အခန်း (၁၁၁)
Vol. 12 Ch. 111
ကွေ့လင်စီရင်စုရှိ ချွေ့မိသားစု၏ အပန်းဖြေအိမ်တော် အတွင်း။
“နင် ရူးနေလား။ အဲဒီလို အောက်တန်းစား ကောင်နဲ့ ဘယ်လိုလုပ် လောင်းကြေး ထပ်ရတာလဲ။” ချွေ့ဖိန်ထင်က အေးစက်စွာ ပြောလိုက်သည်။ “နင်က ဘယ်သူလဲ။ ချန်ဖိန်က ဘယ်သူလဲ။ သူ့လိုလူနဲ့ လောင်းကြေးထပ်တာ နိုင်ရင်တောင် နင့်ဂုဏ်သိက္ခာ ကျဆင်းရုံပဲ ရှိမယ်။”
ချွေ့ဖိန်ထင်သည် အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် လှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ခဲ့သောကြောင့် သူမသည် တင်းတင်းရင်းရင်းနှင့် လှပသော ခန္ဓာကိုယ်အချိုးအစား ရှိကာ သန်းပေါင်းများစွာသော မိန်းကလေးများထဲတွင် တစ်ယောက်သာ ရှိနိုင်မည့် အလှပဂေးဖြစ်သည်။
ချွေ့နျန်သည် အနည်းငယ် ပိန်ပါးသော်လည်း ချောမောသော လူငယ်တစ်ဦး ဖြစ်ပြီး မျက်လုံးများထဲတွင် ခေါင်းမာမှုနှင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုများ ပြည့်နှက်နေသည်။
“ကျွန်တော် ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။” ချွေ့နျန်က ပြောလိုက်သည်။
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “ချန်ဖိန်ကို လျှော့မတွက်နဲ့။ သူက နိမ့်ကျတဲ့ နေရာက လာပေမဲ့ သူ့ပါရမီက နင့်အောက် မနိမ့်ဘူး။ နင်နဲ့သူ့ရဲ့ အနိုင်အရှုံးက ၅၀-၅၀ ပဲ။ ဒါပေမဲ့ နင် သူ့အတွက် စိတ်ပူစရာ မလိုပါဘူး။ သူ့ရဲ့ တန်ဖိုးမရှိတဲ့ အသက်က ကြာကြာခံမှာ မဟုတ်ဘူး။ သူ နင်နဲ့ ပထမဆု လုနိုင်တော့မှာ မဟုတ်ဘူး။”
ချွေ့နျန် အံ့သြသွားပြီး ပြောလိုက်သည်။ “အစ်မ ၃ သူ့ကို သတ်လိုက်တာလား။ ကျွန်တော့်အတွက် ဆိုရင်တောင် အစ်မ သူ့ကို မသတ်သင့်ဘူး။ ကျွန်တော် သူ့ကို အနိုင်ယူပြီး ခြေမှုန်းပစ်လိုက်တဲ့အထိ စောင့်သင့်တာ။ ကျွန်တော့်လို ပါရမီရှင်နဲ့ သူ့လိုအမှိုက်ကောင်ကြားက ကွာခြားချက်ကို ဒီကောင် မြင်သွားအောင် လုပ်ပြီးမှ သတ်သင့်တာ။ အခု သေခွင့်ပေးလိုက်တာက သူ့အတွက် သက်သာလွန်းတယ်။”
ချွေ့ဖိန်ထင်က အေးစက်စွာ ပြောလိုက်သည်။ “ချန်ဖိန်က တုပိုင် အကြောင်းအကောင်းပြောရဲမှတော့ သူ သေသင့်တယ်။ ပြီးတော့ အဆိုးရွားဆုံး နည်းလမ်းနဲ့ သေသင့်တယ်။”
သူမ၏ ဂုဏ်သတင်းသည် တုပိုင်ကြောင့် လုံးဝနီးပါး ပျက်စီးခဲ့ရသဖြင့် သူမသည် တုပိုင်ကို အရိုးထဲထိ မုန်းတီးနေသည်မှာ သေချာပေါက်ပင်။
ရယ်စရာကောင်းသည်မှာ ချွေ့ဖိန်ထင်သည် သူမ၏ စေ့စပ်ထားသူ ကွယ်ရာတွင် ဖောက်ပြန်ခဲ့ပြီး ဘူးပေါ်သလို ပေါ်သွားသောအခါ ယောက္ခမလောင်းများက သူမကို တိတ်တဆိတ် ရွံရှာခဲ့ကြသော်လည်း သူမကတော့ မတော်တဆ တွေ့ရှိသွားသော တုပိုင်ကိုသာ အပြစ်တင်နေသည်။
**--**--**--**--**--**--**--**
ပြည်နယ်စာမေးပွဲ စတင်သည့်နေ့တွင် လူအများအပြားသည် သတင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပါရမီရှင် လူငယ်လေး ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် ဖြစ်သည်။
သူ့ဆရာများနှင့် သူငယ်ချင်းများသည် သူ့ကို စိတ်ပူပန်စွာ ဖြင့်ရှာဖွေနေကြသည်။ ချန်ဖိန်သည် ယခုနှစ် စာမေးပွဲတွင် ပထမဆု ရရန် အခွင့်အရေး ရှိသော်လည်း ယခု ပျောက်ဆုံးနေသည်။ သူတို့ ဘာလုပ်ကြရမည်နည်း။
ချွေ့ဖိန်ထင်သည်လည်း စာမေးပွဲခန်းမ အပြင်ဘက်ရှိ တည်းခိုခန်း ခေါင်မိုးထပ်ကို ငှားရမ်းထားပြီး သူမ၏ လှပသော မျက်လုံးများဖြင့် ဝင်ပေါက်ကို စိုက်ကြည့်နေသည်။
ချွေ့နျန်သည် အလျင်စလို ဝင်မသွားပေ။ ချန်ဖိန် လာမလာ သူ စောင့်ကြည့်ချင်သည်။ ချန်ဖိန်ကို သူ လာစေချင်သည်။ ချွေ့နျန်သည် မာနကြီးပြီး ချန်ဖိန်ကို လွယ်ကူစွာ အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားသည်။
စာမေးပွဲ ခန်းမပိတ်ရန် ၁၅ မိနစ်သာ လိုတော့သော်လည်း ချန်ဖိန် ပေါ်မလာသေးပေ။ သူ့သူငယ်ချင်းများသည် မျှော်လင့်ချက် ကုန်ဆုံးသွားပြီး စာမေးပွဲခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
ချွေ့နျန်လည်း အလွန် စိတ်ပျက်သွားပြီး စာမေးပွဲခန်းမထဲသို့ ဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် မြင်းလှည်းတစ်စီး ဖြည်းညှင်းစွာ မောင်းနှင်လာပြီး စာမေးပွဲခန်းမ တံခါးဝတွင် ရပ်လိုက်သည်။
ထို့နောက် ဖျားနာပြီး သေလုနီးပါး ဖြစ်နေသော လူငယ်တစ်ဦး မြင်းလှည်းပေါ်မှ ဆင်းလာသည်။
“ချန်ဖိန် ရောက်လာပြီ။ ပါရမီရှင်လူငယ်လေး ချန်ဖိန် ရောက်လာပြီ။”
လူတိုင်း အံ့အားသင့်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။ ဤသူသည် ချွေ့မိသားစု၏ ပါရမီရှင် ချွေ့နျန် ပြီးလျှင် ယခုနှစ် စာမေးပွဲ၌ အနိုင်ရရန် ရေပန်းအစားဆုံး ဒုတိယမြောက် လူ ဖြစ်သည်။
သူ့ကို မြင်သောအခါ ချွေ့နျန်က ပြောလိုက်သည်။ “ချန်ဖိန်။ မင်း တကယ် ရောက်လာတာပဲ။ ဒါပေမဲ့ မင်းရဲ့ သေချင်ယောင်ဆောင်နေတဲ့ ပုံစံနဲ့ ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ။ မင်း ရှုံးရင်တောင် မင်းညံ့လို့ မဟုတ်ဘဲ နေမကောင်းလို့ ရှုံးတာပါလို့ လူတိုင်းကို ပြောချင်တာလား။ တကယ့် ကောက်ကျစ်တဲ့ကောင်ပဲ။”
ဤချန်ဖိန်သည် သေချာပေါက် တုပိုင် ဖြစ်သည်။
တုပိုင်သည် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး ခက်ခက်ခဲခဲ လမ်းလျှောက်နေဟန်ဆောင်ကာ အေးစက်စွာ ပြောလိုက်သည်။ “ငါ ဘာလို့ ဒီလို ဖြစ်သွားလဲ ဆိုတာ မင်းတို့ ချွေ့မိသားစုက မသိဘူးလား။ ပထမဆု လိုချင်လွန်းလို့ မင်းတို့က ဂူအဆိပ် သုံးပြီး ငါ့ကို လုပ်ကြံခဲ့ကြတာလေ။”
သူ့အသံသည် အက်ကွဲလွန်းသဖြင့် လုံးဝ မှတ်မိစရာ မရှိပေ။ ဤစကားလုံးများသည် လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
တည်းခိုခန်း ခေါင်မိုးထပ်တွင် ရှိနေသော ချွေ့ဖိန်ထင်သည် ထိတ်လန့်သွားပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ ဤအောက်တန်းစား ချန်ဖိန် အသက်ရှင်နေသေးသည်လော။ သူမ၏ ဂူအဆိပ် မိထားလျက်နှင့် စာမေးပွဲ လာဖြေနိုင်သေးသည်လော။
ထို့နောက် တုပိုင်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ချွေ့နျန်။ ငါ့ရဲ့ သေလုမျောပါး ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး အထင်လာမသးနဲ့။ စာမေးပွဲမှာ ငါ မင်းကို အနိုင်ယူနိုင်တုန်းပဲ။ ငါ့မှာ စွမ်းအား ၅၀ ရာခိုင်နှုန်းပဲ ကျန်တော့ရင်တောင် မင်းကို သတ်ဖို့ လုံလောက်တယ်။”
ဤသည်ကို ကြားလိုက်ရသောအခါ မာနကြီးပြီး ဝင့်ဝါသော ချွေ့နျန်သည် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
တုပိုင် အေးစက်စွာ ပြောလိုက်သည်။ “ငါတို့ရဲ့ လောင်းကြေးကို မှတ်မိသေးရဲ့လား။”
ချွေ့နျန်က ပြောလိုက်သည်။ “သေချာပေါက် မှတ်မိတာပေါ့။ ငါ ပထမဆု ရရင် မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး ဦးချရမယ်။ မိန်းမစိုးဂိုဏ်းက တိုင်းပြည်နဲ့ လူမျိုးအတွက် ကပ်ဘေးဆိုးကြီး ဖြစ်တယ်၊ လူတိုင်း ဝိုင်းသတ်သင့်တယ်လို့ အော်ဟစ်ရမယ်။ တုပိုင်က ယုတ်မာပြီး အရှက်မရှိတဲ့ကောင်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဒဏ်ခတ်မှုကို ခံရသင့်တယ်လို့ ပြောရမယ်။”
တုပိုင်က ပြောလိုက်သည်။ “ငါ နိုင်ရင် မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး ၃ ကြိမ် ဦးချရမယ်။ တုပိုင်က ပါရမီရှင်ပါလို့ မင်း ခေါ်စရာ မလိုဘူး။ ငါက မင်းကို ချွေ့ဖိန်ထင်က အကျင့်ပျက်ပြားပြီး ရှက်ရွံ့ခြင်းမရှိတဲ့ မိန်းမပျက်ပါလို့ပဲ အော်ခိုင်းမှာ။”
ထိုသည်ကို ကြားလိုက်ရသောအခါ အပေါ်ထပ်ရှိ ချွေ့ဖိန်ထင်သည် ငိုချင်လုနီးပါး ဖြစ်သွားသည်။
တုပိုင် လှောင်ပြုံး ပြုံးလိုက်ပြီး “ဘာလဲ။ ရှုံးမှာ ကြောက်နေတာလား။”
မာနကြီးပြီး ဝင့်ဝါသော ချွေ့နျန်သည် ဒေါသအလျောက် အော်ပြောလိုက်သည်။ “လောင်းကြမယ်။”
တုပိုင် ပြောလိုက်သည်။ “စကားလုံးတွေက အဓိပ္ပာယ် မရှိဘူး။ စာချုပ် ချုပ်ကြတာပေါ့။ ကွန်ဖြူးရှပ်က ငါတို့ရဲ့ သက်သေပဲ။ ကျောင်းတော်သားတွေ အားလုံးက ငါတို့ရဲ့ သက်သေပဲ။”
ထို့နောက် သူတို့နှစ်ဦးသည် စာဖြေသူ အများအပြား၏ ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။ သူတို့၏ အထောက်အထားများကို စစ်ဆေးပြီး ခန္ဓာကိုယ် ရှာဖွေမှု ပြုလုပ်ပြီးနောက် စာမေးပွဲခန်းမထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။
စာမေးပွဲခန်းမထဲသို့ ဝင်ရောက်သွားသော ချန်ဖိန်အတုကို ချွေ့ဖိန်ထင်သည် စိုက်ကြည့်ရင်း အံကြိတ်ကာ အောက်ဆင်းပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေမိသည်။
“သူ အသက်ရှင်နေသေးတာလား။ နင်ပေးလိုက်တဲ့ အဆိပ်က တကယ် စိတ်ချရရဲ့လား။” သူမက ဘေးနားရှိ အိမ်ဖော်မလေးကို မေးလိုက်သည်။
ဤအိမ်ဖော်မလေးသည် သနားကမားရုပ်ရည်ရှိသော်လည်း ရဲရင့်ပြတ်သားသော မျက်လုံးများ ရှိသည်။
“လုံးဝ ပြဿနာ မရှိပါဘူး။ ကျွန်မတို့ မျိုးနွယ်စုရဲ့ အဆိပ်က ဘာမှားယွင်းစရာ အကြောင်း မရှိပါဘူး။” အိမ်ဖော်မလေးက ပြောလိုက်သည်။ “သူ မသေသေးတာက သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားနေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာ သေချာပေါက် အသက်ရှည်ရှည်နေရမယ့် ပုံစံတော့ မဟုတ်တော့ပါဘူး။”
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “ဒီအရူးကောင် ချွေ့နျန်က ဒီလို လောင်းကြေးမျိုးကို လက်ခံလိုက်တယ်တဲ့လား။”
အိမ်ဖော်မလေးက ပြောလိုက်သည်။ “စိတ်မပူပါနဲ့ သခင်မလေး။ ချန်ဖိန်က သေလုမျောပါး ဖြစ်နေပြီး ဘယ်အချိန်မဆို သေသွားနိုင်ပါတယ်။ သူ စာမေးပွဲခန်းမကို ရောက်လာရင်တောင် ကောင်းတာ တစ်ခုမှ ရေးနိုင်မှာ မဟုတ်ပါဘူး။”
ထိုအချက်က မှန်ကန်သည်။ ဧကရာဇ်မင်းမြတ်စာမေးပွဲအတွက် ရေးသားရသော စာစီစာကုံးနှင့် ကဗျာတိုင်းသည် ကြီးမားသော အားထုတ်မှုနှင့် စိတ်နှစ်မြှုပ်မှု လိုအပ်သည်။ ကျန်းမာသန်စွမ်းသူများပင်လျှင် စာမေးပွဲဖြေပြီးပါက အကြီးအကျယ် ဖျားနာပြီး ပြန်စကောင်းလာသကဲ့သို့ ခံစားရတတ်သည်။
ချန်ဖိန်သည် သေလုမျောပါး ဖြစ်နေပြီး အသက်ရှူနိုင်နေခြင်းကပင် အံ့ဖွယ်ကိစ္စ ဖြစ်နေသည်။ လက်ရှိတွင်ပင် သူ့စိတ်အာရုံများ ဝေဝါးနေမည် ဖြစ်ပြီး ကျိန်းသေပေါက် ဖျားနာနွမ်းနယ်နေပေလိမ့်မည်။ သူသည် ကောင်းမွန်သော ခေတ်ပြိုင်ကဗျာများ သို့မဟုတ် စာစီစာကုံးများကို ရေးသားရန် လုံးဝ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤပြိုင်ပွဲတွင် ချွေ့နျန် အနိုင်ရမည်မှာ သေချာသလောက်ပင်။ ထို့အပြင် သူမ၏ မောင်ငယ် ချွေ့နျန်သည် ဤစာမေးပွဲတွင် ပထမဆု ရရှိမည်မှာ သေချာကြောင်း ချွေ့ဖိန်ထင် သိထားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် မေးခွန်းများကို ကြိုတင် သိရှိထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ မိသားစုသည် ပညာရေးကော်မရှင်နာမင်းကြီး၏ လူယုံတော်အား စာမေးပွဲမေးခွန်းများကို ခိုးယူရန် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိပ်တန်းအဆင့် စာစီစာကုံးများနှင့် ကဗျာများကို ရေးသားရန် ပညာရှင် တစ်ဒါဇင်ခန့်ကို စုစည်းခဲ့သည်။
ထို့ကြောင့် ချွေ့နျန်သာ ဤစာမေးပွဲတွင် မအောင်မြင်လျှင် ထူးဆန်းနေပေလိမ့်မည်။
အပိုင်း ၁၁၁ ပြီး။