ဒီကပျောက်ပြီ! ၂
Vol. 81 Ch. 1207
"ကောင်းပါပြီ ဝန်ကြီးလု!''
လက်ထောက်ကခေါင်းညိမ့်ပြီး လောလောနှင့်ထွက်သွားသည်။
ယွီဖေးဆေးနှင့် HKR ဆေးစမ်းသပ်ချက်လိုင်းမှာ ရက် ၂၀ နီးပါးအထိနာမည်ကြီးနေဆဲပင်။
နောက်ပြီး အချိန်လွန်သည်နှင့်အမျှ Live ကပိုပြီးရေပန်းစားလာသည်။
ရှေ့ရောက်လေလေ ဘယ်သူအနိုင်ရမလဲပေါ်လွင်လေလေဖြစ်ကြောင်း အားလုံးသိကြသည်။
သို့ရာတွင် လိုင်းပေါ်ခန့်မှန်းချက်အရ ယွီဖေးဆေးက အနိုင်ရနိုင်ခြေသိပ်မရှိ။
ယွီဖေးဆေးကြောင့် အစကတည်းက ခန္ဓာကိုယ်မှာပြဿနာတက်နေသည်။ အားလုံး အဆက်မပြတ်လူးလှိမ့်နေခဲ့ရသည်။
ယွီဖေးဆေးမှာပြဿနာရှိကြောင်း လိုင်းပေါ်စာတင်ပြီးပြောကြသည်။
ဒီတရုတ်တိုင်းရင်းဆေးက လုံးဝသုံးမရ။
တချို့က ယွီဖေးဆေးကို HKR ဆေးနှင့်အလဲအလှယ်လုပ်ချင်သောကြောင့် အလောတကြီးထုတ်လာသောဆေးဟုဆိုကြသည်။
ပြဿနာတက်အောင်ဖွကြခြင်းသာ။
တစ်ယောက်ယောက်လက်ချက်ပင်။
လက်သည်က Adoxi ဖြစ်သည်။
HKR ဆေးက အာနိသင်ပြမှတော့ ရလဒ်ကသေချာပြီ။ သူတို့ကြိုတင်ပြင်ဆင်ထားရမည်။
ဒီတစ်ကြိမ် လိုင်းပေါ်မှ Live ကြည့်သောပြည်သူများမှာ HKR live ထူးခြားမှုကို ချက်ချင်းသတိထားမိသည်။
ဆရာဝန်တစ်ဦးကတည်တည်ငြိမ်ငြိမ်လျှောက်လာပြီး မိုက်နှင့်အစီရင်ခံသည်_
"ကျွန်တော်တို့ HKR ဆေးအလုပ်ဖြစ်တယ်လို့ အားလုံးကိုပြောခွင့်ရတဲ့အတွက်အရမ်းဝမ်းသာမိပါတယ်... မီးလောင်ဒဏ်ရာနဲ့ တခြားထိခိုက်မှုကြောင့်ဖြစ်တဲ့တစ်ရှူးပျက်စီးတာတွေကိုကုသနိုင်ပါပြီ ဟင်း ဟင်း''
ဆရာဝန်က အစီရင်ခံရင်းစိတ်လှုပ်ရှားနေသည်။
သူတို့ HKR ဆေးက ပထမအဆင့်အောင်မြင်တဲ့သဘော။
ဘာပဲဖြစ်ဖြစ် သူတို့ကအရင်အာနိသင်ပြပြီဟုကြေညာနိုင်သည်။
ဒါပေမဲ့ အရှေ့တိုင်းက ဘာသတင်းမှမကြားရသေး။
လိုင်းပေါ်ကလူများစိတ်ညစ်နေကြသည်။ ယွီဖေးဆေးပြဿနာရှိကြောင်း လိုင်းပေါ်မှာပွနေပြီ။ အခုယွီဖေးဆေးဘက်ကဘာမှမကြားရဘဲ HKR ဆေးက အရင်ကြေညာနေပြီ။
ဒါပေမဲ့ ယွီဖေးဆေးက သူတို့နိုင်ငံကဆေး။
သူများပစ္စည်းက ကိုယ့်နိုင်ငံကပစ္စည်းကိုကျောတာ ဘယ်သူမြင်ချင်မလဲ?
Adoxi က HKR ဆေး Live ကိုကြည့်ရင်း ပြုံးဖြီးနေသည်။
အခုဆေးကအာနိသင်ပြပြီ။
ကုသမှုပြီးဆုံးအောင်စောင့်ရုံသာ။
ဒီအချိန်ဆို ဟိုဘက်ကလည်း ရှက်နေလောက်ပြီ။
ထိုစဉ် ဆံပင်ရွှေအိုရောင်အမျိုးသမီးက ရုတ်တရက်ဝင်လာပြီး အစီရင်ခံသည်_
"မစ္စတာ Adoxi.. သူတို့ Live မှာကြေညာတော့မယ်... သူတို့လည်း အာနိသင်ပြတဲ့ပုံပဲ''
"အဲလိုမဖြစ်နိုင်ဘူး''
Adoxi မျက်မှောင်တန်းကြုတ်လိုက်သည်။
တဖက်ဆေးက လုံးဝအလုပ်မဖြစ်။ သူတို့အာနိသင်ပြတာနဲ့လိုက်ပြတာ ပိုမဖြစ်နိုင်။
Adoxi က ယွီဖေးဆေး Live ဘက်ကိုလျှောက်သွားသည်။
ထိုအချိန်_
မိုက်နှင့်ထွက်လာသောဆရာဝန်ကြောင့် Live ပရိသတ်များစိတ်ဝင်စားသွားသည်။
ထိုမြင်ကွင်းကြောင့် ယွီဖေးဆေးကလည်းအာနိသင်ပြသည်ဟု အားလုံးထင်လိုက်သည်။
ထို့ကြောင့် နည်းနည်းနေရထိုင်ရကောင်းလာသည်။
HKR ထက်နောက်ကျသော်လည်း သိပ်မကွာသောကြောင့် အရှုံးကြီးမဟုတ်။
ဆရာဝန်ကဖန်သားပြင်ပေါ်ရောက်လာသည်နှင့် ကြေညာသည်_
"ကျွန်တော်တို့ Live ကိုစောင့်ကြည့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်... ယွီဖေးဆေးကို အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်... အခုအားလုံးကိုသတင်းကောင်းပြောပြဖို့ရောက်လာတာပါ''
"ယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်က အောင်မြင်သွားပါပြီ... ဟုတ်ပါတယ်.. နားကြားမမှားပါဘူး... ၁၀ ရက်နဲ့ လူနာတွေကိုကုသနိုင်တာပါ''
သတင်းကြေညာပြီးပြီးချင်း Live တစ်ခုလုံးခဏအသံတိတ်သွားသည်။ Live ကြည့်နေသောပရိသတ်မှာနည်းနည်းအံ့ဩသွားသည်။
ထို့နောက် မှတ်ချက်များတရစပ်ပေးကြ၏။
"သော*က်.. ဘယ်လိုအံ့ဩစရာကောင်းတဲ့တန်ပြန်ချက်လဲ! ငါတို့ရှုံးပြီထင်နေတာ!''
"၆၆၆.. သူများကအာနိသင်ပြရုံရှိသေးတယ်... ငါတို့က ကုနိုင်ပြီလို့မထင်မိဘူး''
"အံ့ဩစရာမကောင်းဘူးလား? အိပ်မက်မက်နေတာဟုတ်မဟုတ် ငါ့ကိုတစ်ချက်လောက်ရိုက်လိုက်ပါလား!''
အားလုံးစိတ်လှုပ်ရှားနေသည်။
ယွီဖေးဆေးက အဲလောက်စွမ်းလား?
"သူတို့ကအာနိသင်ပြရုံရှိသေးတယ်... ငါတို့ကပြီးပြီတဲ့''
အပြတ်အသတ်ပါပဲလား?
လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကဆေးက မော်ဒန်ခေတ်၊အဆင့်အမြင့်ဆုံးနည်းပညာထက် ပိုစွမ်းနေတာပေါ့။
အားလုံးဂုဏ်ယူပြီး သွေးပူတက်ကြွလာသည်။
Adoxi လည်း ထိုသတင်းကြားပြီး အလန့်တကြားထအော်သည်_
"မဖြစ်နိုင်တာ!''
သူတို့ HKR ဆေးက အာနိသင်ပြရုံရှိသေး။ တဖက်က ၁၀ ရက်နဲ့ကုနိုင်ပြီတဲ့လား?
ပျက်စီးနေတဲ့တစ်ရှူးမှာ သူတို့ HKR ဆေးကအကောင်းဆုံး။ တဖက်က နှစ် ၁၀၀၀ ကျော်ဒိတ်အောက်နေတဲ့ဆေးပဲ။
တွေးလေလေ ရူးချင်လေလေဖြစ်လာ၍ သူခေါင်းခါပစ်လိုက်သည်။
ထိုအချိန် Live ထဲတွင် လူများလျှောက်လာသည်ကိုတွေ့ရသည်။ တစ်ယောက်ချင်းလျှောက်ပြီးနောက် သူတို့နောက်တွင်နှိုင်းယှဉ်ထားပြထားသောပုံများရှိသည်။ လူနာ၏မူလပုံနှင့်ရောဂါဖော်ပြချက်ပါသည်။
သို့ရာတွင် ခန့်ချောလူငယ်တစ်ယောက်လျှောက်လာသောအခါ အားလုံးကြောင်သွားသည်။ ထိုလူငယ်ကိုမယုံနိုင်ပုံနှင့် ဝိုင်းကြည့်ကြ၏။
လျိုကျန်းသုန့် နည်းနည်းစိတ်ပူနေသည်။ သူ့မူလပုံစံနှင့်တွေ့တာမကြာသေးသော်လည်း အခုပြန်ကောင်းနေပြီ။
အမှန်တကယ်ကုသနိုင်ပြီး မူလအခြေအနေပြန်ရောက်လာတာ သူလုံးဝမယုံနိုင်။
မျက်လှည့်ပြလိုက်သလိုပင်။
Live ပရိသတ်မှာ မယုံနိုင်ကြ။
လျိုကျန်းသုန့်မှာ ဘူတာရုံတွင်မည်သို့ဆက်ဆံခံရသည်ဟုသေချာပြထားသည့်အတွက် ဒီမီးသတ်သူရဲကောင်းအကြောင်း ပရိသတ်များသိကြသည်။
သို့ရာတွင် လျိုကျန်းသုန့်ပြန်ကောင်းလာပုံကြောင့် အားလုံးမှင်သက်နေသည်_
"သေစမ်း.. ဒီခန့်ချောက တကယ်လျိုကျန်းသုန့်လား?''
"အတုမလား? ဒီလောက်မီးလောင်ထားတာ ဘယ်လိုလုပ်ပြန်ကောင်းမလဲ?''
"မီးလောင်ပြီး ခန့်ချောပြန်ဖြစ်နိုင်တာ ယွီဖေးဆေးက နတ်ဆေးပဲ!''
မှတ်ချက်များ ပလူပျံနေသည်။
Adoxi ကကြည့်ရင်း ရေရွတ်လိုက်သည်_
"မဖြစ်နိုင်ဘူး... ဒါလှည့်စားတာ... ဒါလူစားထိုးတာ''