အခန်း (၁၇၃)
Vol. 17 Ch. 173
ရှန်းယွီသည် ဝိညာဉ်ကြောအတွင်း၌ လက်နက်များကို ဆက်လက်သွန်းလုပ်နေပြီး သူ၏အတွေးများမှာ လွင့်ပျံ့နေသော်လည်း လက်လှုပ်ရှားမှုများကမူ ပြီးပြည့်စုံစွာ စီးဆင်းနေသည်။ သူ၏ ဂျူနီယာညီမလေးက ဖြစ်ပွားတော့မည့် ပဋိပက္ခအကြောင်း သတိပေးထားသဖြင့် ယခုတစ်ကြိမ်တွင် ဝိညာဉ်ကြောကို ဝိညာဉ်လက်နက်များ ထပ်မံကျွေးမွေးခြင်း မပြုရန် သူ တမင်တကာ ဆုံးဖြတ်ထားလိုက်သည်။
ထိုအစား သူ၏စွမ်းအင်များကို လာလတ္တံ့သော တိုက်ပွဲအတွက် လက်နက်တိုက်တစ်ခု ဖန်တီးရန် အသုံးချနေသည်။ ဤလက်နက်များကို မိုးပြာရောင်တိမ်တိုက်ဂိုဏ်းမှ အမာခံတပည့်များအပြင် မဟာမိတ်အသစ်များဖြစ်သော ကြာပန်းကျောက်စိမ်းနန်းတော်နှင့် သံမဏိဓားဂိုဏ်းတို့ထံ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
စစ်ပွဲအရိပ်အယောင်များ ကျရောက်နေသော်လည်း ရှန်းယွီသည် ယခင်ကထက် စိုးရိမ်စိတ် လျော့နည်းနေသည်ကို တွေ့ရသည်။ အစောပိုင်းက လီယောင်းကို စစ်ဆေးကြည့်ရာတွင် သူမသည် ရွှေရောင်အမြုတေအဆင့် ဒုတိယအဆင့်သာ ရှိသေးသော်လည်း သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ သူ့ထက် များစွာ သာလွန်နေသည်။ သူ သူမကို လုံးဝ မယှဉ်နိုင်ပေ။ အမှန်တကယ်တော့ သူ၏ မြှင့်တင်ထားသော အာရုံခံစားမှုဖြင့်ပင် သူမ၏ လှုပ်ရှားမှုများကို မမီနိုင်တော့ပေ။ သူမ၏ အရှိန်နှင့် ခွန်အားမှာ လုံးဝ ခြားနားသော နယ်ပယ်တစ်ခုတွင် တည်ရှိနေသည်။
လီယောင်းအကြောင်း ပြောရလျှင် ထူးဆန်းသောအရာတစ်ခုက သူ၏အာရုံကို ဖမ်းစားခဲ့သည်။ ၎င်းမှာ သူမ၏ ဗီဇခွဲဟု ဆိုသောအရာပင်။ အပေါ်ယံကြည့်လျှင် သူတို့နှစ်ဦးမှာ တစ်ပုံစံတည်းဖြစ်သော်လည်း သူ၏ ပုံရိပ်ယောင်စနစ်က ထိုခွဲဗီဇကို အလိုအလျောက် စစ်ဆေးလိုက်သောအခါ သူ မမျှော်လင့်ထားသောအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ သာမန်ခွဲဗီဇတစ်ခု မဟုတ်ဘဲ လူသားမျိုးနွယ်၏ ဧကရီဟု အမည်ရသော တည်ရှိမှုတစ်ခု ဖြစ်နေသည်။ လူတစ်ယောက်အတွက် အတော်လေး ထူးဆန်းသော အမည်ဖြစ်
သော်လည်း အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်များတွင် နာမည်ကဲ့သို့သော လောကီကိစ္စများမှာ အရေးမပါတော့ဘဲ တာအိုဘွဲ့အမည်များဖြင့်သာ လူသိများတတ်ကြောင်း ရှန်းယွီ သတိရလိုက်သည်။
လူသားဧကရီဆိုသော အမည်ကပင် ထူးကဲသော အဆင့်အတန်းနှင့် စွမ်းအားရှိသူဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော် သူမ၏ လက်ရှိပုံသဏ္ဌာန်မှာ တစ်ခုခု လိုအပ်နေပုံရသည်။ သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ကျင့်ကြံရေးဝတ္ထုများအရ ၎င်းမှာ ဇာတ်လိုက်ကို ရှေးဟောင်းပညာရှင်ကြီးတစ်ဦး၏ ဝိညာဉ်က လမ်းပြပေးနေသည့် ပုံစံမျိုးဖြစ်ကြောင်း ရှန်းယွီ နားလည်လိုက်သည်။ ဤအချက်က လီယောင်း၏ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသော တိုးတက်မှုကို ရှင်းပြပြီးသား ဖြစ်သွားသည်။
သူ့ကို ဇဝေဇဝါဖြစ်စေသည်မှာ ဤကဲ့သို့ မြင့်မြတ်သော တည်ရှိမှုမျိုးက ဘာကြောင့် သူ့ရှေ့မှာ ပေါ်ထင်ထင်ရှားရှား ကိုယ်ထင်ပြခဲ့ရသလဲ ဆိုသည့်အချက်ပင်။ ဤကဲ့သို့ ပြသခြင်းနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုခု ရှိရမည်ဖြစ်သော်လည်း သူ သေချာမခန့်မှန်းနိုင်သေးပေ။ ဖြစ်နိုင်သည်မှာ ဧကရီသည် သူ့အပေါ် သံသယရှိနေခြင်း ဖြစ်နိုင်ကြောင်း သူ တွေးဆမိသည်။ သူ ဤခန္ဓာကိုယ်ထဲ၌ နိုးထလာကတည်းက သူ၏အပြုအမူများမှာ ယခင်ကထက် ထူးထူးခြားခြား ပြောင်းလဲနေခဲ့သည်။ ၎င်းမှာ ကြိုးစားချင်စိတ်ရှိလာရုံနှင့် ရှင်းပြ၍ မရနိုင်ပေ။ သူသည် လုံးဝ ခြားနားသော လူတစ်ယောက် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
သူမသည် သူမ၏ တပည့်အတွက် သူက အန္တရာယ်ရှိမရှိ သိနိုင်ရန် သူ့ကို စမ်းသပ်နေခြင်းလည်း ဖြစ်နိုင်သည်။
သူမ ရွေးချယ်ထားသူ၏ ပတ်ဝန်းကျင်ကလူများကို စစ်ဆေးခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။ လီယောင်းမှာ ကောင်းကင်ဘုံ၏ ကောင်းချီးကို ရရှိထားသူဖြစ်ပြီး စစ်မှန်သော ဇာတ်လိုက်တစ်ဦး၏ အရှိန်အဝါရှိသည်။ မြင့်မြတ်သော တည်ရှိမှုများ သူမအနားတွင် စုဝေးနေကြပြီး သူမ၏လမ်းကြောင်းကို လွှမ်းမိုးရန် သို့မဟုတ် သူမ အင်အားကြီးထွားလာမှုမှ အကျိုးအမြတ်ရယူရန် ကြိုးစားနေကြခြင်းမှာ မဆန်းပေ။
ဧကရီက သူ သူမ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း သိမသိ စမ်းသပ်နေတာလား။ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ပုံစံတည်း ဖြစ်နေတာကို သူက ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ။ ဒါမှမဟုတ် သူပဲ အလွန်အကျွံ တွေးနေမိတာလား။
အတော်ကြာအောင် စဉ်းစားပြီးနောက် ရှန်းယွီသည် ထိုကိစ္စကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ လီယောင်းရော ဧကရီပါ သူ့အပေါ် ရန်လိုမှုမပြသခဲ့သဖြင့် သူတို့၏ လျှို့ဝှက်ချက်များမှာ သူ၏ အသက်ရှင်သန်ရေးအတွက် လက်ငင်းစိုးရိမ်စရာ မဟုတ်သေးပေ။ သို့သော်လည်း သူသည် ဧကရီကို ပုံရိပ်ယောင်တိုက်ပွဲထဲတွင် ထည့်သွင်းစမ်းသပ်ကြည့်ကာ အနာဂတ်အတွက် တန်ဖိုးရှိမည့် ဝိညာဉ်နည်းစနစ်များအကြောင်း သိမြင်လိုသော စိတ်ဆန္ဒတော့ ဖြစ်ပေါ်နေမိသည်။
ဒါပေမဲ့ ခဏအကြာမှာတော့ သူသည် ထိုသိချင်စိတ်ကို ထိန်းချုပ်လိုက်သည်။ ဧကရီ၏ စွမ်းအားအစစ်အမှန်ကို သူ မသိနိုင်ပေ။ အကယ်၍ ပုံရိပ်ယောင်စနစ်က ထိုပညာရှင်ကြီးကို သူမ၏ အကောင်းဆုံးအခြေအနေအတိုင်း ပြန်လည်ဖန်တီးလိုက်ပြီး ၎င်းမှာ တစ်နည်းနည်းဖြင့် အပြင်လောကသို့ သက်ရောက်လာပါက ဘာဖြစ်မလဲ။ သူ မြင်တွေ့ခဲ့ရသော တည်ရှိမှုမှာ အားနည်းနေပုံရသော်လည်း သူမ၏ အစွမ်းကုန် စွမ်းအားများကို ဖန်တီးလိုက်ပါက စနစ်၏ ကန့်သတ်ချက်များကို ဖောက်ထွက်သွားနိုင်မလား။ ဤယူဆချက်မှာ ဖြစ်နိုင်ခြေနည်းပါးသည်ဟု ထင်ရသော်လည်း ရှန်းယွီမှာ မလိုအပ်ဘဲ စွန့်စားမှု မပြုလုပ်လိုတော့ပေ။
လက်ရှိအလုပ်ကို ပြန်လည်အာရုံစိုက်ရင်း သူသည် ဝိညာဉ်လက်နက်များကို ဆက်လက်သွန်းလုပ်နေသည်။ ပညာနိုင်ဆုံး ကြိုးစားနေသည့်ကြားမှ သူ၏အတွေးများက ထူးဆန်းလှသော ဧကရီထံသို့ ရံဖန်ရံခါ ပြန်လည်ရောက်ရှိသွားတတ်သည်။ ကျင့်ကြံခြင်းကမ္ဘာတွင် အချို့သော ပညာရှင်ကြီးများသည် တစ်စုံတစ်ယောက်က မိမိတို့အကြောင်းကို တွေးတောနေပါက သိရှိနိုင်သော စွမ်းရည်ရှိသည်ကို သူ မိမိကိုယ်ကိုယ် သတိပေးလိုက်ရသည်။ မလိုအပ်ဘဲ အာရုံစိုက်ခံရခြင်းမျိုး မဖိတ်ခေါ်တာ အကောင်းဆုံးပင်။
ဝိညာဉ်လက်နက် အမြောက်အမြားကို သွန်းလုပ်ပြီးနောက် ရှန်းယွီသည် အဆောင်စာရွက်
ပြုလုပ်ခြင်းသို့ ကူးပြောင်းရန် ဆုံးဖြတ်လိုက်သည်။
...
ရှန်းယွီသည် ဝိညာဉ်တုန်ခါမှုအဆောင်များဖြင့် စတင်လိုက်သည်။ ဝိညာဉ်ကလေးငယ်ကလည်း ထိုလုပ်ငန်းစဉ်အတွက် ၎င်း၏ ထူးခြားသော စွမ်းအင်များကို ထည့်ဝင်ပေးပြီး အစွမ်းကုန် အာရုံစိုက်ပေးသည်။ ကလေးငယ်မှာ ယခင်တစ်ခေါက်ထက်စာလျှင် သိသိသာသာ တိုးတက်လာပြီး မောပန်းနွမ်းနယ်၍ မလဲကျမီအထိ ဝိညာဉ်တုန်ခါမှုအဆောင်လေးခုကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သည်။ ရှန်းယွီသည် ထိုအစွမ်းထက်သော အဆောင်များကို သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲတွင် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ယခင်က ပြုလုပ်ထားသော သုံးခုနှင့်ပေါင်းလိုက်လျှင် ယခုအခါ သူ၏လက်ဝယ်၌ ဝိညာဉ်တုန်ခါမှုအဆောင်ခုနစ်ခု ရှိနေပြီဖြစ်သည်။ စစ်မှန်သော လုံခြုံမှုအတွက် သူအလိုရှိသော အရေအတွက် တစ်ထောင်နှင့်ယှဉ်လျှင် အဝေးကြီး လိုနေသေးသော်လည်း အားကိုးထိုက်သော လက်နက်တိုက်တစ်ခုတော့ ဖြစ်နေပြီဖြစ်သည်။ အရာအားလုံး ကိုယ်ဖြစ်ချင်သလိုတော့ မရနိုင်ပေ။
ဝိညာဉ်အခြေခံအင်းများ ပြီးစီးသွားသောအခါ သူသည် မိမိကိုယ်တိုင် အသုံးပြုရန်အတွက် နောက်ထပ် အဆင့် ၆ အဆောင်စာရွက်အချို့ကို အာရုံစိုက် ပြုလုပ်လိုက်သည်။ ဤအဆောင်များသည် အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်ရပါက သူ၏ နောက်ဆုံးခံစစ်အဖြစ် အသုံးဝင်လိမ့်မည်။ မိမိကိုယ်ကိုယ် ကာကွယ်ရန် စီစဉ်ပြီးနောက်တွင်မူ ဂိုဏ်းသားအားလုံး အသုံးပြုနိုင်ရန်အတွက် အဆင့် ၇ အဆောင်စာရွက်များကို အမြောက်အမြား စတင်ထုတ်လုပ်တော့သည်။ စစ်ပွဲအရိပ်အယောင်များ နီးကပ်လာပြီဖြစ်ရာ အရင်းအမြစ်များကို ချွေတာနေရမည့်အချိန် မဟုတ်တော့ဘဲ အစွမ်းကုန် ပြင်ဆင်ရမည့်အချိန် ရောက်နေပြီဖြစ်သည်။
အဆင့် ၆ အဆောင်စာရွက်များက ပို၍ အစွမ်းထက်သဖြင့် လူတိုင်းအတွက် ထိုအဆင့်ကို ပြုလုပ်ပေးချင်သော်လည်း ၎င်းတို့ကို ပြုလုပ်ရန်မှာ ဝိညာဉ်စွမ်းအင် အလွန်အမင်း ကုန်ဆုံးစေသည်။ ထို့ကြောင့် အဆောင်စာရွက်ပြုလုပ်ခြင်း အဆင့် ၅ သို့ သူ အမှန်တကယ် ချိုးဖျက်တက်လှမ်းနိုင်သည့် အချိန်အထိ စောင့်ရပေမည်။ နည်းပညာအရ သူသည် ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း စနစ်မှတစ်ဆင့် တက်လှမ်းခြင်း မဟုတ်သောကြောင့် အဆင့်တက်ချိန်တွင် ပါလာရမည့် ထိုးထွင်းသိမြင်မှုများ ကင်းမဲ့နေသည်။ ထိုအသိဉာဏ်များကို ကိုယ်တိုင် ရှာဖွေဖော်ထုတ်ရန်မှာ အချိန်များစွာ ကုန်ဆုံးစေမည်ဖြစ်ရာ တိုက်ပွဲနီးကပ်နေချိန်တွင် ထိုကဲ့သို့ အချိန်မဖြုန်းနိုင်ပေ။ ယခုလောလောဆယ် စိတ်ချလက်ချ ထုတ်လုပ်နိုင်သည်ကိုသာ လုပ်ဆောင်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
နေ့လယ်စာစားချိန် နီးကပ်လာသည်အထိ သူသည် ပြင်းပြင်းထန်ထန် ထုတ်လုပ်နေခဲ့သည်။ ထို့နောက် ဟင်းချက်ရန်အတွက် ဝိညာဉ်ကြောအတွင်းမှ ထွက်လာစဉ် ရင်ပြင်၌ အကြီးအကဲဟွမ်နှင့် ဆုံတွေ့ခဲ့သည်။ သူမကို မြင်မြင်ချင်းမှာပင် ရှန်းယွီသည် အစောပိုင်းက သူ့ကို ပစ်ထားခဲ့သည့်အတွက် မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းကို ဆူထားလိုက်သည်။
သူမက နားလည်မှုရှိသော အပြုံးဖြင့် ချဉ်းကပ်လာကာ "ရှန်းယွီ... မင်းရဲ့ အဒေါ်ဆရာမကို အပြစ်မတင်ပါနဲ့" ဟု ချော့မော့ပြောပြောလိုက်သည်။
"ငါ မင်းကို အမြဲတမ်း ကူညီပေးနိုင်ပေမဲ့ အချို့အရာတွေကိုတော့ မင်းကိုယ်တိုင်ပဲ ဖြတ်သန်းရမှာလေ။ ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း နားလည်တယ် မဟုတ်လား"
ရှန်းယွီကမူ ချက်ချင်း စိတ်မပြေသေးဘဲ မျက်နှာဆူဆူဖြင့်သာ ဆက်နေသည်။ သူ၏ ဇွဲကောင်းမှုကို မြင်သောအခါ အကြီးအကဲဟွမ်၏ သာယာလှသော ရယ်မောသံမှာ လေထုထဲ၌ ပျံ့လွင့်သွားတော့သည်။
"ကဲ... ဒီလိုလုပ်ကြရအောင်"
သူမက ကမ်းလှမ်းလိုက်သည်။
"ငါ အမှားပြင်ဆင်တဲ့အနေနဲ့ မင်းကို တစ်ခုခု ပြန်ပေးမယ်။ ငါ စုဆောင်းထားတဲ့ ရတနာအချို့ ရှိတယ်..."
ရတနာဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် ရှန်းယွီ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မျက်နှာမှာ သိသိသာသာ ဝင်းပသွားတော့သည်။ အကြီးအကဲဟွမ်မှာမူ သူ၏ ပြောင်းလဲမြန်မှုကို ကြည့်ပြီး စိတ်ပျက်သလိုလို ရယ်ချင်သလိုလို အမူအရာသို့ ပြောင်းလဲသွားတော့သည်။
"မင်းကတော့ တကယ့်ကောင်ပဲ။ ငါက ငါတို့ကြားက သံယောဇဉ်ကို တန်ဖိုးထားနေတာကို မင်းကတော့ ငါ့ပိုက်ဆံနောက်ပဲ လိုက်နေတယ်"
ထိုသို့ပြောကာ သူမကပါ ပြန်၍ နှုတ်ခမ်းဆူပြလိုက်သည်။
ရှန်းယွီသည် ချက်ချင်းပင် နောင်တရဟန်ဆောင်ကာ အမူအရာ ပြောင်းလိုက်သည်။
"အဒေါ်ဆရာမကလည်း... အထင်လွဲနေပြီ။ ကျွန်တော်က တကယ်ပဲ အဲဒီလိုလူမျိုး ထင်လို့လား" ဟု ရိုးသားလှပါသည်ဆိုသော မျက်နှာပေးဖြင့် မေးလိုက်သည်။
အကြီးအကဲဟွမ်က သူ၏မျက်နှာကို စူးစိုက်ကြည့်ရင်း စိတ်ထဲမှ 'မင်း သွားရည်တွေတောင် ကျတော့မလို ဖြစ်နေတာကို ဒီစကားကို ဘယ်လိုမျက်နှာပြောင်တိုက်ပြီး ပြောနိုင်ရတာလဲ' ဟု တွေးနေမိသည်။
သူ၏ သရုပ်ဆောင်မှုက သူမကို မယုံကြည်စေနိုင်မှန်း သိလိုက်သောအခါ ရှန်းယွီသည် နည်းဗျူဟာကို အမြန်ပြောင်းလိုက်ပြန်သည်။
"မကြာသေးခင်က ကျွန်တော့်ရဲ့ ဟင်းချက်စွမ်းရည် တိုးတက်လာတယ်လေ" ဟု ပေါ့ပေါ့ပါးပါးပင် စကားစလိုက်သည်။
"ဒါကြောင့် အဒေါ်ဆရာမ့ကို မြည်းစမ်းကြည့်စေချင်လို့ပါ"
ထိုစကားကို ကြားလိုက်ရုံနှင့် သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။
"ရှန်းယွီ... မင်းက တကယ့်ကို အဒေါ်ဆရာမ့အပေါ် သိတတ်တဲ့ တပည့်လေးပဲ" ဟု သူမက နွေးထွေးစွာ ပြောလိုက်သည်။
"နောက်တစ်ခါ လီယောင်းက မင်းကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ့ဆီသာ လာခဲ့" ဟု ဆိုကာ ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း အာမခံလိုက်တော့သည်။
"ဒါပေါ့... ကျွန်တော်တို့က မိသားစုတွေပဲဟာ"
ရှန်းယွီက ပြုံး၍ ပြန်ဖြေလိုက်သည်။
"ကောင်းတယ် ကောင်းတယ်။ ငါ့ရဲ့ စီနီယာအစ်ကိုကတော့ ဒီလိုတပည့်ကောင်း ရထားတာ တကယ့်ကို ကံကောင်းတာပဲ" ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး "ဪ... ဒါနဲ့ ငါ အခုမှ သတိရတယ်။ ဒီနေ့ နေ့လယ်စာ အတူတူစားဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်"
"ဘာလို့လဲဟင်"
ရှန်းယွီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ရွှေအနားသတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရောက်လာပြီလေ"
သူမက ရှင်းပြသည်။
"မင်းက ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲဖြစ်သလို သူတို့နဲ့ သဘောတူညီချက် လုပ်ထားတဲ့သူလည်း ဖြစ်တာကြောင့် ဆွေးနွေးပွဲမှာ မင်း ရှိနေသင့်တယ်"
"နားလည်ပါပြီ"
ရှန်းယွီက ရိုသေသမှုဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂိုဏ်း၏ အဓိကတောင်ထိပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။