာနတ်ပြည်ထောင်အား ဖျက်ဆီးလိုကြောင်း ကိစ္စက ရှင်းလင်းသွားချေပြီ။
နတ်အရိုင်းမြေက မည်မျှကြီးမားကြောင်း မှန်းဆရန် ခက်ခဲလေ၏။ မိုင်ပေါင်းသန်းချီပတ်လည်ရှိသည့် တိုင်အာနတ်ပြည်ထောင်သည်ပင် နတ်အရိုင်းမြေနှင့် ထျန်းယွမ်ကမ္ဘာကြီးတို့အား ချိတ်ဆက်ထားသည့် ကုန်းမြေတံတား၏ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်လေ၏။
လမ်းခရီးတွင် စုကျဲက ယီယွင်အား ဤလောကကြီးနှင့် ပတ်သတ်နေသည့် ကောလဟာလမျိုးစုံကို ပြောပြခဲ့သည်။ ထျန်းယွမ်ကမ္ဘာကြီး၏အကြောင်း ပြောပြချိန်တွင် ယီယွင် ကြီးစွာပင် အံ့ဩခဲ့ရသည်။
ထျန်းယွမ်ကမ္ဘာကြီးကို ကမ္ဘာဟု ခေါ်ဆိုရသည်မှာ ထျန်းယွမ်ကမ္ဘာကြီးက တိုင်အာနတ်ပြည်ထောင် တည်ရှိနေခဲ့သည့် နေရာနှင့် အလွန်ကွာခြားနေလေသောကြောင့် ဖြစ်လေ၏။
ထျန်းယွမ်ကမ္ဘာကြီးနှင် တိုင်အာနတ်ပြည်ထောင်တို့က တူညီသော ကမ္ဘာတစ်ခုထဲတွင် တည်ရှိကြပြီး ကြီးမားလှသော ကုန်းမြေတံတားတစ်ခုက ချိတ်ဆက်ပေးထားသည့်တိုင်အောင် စင်စစ်တွင်မူ ထျန်းယွမ်ကမ္ဘာကြီးနှင့် တိုင်အာနတ်ပြည်ထောင်တို့တွင် ကြီးစိုးနေသည့် သဘာဝဥပဒေသများက အလွန်ကွာခြားကြသည်။
ထျန်းယွမ်ကမ္ဘာကြီးတွင် လွတ်လပ်သော ကိုယ်ပိုင်စနစ်တစ်ခု ရှိလေ၏။ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် မိုးမြေယွမ်ချီများ ပိုမိုထူထဲသော်လည်း များစွာပို၍ ကြမ်းတမ်းလေသည်။ ယွမ်ချီများကို ထိန်းချုပ်ရန် မလွယ်ကူလှပေ။
တိုင်အာနတ်ပြည်ထောင်ထဲတွင် စစ်သည်တစ်ဦးက ဓားချီကို ပေတစ်ရာခန့် ခုတ်နိုင်သည်ဆိုပါက ထျန်းယွမ်ကမ္ဘာကြီးထဲတွင် ပေငါးဆယ်ခန့်သာ ခုတ်နိုင်လေသည်။ အာရုံခံနိုင်စွမ်းတွင်လည်း ထို့အတူသာ ဖြစ်လေသည်။ နတ်မျက်လုံး ပွင့်ထားပြီးသော စစ်သည်တစ်ဦးအဖို့ တိုင်အာနတ်ပြည်ထောင်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် ဘေးပတ်လည်အား အာရုံခံနိုင်စွမ်းရှိသည့် အကွာအဝေးမှာ များစွာပင် ကျဥ်းမြောင်းသွားရလေ၏။
" ဘယ်လိုဖြစ်ပြီး ဒီလိုထူးဆန်းတဲ့ ဥပဒေသမျိုး ရှိနေရတာလဲ " ယီယွင် ယုံကြည်ရခက်နေသည်။ တူညီသော ကမ္ဘာတစ်ခုထဲတွင်ပင် အဘယ်သို့ဖြစ်၍ ဤကဲ့သို့ ကွာခြားမှုမျိုး ရှိနေရလေသနည်း။
" ငါမသိဘူး "
စုကျဲက ခေါင်းယမ်းကာ... " တကယ်တော့ ထျန်းယွမ်ကမ္ဘာကြီးက အစကတည်းက တည်ရှိခဲ့တာမဟုတ်ဘဲ နောက်ပိုင်းမှ ဖြစ်ပေါ်လာတာ။ ထျန်းယွမ်ကမ္ဘာကြီးရဲ့ အချိန်နဲ့ဟင်းလင်းပြင် ကဏ္ဍတွေက အခြားနေရာတွေထက် အများကြီးပိုပြီး အားကောင်းတယ်။ ကြမ်းတမ်းတဲ့ ယွမ်ချီတွေကလည်း အဖိုးတန်တဲ့ ရတနာတွေကို မွေးဖွားပေးတယ် "
" အဲ့ဒီမှာက အဆင့်ပိုမြင့်တဲ့ ကမ္ဘာတစ်ခုလိုပဲ။ ထျန်းယွမ်ကမ္ဘာကြီးထဲမှာ ကျင့်ကြံကြတဲ့ စစ်သည်တွေက မိုးမြေယွမ်ချီတွေရဲ့ ဖိအားကို အချိန်အကြာကြီး ခံစားခဲ့ကြရတယ်။ ပိုကောင်းတဲ့ အရင်းအမြစ်တွေနဲ့ ပိုကောင်းတဲ့ အမွေအနှစ်တွေလည်း ရှိတယ်။ ဒါကြောင့် ထျန်းယွမ်ကမ္ဘာကြီးက လူသားမျိုးနွယ်ရဲ့ ဗဟိုချက်ပဲ။ အဲ့ဒီမှာ အခြားနယ်မြေတွေရဲ့ ကျွမ်းကျင်သူတွေ လာယှဥ်လို့မရတဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိတယ် "
" တိုင်အာနတ်ပြည်ထောင်လို နေရာမျိုးတွေမှာ မိသားစုတစ်ခုက လုံလောက်အောင် သန်မာလာရင် သူတို့ကိုယ်သူတို့ တော်ဝင်အိမ်တော်အဖြစ် သတ်မှတ်ပြီးတော့ တိုင်းပြည်ထူထောင်ပြီး ကိုယ်ပိုင်နယ်မြေတွေကို အုပ်ချုပ်ကြတယ်။ ဒါပေမဲ့ ထျန်းယွမ်ကမ္ဘာကြီးထဲမှာတော့ အဲ့ဒီလိုမျိုး မရှိဘူး "
" ထျန်းယွမ်ကမ္ဘာကြီးထဲမှာ အားကောင်းတဲ့ မိသားစုတွေ အများကြီးရှိတာကြောင့် တိုင်းပြည်ဆိုတာ မရှိတော့ဘူး။ ဥပမာပြရရင် ရှန်းထူမိသားစုလို အစွမ်းထက်တဲ့ မိသားစုတစ်ခုက နယ်မြေငယ်တစ်ခုကိုပဲ အပိုင်စားရတယ် "
" အဖွဲ့အစည်းကြီးတွေအကြားက ပြိုင်ဆိုင်မှုတွေကလည်း အရမ်းပြင်းထန်တယ်။ ဒါကြောင့် ထျန်းယွမ်ကမ္ဘာကြီးထဲမှာ ငါတို့က မိသားစုပေါင်းများစွာနဲ့ ပတ်သတ်ရတဲ့ အခြေအနေမျိုးနဲ့ပဲ အဆုံးသတ်ရတယ်။ မိသားစုအများစုက ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကြတဲ့အပြင် ထိမ်းမြားလက်ထပ်ခြင်းနဲ့လည်း မဟာမိတ်ဖွဲ့ကြတယ် "
" ဒီလိုနည်းလမ်းနဲ့ ခွဲခြားလိုက်တော့ အချို့တွေက ရှင်သန်ရပြီး အချို့တွေက သေဆုံးရတယ်။ မျိုးနွယ်အသစ်တွေ မွေးဖွားလာပြီးတော့ မျိုးနွယ်အဟောင်းတွေ ဖယ်ရှားခံရတယ်။ ထိပ်တန်းမိသားစုကြီးအချို့ကပဲ ဒီတိုက်ပွဲတွေမှာ ရှေ့ဆက်သွားနိုင်ကြတယ်။ ထိပ်တန်းမိသားစုကြီးတွေရဲ့ အမွေအနှစ်တွေက အရမ်းနက်နဲတယ်ဆိုပေမဲ့ တိုင်းပြည်တစ်ခု မထူထောင်နိုင်ကြဘူး။ မင်းက ထျန်းယွမ်ကမ္ဘာကြီးထဲမှာ တိုင်းပြည်တစ်ခု တည်ထောင်ပြီးတော့ မင်းကိုယ်မင်း ဧကရာဇ်အဖြစ် တင်မြောက်လိုက်တာနဲ့ အခြားမိသားစုတွေက မင်းကို ဝိုင်းပြီးတိုက်ခိုက်ကြဖို့ အခွင့်အရေးများသွားပြီပဲ "
နောက်ဆုံးတွင် ယီယွင် နားလည်သွားလေ၏။
" ကောင်လေး..."
စုကျဲက ယီယွင်၏ပခုံးကိုပုတ်ကာ ဆိုသည်..." တကယ်တော့ လင်မိသားစုက ရှန်းထူမိသားစုနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ မကြာသေးခင် နှစ်တွေအတွင်းမှာ မိသားစုနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ မကြာသေးခင်က သူတို့တွေက ဘုံအကျိုးစီးပွားတစ်ခုအတွက် မဟာမိတ်ဖွဲ့ကြတယ်။ မင်းသာ လင်မိသားစုကို သွားမယ်ဆိုရင် သေချာပေါက်ကို ပျော်စရာတစ်ခု ဖြစ်လာမှာပဲ "
ယီယွင် ပြောစရာမဲ့သွားရလေ၏။
" ပင်လယ်က စပြီးတော့ တည်ငြိမ်မှုနည်းလာတာကို ကြည့်လိုက်။ ငါတို့က ထျန်းယွမ်ကမ္ဘာကြီးနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာပြီ "
ယီယွင် လေသင်္ဘော၏ ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်လေရာ ပင်လယ်ရေပြင်တွင် လှိုင်းဂယက်ငယ်များ ထကြွနေသည်ကို မြင်လိုက်ရသည်။
" ထျန်းယွမ်ကမ္ဘာကြီးရဲ့အောက်မှာ နတ်သင်္ချိုင်းချောက်လို့ခေါ်တဲ့ ကြီးမားတဲ့ အနက်ရောင်ဝဲကတော့ကြီးတစ်ခု ရှိတယ်။ ဒီအမည်က ကြောင်းကျိုးမရှိတာမဟုတ်ဘူး။ အကယ်၍ အဲ့ဒီနေရာကို နတ်ဘုရားတစ်ပါး သွားခဲ့မယ်ဆိုရင်တောင် ပြန်လာနိုင်မှာမဟုတ်ဘူး "
" နတ်သင်္ချိုင်းချောက်က ပြန်လမ်းမဲ့ပင်လယ်ရဲ့ အနက်ပိုင်းထဲမှာ ရှိတယ်။ ဝဲကတော့က အရမ်းကို ကြောက်ဖို့ကောင်းပြီး အောက်ခြေမှာက မဲမှောင်နေတယ်။ အဲ့ဒါက အခြားကမ္ဘာတစ်ခုဆီကိုသွားတဲ့ အချိန်ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ဖြစ်တဲ့ပုံပဲ။ ဝဲကတော့ထဲမှာ ပင်လယ်ရေတွေ အဆက်မပြတ် ဝင်နေပေမဲ့ ပင်လယ်ရေတွေ ဘယ်နေရာကို ရောက်သွားလည်းဆိုတာ မသိရဘူး "
" ဝဲကတော့ကြီးမှာ ကြောက်ဖို့ကောင်းတဲ့ စုပ်ယူအားတစ်ခု ရှိတယ်။ မဟာဧကရာဇ်တစ်ပါး အနီးကပ်သွားရင်တောင် စုပ်ယူခံရမှာပဲ။ အဆုံးမဲ့တဲ့ ချောက်နက်ကြီးလို နေရာထဲကို ကျသွားပြီဆိုတာနဲ့ ပြန်ထွက်နိုင်မှာမဟုတ်ဘူး "
" ဒါကြောင့်ပဲ နတ်သင်္ချိုင်းချောက်ဆိုပြီး အမည်ရလာတာ "
" နတ်သင်္ချိုင်းချောက်ထဲမှာ ဘာတွေရှိလဲဆိုတာကိုတော့ မသိဘူး။ နတ်သင်္ချိုင်းချောက်ထဲကို ဝင်သွားတဲ့သူတွေ သေသလား ၊ ရှင်သလား ဆိုတာကိုလည်း ငါ မသိဘူး "
" နတ်သင်္ချိုင်းချောက်က မရဏနယ်မြေ မဟုတ်ဘဲ ပြန်လမ်းမရှိတဲ့ လမ်းကြောင်းတစ်ခုလို့ အချို့သူတွေက ပြောကြတယ်။ နတ်သင်္ချိုင်းချောက်က ဖြတ်သန်းသွားရင် အခြားကမ္ဘာတစ်ခုကို ရောက်သွားလိမ့်မယ်တဲ့။ ဒါကြောင့် သက်တမ်းကုန်ခါနီးတဲ့ မဟာဧကရာဇ်အချို့က အဲ့ဒီကိစ္စကို စုံစမ်းဖို့အတွက် နတ်သင်္ချိုင်းချောက်ထဲကို ဝင်သွားခဲ့ကြတယ်။ သူတို့က သူတို့ရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ခု ရှိနေမလားဆိုတာကိုလည်း သိချင်ကြတယ်လေ "
စုကျဲ၏စကားများကို နားထောင်နေရင်း ယီယွင် ကြီးစွာထိတ်လန့်လာသည်။
ပြန်လမ်းမဲ့ပင်လယ် ၊ နတ်သင်္ချိုင်းချောက်။
မဟာဧကရာဇ်နယ်ပယ်က လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်ဟု မူလက သူ ထင်ထားခဲ့ဖူးသည်။ သို့သော် စုကျဲ၏စကားများအရ ဤကမ္ဘာထဲတွင် မဟာဧကရာဇ်များပင် လက်မြှောက်ထားရသည့် ဆန်းကြယ်နယ်မြေအချို့ ရှိနေသေးချေသည်။
ထိုသည်က လူအများ မဖြစ်မနေပင် လေးစားကြရမည့် ဖန်ဆင်းရှင်စွမ်းအား သို့မဟုတ် သဘာဝဥပဒေသ ဖြစ်လေသည်။
လေသင်္ဘောက ရှေ့ဆက်သွားနေလျက်ရှိပြီး ပြန်လမ်းမဲ့ပင်လယ်က ကြမ်းတမ်းမှုများ ပိုတိုးလာသည်။ ယင်းက နတ်သင်္ချိုင်းချောက်ကြောင့် ဖြစ်နေရကြောင်း ထင်ရှားလေသည်။ ဤကဲ့သို့လှိုင်းများကို ဖန်တီးနိုင်သည့် ဝဲကတော့ကြီးက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း အရှင်းသားပင်ဖြစ်သည်။
လက်ရှိတွင် ယီယွင်သည် အဝေးတစ်နေရာတွင် မိုးမြင့်တမျှ ကမ်းပါးနံရံတစ်ခုကို ပင်လယ်မြူခိုးများအကြားမှတစ်ဆင့် မြင်လိုက်ရလေ၏။
ထိုကမ်းပါးနံရံက ပေတစ်သိန်းခန့် မြင့်မားလေပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် နတ်နံရံကြီးတစ်ခုပမာ ရှိနေလေသည်။
" အဲ့ဒါက ထျန်းယွမ်ကမ္ဘာကြီးပဲ။ ထျန်းယွမ်ကမ္ဘာကြီးက နတ်သင်္ချိုင်းချောက်ရဲ့ အထက်မှာ ရှိတယ်။ မင်း မြင်နေရတာက ပင်လယ်ရေမျက်နှာပြင်အထက်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ထျန်းယွမ်ကမ္ဘာကြီး မြုပ်မသွားအောင်လို့ ဘယ်လိုစွမ်အားမျိုးက ကာကွယ်ပေးနေလဲဆိုတာကို ဘယ်သူကမှ မသိကြဘူး "