အခန်း (၁၇၅)
Vol. 17 Ch. 175
ဝမ်ကျန့်သည် သူ၏ လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ရင်း သူ၏ရှေ့တွင် နေရာယူထားကြပုံကို အကဲခတ်ကြည့်လိုက်သည်။ အရှေ့ဆုံးတွင် ဂုဏ်ထူးဆောင်အကြီးအကဲနှင့် ဂိုဏ်းချုပ်တို့က သူ့ကို ထိပ်တိုက်ရင်ဆိုင်လျက် ထိုင်နေကြသည်။ ဝမ်ကျန့်ကမူ လျူဖုန်းကို ဘေးတွင်ထားကာ ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး ဓာတ်ဝိညာဉ်ငါးပါးမှာမူ အလယ်တွင် တစ်ဖက်၌ နှစ်ဦး တစ်ဖက်၌ သုံးဦးနှုန်းဖြင့် ခြံရံနေရာယူထားကြသည်။
သူသည် လီယောင်းနှင့် ရှန်းယွီတို့ကို ဂရုတစိုက် ဆန်းစစ်နေမိသည်။ ဝမ်ကျန့်အနေဖြင့် ဤဆွေးနွေးပွဲကို အလျင်အမြန် အဆုံးသတ်နိုင်မည်ဟု ထင်မှတ်ထားခဲ့ပြီး လိုအပ်ပါက အနည်းငယ် ခြိမ်းခြောက်ကာ မိမိအတွက် အကျိုးရှိမည့် အခြေအနေများကို ဖန်တီးယူမည်ဟု ကြံစည်ခဲ့သည်။ ယခုမူ ထိုဗျူဟာမှာ ရယ်စရာကောင်းလောက်အောင် နုနယ်လွန်းနေပြီဟု သူ ခံစားလိုက်ရသည်။ ဤနေရာတွင် သူသည် အသာစီးရနေသူ မဟုတ်တော့ပေ။
သူသည် သက်ပြင်းတစ်ချက်ချကာ ဓာတ်ဝိညာဉ်များဘက်သို့ အကြည့်လွှဲလိုက်သည်။ ထိုဝိညာဉ်ငါးပါးတည်းနှင့်ပင် သူ့ကို အခက်တွေ့စေရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် ပို၍ စိုးရိမ်စရာကောင်းသည်မှာ လူငယ်ခေါင်းဆောင် နှစ်ဦးပင်။ သူတို့မှာ အတော်လေး ငယ်ရွယ်ပုံရသော်လည်း သူတို့၏ တစ်စုံတစ်ခုသော အရှိန်အဝါက သူ့ကို အကြီးအကျယ် စိတ်မသက်မသာ ဖြစ်စေသည်။
လီယောင်းမှာ မိန်လင်းဖော်ပြခဲ့သည်ထက် ပို၍ ရင့်ကျက်သော ပုံစံရှိနေသည်။ သူမသည် တစ်စုံတစ်ရာသော အသွင်ပြောင်းနည်းစနစ်ကို အသုံးပြုထားသည်ဟု သူ ယူဆလိုက်သည်။ သူမ၏ ကိုယ်ထည်မှ ထွက်ပေါ်နေသော ငြင်းမရသည့် ကမ္ဘာဦးစွမ်းအင်များက ထိုယူဆချက်ကို ပိုမိုခိုင်မာစေသည်။ သူမသည် ဝိညာဉ်သက်ရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ထို့ကြောင့်လည်း ပုံမှန်အားဖြင့် လူသားများနှင့် မပတ်သက်တတ်သော အခြားဝိညာဉ်များက သူမ၏နောက်သို့ လိုက်ပါနေကြခြင်း ဖြစ်ပေလိမ့်မည်။ ဝမ်ကျန့်အနေဖြင့် လူသားတစ်ဦးကို ဝိညာဉ်သက်ရှိအဖြစ် အသိအမှတ်ပြုခံရသည်မျိုး တစ်ခါမျှ မကြားဖူးခဲ့ပေ။
သူမ၏ ပတ်ဝန်းကျင်တွင် လွှမ်းမိုးထားသော အရှိန်အဝါများ ရှိနေသော်လည်း မည်သည့် သာမန်ကျင့်ကြံမှု အမှတ်အသားကိုမျှ သူ အာရုံခံ၍မရခြင်းက သူမကို ပို၍ပင် နက်နဲဆန်းကြယ်စေသည်။
ဂုဏ်ထူးဆောင်အကြီးအကဲဟု ဆိုသော ရှန်းယွီမှာမူ ပို၍ပင် ထူးဆန်းနေသည်။ သူ၏ထံမှ မည်သည့် စွမ်းအင်လှိုင်းမျှ ထွက်ပေါ်မလာသော်လည်း ဝမ်ကျန့်၏ အတွေ့အကြုံရှိသော မျက်လုံးများကမူ သူ၏ ထူးကဲလှသော ခန္ဓာကိုယ်ကျင့်ကြံမှုကို မြင်နိုင်သည်။ အနည်းဆုံး အဆင့် ၁၇ လွှာခန့် ရှိပေလိမ့်မည်။
ဝမ်ကျန့်၏ဘေးတွင် ထိုင်နေသော လျူဖုန်းကလည်း ထိုနှစ်ဦးကို ကိုယ်ပိုင်နည်းလမ်းဖြင့် အကဲခတ်နေသည်။ သူ တကယ်ပင် မှင်တက်သွားရသည်။ ဤနှစ်ယောက်မှာ သူနှင့် ရွယ်တူမျိုးဆက်များသာ ဖြစ်သော်လည်း ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်နေကြပြီ ဖြစ်သည်။ မိုးပြာရောင်တိမ်တိုက်ဂိုဏ်းမှာ အပေါ်ယံကြည့်လျှင် ဂိုဏ်းငယ်လေးဟု ဆိုနိုင်သော်လည်း ၎င်း၏ ခေါင်းဆောင်များမှာမူ လုံးဝ သာမန်မဟုတ်ကြပေ။
"အလယ်ပိုင်းတိုက်ကြီးမှာ မိမိကိုယ်ကိုယ် ပါရမီရှင်တွေလို့ ကြွားဝါနေကြတဲ့ သခင်လေးတွေသာ ဒီလို နတ်ဆိုးသတ္တဝါမျိုးတွေနဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လို တုံ့ပြန်ကြမလဲ"
သူ တွေးနေမိသည်။'မြင့်မြတ်သောနယ်မြေများမှ အထူးချွန်ဆုံး ပါရမီရှင်များသာလျှင် ဤနှစ်ဦးနှင့် ယှဉ်နိုင်လောက်မည်။
သူ၏ အာရုံမှာ ရှန်းယွီထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီး ရှန်းယွီ၏ထံမှ ထွက်ပေါ်နေသော ထူးဆန်းသည့် အနံ့တစ်ခုကို သတိပြုမိသွားသည်။ ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် လျူဖုန်း၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားတော့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးမှာ ကျုံ့ဝင်သွားသလို ခံစားလိုက်ရပြီး ကြေမွသွားတော့မည့် ဖိအားကြီးတစ်ခုက သူ့အပေါ်သို့ သက်ရောက်လာသည်။
"ဂိုဏ်းချုပ်... ဒါက ဘာအဓိပ္ပာယ်လဲ"
ဝမ်ကျန့်၏ အသံက လေထုကို ဖြတ်တောက်ကာ ထွက်ပေါ်လာပြီး သူသည် လျူဖုန်း၏ ရှေ့တွင် ကာကွယ်ပေးရန် အမြန်ဆုံး မတ်တပ်ရပ်လိုက်သည်။
ထိုဖိအားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လျူဖုန်းမှာ အသက်ကို လု၍ ရှူလိုက်ရသည်။ "ငါတော့ သေတော့မလို့ပဲ" ဟု သူ ထိတ်လန့်တကြား တွေးလိုက်မိသည်။
"ကျစ်"
လီယောင်းက မကျေနပ်ဟန်ဖြင့် လျှာတစ်ချက်သပ်လိုက်သည်။
"ငါ အမှတ်တမဲ့ ဖြစ်သွားတယ်... တောင်းပန်ပါတယ်နော်"
သူမက ပြုံးလျက် ပြောလိုက်သည်။
သို့သော် သူမ၏စိတ်ထဲတွင်မူ ကြီးမားသော အမှားတစ်ခု ကျူးလွန်မိခဲ့သည်ဟု မိမိကိုယ်ကို အပြစ်တင်နေမိသည်။ သူမသည် ဂိုဏ်းအတွင်းရှိ အမျိုးသမီးများ သူမ၏ စီနီယာအစ်ကိုအနား မကပ်နိုင်ရန် သေချာစွာ တားဆီးထားခဲ့သော်လည်း အမျိုးသားများမှာလည်း အလားတူ အန္တရာယ်ရှိနိုင်သည်ကို မေ့လျော့နေခဲ့သည်။ လျူဖုန်းက သူမ၏ စီနီယာအစ်ကိုကို ကြည့်
လိုက်သည့် ပုံစံမှာ သူသည် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုပင်။
ဝမ်ကျန့်သည် ဝိညာဉ်အသံလွှင့်စနစ်ကို အသုံးပြု၍ လျူဖုန်း၏ စိတ်ထဲသို့ တိုက်ရိုက် စကားပြောလိုက်သည်။
"ဒီဂိုဏ်းချုပ်က သူ့ရဲ့ စီနီယာအစ်ကိုကို တကယ်ကို အသည်းစွဲချစ်တာ။ ကျေးဇူးပြုပြီး သူ့ကို အဲဒီလို ပုံစံမျိုးနဲ့ ကြည့်တာမျိုး မလုပ်ပါနဲ့တော့"
မိန်လင်းက ဤကိစ္စနှင့် ပတ်သက်၍ တစ်ခုခု ပြောခဲ့သည်ကို သူ သတိရလိုက်သော်လည်း ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကြည့်တစ်ချက်တည်းနှင့်ပင် သူမသည် သူ၏ဂိုဏ်းနှင့် ပွင့်ပွင့်လင်းလင်း စစ်ခင်းရန် ဝန်မလေးသည့်ပုံစံ ရှိနေသည်။ ဤအချစ်မှာ အကျိုးအကြောင်း ဆင်ခြင်တုံတရားမဲ့လောက်အောင် ပြင်းထန်လွန်းလှသည်။
လျူဖုန်းသည် ခေါင်းကို ခပ်သာသာ ညိတ်လိုက်သော်လည်း ခုနက သူ့ကို ကြေမွသွားတော့မည့်အလား ဖိနှိပ်ခဲ့သော ဝိညာဉ်ဖိအားကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ သူ၏စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေမိသည်။ သူသည် ဝမ်ကျန့်ကိုယ်တိုင် ကြည့်ခဲ့သလိုမျိုး ရှန်းယွီ၏ဘက်သို့ တစ်ချက်မျှသာ ကြည့်ခဲ့ခြင်းဖြစ်သည်။ သူ၏မျက်နှာအမူအရာက တကယ်ပဲ အဲဒီလောက်အထိ ထူးဆန်းသွားခဲ့လို့လား။
"ရပါတယ်... နောက်တစ်ခါ မဖြစ်ဖို့ပဲ အရေးကြီးပါတယ်"
ဝမ်ကျန့်က ပြောလိုက်သည်။ ထို့နောက် တင်းမာမှုများကို လျှော့ချရန်အတွက် ပြုံးပြလိုက်ပြီး "ဂိုဏ်းချုပ်... ကျွန်တော် ခင်ဗျားတို့ကို အချင်းချင်း မိတ်ဆက်ပေးပါရစေ။ ခင်ဗျားတို့နှစ်ယောက်လုံးက တစ်မျိုးဆက်တည်းက ပါရမီရှင်တွေဆိုတော့ ခင်မင်သွားကြမှာပါ"
သူ့ဘေးရှိ လူငယ်ကို လက်ညှိုးညွှန်ပြရင်း သူက ဆက်ပြောသည်။
"ဒါကတော့ လျူဖုန်းပါ။ သူက အလယ်ပိုင်းတိုက်ကြီးရဲ့ နတ်ဘုရားထံသို့ တက်လှမ်းခြင်း မြင့်မြတ်သောနယ်မြေက ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်"
သူက ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်သည်။
"ဪ... ဟုတ်လား"
လီယောင်းက အေးစက်စက်ပင် ပြန်ဖြေလိုက်သည်။ သူမ၏ လေသံထဲတွင် စိတ်ဝင်စားမှု သို့မဟုတ် အထင်ကြီးလေးစားမှု အရိပ်အယောင် အနည်းငယ်မျှပင် ပါဝင်ခြင်းမရှိပေ။
ဝမ်ကျန့်မှာ ပျာပျာသလဲ ပြုံးလိုက်မိသည်။ သူ မသိလိုက်ဘဲနှင့် အလယ်ပိုင်းတိုက်ကြီး၏ ဂုဏ်သတင်းမှာ မှေးမှိန်သွားခဲ့ပြီလား။ ကျင့်ကြံသူ အများစုမှာ အစွမ်းထက်သူများ ဖြစ်လင့်ကစား အလယ်ပိုင်းတိုက်ကြီးနှင့် ပတ်သက်မှုရှိသည်ဟု ကြားလိုက်ရုံနှင့်ပင် စိတ်လှုပ်ရှားသွားတတ်ကြသည်။ သူမက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အေးစက်နေနိုင်ရတာလဲ။
လျူဖုန်းမှာမူ သူ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီးနောက် အတွေးများကို ဖုံးကွယ်ထားသော ကျွမ်းကျင်သည့် အပြုံးတစ်ခုဖြင့် မတ်တပ်ရပ်လိုက်သည်။
"ကျွန်တော် ဂိုဏ်းချုပ်အပေါ် ရိုင်းပျခဲ့မိပါတယ်။ တောင်းပန်ပါတယ်"
ထိုသို့ပြောကာ တရားဝင် ဦးညွှတ်၍ သူ တောင်းပန်လိုက်သည်။
ဝမ်ကျန့်ပင်လျှင် လျူဖုန်း၏ ထိုအမူအရာကြောင့် အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပေ။ မြင့်မြတ်သောနယ်မြေမှ သခင်လေးများမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခဲယဉ်းစွာ တောင်းပန်လေ့မရှိကြဘဲ အစွန်အဖျားဒေသမှ ဂိုဏ်းငယ်လေးတစ်ခု၏ ခေါင်းဆောင်ကိုဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
လျူဖုန်း၏ ယဉ်ကျေးပျူငှာသော ဟန်ပန်နောက်ကွယ်တွင် အတွေးများမှာ အပြင်းအထန် လည်ပတ်နေသည်။ ဤမိန်းကလေးမှာ သိသိသာသာပင် စိတ်မမှန်သော်လည်း လျစ်လျူရှု၍မရနိုင်သော နတ်ဆိုးသတ္တဝါအလား ပါရမီကို ပိုင်ဆိုင်ထားသည်။ သူမ၏ ပစ်မှတ်ဖြစ်လာမည့် ဘေးထက်စာလျှင် သူမကို စိတ်ကျေနပ်အောင် ထားခြင်းက ပို၍ကောင်းသည်။ သူမ၏ မျက်လုံးများထဲတွင် ခေတ္တမျှ မြင်လိုက်ရသော လူသတ်ငွေ့များမှာ တကယ့်ကို အစစ်အမှန်ပင်။
"ကျွန်တော်တို့က တစ်မျိုးဆက်တည်းသားတွေ ဖြစ်ပေမဲ့ ဂိုဏ်းချုပ်နဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတို့က တကယ်ကို အထင်ကြီးစရာကောင်းလှပါတယ်။ ခင်ဗျားတို့နှစ်ယောက်နဲ့ တစ်မျိုးဆက်တည်း ဖြစ်နေရတာတောင် ကျွန်တော် ရှက်မိပါတယ်"
လျူဖုန်းက မြှောက်ပင့်ဖားယားသည့် ဗျူဟာကို ဆက်လက်အသုံးပြုကာ ချောမောစွာ ပြောပြောလိုက်သည်။
"နောက်ပြီး ဂိုဏ်းချုပ်နဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတို့က ချစ်သူတွေဖြစ်ကြတယ်လို့ ကောလာဟလတွေ ကြားမိပါတယ်။ အဲဒါ တကယ်ပဲလား"
ဝမ်ကျန့်က လျူဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာလို့ ဒီကိစ္စကို ထပ်ပြောနေပြန်တာလဲ ဟု တွေးနေမိသည်။
သူ ပေးခဲ့သော သတိပေးချက်ကို လျူဖုန်း ဂရုမစိုက်တာလား။
"ဟုတ်တယ်လေ။ အဲဒါ ဘာဖြစ်လို့လဲ"
လီယောင်းက စိတ်မရှည်သလို မေးလိုက်သည်။
"ပြဿနာတွေ အများကြီးရှိတာပေါ့... ဂုဏ်ထူးဆောင်အကြီးအကဲနဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ် ချစ်သူတွေ ဖြစ်နိုင်မှာလဲ"
လျူဖုန်းက တွေးလိုက်သော်လည်း အပြင်သို့မူ ထုတ်မပြောရဲပေ။
ထိုအစား သူ၏ အပြုံးကို ပို၍ ချဲ့လိုက်ကာ အရှက်မရှိ မြှောက်ပင့်သည့်ဘက်သို့ ကူးပြောင်းလိုက်သည်။
"ဂုဏ်ထူးဆောင်အကြီးအကဲက ဆေးဖော်စပ်ခြင်းမှာ ပါရမီရှင်ဖြစ်သလို ဂိုဏ်းချုပ်ကလည်း ကျင့်ကြံခြင်းမှာ ပါရမီရှင်တစ်ယောက်ပဲ။ ခင်ဗျားတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပါပဲဗျာ"
ရှန်းယွီသည် သူ၏နေရာမှနေ၍ ဤအပြန်အလှန်စကားပြောဆိုမှုများကို သိရှိနားလည်သည့် အပြုံးဖြင့် ကြည့်နေမိသည်။ ဤမျှ သိသာလွန်းသော လှည့်ကွက်မျိုးမှာ လီယောင်းကဲ့သို့ အဆင့်ရှိသူတစ်ဦးအပေါ် မည်သို့မျှ သက်ရောက်မှုရှိမည်မဟုတ်ပေ။ ဤမျှအထိ ပွင့်လင်းမြင်သာလွန်းနေသည်မှာ ရယ်စရာပင်ကောင်းလှ……
"ရှင် တကယ်ပဲ အဲဒီလို ထင်တာလား"
လီယောင်းက သူမ၏ ပါးပြင်လေးများ သိသိသာသာ နီမြန်းသွားလျက် မေးလိုက်သည်။
"ဘာကြီး…."
ရှန်းယွီသည် သောက်လက်စ လက်ဖက်ရည်ပင် သီးမလို ဖြစ်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်ရသည်။ လီယောင်းမှာ အလွန်တရာ စွမ်းအားကြီးမားသော်လည်း အချို့သောကိစ္စများတွင် မယုံနိုင်စရာကောင်းလောက်အောင် တုံးအနေတတ်သည်ကို သူ ခေတ္တမျှ မေ့သွားခဲ့ခြင်းဖြစ်သည်။
"ဒါပေါ့... တကယ်ပြောတာပါ"
လျူဖုန်းက အတည်ပြုလိုက်ရင်း စိတ်ထဲမှ မိမိကိုယ်ကိုယ် ဂုဏ်ပြုနေမိသည်။ ဤကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှသည်။ သူမကို ရန်သူလုပ်နေစရာမလိုဘဲ မိမိက သူမဘက်တော်သားဖြစ်ကြောင်း ပြသရုံသာ လိုအပ်သည်။
ဝမ်ကျန့်သည် ဤမြင်ကွင်းကို ချီးကျူးစွာ စောင့်ကြည့်နေမိသည်။ သူ တွေ့ဖူးသမျှ သခင်လေးအများစုနှင့်မတူဘဲ လျူဖုန်းမှာ စစ်မှန်သော လူမှုဆက်ဆံရေးကျွမ်းကျင်မှုရှိသည်။ ဤသည်မှာ ကျင့်ကြံခြင်းလောကရှိ အထက်တန်းလွှာများကြားတွင် အလွန်ရှားပါးလှသည်။ လျူဖုန်းသည် ကျင့်ကြံခြင်းလောကတွင် သေချာပေါက် အောင်မြင်မည့်သူဖြစ်ကြောင်း သူ တွေးနေမိသည်။
ဝမ်ကျန့်သည် သူ၏နေရာတွင် ပြန်ထိုင်လိုက်ပြီး လည်ချောင်းကို တစ်ချက်ဟန့်လိုက်သည်။ "အခုဆိုရင် ကျွန်တော်တို့ တရားဝင်ကိစ္စတွေကို ဆွေးနွေးလို့ ရပြီလား"
ဤနှစ်ယောက်မှာ အပြန်အလှန် စကားနာထိုးနေကြသော်လည်း သူ၏ စိတ်ထဲတွင်မူ သမီးဖြစ်သူအတွက် စိုးရိမ်စိတ်များက လေးလံနေဆဲဖြစ်သည်။ သို့သော်လည်း အစောပိုင်းက အထင်လွဲမှုများ ပြေလည်သွားသဖြင့် သူ စိတ်သက်သာရာရသွားသည်။ ဤပြဿနာငယ်လေးကြောင့် သမီးဖြစ်သူ၏ ကုသမှုကို ထိခိုက်မသွားစေချင်ပေ။