← Chapters

မယုံရင် လာခဲ့လေ

Vol. 1 Ch. 467

မယုံရင် လာခဲ့လေ

Vol. 1 Ch. 467

ငွေပန်းပွင့်အဘွားအို တကယ်ကြီးလာတာလား...

စုလောရွှယ်သာမက ရှောင်လုံဝမ်နှင့် ကျန်လူများပါ အံ့အားသင့်ကုန်ကြသည်။ မဟာမိတ်တပ်များသည် ရှားနိုင်ငံကို တိုက်ခိုက်ရန်နှင့် ကျန်းရီကို သတ်ဖြတ်ရန် ရောက်လာကြချင်းဖြစ်သည်။ ရှန်မိနိုင်ငံသည် မဟာမိတ်တပ်များဘက်တွင် ပူးပေါင်းမလာခြင်းက ရသေးသည်။ သို့သော် သူတို့သည် ကျန်းရီကို ပေါ်ပေါ်ထင်ထင်ကြီး ကူညီလာသည်။ မဟာမိတ်တပ်များသည် ကျန်းရီကို သတ်၍ ရှန်မိနိုင်ငံကိုပါ ဆက်လက်သိမ်းပိုက်မည်ကို သူတို့မကြောက်ခြင်းပေလော။

ဤမဟာမိတ်တပ်သည် အင်အားစုကြီးများ သီးသန့်စုပေါင်းထားရုံ မဟုတ်သည်ကို ရှန်မိနိုင်ငံလည်း သိထားလောက်သည်။ နောက်ကွယ်မှ လှုံ့ဆော်သူမှာ သိုင်းခန်းမဖြစ်သည်။ သိုင်းခန်းမသည် နိုင်ငံများကို တိုက်ခိုက်ရန် အမိန့်မပေးခဲ့သလို တိုက်ပွဲတွင်လည်း ဝင်မပါခဲ့ပေ။ သို့သော် သူတို့သည် နတ်ဆိုးဧကရီ ထွက်ခွာသွားသည့် သတင်းကို ပေးလာခဲ့ပြီး ရွှေယွဲ့လျန်မျှော်စင်နှင့် ဇင်ဘုရားကျောင်းကို ဖိအားပေးထားခဲ့သည်။ ထိုသည်မှာ သိုင်းခန်းမသည် ကျန်းရီအား သေစေချင်သည်ဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလော။ ယခု ငွေပန်းပွင့်အဘွားအို ရောက်လာခြင်းသည် ရှန်မိနိုင်ငံသည် သိုင်းခန်းမအား ဆန့်ကျင်လိုက်သည်ဟူသော အဓိပ္ပာယ် သက်ရောက်နေသည်။

ငွေပန်းပွင့်အဘွားအိုသည် အင်အားမကြီးသောကြောင့် သူမရောက်ရှိလာမှုသည် အခြေအနေကို ပြောင်းပြန်ဖြစ်မသွားစေနိုင်ပေ။ တစ်ဖက်တွင် ထိုသို့လုပ်ခြင်းဖြင့် ရှန်မိနိုင်ငံအား ကံဆိုးမိုးမှောင် ကျသွားစေနိုင်သည်။ ထို့ကြောင့် ရှောင်လုံဝမ်တို့လူစု ဆွံ့အနေကြခြင်းဖြစ်သည်။

ရှောင်လုံဝမ်သည် သူ၏ ပုဆိန်သွားတပ်လှံရှည်ဖြင့် ယာ့ဇီသားရဲ၏ လက်သည်းများကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူသည် ငွေပန်းပွင့်အဘွားအိုအား လှောင်ပြောင်လိုက်သည်။

"ရူးနေတဲ့အဘွားကြီး...မင်းရဲ့ခေါင်းက မြည်းအကန်ခံလိုက်ရတာလား။ အခုချက်ချင်းထွက်သွား...မဟုတ်ရင် မင်းရဲ့ရှန်မိနိုင်ငံလည်း သုတ်သင်ခံရတဲ့အထဲ ပါသွားမယ်"

"ဟားဟား"

ငွေပန်းပွင့်အဘွားအိုသည် အသာရယ်ချလိုက်ပြီး အရေးမစိုက်စွာ ပြန်ပြောလိုက်သည်။

"ရှောင်လုံဝမ်...ရှင်မှားနေပြီ။ ကျွန်မက ရှန်မိနိုင်ငံက မဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးရက်က ဒီအဘွားကြီးကို ယွင်ချင်းထျန်းက ရှန်မိနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးလိုက်တယ်။ ရှန်မိနိုင်ငံက ကြေငြာချက်ထုတ်လိုက်ပြီဖြစ်လို့ ဒီအဘွားကြီးက ရှန်မိနိုင်ငံနဲ့ ဘာမှမပတ်သက်တော့ဘူး။ ကျန်းရီနဲ့ ကျွန်မက ပုဂ္ဂိုလ်ရေးအရ အတော်လေးရင်းနှီးတာကြောင့် လူရမ်းကားဓားပြတစ်ချို့ကို သတ်ဖို့ လာကူညီပေးတာ၊ ပြဿနာမရှိဘူးမလား"

"ဟမ်..."

ရှောင်လုံဝမ်၊ ရှားတိနှင့် စုလောရွှယ်တို့သည် ယွင်ချင်းထျန်း၏ ရဲတင်းမှုကြောင့် ဆွံ့အသွားကြရသည်။ ရှန်မိနိုင်ငံတွင် ဗာဂျရာအဆင့် လူတစ်ယောက်သာ ပိုင်ဆိုင်သော်လည်း သူသည် သူမကို ဤပုံစံနှင့် အရင်းအနှီးပြုလိုက်သည်။ ဤတစ်ခေါက်တွင်လည်း ကျန်းရီနိုင်မည်ဟု သူတွေးနေသည်လော။ ကျန်းရီနှင့် ဆက်ဆံရေးကောင်းမွန်စေရန် သူသည် ဗာဂျရာအဆင့် လူတစ်ဦးကိုသုံး၍တောင် အလောင်းအစား ပြုလုပ်ရဲသည်။

"ရူးနေတဲ့ အဘွားကြီး...သေရမှာမကြောက်ရင် လာလေ"

ရှောင်လုံဝမ်သည် စကားအများကြီး မပြောလိုသောကြောင့် ပုဆိန်သွားတပ် လှံရှည်ကို ငွေပန်းပွင့်အဘွားအိုထံ ညွှန်ပြ၍ ပြောလိုက်သည်။ ရှားတိသည် ယာ့ဇီသားရဲနှင့် ဆက်လက်ရင်ဆိုင်နေခဲ့သည်။

"ရှောင်လုံဝမ်...ရှင်က အရမ်းအင်အားကြီးတယ်ဆိုပြီး ကျော်ကြားနေတယ်။ ဒီအဘွားကြီးက ရှင့်ရဲ့အစွမ်းအစကို မျက်မြင်တွေ့ရဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့ ရှင်နဲ့ကောင်းကောင်းတိုက်ခိုက်ပေးမယ်"

ငွေပန်းပွင့်အဘွားအိုသည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ဗာဂျရာအဆင့်များအကြားတွင် သူမ၏အင်အားမှာ အားမကောင်းဟု ဆိုနိုင်လေသည်။ သူမ ရှောင်လုံဝမ်နှင့် ရင်ဆိုင်ရဲခြင်းမှာ သေရန်ပြင်ဆင်ထားပြီးဖြစ်သည်ဟူသော အဓိပ္ပါယ်ပေ။

"ဟမ့်...မင်းက သေချင်နေမှတော့ ဒီဘုရင်က မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ရှောင်လုံဝမ်၏ကိုယ်သည် အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။ မကြာခင်တွင် နှစ်ယောက်သားသည် အနက်ရောင်အစက်လေးများသဖွယ် ပြောင်းလဲသွားကာ လူတိုင်း၏ မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့သည်။ ရှားတိသည်လည်း အော်ဟစ်၍ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့ရာ နောက်မှ ယာ့ဇီသားရဲ လိုက်ပါသွားခဲ့သည်။ မြေပေါ်တွင် နှစ်ဖက်လုံးမှ စစ်သည်များ ပြည့်နေရာ သူတို့၏ တိုက်ခိုက်မှုမှာ အကန့်အသတ်ရှိနေသည်။ ယခု တစ်ဦးချင်းတိုက်ပွဲ ဖြစ်သွားရာ ကောင်းကင်ထက်တွင် သွားရောက်တိုက်ခိုက်သည်က ပိုအဆင်ပြေလေသည်။

ဗုန်း...ဗုန်း...

စွမ်းအားမြင့်သူများ ကောင်းကင်ယံထက်တွင် ပျောက်ကွယ်သွားသည်နှင့် မြေပေါ်မှ တိုက်ပွဲသည် ပိုမိုပြင်းထန်လာခဲ့သည်။ ရှားနိုင်ငံဘက်မှ အကျအဆုံးများမှာ ပိုမိုများပြားလာခဲ့သည်။ မဟာမိတ်တပ်များဘက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ ရပ်တန့်မရသည့် ခြင်္သေ့များလိုပင်။ ရှားနိုင်ငံ၏ စစ်သည်သုံးသိန်းသည် ယခုအခါတွင် အယောက်တစ်သိန်းအောက် လျော့နည်းသွားပြီဖြစ်လေသည်။ သူတို့၏ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ အယောက်တစ်ရာပင် မပြည့်တော့ချေ။ ကောင်းကင်ကျောက်တုံးကို အားကိုး၍ အဆင့်တက်လာကြသော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များမှာ အလွန်အားနည်းလှသည်။

ဗုန်း...

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ယောက်သည် နန်းမြို့ရိုးထံ အတွင်းအားလှိုင်းတစ်ခုဖြင့် လှမ်းပစ်လိုက်သည်။ ထူထပ်၍ မြင့်သွန်းလှသော မြို့တံတိုင်းသည် ရုတ်တရက် ပြိုကျသွားခဲ့သည်။ မြို့ရိုးတွင် အပေါက်ကျယ်ကြီးဖြစ်သွားရာ မဟာမိတ်တပ်ဖွဲ့ဝင်စစ်သည်အချို့သည် ကျန်ရှိနေသော စစ်သည်များကိုသတ်ရန် မြို့ထဲသို့ အတင်းပြေးဝင်သွားကြသည်။

ဗုန်း...

နောက်ထပ်မြို့တံတိုင်းတစ်နေရာသည် ပြိုကျသွားခဲ့ပြန်သည်။ မရေမတွက်နိုင်သော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များသည် မြို့ထဲသို့ ထပ်မံ ပြေးဝင်သွားကြသည်။ မြို့ရိုး ကျိုးပေါက်သွားခဲ့ချေပြီ။

"မြို့ရိုးကျိုးသွားခဲ့ပြီ...ကျိုးသွားပြီ"

စုလောရွှယ်သည် နောက်ဆုတ်နေရင်း သတ်ဖြတ်ခံနေရသည့် စစ်သည်များကိုကြည့်ရင်း ရေရွတ်လိုက်မိသည်။ သူမသည် မြို့ထဲသို့ ဝင်လာနေကြသော ရန်သူစစ်သည်များ၊ ပျက်စီးသွားသည့် မြို့တံတိုင်းတို့ကို ဝမ်းနည်းစွာ ကြည့်နေခဲ့သည်။ သူမသည် မကာကွယ်နိုင်ဖြစ်နေဆဲဖြစ်သည်၊ စုဂိုဏ်းသည် သူတို့၏ပြည်သူများကို မကာကွယ်နိုင်ခဲ့ပြန်ပေ။

"ခမည်းတော်၊ ဘိုးဘေးတို့...လောရွှယ် အသုံးမကျလို့ ရှားနိုင်ငံကို မကာကွယ်နိုင်ခဲ့ပါဘူး။ ခမည်းတော်တို့ကို အဖော်ပြုပေးဖို့ပဲ လောရွှယ်တတ်နိုင်တော့တယ်။ ကျန်းလန်...တောင်းပန်ပါတယ်။ နောက်ဘဝဆိုတာရှိခဲ့ရင် လောရွှယ် ရှင့်ဇနီး ဖြစ်ပေးပါ့မယ်"

မျက်ရည်စီးကြောင်းနှစ်ခုသည် စုလောရွှယ်၏ မျက်ဝန်းထဲမှ စီးကျလာခဲ့သည်။ ရှားယွိမြို့ ပျက်စီးသွားလျှင် သူမ၏နှလုံးသားလည်း သေဆုံးသွားမည်ဖြစ်သည်။ သူမ၏ မျက်ဝန်းများတွင် ခရမ်းရောင်အလင်းများ တောက်ပလာခဲ့သည်။

ဘန်း...ဘန်း...ဘန်း...

ရုတ်တရက် အရှေ့မြောက်ဘက်မှ ခြေသံကျယ်ကြီးနှစ်ခု ထွက်ပေါ်လာခဲ့သည်။ တောင်များသဖွယ် ပုံရိပ်ကြီးနှစ်ခုသည် မြင်ကွင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ၎င်းတို့သည် အလွန်ကြီးမားသော နတ်ဆိုးသားရဲများဖြစ်ပြီး အရွယ်အစားကိုကြည့်ရလျှင် ဘုရင်အဆင့်များ ဖြစ်လောက်ပေသည်။

နတ်ဆိုးသားရဲဘုရင် နှစ်ကောင်သည် ပျံသန်းမလာဘဲ ခြေလှမ်းကျဲကြီးများလှမ်း၍ ရောက်လာခဲ့သည်။ ခြေလှမ်းတစ်လှမ်းစီတိုင်းသည် မီတာသုံးရာကျော် အကွာအဝေးရှိပြီး မျက်စိအောက်တွင်ပင် ရှားယွိမြို့မြောက်ဘက်ပိုင်းသို့ သူတို့ ရောက်လာကြသည်။ ၎င်းတို့၏ အရှိန်အဝါသည် မြို့မြောက်ဘက်မှ စစ်သည်များကို ဖိနှိပ်ထားနိုင်လေသည်။

တောင်စဉ်သုံးထောင်မှ နတ်ဆိုးသားရဲဘုရင်များ...

စုလောရွှယ်သည် ပျော်ရွှင်သွားခဲ့သည်။ သူမတို့သည် နတ်ဆိုးဧကရီ ထွက်ခွာသွားသည်ကို မသိသေးရာ ရင်းနှီးနေသည့် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ကို မြင်သောအခါ နတ်ဆိုးဧကရီလည်း ရောက်လာလိမ့်မည်ဟု ယူဆလိုက်ကြခြင်းဖြစ်သည်။

သည်းသည်းမည်းမည်း တိုက်ခိုက်နေကြသော စစ်သည်များသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ထိုနတ်ဆိုးသားရဲဘုရင်များသည် ဤနေရာမှ လူတိုင်းကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ အရေးအကြီးဆုံးမှာ နတ်ဆိုးသားရဲဘုရင်များ ရောက်လာလျှင် နတ်ဆိုးဧကရီ အဝေးရောက်နေခြင်းမှာ ဖြစ်နိုင်ပါ၏လော။ နတ်ဆိုးဧကရီ ရောက်လာလျှင် တိုက်ပွဲအဆုံးသတ်သွားပြီဖြစ်သည်။

ဝေါင်း...ဝေါင်း...

နတ်ဆိုးသားရဲနှစ်ကောင်ထဲမှ တစ်ကောင်သည် သွေးနီရောင်ရှိပြီး ဝက်ဝံခေါင်းနှင့် ခြသေ့ၤကိုယ်ရှိလေသည်။ ထိုတစ်ကောင်သည် 'ရှောင်ဟုန်'ဟု မြေခွေးလေး နာမည်ပေးထားသည့် နတ်ဆိုးသားရဲဘုရင် ဖြစ်သည်။ ၎င်းသည် အခြားသော နတ်ဆိုးသားရဲဘုရင်တစ်ကောင်နှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ရောက်လျှင်ရောက်ချင်း ဘာမှမပြောဘဲ ရန်သူစစ်သည်များကို လက်သည်းကြီးများဖြင့် ဆွဲဖြဲလေတော့သည်။

"စစ်သည်တော်တို့ နောက်ဆုတ်ပြီး ခုခံကြ"

စုလောရွှယ်သည် အသံကိုရင်း၍ တိုက်ခိုက်တော့မည် ပြုနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမသည် အခြေအနေ အပြောင်းအလဲကို မြင်သောအခါ ရှားနိုင်ငံ၏ စစ်သည်များကို နောက်ဆုတ်ကြရန် အမိန့်ပေးလိုက်သည်။

ဝှစ်...ဝှစ်...

ရှားနိုင်ငံ၏ စစ်သည်များ မြို့တွင်းသို့ ဆုတ်ကြသောအခါ မဟာမိတ်တပ်များ ထိတ်လန့်ကုန်ကြသည်။ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်သည် အားကောင်းသည့်အပြင် ၎င်းတို့ကိုယ်မှာ အလွန်မာကျောလှလေသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်များပင် ၎င်းတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ထိုနတ်ဆိုးသားရဲဘုရင်နှစ်ကောင်သာ စိတ်ပါလက်ပါ တိုက်ခိုက်လျှင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်လေးထောင်လုံး နာရီဝက်အတွင်း သေဆုံးသွားနိုင်သည်။

ဝှစ်...

မြောက်ဘက်မှ ပုံရိပ်လေးခု ထွက်ပေါ်လာခဲ့သည်။ ထိုအထဲမှ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသူမှာ ရှားထင်ဝေ့ ဖြစ်ပုံရလေသည်။ ကျန်သုံးယောက်မှာ ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီး၊ မိုးပြာနဂါးသင်တန်းကျောင်း၏ ကျောင်းအုပ်ယွိနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ညုတုတုလုပ်တတ်သော အမျိုးသမီးတို့ ဖြစ်လေသည်။ နတ်ဆိုးသားရဲဘုရင်နှစ်ကောင် ရုတ်တရက် ပေါ်ထွက်လာချိန်တွင် သူတို့ပုန်းနေရန် မဖြစ်တော့ချေ။ မဟုတ်ပါက သူတို့၏ စစ်သည်များအားလုံး သေဆုံးသွားနိုင်သည်။

"မင်းတို့သားရဲနှစ်ကောင် ရပ်လိုက်ကြစမ်း၊ မင်းတို့က လူသားမျိုးနွယ်ရဲ့ စစ်တပ်ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေတာပဲ။ သွေးသစ္စာကို ချိုးဖောက်ဖို့ ကြိုးစားနေကြတာလား။ တောင်စဉ်သုံးထောင်က နတ်ဆိုးသားရဲတွေ လူသားမျိုးနွယ်နဲ့ စစ်ဖြစ်ဖို့ ကြေငြာလိုက်တာလား"

ကျောင်းအုပ်ယွိသည် အဝေးတည်းက အော်ပြောလာခဲ့သည်။ သူ့မျက်နှာသည် ဒေါသထွက်နေဟန်ရပြီး သူ့ကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

နတ်ဆိုးသားရဲဘုရင်နှစ်ကောင်သည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေကြသည်။ သွေးနီရောင်နတ်ဆိုးသားရဲကြီးသည် လူသားမျိုးနွယ်၏ အင်အားကြီးပုဂ္ဂိုလ်များကို ဝေ့ကြည့်ရင်း ထီမထင်စွာ ပြောလာခဲ့သည်။

"ဒီဘုရင်နဲ့ အဖြူရောင်ကောင်ကြီးက ဒီနေ့ကစပြီး တောင်စဉ်သုံးထောင်နဲ့ ဘာမှမပတ်သက်တော့ဘူး။ ငါတို့က တောင်စဉ်သုံးထောင်က နတ်ဆိုးသားရဲမျိုးနွယ်ကို ကိုယ်စားမပြုဘူး။ ဒီနေ့လုပ်ရပ်တွေက ကိုယ့်သဘောနဲ့ကိုယ်လုပ်တာ...ဒီဘုရင်က ရန်သူကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တဲ့ မင်းတို့လုပ်ရပ်ကို သဘောမကျလို့ပဲ။ မင်းမယုံရင် လာခဲ့လေ"

"ဟမ်..."

စုလောရွှယ်နှင့် ရှားနိုင်ငံမှ လူများသည် ကျေးဇူးတင်သွားရသလို တစ်ချိန်တည်းတွင် စိတ်ပျက်သွားကြရသည်။ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်သည် တောင်စဉ်သုံးထောင်ကို ကိုယ်စားမပြုခြင်းသည် နတ်ဆိုးဧကရီ ကိုယ်တိုင် ရောက်လာရန် ရည်ရွယ်ချက်မရှိဟု ဆိုလိုလေသည်။ ထိုနတ်ဆိုးသားရဲဘုရင်နှစ်ကောင်သည် သူတို့ကို ကူညီရန် နတ်ဆိုးသားရဲမျိုးနွယ်မှ အပြီးတိုင် ထွက်ခွာလာခြင်းမှာ ကျန်းရီနှင့် သူတို့၏ဆက်ဆံရေးကြောင့်သာ ဖြစ်လေသည်။

တကယ်တမ်းတွင် နတ်ဆိုးဧကရီ ထွက်ခွာသွားကြောင်းကို စုလောရွှယ်တို့ မသိသေးပေ။ တောင်စဉ်သုံးထောင်သည် အုပ်ချုပ်သူမရှိတော့ပေ။ နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်သည် နယ်မြေကိုယ်စီခွဲ၍ အုပ်ချုပ်နေခဲ့ကြသည်။ ရှားနိုင်ငံသို့ မဟာမိတ်တပ်များ ရောက်လာချိန်တွင် အခြားနတ်ဆိုးသားရဲဘုရင်များသည် နတ်ဆိုးဧကရီမရှိဘဲ စိတ်လွတ်လက်လွတ် မပြုမူရဲကြပေ။ ဤနတ်ဆိုးသားရဲဘုရင်နှစ်ကောင်သာ မြေခွေးလေးနှင့် ရင်းနှီးကြသည်။ သူတို့သည် မြေခွေးလေး ကျန်းရီနောက်လိုက်သွားသောကြောင့် သူတို့အသက်ကိုရင်း၍ လာရောက်ကူညီကြခြင်းဖြစ်သည်။

"သတ်"

ရှားထင်ဝေ့သည် အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ဘီးတပ်ကုလားထိုင်ထက်တွင် ထိုင်နေပြီး ခြေထောက်အောက်ပိုင်းကို ဝတ်ရုံရှည်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သို့သော်လည်း သူ့ခြေထောက်များ မရှိတော့သောကြောင့် ဝတ်ရုံအောက်တွင် ဘာမှမရှိသည်မှာ ထင်ရှားသည်။ သူ၏ လက်တစ်ဖက်အရိုက်တွင် ဘီးတပ်ကုလားထိုင်သည် ကြယ်တစ်စင်းအလား သွေးနီရောင်နတ်ဆိုးသားရဲကြီးဆီ ပြေးဝင်သွားခဲ့သည်။

"သတ်"

တိုက်ပွဲသည် ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ နှစ်ဖက်စလုံးသည် သတ္တိကြောင်စွာ နောက်ဆုတ်သွားတော့မည်မဟုတ်ပေ။ ကျန်းရီပေါ်မလာသေးသော်ငြား တိုက်ပွဲတွင် သူတို့အရင် ပါဝင်လိုက်မည်။

ထို့နောက်တွင် ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်အိုကြီး၊ ကျောင်းအုပ်ယွိနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ညုတုတုမိန်းမတို့သည်လည်း အလင်းတန်းများသဖွယ် ပြောင်းလဲသွားကာ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်ထံ ပြေးဝင်သွားကြတော့သည်။

***

All Chapters