← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

ရှုံးနိမ့်နိုင်ခြေ ရှိပါသလား။ ချွေ့နျန် လုံးဝ ထည့်မတွက်ထားပေ။ နေမင်းကြီး အနောက်အရပ်မှ ထွက်လာလျှင်ပင် သူရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။

စာမေးပွဲခန်းမရှေ့ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ဖြေဆိုသူ အများအပြားသည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

“ဒီတစ်ခေါက် ဘယ်သူ ပထမ ရမယ်လို့ ထင်လဲ။”

“မေးနေစရာ လိုသေးလား။ သေချာပေါက် ချွေ့နျန်ပေါ့။”

“ချန်ဖိန်ကရော။”

“ချန်ဖိန်က ရောဂါသည်လေ။ စာမေးပွဲ ဖြေနေတုန်း အချိန်ပြည့် အိပ်နေခဲ့တာ။ သူက သေချာပေါက် ကျမှာ။ ချွေ့နျန်နဲ့ ပထမနေရာကို ယှဉ်လုချင်သေးတယ်တဲ့လား။ အိပ်မက်မက်နေလိုက်။”

“ဒီချွေ့နျန်က ဒီနှစ်မှ ၁၆ နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ သရဖူငယ်သုံးခု ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားပြီးပြီ။ နောက်တစ်ဆင့် ပြည်နယ်စာမေးပွဲမှာလည်း သူပဲ နိုင်ဦးမှာ။ ပြည်နယ်အဆင့် ထိပ်တန်းဂုဏ်ထူးဆောင်ဘွဲ့ကိုတောင် ရကောင်း ရနိုင်တယ်။ ပြီးတော့ သူက ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာတာ ဆိုတော့ အနာဂတ်က တောက်ပနေတာပဲ။ ဘယ်လိုအမျိုးသမီးမျိုးကများ သူနဲ့ ထိုက်တန်မလဲ ဆိုတာ ငါ တကယ် မစဉ်းစားတတ်တော့ဘူး။”

လူတိုင်း၏ မနာလိုအားကျနေသော လေသံများကို ကြားလိုက်ရသဖြင့် ချွေ့နျန်သည် နှလုံးသားထဲတွင် အလွန် ကျေနပ်ပီတိ ဖြစ်သွားသည်။

သို့သော် ဘယ်လိုအမျိုးသမီးမျိုးကများ သူနဲ့ ထိုက်တန်မလဲဟူသော နောက်ဆုံးဝါကျကို ကြားလိုက်ရသောအခါ ချွေ့နျန်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အမျိုးသမီးတစ်ဦး၏ မျက်နှာနှင့် ကိုယ်ခန္ဓာအချိုးအစားသည် သူ့စိတ်အာရုံထဲသို့ ဝင်ရောက်လာလေသည်။

သူသည် ထိုအမျိုးသမီးကို တစ်ကြိမ်သာ တွေ့ဖူးသော်လည်း စွဲလမ်းနှစ်သက်နေပြီး ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။

သို့သော် ဤအမျိုးသမီး၏ အဆင့်အတန်းသည် မြင့်မြတ်လွန်းလှသဖြင့် ချွေ့နျန်အတွက် လက်လှမ်းမမီနိုင်သော အရာတစ်ခု ဖြစ်နေခဲ့ရာ ယခင်က မျှော်လင့်ချက် မထားရဲခဲ့ပေ။

ယခုအခါ မိသားစုက သူ့ကို ပြုစုပျိုးထောင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ယနေ့တွင် သူသည် အကယ်ဒမီစာမေးပွဲ ၃ ခုစလုံးတွင် ထိပ်တန်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီ။ နောက်နှစ်တွင် ပြည်နယ်အဆင့် စာမေးပွဲကို ဖြေဆိုမည်။ နောက် ၅ နှစ် အကြာတွင် မြို့တော်အဆင့် စာမေးပွဲကို ဖြေဆိုရပေမည်။

အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားပါက သူသည် အသက် ၂၁ နှစ်တွင် ဧကရာဇ်မင်းမြတ်စာမေးပွဲကို အောင်မြင်ပေလိမ့်မည်။ အကယ်၍ သူသာ အမြင့်ဆုံးအဆင့်ကို ရရှိခဲ့ပါက ထိုအမျိုးသမီးကို လက်ထပ်ခွင့် တောင်းရန်နှင့် သူမ၏ မိသားစုကို ကမ်းလှမ်းရန် အရည်အချင်း ပြည့်မီလာပေလိမ့်မည်။

ရလဒ်ကြေညာမည်ကို စောင့်ဆိုင်းနေသော ဖြေဆိုသူများသည် သူတို့၏ စိတ်လှုပ်ရှားမှုများ ပြေပျောက်စေရန် အမျိုးသမီးများ အကြောင်း စတင် ပြောဆိုလာကြသည်။

“ဒီကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးက ဘယ်သူလို့ ထင်လဲ။”

“သေချာတာပေါ့။ မင်းသမီးနင်းရွှဲ့ မဟုတ်ဘူးလား။”

“ငါကတော့ မင်းသမီးနင်းရွှဲ့ကို မတွေ့ဖူးဘူး။ ဒါပေမဲ့ မင်းသမီးယွီကျိန်းကိုတော့ တွေ့ဖူးတယ်။ သူမက တကယ့်ကို... တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ဒီတစ်သက် တခြားမိန်းမတွေကို အိပ်မက်ထဲမှာတောင် မမြင်ချင်တော့ဘူး။ သူမက အရမ်းလှတယ်။ အရမ်း... ဆွဲဆောင်မှု ရှိတယ်။”

မင်းသမီးယွီကျိန်း၏ နာမည်ကို ကြားလိုက်ရသည်နှင့် ချွေ့နျန် ချက်ချင်း ဒေါသထွက်သွားသည်။ ဤသည်မှာ သူ၏ အိပ်မက်ချစ်သူ ဖြစ်သည်။ ဤမျှ မြင့်မြတ်ပြီး လှပသော အမျိုးသမီး၏ နာမည်ကို သူတို့က မည်သို့ ပြောဆိုရဲရသနည်း။

**--**--**--**--**--**--**--**

ရာချီသော ပညာရှင်များက မင်းသမီးယွီကျိန်း မည်မျှ လှပကြောင်း မည်မျှ ဆွဲဆောင်မှု ရှိကြောင်း ဆွေးနွေးနေကြစဉ်မှာပင် ချန်ဖိန်အဖြစ် ရုပ်ဖျက်ထားသော တုပိုင်သည် သစ်သားဘီးတပ်ကုလားထိုင်ဖြင့် စာမေးပွဲခန်းမရှေ့သို့ ရောက်ရှိလာလေသည်။

သူ ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

“သူက ဒီကို ဘာလာလုပ်တာလဲ။ မနေ့က တစ်နေ့လုံး အိပ်နေခဲ့တာလေ။ ကျရှုံးဖို့ ကံပါလာတဲ့လူက ဒီကို လာနေပြီး ဘာထူးမှာမို့လို့လဲ။”

တုပိုင် ရောက်လာသည်ကို မြင်သောအခါ ချွေ့နျန်သည် သူ့ရှေ့သို့ ချက်ချင်း လျှောက်သွားပြီး အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ချန်ဖိန်။ မင်း သေတောင် မသေသေးဘူးလား။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါတို့ရဲ့ လောင်းကြေးကို မှတ်မိသေးတယ်မလား။”

တုပိုင်က ပြောလိုက်သည်။

“သေချာပေါက် မှတ်မိတာပေါ့။ အကယ်ဒမီစာမေးပွဲမှာ ပထမရတဲ့သူကို တစ်ဖက်လူက သုံးကြိမ် ဒူးထောက် ဦးချရမယ်။”

ချွေ့နျန်က ပြောလိုက်သည်။

“မင်း ငါ့ကို ဒူးထောက် ဦးချတဲ့အခါ အော်ပြောဖို့ မမေ့နဲ့ဦး။ မိန်းမစိုးဂိုဏ်းက တိုင်းပြည်နဲ့ ပြည်သူအတွက် ဘေးအန္တရာယ် ကပ်ဆိုးကြီး ဖြစ်တယ်။ လူတိုင်း သူတို့ကို သတ်ပစ်သင့်တယ်။ တုပိုင်က အရှက်မရှိတဲ့ ယုတ်မာကောင် ဖြစ်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အပြစ်ပေးခြင်းကို ခံရသင့်တယ် ဆိုတာလေ။”

တုပိုင်က ပြန်ပြောလိုက်သည်။

“မင်း ငါ့ကို ဒူးထောက်ပြီး ချွေ့ဖိန်ထင်က ကာမဂုဏ် လိုက်စားတယ်။ အရှက်မရှိဘူး။ ဖောက်ပြန်တတ်တယ် လို့ အော်ဟစ်ရမယ့် အခြေအနေလည်း ဖြစ်လာနိုင်တာပဲ။”

“ဟားဟားဟား။ မင်း အိပ်မက်မက်နေတာပဲ။”

ချွေ့နျန်သည် တုပိုင်၏ နားနားသို့ ကပ်ပြီး တီးတိုး ပြောလိုက်သည်။

“မင်းက သေခါနီးတာတောင် ခေါင်းမာနေတုန်းပဲ။ ဒီနေ့ နေမင်းကြီး အနောက်အရပ်က ထွက်လာရင်တောင် ဘယ်သူမှ ငါ့ရဲ့ ပထမနေရာကို လုယူသွားနိုင်မှာ မဟုတ်ဘူး။”

ထို့နောက် သူသည် မနေ့က လက်မှတ်ထိုးထားသော လောင်းကြေးစာချုပ်ကို တိုက်ရိုက် ထုတ်ပြလိုက်ပြီး ပြောလိုက်သည်။

“မိတ်ဆွေ ပညာရှင်တို့။ ဒါက မနေ့က ကျွန်တော် ချန်ဖိန်နဲ့ ချုပ်ဆိုခဲ့တဲ့ လောင်းကြေးစာချုပ်ပါ။ ကျွန်တော် ဒီစာချုပ်ကို ချုပ်ဆိုရတဲ့ အကြောင်းရင်းက ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် လုံးဝ မဟုတ်ပါဘူး။ အရှက်မရှိတဲ့ မိန်းမစိုးဂိုဏ်းကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့အတွက် ကျွန်တော်တို့ ပညာရှင်တွေကို ကိုယ်စားပြုပြီး လုပ်ဆောင်တာပါ။”

“ပြီးခဲ့တဲ့ လက တက္ကသိုလ် ၃ ခု ပူးပေါင်းပြိုင်ပွဲမှာ မိန်းမစိုးသစ္စာဖောက်တုပိုင်က ကျွန်တော်တို့ လီကျန်းအကယ်ဒမီကို အောက်တန်းကျတဲ့ လှည့်ကွက်တွေ သုံးပြီး အနိုင်ယူခဲ့တယ်။ ဒီချန်ဖိန်က တုပိုင်ဘက်ကနေတောင် ပြောဆိုပေးခဲ့တယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မိန်းမစိုးဂိုဏ်းဝင် တုပိုင်ရဲ့ အရှက်မရှိတဲ့ မျက်နှာဖုံးကို ကျွန်တော် ခွာချပြမယ်။”

ထိုစကားကို ကြားသောအခါ ချွေ့နျန်နှင့် ချန်ဖိန်တို့၏ ပြိုင်ဆိုင်မှုသည် ရုတ်တရက် မြင့်မြတ်သော အသွင်ဆောင်သွားပြီး မိန်းမစိုးဂိုဏ်းကို တော်လှန်တိုက်ခိုက်နေကြသော ပညာရှင်အားလုံး၏ ကိုယ်စားပြု စစ်ပွဲတစ်ခုအဖြစ် ပုံပေါ်သွားလေသည်။

“ဒီမှာရှိတဲ့ ကျောင်းသား တစ်ထောင်က ကျွန်တော်တို့အတွက် သက်သေအဖြစ် ရှိနေပေးကြပါ။” ချွေ့နျန်က ပြောလိုက်သည်။

“ကောင်းပြီ။ ငါတို့က မင်းရဲ့ သက်သေ လုပ်ပေးမယ်။”

ပွဲကြည့်ရသည်ကို နှစ်သက်သော ပညာရှင်များက ချက်ချင်း သဘောတူလိုက်ကြသည်။

ချွေ့နျန်သည် တုပိုင်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ချန်ဖိန်။ မျက်လုံးပေါင်း ထောင်ချီပြီး ကြည့်နေကြတာ။ မင်း ငြင်းလို့ မရတော့ဘူးနော်။ ရလဒ်ထွက်လာတာနဲ့ မင်း ငါ့ရှေ့မှာ ဒူးထောက် ဦးချရမယ်။ မိန်းမစိုးဂိုဏ်းကို တိုက်ခိုက်မယ့် ငါ့စစ်ပွဲရဲ့ အမြောက်စာ ဖြစ်လာရမယ်။ တုပိုင်ကို နင်းချေဖို့ ငါ့ရဲ့ ကိရိယာတန်ဆာပလာ ဖြစ်လာရမယ်။”

**--**--**--**--**--**--**--**

နေမင်းကြီး တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ရလဒ်များ ထွက်ပေါ်လာတော့မည် ဖြစ်သဖြင့် လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ချွေ့နျန်မှာမူ လုံးဝ စိတ်မလှုပ်ရှားပေ။ သူသည် အလွန်အမင်း စိတ်တက်ကြွပြီး ပျော်ရွှင်နေသည်။

သူ့ဘဝ၏ ဂုဏ်ယူစရာ အခိုက်အတန့် ရောက်လာတော့မည်။ ရောက်လာတော့မည်။

“အဆင့်စာရင်း လာပြီဟေ့။ အဆင့်စာရင်း လာပြီ။”

ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။ လူအုပ်ကြီးသည် ဒီရေအလား ရှေ့သို့ တိုးဝှေ့ သွားကြသည်။

ထင်ထားသည့်အတိုင်းပင် စာမေးပွဲခန်းမမှ စစ်သည်အချို့သည် အနီရောင် ကြေညာစာရွက်ကြီး အချို့ကို ကိုင်ဆောင်လျက် ထွက်လာကြပြီး နံရံတွင် ကပ်ရန် ပြင်ဆင်လိုက်ကြသည်။

ချွေ့နျန်သည် ရှေ့သို့ တိုးမသွားဘဲ ကျောခိုင်းလိုက်သည်။

သူသည် စာရင်းကို လှည့်ပင် မကြည့်ချေ။ အဘယ်ကြောင့်ဆိုသော် ကြည့်စရာ မလိုသောကြောင့် ဖြစ်သည်။

အပိုင်း ၁၁၇ ပြီး။

All Chapters