ဟာသလား?
Vol. 81 Ch. 1202
လျိုကျန်းသုန့်က နာကျင်မှုကိုထိန်းချုပ်ရင်း စဉ်းစားနေသည်။
ပြင်းပြင်းထန်ထန်မီးလောင်ထား၍ မျက်နှာကြွက်သားများပျက်စီးနေသောကြောင့် မျက်နှာထားကမပီပြင်။ စိတ်ညစ်သောအခါ ပိုရုပ်ဆိုးပြီးကြောက်စရာကောင်းသည်။
ထို့ကြောင့် နာကျင်မှုကိုအံကြိတ်ခံတာ အကျင့်ဖြစ်နေသည်။
အသက်ဘေးမှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ဒါသူနေ့စဉ်ကြုံတွေ့နေရသောဘဝဖြစ်သည်။
အမှန်အတိုင်းပြောရရင် အဲဒီတုန်းက သူ့လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူပါသွားပါစေဟုဆုတောင်းမိသည်။ အနည်းဆုံးတော့ ဒီလောက်ဆိုးမည်မဟုတ်။
ဒီလိုဆိုရင်တောင် လုပ်ဖော်ကိုင်ဖက်များနှင့်မီးသတ်ခဲ့ရသည်ကိုနောင်တရခြင်းမရှိ။ ဒါသူ့တာဝန်၊သူ့အလုပ်ဖြစ်သည်။
ဒီလိုအဆုံးသတ်ခဲ့ရသော်လည်း နောင်တစိုးစဉ်းမျှမရှိပေ။
ဝန်ထမ်းကချက်ချင်းပင် လျိုကျန်းသုန့်ကိုစစ်ဆေးရေးဖြတ်ရန်ကူညီပေးလိုက်သည်။
လျိုကျန်းသုန့်လည်း စစ်ဆေးရေးမှကျော်နိုင်သွားသည်။
ခရီးသည်များကမြင်သောအခါ ပြောပြန်သည်_
"တကယ်ပဲ.. နောက်ဆုံးတော့ သွားပြီ''
"တော်သေးတယ်.. သူ့ကြောင့်ကလေးမလန့်လို့''
"အချိန်ကုန်လိုက်တာ''
သူတို့စကားကြောင့် ဝန်ထမ်းကအမှတ်တမဲ့စိုက်ကြည့်လိုက်ပြီးမှ အသာလေးသက်ပြင်းချလိုက်သည်။
လူမှုဘဝဖွံ့ဖြိုးမှုနှင့်စာရိတ္တပိုင်းက တစ်ခါတလေပြယုဂ်မျှသာဖြစ်သည်။
မီးသတ်သူရဲကောင်းများကိုမြင်ရတာ သူတောင်စိတ်မသက်မသာဖြစ်မိသည်။
လျိုကျန်းသုန့်က ရထားပေါ်အမြန်တက်လိုက်သည်။
ရထားပေါ်ရောက်သောအခါ ခေါင်းပိုငုံ့ထားပြီး ထောင့်တွင်မလှုပ်မယှက်ထိုင်နေသည်။ ဘူတာဆိုက်လျှင် ရထားပေါ်မှဆင်းပြီး သူ့လုပ်ဖော်ကိုင်ဖက်များ၏အုတ်ဂူဆီသွားသည်။
ဒီနေ့ သူအဆင်ပြေသောနေ့မဟုတ်။ အကြာကြီးနေပြီးမှအိမ်ပြန်လာရာ လမ်းတွင်အထင်သေး၊အမြင်သေးခံရသည်။ နောက်ဆုံး သူငှားထားသောအခန်းတွင်ပုန်းနေတော့သည်။
အမှန်ပင်။ သူ့အိမ်တောင် သူမပြန်။
သူ့မိဘများက တချိန်လုံးကြည့်နေသည်ကိုမခံချင်သောကြောင့်ပင်။ သူ့မိဘများ၏စိတ်ပူသော၊မခံချင်သောအကြည့်ကြောင့် သူပြိုလဲသွားနိုင်သည်။
လျိုကျန်းသုန့် အခန်းထဲလှဲမည်အပြုတွင် တံခါးဘဲလ်အဆက်မပြတ်မြည်လာ၍ ထဖွင့်ပေးရသည်။
တံခါးအပြင်တွင် လူတချို့ရောက်နေသည်။
သူတို့ထဲမှတစ်ယောက်ကိုသိသည်။ မီးသတ်ဌာနမှလက်ထောက်လုဟုန်ပင်။
"လျိုကျန်းသုန့် တံခါးဖွင့်ပြီပေါ့''
လုဟုန်က လျိုကျန်းသုန့်ကိုမြင်သည်နှင့် သူ့ဘေးမှလူများကိုမိတ်ဆက်ပေးသည်_
"လျိုကျန်းသုန့်.. ဒါတရုတ်သိပ္ပံအကယ်ဒမီက လုပ်ဖော်ကိုင်ဖက်တွေ.. မင်းအတွက်သတင်းကောင်းရှိတယ်''
"ဟွား*ယွမ်? သတင်းကောင်း?''
လျိုကျန်းသုန့် ဇဝေဇဝါဖြစ်သွားသည်။
တစ်ယောက်က တန်းရှင်းပြသည်_
"လျိုကျန်းသုန့်.. တို့ဟွားယွမ်က ဆေးအသစ်တစ်မျိုးထုတ်ထားတယ်... မင်းကိုယ်ပေါ်ကမီးလောင်ဒဏ်ရာတွေကုလို့ရတော့မယ်... အခု ဘာကတိမှမပေးနိုင်သေးပေမဲ့ မင်းအခြေအနေက ဒီထက်ပိုကောင်းလာမှာသေချာတယ်''
ထိုစကားကြောင့် လျိုကျန်းသုန့် မယုံနိုင်ပုံပေါက်သွားသည်။
သူကမျှော်လင့်ချက်နှင့် လုဟုန်ကိုကြည့်လိုက်သည်။ ဒါအမှန်ဟုတ်မဟုတ် သူသိချင်သည်။
တရုတ်သိပ္ပံအကယ်ဒမီအကြောင်း သူသိသည်။ ပြည်တွင်းသိပ္ပံသုတေသနတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။
ပြည်တွင်းမှာထိပ်တန်းသုတေသနအဖွဲ့အစည်းဟုဆိုရမည်။
ဒီအဖွဲ့အစည်းက သူ့မီးလောင်ဒဏ်ရာအတွက်ဆေးရှိတယ်ဆိုတော့ စိတ်မလှုပ်ရှားဘဲနေမလား? သူ့ရင်တွေတဒိန်းဒိန်းခုန်နေပြီ။
အမှန်ပင်။ ဒဏ်ရာရသည့်နေ့များတွင် တစ်ခါတလေသေဖို့တောင် စဉ်းစားမိသည်။
နောက်ပြီး တာဝန်အသစ်ချပေးဖို့တောင်းဆိုတာ ပထမဆုံးအကြိမ်မဟုတ်။ အန္တရာယ်အများဆုံးတာဝန်ကို သူထမ်းဆောင်ချင်သည်။ ဒီလိုတာဝန်ထမ်းဆောင်ခွင့်ရရင် ပျော်စရာတစ်မျိုးပင်။
သူ့တောင်းဆိုချက်ကို ဌာနကလုံးဝသဘောမတူဘဲ တာဝန်ထမ်းဆောင်ခွင့်မပြုခြင်းသာ။
လုဟုန်က ချက်ချင်းစိတ်လှုပ်ရှားသံနှင့်_
"လျိုကျန်းသုန့်.. အဲဒါအမှန်ပဲ... ဟွားယွမ်ကစာရွက်စာတမ်းတွေ ဌာနကိုပို့ထားပြီ... မင်းအတွက်သတင်းကောင်းနော်... မင်းသေချာပူးပေါင်းရမယ်''
သူလည်းပျော်နေသည်။
လျိုကျန်းသုန့်ဖြစ်ရပ်က အဖွဲ့သားများရင်ထဲတွင်ဆို့နေသည်။ သူတို့ ဘယ်ပစ်ထားနိုင်မလဲ? သူ့ကိုကုသရန် ဌာနကပိုက်ဆံထုတ်ဖို့ဝန်မလေး။
သို့သော် သူ့ကိုကုသနိုင်မည့်ဆေးမရှိဘဲဖြစ်နေသည်။
အရေပြားအစားထိုးရင်တောင် အတွင်းပိုင်းတစ်ရှူးတွေမပျက်စီးမှ အရေပြားအသစ်ကကောင်းကောင်းဖြစ်နိုင်သည်။
လျိုကျန်းသုန့်မှာ ရွေးချယ်စရာမရှိ။ အပေါ်ယံမီးလောင်ဒဏ်ရာကြီးရုံသာမက တစ်ရှူးပျက်စီးမှုကလည်းပြင်းထန်သည်။
"ကောင်းပါပြီ.. ကျွန်တော်ပူးပေါင်းပါမယ်''
သတင်းကိုအတည်ပြုပြီးနောက် လျိုကျန်းသုန့်အသံတုန်နေသည်။
ပျောက်နိုင်မပျောက်နိုင် မသေချာသော်လည်း ဒါမျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်သည်။
သူ့အဖို့တော့ ဘယ်လိုရောင်ခြည်မျိုးမဆို အမှောင်မှဆွဲထုတ်ပေးနိုင်သည်။
ဒီအမှောင်တောထဲက သူတကယ်ရုန်းထွက်ချင်ပြီ။
ထို့နောက်_
ဟွားယွမ်ကလူများနှင့် လျိုကျန်းသုန့် မီးသတ်ဌာနလိုက်သွားသည်။ ဌာနတွင် စာရွက်စာတမ်းတချို့ဖြည့်ကာ သူတို့နောက်လိုက်လာ၏။
ပေကျင်းရောက်သောအခါ လျိုကျန်းသုန့် ဆေးရုံတက်ရသည်။
ဆေးရုံနေရာလွတ်တွင် သီးသန့်ထားသောကြောင့် လက်တွေ့စမ်းသပ်ချက်ကိုလျှို့ဝှက်ထားမှန်းသိနိုင်သည်။
ထိုနေရာတွင် သူလိုမီးလောင်ထားသောလူတချို့ရှိသော်လည်း သူ့လောက်မဆိုး။ နောက်ပြီး အပြင်းအထန်ထိခိုက်ထားသူများလည်းရှိသည်။
သူတို့ကို အထူးဆေးဘက်ဆိုင်ရာအချက်အလက်နှင့်စာရွက်စာတမ်းများပေးထားပြီး အသုံးပြုမည့်ဆေးကိုလည်းပြောပြထားသည်။
ယွီဖေးဆေး_
ဒီဆေးနာမည်ကြားဖူးတာ ပထမဆုံးဖြစ်ပြီး ဆေးအာနိသင်ကြောင့်အတော်အံ့ဩရသည်။
ကုသမှုမစခင် ဝန်ထမ်းကပူးပေါင်းပြီးဗီဒီယိုရိုက်ရန်မှာထားသောကြောင့် အားလုံးကမျှော်လင့်ချက်နှင့်ပူးပေါင်းပေးကြသည်။
လိုင်းပေါ်တွင် Adoxi တို့လက်ချက်ကြောင့် HKR ဆေး Live သတင်းမှာ ထိပ်တန်းရေပန်းစားစာရင်း ၃ ခုထဲဝင်နေသည်။
Adoxi လည်းသိသည်။
ဒါ ဒီအရှေ့တိုင်းကလူအများစုသိပြီဆိုတဲ့သဘော။ ဒီလောက်ဆိုရပြီ။