အခန်း (၁၇၁)
Vol. 17 Ch. 171
လီယောင်းသည် ကြာပန်းကျောက်စိမ်းနန်းတော်ခန်းမအပြင်ဘက်သို့ ဆင်းသက်လိုက်ပြီး ဓာတ်ဝိညာဉ်ငါးပါးမှာလည်း သူမနောက်မှ ကပ်လျက်လိုက်ပါလာသည်။ သူမသည် ဓာတ်ဝိညာဉ်အသွင်မှ မူလပုံစံသို့ ပြန်လည်ပြောင်းလဲထားပြီးဖြစ်သည်။ သူမ၏ ရိုးသားသော ခန္ဓာကိုယ်အာရုံခံစားမှုကိုသာ သူမ ပို၍နှစ်သက်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် တပည့်များနှင့် အကြီးအကဲများမှာ ဂိုဏ်းအတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲကြောင့် ရရှိထားသည့် ဒဏ်ရာများကို ကုသပေးခြင်းနှင့် အပျက်အစီးများကို ရှင်းလင်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။
ယန်ရွှီလျန်နှင့် ထျန်းကန်းတို့သည် သူမ ရောက်ရှိလာသည်ကို မြင်သောအခါ လုပ်လက်စများကို ရပ်တန့်၍ ချက်ချင်းပင် ရှေ့သို့ ပြေးလာကာ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
"ကျွန်တော်တို့ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
သူတို့က ညီညာစွာ ပြောလိုက်ကြသည်။ သူတို့မှာ အလွန်ပင် မောပန်းနေကြသော်လည်း ရိုသေမှုတွင်မူ ပျက်ကွက်ခြင်းမရှိပေ။
"ကျွန်တော်တို့ရဲ့ ဂိုဏ်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးအထူးတင်ပါတယ်..."
ယန်ရွှီလျန်က ကျေးဇူးတင်စကား စတင်ပြောပြောလိုက်သည်။
လီယောင်းက လက်ကို ခါယမ်းကာ "ဒါက အသေးအဖွဲကိစ္စပါ ထည့်ပြောနေဖို့ မလိုဘူး" ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
သို့သော် သူမ၏ စိတ်ထဲတွင်မူ တကယ်ကို အရေးစိုက်နေမိသည်။ ဤကယ်ဆယ်ရေး အစီအစဉ်ကြောင့် သူမ၏ စီနီယာအစ်ကိုနှင့် ပြန်လည်ဆုံတွေ့မည့်အချိန်မှာ နာရီပေါင်းများစွာ နောက်ကျသွားခဲ့ရသည်။ ဤလူများအနေဖြင့် သူမ၏ ကိုယ်ကျိုးစွန့်မှုကို မေ့မသွားကြရန် သူမ တိတ်တဆိတ် မျှော်လင့်နေမိသည်။
ယန်ရွှီလျန်သည် လီယောင်း၏ အေးဆေးတည်ငြိမ်မှုကို အံ့ဩတကြီး ကြည့်နေမိသည်။
ဂိုဏ်းချုပ်ဆိုတာ ဒီလိုပဲ ဖြစ်ရမယ်။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကိုင်တွယ်ရတာက သူမအတွက်တော့ သာမန်အနှောင့်အယှက်လေးတစ်ခုထက် မပိုဘူးပဲ။
ယန်ရွှီလျန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ဒါဆိုလျှင် မိုးပြာရောင်တိမ်တိုက်ဂိုဏ်းသည် ယခုအခါ အဆင့် ၆ ဂိုဏ်းအဖြစ် သတ်မှတ်ခံရတော့မည်လား။ သူမသည် ဤထူးဆန်းလှသော မိန်းကလေးငယ်ကို လုံးဝ နားမလည်နိုင်သဖြင့် ခေါင်းကို အသာအယာ ခါလိုက်မိသည်။ လီယောင်းမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တောင် ဖြစ်နေနိုင်သည်ဟု တစ်စုံတစ်ယောက်က ပြောလာလျှင်ပင် ယန်ရွှီလျန် အံ့ဩတော့မည်မဟုတ်ပေ။
"ဒီနေရာကို ရှင်းလင်းစရာရှိတာတွေ အမြန်ရှင်းပြီး လူတိုင်းကို စုစည်းကာ မိုးပြာရောင်
တိမ်တိုက်ဂိုဏ်းဆီ ပြောင်းကြတော့"
လီယောင်းက အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ်နိုင်လေ ပိုကောင်းလေပဲ"
ထို့နောက် ဘေးတွင် ကသိကအောက်ဖြင့် မတ်တပ်ရပ်နေသော ထျန်းကန်းဘက်သို့ လှည့်ကာ "ရှင်လည်း အတူတူပဲ" ဟု ထပ်လောင်းပြောလိုက်သည်။
"ဂိုဏ်းချုပ်... တစ်ခုခု ဖြစ်လို့လားဟင်"
ယန်ရွှီလျန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"နင်တို့ကို ပြောပြထားတာလည်း အဆင်ပြေပါတယ်"
ထိုသို့ပြောကာ လီယောင်းက အခြေတည်ဝိညာဉ်အဆင့် ပညာရှင်နောက်သို့ လိုက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။
"...သူက မကြာခင်မှာ သေချာပေါက် ပြန်တိုက်လိမ့်မယ်။ ငါတို့မှာ အစီအစဉ်ရှိဖို့ လိုတယ်။ နင်တို့က အဝေးကြီးမှာ ရှိနေရင် ငါ နင်တို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
ထျန်းကန်းနှင့် ယန်ရွှီလျန်တို့သည် ထိုအချက်အလက်များကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူလျော်သွားတော့သည်။
သူတို့၏ ကြောက်ရွံ့မှုကို သတိပြုမိသွားသောအခါ လီယောင်းက အားပေးသည့်အလား ပြုံးပြလိုက်သည်။
"မကြောက်ကြပါနဲ့။ ငါ ဒီမှာရှိနေသရွေ့ သူတို့ နင်တို့ကို ဘာမှလုပ်လို့မရစေရဘူး"
သို့သော် သူမ၏ စကားများက သူတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို ပြေလျော့သွားစေခြင်း မရှိပေ။ သူတို့သည် လီယောင်းကို တိတ်တဆိတ် အကဲခတ်နေမိကြပြီး ဒေသတွင်း အင်အားအကြီးဆုံး ပညာရှင်ရဲ့ ဝိညာဉ်ခွဲဗီဇကို သာမန်ကိစ္စတစ်ခုလို သဘောထားပြီး ရက်ရက်စက်စက် နှိပ်စက်နိုင်တဲ့ ဒီမိန်းကလေးကို အပြင်က ဘယ်ရန်သူထက်မဆို ပိုပြီး ကြောက်ဖို့ကောင်းတယ်လို့ သူတို့ စိတ်ထဲကနေ တညီတညွတ်တည်း တွေးနေကြသည်။
သူတို့၏ အကြည့်များက သူမနောက်တွင် ရပ်နေသော ဓာတ်ဝိညာဉ်ငါးပါးထံသို့ ရောက်ရှိသွားသည်။ အဝေးကနေ ကြည့်နေရုံနှင့်ပင် ထိုတည်ရှိမှုများ၏ ကြီးမားလှသော စွမ်းအားများကို သူတို့ အာရုံခံမိနေသည်။ ဝိညာဉ်တစ်ခုချင်းစီမှာ သူတို့ကို တိုက်ခိုက်ခဲ့သည့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူထက်ပင် ပို၍ အစွမ်းထက်နေကြသည်။ သို့သော် ထိုသူများအားလုံးမှာ လီယောင်း၏ အမိန့်ကို နာခံနေကြသည်မှာ သိသာလှသည်။ လီယောင်း ပြောခဲ့သမျှမှာ အမှန်တရားများသာ ဖြစ်ကြောင်း သူတို့ လက်ခံလိုက်ရတော့သည်။
ဤမျှ ကြောက်စရာကောင်းသော လူတစ်ယောက်နှင့် ပတ်သက်မိသွားသည့် သူတို့၏ ကံကြမ္မာကိုသာ စိတ်ထဲမှ သက်ပြင်းချရင်း…..
"ဂိုဏ်းချုပ် အမိန့်ရှိတဲ့အတိုင်း ကျွန်တော်တို့ လုပ်ဆောင်ပါ့မယ်"
သူတို့က နောက်တစ်ကြိမ် ရိုသေသမှုဖြင့် ဦးညွှတ်ကာ ဆိုလိုက်ကြသည်။
"ကောင်းပြီ"
လီယောင်းက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ သူမသည် ဓာတ်ဝိညာဉ်များဘက်သို့ လှည့်ကာ လိုက်ခဲ့ရန် အချက်ပြလိုက်ပြီးနောက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ယန်ရွှီလျန်သည် သူတို့ တိမ်တိုက်များကြားထဲ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေမိပြီး ဂိုဏ်းချုပ်မှာ သူမ တစ်သက်တွင် တွေ့ဖူးသမျှ လူများထဲတွင် မည်သူနှင့်မျှ မတူကြောင်း တွေးတောနေမိသည်။ ထူးဆန်းသည်မှာ ငြင်းမရသော်လည်း လီယောင်းသည် အားကိုးထိုက်သည့် ခံစားချက်မျိုးကိုတော့ သေချာပေါက် ပေးစွမ်းနိုင်သည်။
ယန်ရွှီလျန်သည် ဘေးတွင်ရှိသော ထျန်းကန်းကို တစ်ချက် စောင်းကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားသောအခါ မျက်နှာများ ရဲတက်သွားပြီး ချက်ချင်းပင် အကြည့်လွှဲလိုက်ကြသည်။ ယန်ရွှီလျန်မှာ ကသိကအောက်ဖြင့် လည်ချောင်းကို တစ်ချက် ဟန့်လိုက်ပြီး
"အဟမ်း... အားလုံးပဲ ထွက်ခွာဖို့ ပြင်ကြတော့..." ဟု စုဝေးနေသော တပည့်များကို လှည့်၍ ကြေညာလိုက်သည်။
...
လီယောင်းသည် အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် လေထုကို ဖြတ်သန်းသွားစဉ် သူမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပနေသည်။ သူမ၏ အတွေးများမှာ ခန္ဓာကိုယ်ထက်ပင် ပိုမိုမြန်ဆန်နေပြီး စီနီယာအစ်ကိုနှင့် ပြန်လည်ဆုံတွေ့ရတော့မည့် အခြင်းအရာကို ကြိုတင်မျှော်လင့်နေမိသည်။ သူ သူမကို အများကြီး လွမ်းနေမှာပဲဟု သူမ မျှော်လင့်နေသည်။ အကယ်၍ သူက ရုတ်တရက်ကြီး သူမကို အတင်းအဓမ္မ ဖက်လိုက်မယ်ဆိုရင်တောင်... လူတွေပြောတာရှိတယ်လေ ဝေးကွာနေခြင်းက အချစ်ကို ပိုပြီး တိုးပွားစေတယ်တဲ့။ ဒါကြောင့် သူက ရုတ်တရက်ကြီး သူမကို တိုက်ခိုက်မယ်ဆိုရင်တောင်...
[အဲဒါ အဲဒီလို အဓိပ္ပာယ်မဟုတ်ဘူး]
ဧကရီက လီယောင်း၏ လွင့်ပျံ့နေသော အတွေးများကို ကြားဖြတ်၍ ဝေဖန်လိုက်သည်။
"ဘာလို့လဲ။ အဲဒါ တိုက်ရိုက်အဓိပ္ပာယ်ပဲလေ"
လီယောင်းက အပြင်သို့ ထွက်အောင် အော်၍ ငြင်းခုံလိုက်သည်။
[ဘာမှမဟုတ်တော့ပါဘူး ငါ နင့်ကို သတိပေးဖို့ လာတာ]
ဧကရီက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။
"ဘာကို သတိပေးမှာလဲ"
လီယောင်းက မေးလိုက်သော်လည်း သူမ၏ခေါင်းမှာ မမြင်ရသော အတားအဆီးတစ်ခုနှင့် တည့်တည့်တိုးကာ အသံစာစာလေးထွက်သွားချိန်တွင် သူမ၏မေးခွန်းမှာ အဖြေရသွားတော့သည်။
[အဲဒါကို ပြောတာ]
ဧကရီက ခပ်အေးအေးပင် မှတ်ချက်ပြုသည်။
လီယောင်းသည် တိုက်မိလိုက်သောကြောင့် နီရဲသွားသည့် သူမ၏နဖူးကို ပွတ်လိုက်ရင်း "ဒါက ဘာကြီးလဲ" ဟု မေးကာ အတားအဆီး အစီအရင်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ မျက်စိဖြင့် ကြည့်လျှင် မမြင်ရသလောက် ဖြစ်သော်လည်း လက်ချောင်းထိပ်များဖြင့် ထိတွေ့ကြည့်သောအခါ အခိုင်အမာ တည်ရှိနေမှုကို ခံစားရသည်။
[ဒါက ကာကွယ်ရေး အစီအရင်ပဲ။ အဲဒါမှ အတော်လေးကို အဆင့်မြင့်တဲ့ အမျိုးအစား]
ဧကရီက ရှင်းပြသည်။
[နင် အဲဒါကို ဆက်မကိုင်တာ ပိုကောင်းမယ်ထင်တယ်။ အဲဒီထဲမှာ တိုက်ခိုက်ရေး အစီအရင်တစ်ခုကိုလည်း ထပ်လျက် ထည့်ထားသေးတယ်]
"ဒါ သူတို့ရဲ့ အစီအစဉ်လား။ ငါ့ကို စီနီယာအစ်ကိုနဲ့ မတွေ့ရအောင် တမင်တားထားတာလား"
လီယောင်း၏ အသံမှာ မကျေမနပ်ဖြစ်ကာ မြင့်တက်လာပြီး သူမ၏ လက်ချောင်းများတွင် လျှပ်စီးများ စုစည်းကာ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
[ဒါက ဂိုဏ်းကို ကာကွယ်ဖို့ဆိုတာ နင် မမြင်ဘူးလား။ နောက်ပြီး သူတို့ဆိုတာက ဘယ်သူတွေကို ပြောတာလဲ]
ဧကရီက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
"ဪ... ဟုတ်သားပဲ"
လီယောင်းသည် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် စုစည်းထားသော စွမ်းအင်များကို ချက်ချင်း ပြန်လည်လူခွဲလိုက်သည်။
"ဒါဆို ငါ ဘယ်လိုဝင်ရမလဲ"
သူမသည် မမြင်ရသော အတားအဆီးရှေ့တွင် ကသိကအောက်ဖြင့် ပျံဝဲနေမိသည်။
[တစ်ယောက်ယောက် လာဖွင့်ပေးတာကိုပဲ စောင့်လိုက်ပါ။ သူတို့ နင့်ကို အခုလောက်ဆို အာရုံခံမိပြီးလောက်ပြီ]
ဧကရီက အကြံပေးလိုက်သည်။
ထိုစကားများ ပြောအပြီးမှာပင် အတားအဆီး၌ ရေလှိုင်းအလား လှုပ်ခတ်သွားကာ အပေါက်
တစ်ခု ပေါ်လာပြီး အကြီးအကဲဟွမ် ထွက်လာသည်။ လီယောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။
"ဂိုဏ်းချုပ်... ပြန်လာပြီပဲ"
သူမက ဝမ်းသာအားရ အော်ဟစ်ကာ လီယောင်းဆီသို့ ပြေးလာသည်။
"အောင်မြင်ခဲ့ရဲ့လား"
သူမက မေးနေရင်းမှ လီယောင်း၏နောက်တွင် တိတ်ဆိတ်စွာ ပျံဝဲနေသော ခန့်ညားထည်ဝါသည့် ပုံရိပ်ငါးခုကို သတိပြုမိသွားသည်။
"ဒီလူတွေက ဘယ်သူတွေလဲ။ အတော်လေး အစွမ်းထက်ပုံပဲနော်"
သူမက လီယောင်းအနားသို့ တိုးကာ စူးစမ်းလိုစိတ်ဖြင့် တိုးတိုးလေး မေးလိုက်သည်။
လီယောင်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "သူတို့က ငါ့သူငယ်ချင်းတွေပါ။ ဝူမင်ဂိုဏ်းကို တိုက်ထုတ်ဖို့ ငါတို့ကို ကူညီပေးမယ်လို့ သူတို့က ပြောထားတယ်" ဟု ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
"သူတို့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး အထင်မသေးနဲ့ဦး။ သူတို့အားလုံးက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေချည်းပဲ"
အခြေတည်ဝိညာဉ်အဆင့်ပညာရှင် အများအပြားကို အသေးအဖွဲကိစ္စလို ပြောလိုက်သည့် လီယောင်းကြောင့် အကြီးအကဲဟွမ် အံ့ဩသွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းလိုက်သည်။ သူမသည် ဓာတ်ဝိညာဉ်များကို နွေးထွေးစွာ ပြုံးပြရင်း အတားအဆီးရှိ အပေါက်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ကြပါ။ နေထိုင်စရာ နေရာကို ပြပေးပါ့မယ်"
စိတ်ထဲတွင်မူ အကြီးအကဲဟွမ်က လီယောင်းနှင့် ရှန်းယွီတို့၏ တူညီမှုများကို အံ့ဩနေမိသည်။ လင်နှင့်မယား တူပါပေသည် ဟု သူမ တွေးမိသည်။ ရှန်းယွီက အခြေတည်ဝိညာဉ်အဆင့်ကို တိုက်ခိုက်နိုင်သော အစီအရင်များကို ဖန်တီးနိုင်သလို လီယောင်းကမူ ထိုအဆင့်ရှိ ပညာရှင်များကို အလုပ်သမားအဖြစ် ခေါ်ဆောင်လာနိုင်သည်။ လီယောင်းကိုယ်တိုင်လည်း ထိုဒဏ္ဍာရီလာ အဆင့်သို့ ရောက်ရှိနေပြီဟု သူမ ခန့်မှန်းလိုက်သည်။ သို့မဟုတ်ပါက ဤမျှ အစွမ်းထက်သော တည်ရှိမှုများက သူမကို အဘယ်ကြောင့် ရိုသေနာခံနေကြမှာလဲ။
အကြီးအကဲဟွမ်သည် အဆင့်မြင့်ကျင့်ကြံသူများအကြောင်း ဗဟုသုတ နည်းပါးသော်လည်း လူကဲခတ်ရာတွင်မူ အမြဲတမ်း တိကျသည်။ ဓာတ်ဝိညာဉ်များ၏ တောင့်ခဲနေသော မျက်နှာများကို ကြည့်ခြင်းဖြင့် သူတို့မှာ စိတ်ပါလက်ပါ ကူညီနေခြင်း မဟုတ်ကြောင်း သူမ သိလိုက်သည်။ သူတို့၏ အကူအညီမှာ ကူညီချင်လွန်း၍ မဟုတ်ဘဲ ရွေးချယ်စရာ မရှိ၍သာ ဖြစ်ပုံရသည်။ သို့သော် သူမသည် ထိုအချက်ကို ဆက်မတွေးတော့ဘဲ ဤထူးဆန်းသော အဖွဲ့ကြီးကို အစီအရင်အတွင်းမှတစ်ဆင့် ဂိုဏ်းအတွင်းသို့ လမ်းပြခေါ်ဆောင်သွားတော့သည်။