အခန်း (၁၁၈)
Vol. 12 Ch. 118
သူ၏ ပထမနေရာသည် သေချာနေပြီး ဖြစ်သည်။ သူက နားစွင့်နေရုံသာ လိုသည်။ တစ်ယောက်ယောက်က သူ့နာမည်ကို ခေါ်မည့်အချိန်ကို စောင့်ပြီး ဂုဏ်ယူစွာ ခံစားလိုက်ရုံသာ။
‘ဟူး...။ ဒီလိုနေရာမျိုးမှာ ပြိုင်ဘက်ကင်း ဖြစ်နေတာကလည်း တစ်မျိုးတော့ အထီးကျန်ဆန်သားပဲ။’ ချွေ့နျန် စိတ်ထဲမှ ညည်းတွားလိုက်သည်။
တုပိုင်သည်လည်း စာရင်းကို လှည့်မကြည့်ပေ။ အဘယ်ကြောင့်ဆိုသော် ပထမနေရာကို ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကုန်းယွမ်ရင်ပြင်၏ အစွန်းတစ်ဖက်တွင် အထီးကျန်နေသော လူနှစ်ယောက်အဖြစ် တုပိုင်နှင့် ချွေ့နျန်တို့သာ ရှိနေသည်။
ချွေ့နျန်သည် တုပိုင်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြင်ဆင်ထားလိုက်တော့။ ငါ့ရှေ့မှာ ဒူးထောက်ပြီး အော်လိုက်တော့။ မိန်းမစိုးဂိုဏ်းက တိုင်းပြည်နဲ့ ပြည်သူအတွက် ဘေးအန္တရာယ် ဖြစ်ပြီး လူတိုင်း အပြစ်ပေးသင့်တယ်။ တုပိုင်က ယုတ်မာပြီး အရှက်မရှိတဲ့ကောင်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ် ဆိုတာလေ။”
ထို့နောက် ချွေ့နျန်သည် ရေတွက်လိုက်သည်။ “သုံး... နှစ်... တစ်...”
အနီရောင်စာရင်းကို စတင် ကပ်လိုက်သည်နှင့် ချွေ့နျန်သည် သူ့နာမည်ကို ကြားရရန် အာရုံစိုက် နားထောင်လိုက်သည်။
ချက်ချင်းပင် လူအုပ်ကြီးထဲမှ အံ့သြတကြီး ရေရွတ်သံများ ထွက်ပေါ်လာသည်။
“ဘုရားရေ...။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ချန်ဖိန်က အိပ်နေတာ မဟုတ်ဘူးလား။ သူက... သူက ဘယ်လိုလုပ် ပထမ ရသွားတာလဲ။”
ထိုအသံများသည် လေပြည်ကဲ့သို့ ချွေ့နျန်၏ နားထဲသို့ ဝင်ရောက်လာပြီး သူ ယိုင်နဲ့သွားကာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
‘ဒါ စိတ်ချောက်ခြားတာ ဖြစ်ရမယ်။ ဒါ စိတ်ချောက်ခြားတာပဲ နေမှာ။ ငါ နားကြားမှားတာ ဖြစ်မယ်။ ငါ နားကြားမှားတာ။’
ထို့နောက် သူ့အနောက်ဘက်ရှိ လူအုပ်ကြီးထဲမှ ချန်ဖိန်က နံပါတ်တစ် ဖြစ်သည်ဟု ပြောဆိုသံများ ပိုမို များပြားလာသည်။ ချွေ့နျန် စိုးရိမ်ထိတ်လန့်လာပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ခေါင်းလှည့်ကြည့်လိုက်မိသည်။
သေချာသည်မှာ ဂုဏ်ထူးဆောင်စာရင်း၏ ထိပ်ဆုံးနေရာတွင် စာလုံးနှစ်လုံး ရေးသားထားသည်။ “ချန်ဖိန်။”
ရုတ်တရက် ချွေ့နျန်၏ မျက်လုံးရှေ့တွင် အမှောင်ကျသွားပြီး တစ်ကိုယ်လုံး အေးခဲသွားသည်။
တကိုယ်လုံး သံလိုက်ရိုက်ထားသကဲ့သို့ လှုပ်ရှား၍ မရတော့ဘဲ ထုံကျင်သွားသည်။ မူးဝေလာပြီး မတ်တတ်မရပ်နိုင်တော့သလို ယိုင်နဲ့လာသည်။
ပထမဆုံး သူ ခံစားလိုက်ရသည်မှာ အဓိပ္ပာယ်မဲ့ခြင်းနှင့် လက်တွေ့မကျခြင်း ဖြစ်သည်။ ထို့နောက် အသက်ရှူ၍ မရတော့သလို ခံစားလိုက်ရသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူ နောက်ဆုံးတွင် စကားပြောနိုင်လာသည်။
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီစာမေးပွဲမှာ မသမာမှု ရှိတယ်။ မသမာမှု ရှိတယ်။ ဒါ မမျှတဘူး။ မမျှတဘူး။ ငါ ပညာရေးမှူးဆီ သွားတိုင်ပြီး သေချာ စုံစမ်းခိုင်းမယ်။”
ထိုသို့ အော်ဟစ်ပြီးနောက် ချွေ့နျန်သည် အားအင်နှင့် မျှော်လင့်ချက် ပြန်လည် ရရှိလာပုံရပြီး ဟိန်းဟောက်လိုက်သည်။
“ငါတို့ အဖြေလွှာတွေကို ကြည့်ချင်တယ်။ ငါတို့ အဖြေလွှာတွေကို ကြည့်ချင်တယ်။ စာမေးပွဲက မမျှတဘူး။ မသမာမှု ရှိတယ်။ မသမာမှု ရှိတယ်။”
ထိုစကားကို ကြားသောအခါ ရာပေါင်းများစွာသော ဖြေဆိုသူများသည်လည်း ထိုဆူပူမှုတွင် ပါဝင်လာကြသည်။
ချွေ့နျန်၏ အမြင်အရ သူ ပထမ မရလျှင် သေချာပေါက် မသမာမှု ရှိ၍သာ ဖြစ်သည်။
အခြားသော ဖြေဆိုသူများကလည်း သူတို့ စာမေးပွဲ ကျလျှင် မသမာမှု ရှိ၍သာ ကျသည်ဟု ယုံကြည်နေကြသည်။
“ပညာရေးမှူးမင်း ထွက်ခဲ့ပါ။ ပညာရေးမှူးမင်း ထွက်ခဲ့။” ချွေ့နျန် အော်ဟစ်လိုက်ရာ အခြားသူများလည်း လိုက်အော်ကြသည်။
ထင်ထားသည့်အတိုင်းပင် ပညာရေးမှူးနှင့် စာစစ်မှူးချုပ် ဖြစ်သော ဝူစန်းရှီ ထွက်လာသည်။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ လက်ဝှေ့ယမ်းပြလိုက်ကာ အမိန့်ပေးလိုက်သည်။
“ဒီစာမေးပွဲရဲ့ ထိပ်ဆုံး ၁၀ ယောက်ရဲ့ အဖြေလွှာ မိတ္တူတွေကို နံရံမှာ ကပ်လိုက်။”
ထို့နောက် စစ်သည်တစ်ဒါဇင်ခန့်သည် ထိပ်ဆုံး ၁၀ ဦး၏ အဖြေလွှာမိတ္တူများကို နံရံတွင် ကပ်လိုက်ကြသည်။
ချက်ချင်းပင် လူအုပ်ကြီးသည် ကြည့်ရှုရန် ပြေးသွားကြပြီး လူတိုင်းသည် တုပိုင်၏ အဖြေလွှာကို ဝိုင်းကြည့်နေကြသည်။
မိနစ်အနည်းငယ် အကြာတွင် မသမာမှု ရှိသည်ဟူသော အော်ဟစ်သံများ အားလုံး ရပ်တန့်သွားပြီး အံ့သြတကြီး ချီးမွမ်းသံများ ထွက်ပေါ်လာသည်။
“ဒီလောက် ခမ်းနားတဲ့ စာစီစာကုံး။ ဒီလောက် လက်ရာမြောက်တဲ့ ကဗျာတွေနဲ့ဆိုတော့ ချန်ဖိန် ပထမ ရတာ ထိုက်တန်ပါတယ်။”
“ဟုတ်တယ်။ ဒီလို စာစီစာကုံးတွေ ကဗျာတွေသာ ပထမ မရရင် ကွမ်ရှီးပြည်နယ်အတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်။”
“ချွေ့နျန်ရဲ့ စာစီစာကုံးတွေ ကဗျာတွေက သူ့ဟာသူဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ချန်ဖိန်နဲ့ ယှဉ်လိုက်တော့ ရိုင်းစိုင်းပြီး ကြည့်ပျော်ရှုပျော် မရှိတော့ဘူး။”
“ချန်ဖိန်က တကယ့် ပါရမီရှင် လူငယ်လေးပဲ။ တကယ့် သရဖူသုံးခု ပိုင်ရှင်ပဲ။ ချွေ့နျန်က ချန်ဖိန်နဲ့ ယှဉ်ချင်သေးတယ်လား။ သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ကိုယ့်ရှူးကိုယ်ပတ် ဖြစ်ကုန်ပြီ။ ဒီအဖြေလွှာနှစ်ခုကို ကြည့်လိုက်ဦး။ တန်းတူအဆင့်တောင် မဟုတ်ဘူး။”
ထိုစကားများကို ကြားသောအခါ ချွေ့နျန် ဒေါသထွက်သွားသည်။ သူ ရှုံးနိမ့်သည်ကို လုံးဝ မယုံကြည်နိုင်ပေ။ သူ့ ဆောင်းပါးများနှင့် ကဗျာများကို ဧကရာဇ်မင်းမြတ်စာမေးပွဲ အောင်မြင်ထားသော ထူးချွန်ပညာရှင် တစ်ဒါဇင်ကျော်က ရေးသားပေးထားခြင်း ဖြစ်သည်။ သူ မေးခွန်းများကို ကြိုတင် သိရှိထားခဲ့သည်။
လူအုပ်ကြီးကြားမှ အတင်း တိုးဝင်သွားပြီးနောက် ချွေ့နျန်သည် တုပိုင်၏ အဖြေလွှာကို အပြစ်ရှာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မိနစ်အနည်းငယ် အကြာတွင် သူ လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားလေသည်။.သူသည် မာနကြီးသော်လည်း သေချာပေါက် အရူးတစ်ယောက် မဟုတ်ပေ။
ချန်ဖိန်၏ အဖြေလွှာသည် သူ့ကို ရိုးရိုးအနိုင်ယူရုံသာ မကပေ။ လုံးဝကြီး တစ်ဖက်သတ် အပြတ်အသတ် ချေမှုန်းခြင်း ဖြစ်သည်။ နှစ်ယောက်သားသည် လုံးဝ တန်းတူအဆင့် မဟုတ်ပေ။
သူ တကယ်ကို အံ့အားသင့်သွားသည်။ ချန်ဖိန်သည် ပါရမီပါသော်လည်း ဤမျှအထိ ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤကဲ့သို့သော စာစီစာကုံးများနှင့် ကဗျာမျိုးသည် နန်ကျင်းသို့ သွားရောက်ပြီး ပြည်နယ်အဆင့် စာမေးပွဲ ဖြေလျှင်ပင် ပထမ ရရန် လုံလောက်လေသည်။
ယခုအချိန်တွင် အကန့်အသတ်မဲ့သော နာကျင်မှု။အကန့်အသတ်မဲ့သော အမှောင်ထုနှင့် မျှော်လင့်ချက်မဲ့မှုများသည် သူ့ထံသို့ လှိမ့်ဝင်လာပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။
သူရှုံးနိမ့်သွားလေ၏။ ရိုးရိုးတင်မဟုတ်ပဲ ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားခြင်းပင်ဖြစ်လေ၏။
ထိုအချိန်တွင် တုပိုင်သည် ဘီးတပ်ကုလားထိုင်ကို လှိမ့်၍ ရောက်လာရာ ဖြေဆိုသူ အားလုံး လမ်းဖယ်ပေးလိုက်ကြသဖြင့် ချွေ့နျန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။
တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ချွေ့နျန်။ မင်းရဲ့ လောင်းကြေးကို ဖြည့်ဆည်းပေးဖို့ အချိန်ကျပြီ။ ငါ့ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ် ဦးချလိုက်။ ပြီးတော့ ချွေ့ဖိန်ထင်က ကာမဂုဏ် လိုက်စားတယ်။ အရှက်မရှိဘူး။ လူတိုင်းနဲ့ အိပ်တယ်လို့ အော်လိုက်။”
ရုတ်တရက် ချွေ့နျန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ သူ ရှုံးနိမ့်မည်ဟု စိတ်ကူးပင်မယဉ်ခဲ့ဖူးပေ။ သို့သော် ယခု တကယ် ရှုံးနိမ့်သွားလေ၏။
အကယ်၍ သူသာ ချန်ဖိန်ရှေ့တွင် ဒူးထောက်ပြီး ချွေ့ဖိန်ထင်သည် ဖောက်ပြန်သည်ဟူသော စကားလုံးများကို ပြောဆိုလိုက်ပါက မိသားစုအတွင်း သူ၏ အနာဂတ် လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် ချွေ့နျန်သည် အမြန် တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “တကယ့်ကို ပျင်းစရာ ကောင်းလိုက်တာ။”
ထို့နောက် သူသည် မျက်နှာကို ကာလျက် ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။
တုပိုင်က မေးလိုက်သည်။ “မင်းက စာချုပ် ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား။”
ချွေ့နျန်က ပြောလိုက်သည်။ “ဒီလို အရှက်မရှိတဲ့ အဓိပ္ပာယ်မရှိတဲ့ လောင်းကြေးက ပညာရှင်လောကကို စော်ကားတာပဲ။ ဖျက်သိမ်းလိုက်တော့ ဘာဖြစ်လဲ။”
“မင်း... ချန်ဖိန်... တုပိုင်ဘက်ကနေ ဒီလို ပြောပေးနေတာကို ကြည့်ရင် မင်းက မိန်းမစိုးဂိုဏ်းရဲ့ ခွေး ဖြစ်သွားပြီ ဆိုတာ သေချာတယ်။ မင်းက ငါတို့ပညာရှိတွေရဲ့ ရန်သူပဲ။”
ထို့နောက် ချွေ့နျန်သည် အပြင်ဘက်သို့ အတင်း တိုးထွက်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။
“ချန်ဖိန်။ ငါတို့ နောက်မှ စာရင်းရှင်းကြတာပေါ့။ မင်းက မိန်းမစိုးဂိုဏ်းရဲ့ ကြံရာပါ ဖြစ်သွားပြီ။ ဒီကိစ္စကို ငါ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။”
ချွေ့နျန်၏ အရှက်မရှိမှုကို မြင်လိုက်ရသောအခါ အခြားသော ဖြေဆိုသူများက သူ့လမ်းကို ချက်ချင်း ပိတ်ဆို့လိုက်ကြပြီး ပြောလိုက်ကြသည်။ “လောင်းကြေးဆိုတာ လောင်းကြေးပဲလေ။ ကတိတည်ရမယ်။”
ချွေ့နျန်၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။
“ခင်ဗျားတို့က ငါ့ကို တားရဲတယ်လား။ ခင်ဗျားတို့လည်း မိန်းမစိုးဂိုဏ်းရဲ့ လာဘ်ထိုးတာ ခံလိုက်ရပြီး ငါတို့ ပညာရှင်တွေရဲ့ ရန်သူ ဖြစ်ချင်နေကြတာလား။”
ထိုစကား ထွက်လာပြီးနောက် မည်သူမျှ ချွေ့နျန်ကို မတားရဲကြတော့ပေ။ ချွေ့နျန်သည် အတင်းအဓမ္မ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ အလွန် ဆွဲဆောင်မှု ရှိပြီး ညို့ဓာတ်ပြင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကို မည်သူမျှ မေ့နိုင်မည် မဟုတ်ပေ။
“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ သခင်လေးချွေ့။ ဒီပညာရှင်ကို ချက်ချင်း ဒူးထောက် ဦးချပြီး ရှင့်ရဲ့ လောင်းကြေးကို ဖြည့်ဆည်းလိုက်ပါ။ ဒါမှမဟုတ်ရင် ရှင့်ကိုပါ မိန်းမစိုးဂိုဏ်းဝင်တစ်ယောက် ဖြစ်သွားအောင် လုပ်ပစ်လိုက်ဖို့ ကျွန်မ ဝန်လေးမှာ မဟုတ်ဘူး။”
ထိုအသံကို ကြားလိုက်ရသည်နှင့် ပညာရေးမှူး ဝူစန်းရှီသည် ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
“မင်းသမီးယွီကျိန်းကို ဂါရဝပြုပါတယ်။”
ထို့နောက် အခြားသော စစ်သည်များနှင့် ဖြေဆိုသူ အားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
“မင်းသမီးယွီကျိန်းကို ဂါရဝပြုပါတယ်။”
ရောက်ရှိလာသော အမျိုးသမီးသည် အင်ပါယာ တောင်ဘက်ဒေသ၏ ပုလဲရတနာ ဧကရာဇ်မင်းမြတ်၏ မိဖုရားခေါင်ကြီး မွေးစားထားသော သမီးတော် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ တရားဝင်သမီးအရင်း မင်းသမီးယွီကျိန်း ဖြစ်လေသည်။
သူမသည် ချွေ့နျန်၏ အိပ်မက်ချစ်သူ ဖြစ်သည်။
အပိုင်း ၁၁၈ ပြီး။