ဆန္ဒပြည့်ဝ! ၃
Vol. 81 Ch. 1201
အဆင်ပြေစေရန် ရထားဘူတာလုံခြုံရေးကိုအဆင့်မြှင့်ထားသည်။ အခုမျက်နှာမှတ်ကိရိယာတောင်သုံးထားသည်။
အနားကပ်လာသည်နှင့် သူတို့အချက်အလက်ကိုချက်ချင်းခွဲခြားပြီး လျင်လျင်မြန်မြန်ဖြတ်သန်းသွားလာခွင့်ပြုနိုင်သည်။
ရုတ်တရက် အသံကျယ်ကြီးထွက်လာသည်။
ထို့နောက် ဦးထုပ်ဆောင်းထားသောလူတစ်ယောက်ပေါ်လာ၏။
ထိုအမျိုးသားကခေါင်းငုံ့နေပြီး သူ့နားဝန်းကျင်ရှိလူများမှာထိတ်ထိတ်လန့်လန့်နှင့်ခပ်ခွာခွာနေကြသည်။ အားလုံးက မသတီသလို၊အထင်သေးသလိုအကြည့်နှင့် တီးတိုးပြောနေကြ၏။
ထိုအမျိုးသားတွင် ဆိုးဆိုးဝါးဝါးမီးလောင်ဒဏ်ရာရှိပြီး ခန္ဓာကိုယ် ၉၀% လောက်ကမီးလောင်ထားသည်။ သူ့မျက်နှာမှာ မကောင်းဆိုးဝါးလို ကြောက်စရာ၊ရွံစရာကောင်းသည်။
ဒီလိုလူမျိုးနှင့်ခပ်ခွာခွာနေကြတာ မထူးဆန်း။
"ဝါးး.. ဝူး ဝူး ဝူး!''
ကလေးမလေးတစ်ယောက်က ကြောက်လန့်ပြီးထငိုသည်။
ကလေးမလေးအမေက ဒေါသထွက်သွားကာ ထိုအမျိုးသားအား_
"မကောင်းဆိုးဝါးကောင်.. နေ့ဘက်ကြီးထွက်လာပြီး မခြောက်နဲ့လေ... ဘယ်လိုလုပ်လိုက်တာလဲ?''
လျိုကျန်းသုန့်မှာနားထောင်ရင်း ရင်ထဲအောင့်သွားသည်။
ကလေးကြောက်တာ နားလည်ပေးနိုင်သည်။ ကလေးကဘာမှမသိ။
ဒါပေမဲ့ အမေဖြစ်သူစကားကြောင့် ရင်ကိုဓားနဲ့ထိုးလိုက်သလို သူ့မျက်လုံးထောင့်မှာစူးရှသွားသည်။
အနားဝန်းကျင်မှလူများကလည်း ကလေးမလေးကိုကြည့်ပြီး မှန်သည်ထင်သောကြောင့်_
"ဟုတ်ပါ့.. နေ့ဘက်ကြီး ထွက်မလာသင့်ဘူး... ကလေးလန့်မှာပေါ့''
"ညဘက်ထွက်ရင် ပိုကြောက်စရာမကောင်းဘူးလား?''
"ဟင်း.. ဒီလိုကြီးဆို အိမ်ထဲပဲနေတော့မယ်... အပြင်မထွက်တော့ဘူး''
လျိုကျန်းသုန့် ပိုအောင့်သွားသည်။
ဒီတချိန်လုံး သူအိမ်ထဲမှာပဲနေခဲ့သည်။
ဘယ်သူ့ကိုမှ မလန့်စေချင်။ အရေးမကြီးရင် အပြင်ထွက်လေ့မရှိ။
သူက လုံခြုံရေးစက်နားအမြန်သွားလိုက်သည်။
အခုလုံခြုံရေးစက်တွင် မျက်နှာမှတ်ဖို့လိုသည်။ သူအနားကပ်သွားသောအခါ စက်အချက်ပေးသံထွက်လာသည်:
'မျက်နှာမှတ်မရပါ.. ပြန်လုပ်ပါ!'
လျိုကျန်းသုန့် နည်းနည်းစိတ်ပူသွားသည်။ သူကသုံးလေးနေရာပြောင်းကြည့်သော်လည်း စက်ကဒီအတိုင်း:
'မျက်နှာမှတ်မရပါ.. ပြန်လုပ်ပါ!'
'မျက်နှာမှတ်မရပါ.. ပြန်လုပ်ပါ!'
သူ့မီးလောင်ဒဏ်ရာကြောင့် စက်ကမမှတ်နိုင်တော့။ ထို့ကြောင့် နောက်ကတန်းစီနေသူများ စိတ်တိုလာကြသည်။ တချို့က_
"မြန်မြန်လုပ်.. မမှတ်နိုင်ရင် သွားတော့... ကိုယ့်အခြေအနေ ကိုယ်မသိဘူးလား?''
"စက်ကိုမကြိုက်ရင် ဒီကားမစီးနဲ့လေ''
"ဟုတ်တယ်.. ဘာကားလဲ? လူတွေကိုလန့်အောင်လုပ်ဦးမလို့လား?''
လျိုကျန်းသုန့်ကမျက်နှာပျက်ပြီး ဘေးမှဝန်ထမ်းကိုကြည့်လိုက်သည်။
ဝန်ထမ်းမှာတာဝန်ရှိသူဖြစ်၍ ချက်ချင်းလျိုကျန်းသုန့်အား_
"လူကြီးမင်း.. ID ကတ် ဒါမှမဟုတ် အလုပ် ID ကတ်ပြပါ... ကျွန်တော်တို့ကူညီနိုင်ပါတယ်''
လျိုကျန်းသုန့်က ချက်ချင်းပင် ID ကတ်၊ အလုပ် ID ကတ်၊ မသန်စွမ်းကတ်များထုတ်ပြီး ဝန်ထမ်းကိုပေးလိုက်သည်။
ဝန်ထမ်းက ID ကတ်နှင့်အထောက်အထားနှစ်ခုကြည့်ပြီး ကြောင်သွားသည်။
အလုပ် ID ကတ်က မီးသတ်သမားတဲ့။ ဒီဆိုးဆိုးဝါးဝါးမီးလောင်ထားတဲ့သူက မီးသတ်သမားပေါ့?
လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကယ်တင်ပေးရင်း ဒီလိုဖြစ်သွားတာလား?
လျိုကျန်းသုန့်မှာ ခေါင်းငုံ့နေဆဲ။
သူ့ဘေးနားကအသံဗလံတွေကြောင့် ထွက်ပြေးချင်စိတ်ပေါက်နေပြီ။
အပြင်ထွက်ပြီး လူတွေကိုဒီလိုမလန့်စေချင်သော်လည်း မနက်ဖြန်သူတို့သူရဲကောင်းများနှစ်ပတ်လည်နေ့ဖြစ်သည်။
အဲဒီတုန်းက မီးသတ်ဖို့၊ကလေးတွေကယ်ဖို့ သူတို့ထဲက ၇ ယောက်အသက်စွန့်ခဲ့ရပြီး သူသာကံကောင်း၍အသက်ရှင်ကျန်ခဲ့သည်။
ထို့ကြောင့် သေဆုံးသူများနှစ်ပတ်လည်နေ့တွင်သွားကြည့်ရမည်။ မဟုတ်ရင် သူထွက်မလာချင်။ ဂိုဒေါင်သေးသေးလေးထဲ တနေကုန်နေရရင်တောင်ပေါ့။
သူများကို သူမလန့်စေချင်။
တကယ် မလန့်စေချင်။