ရှားထင်ဝေ့၏ အဆုံးသတ်
Vol. 1 Ch. 468
ဗာဂျရာအဆင့်ပုဂ္ဂိုလ် လေးယောက်သည် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်နှင့် ရင်ဆိုင်နေကြသည်။ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်သည် တောင်စဉ်သုံးထောင်မှ နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်တွင် အားအကောင်းဆုံးများ ဖြစ်ကြပြီး ရှားထင်ဝေ့သည် ခြေထောက်များမရှိတော့သောကြောင့် အင်အားအပြည့် မတိုက်ခိုက်နိုင်သော်လည်း တိုက်ပွဲ အခြေအနေမှာ ကြည့်ရဆိုးလှသည်။
ဝေါင်း...
သွေးနီရောင် နတ်ဆိုးသားရဲကြီးသည် ခြေဆောင့်လိုက်ရာ အောက်မှထုံးကျောက်ပြားများပင် ကွဲကြေသွားခဲ့သည်။ ၎င်း၏ကိုယ်ကြီးသည် တောင်ကြီးတစ်လုံးပမာ ရှားထင်ဝေ့ထံ ပျံသန်းသွားခဲ့သည်။ လေပေါ်အရောက်တွင် ၎င်း၏ညာလက်သည် အနီရောင်အလင်းများ တောက်ပလာခဲ့ပြီး တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ အလင်းဖျော့ဖျော့ တောက်ပနေသော လက်သည်းချွန်ကြီးများသည် ရှားထင်ဝေ့ထံ ကျဆင်းလာခဲ့သည်။
သွေးနီရောင်နတ်ဆိုးသားရဲကြီး၏ တိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်၍ ပြင်းထန်လှသည်။ ထိုလက်သည်းကြီးများသာ ပစ်မှတ်ကို ထိပါက ရှားထင်ဝေ့၏ကိုယ်သည် တစ်စစီ ဖြစ်သွားပေလိမ့်မည်။
ရှားထင်ဝေ့သည် ကျန်းရီ၏ လက်ချက်ကြောင့် ခြေထောက်များ ဆုံးရှုံးသွားခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းတို့ ကျဆင်းသွားသော်လည်း သူ့အစွမ်းအစသည် အတော်အသင့် ကောင်းမွန်လေသည်။ သူသည် လက်သည်းချွန်ကြီးများ နီးကပ်လာသည်ကို တည်ငြိမ်စွာကြည့်ရင်း လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။ နတ်ဆိုးသားရဲကြီး၏ လက်သည်းချွန်ကြီးများမှာ နှေးကွေးသွားခဲ့ပြီး တစ်ချိန်တည်းတွင် ရှားထင်ဝေ့၏ အနီး၌ လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူ့ကိုယ်သည် အလင်းတန်းတစ်ခုပမာ လေဟာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ရှားထင်ဝေ့သည် လေဟာနယ်အက်ကွဲကြောင်းများ ဖန်တီးနိုင်၍ ၎င်းတို့ကို အသုံးပြုကာ တည်နေရာရွှေ့ပြောင်းနိုင်စေသည့် အလယ်အလတ်အဆင့်တာအိုကို ဉာဏ်အလင်းရထားခဲ့သည်။ ထို့နောက် သူသည် အကွာအဝေးတစ်ခုအတွင်း သူရောက်လိုသည့်နေရာ၌ အခြားလေဟာနယ်အက်ကွဲကြောင်းမှတစ်ဆင့် ပြန်ထွက်လာနိုင်သည်။ သူ့တာအို၏ အစွမ်းသည် ကျန်းရီ၏ စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်နှင့် အနည်းငယ် ကွဲပြားသော်လည်း ရလဒ်မှာ အတူတူပင်။ ကွာခြားချက်မှာ သူ၏နေရာရွှေ့ပြောင်းနိုင်စွမ်းသည် တာအို၏စွမ်းရည်ဖြစ်နေပြီး ကျန်းရီ၏နေရာရွှေ့ပြောင်းမှုသည် ထူးခြားသည့်သာမန်စွမ်းရည် ဖြစ်နေခြင်း ဖြစ်သည်။
ဘန်း...
ရှားထင်ဝေ့သည် ပျောက်ကွယ်သွားခဲ့သော်လည်း လေထဲတွင် ကျန်ရစ်ခဲ့သော သူ့ဘီးတပ်ကုလားထိုင်သည် နတ်ဆိုးသားရဲဘုရင်၏ လက်သည်းကြောင့် အမှုန့်ဖြစ်သွားခဲ့သည်။ သွေးနီရောင်နတ်ဆိုးသားရဲကြီးသည် ရှားထင်ဝေ့ကို ရှာရန်ပင် အချိန်မရလိုက်ပေ။ သူ့အရှေ့ရှိ ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်အိုကြီးသည် ချက်ချင်းတိုက်ခိုက်လာခဲ့သည်။
စစ်သေနာပတိချုပ်အိုကြီးသည်လည်း ကျိုင်းတံတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ သူ၏ ကျိုင်းတံသည် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားကာ သွေးနီရောင်နတ်ဆိုးသားရဲကြီး၏ ညာလက်ထက် ကျဆင်းသွားခဲ့သည်။
အခြားတစ်ဖက်တွင် မိုးပြာနဂါးသင်တန်းကျောင်း၏ ကျောင်းအုပ်ယွိနှင့် ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ပန်းပွင့်မိန်းမပျိုတို့သည် လူဝံဖြူကြီးနှင့် ရင်ဆိုင်နေကြသည်။ ဗာဂျရာအဆင့်လူနှစ်ယောက်သည် အလွယ်တကူ အသာစီးရ၍ လူဝံဖြူကြီးအား ဖိနှိပ်ထားနိုင်လေသည်။
သွေးနီရောင် နတ်ဆိုးသားရဲကြီး၏ လက်သည် ကျိုင်းတံကြီးနှင့် ထိခတ်သွားချိန်တွင် စွမ်းအင်လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အနီးအနားမှ စစ်သည်များကို လွင့်ထွက်သွားစေသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် စစ်သည်များသည်လည်း စွမ်းအင်လှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြေးကြတော့သည်။ နတ်ဆိုးသားရဲဘုရင် နှစ်ကောင်နှင့် ဗာဂျရာအဆင့်ပုဂ္ဂိုလ် လေးယောက်က အနီးအနားတွင် ရင်ဆိုင်တိုက်ခိုက်နေသည်။ သူတို့မပြေးပါက တိုက်ပွဲနေရာမှ စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကပင် သူတို့အား အကြိမ်တစ်ရာခန့် သေစေနိုင်ရန် လုံလောက်သည်။
ဝှစ်...
သွေးနီရောင်နတ်ဆိုးသားရဲကြီး၏နောက်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှားထင်ဝေ့သည် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သွေးနီရောင်နတ်ဆိုးသားရဲ၏ ကျောထက်သို့ လက်ဝါးဖြင့် ရိုက်ချလာခဲ့သည်။
ချောင်းမြောင်းတိုက်ခိုက်ခြင်း...
သွေးနီရောင် နတ်ဆိုးသားရဲဘုရင်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ပေါ်ထွက်လာသော်လည်း တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် နောက်ဘက်မှ အမြီးကြီးကို လွှဲ၍ ရှားထင်ဝေ့အား အညှာအတာမဲ့စွာ ရိုက်ချလိုက်သည်။ ရှားထင်ဝေ့သည် သူ့အားတိုက်ခိုက်လျှင် ၎င်း၏အမြီးကြီးဖြင့် အရိုက်ခံရမည်မှာ မလွှဲမသွေပင်။
"ယွီလောင်"
ရှားထင်ဝေ့သည် နောက်ဆုတ်မသွားခဲ့ဘဲ နှုတ်မှသာ အော်ခေါ်လိုက်သည်။ ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်အိုကြီး၏ မျက်လုံးများမှာ အေးစက်သွားခဲ့သည်။ သူ၏ ကျိုင်းတံသည် ရွှေရောင်အလင်းများ ဖြာထွက်လာပြီးနောက် သွေးနီရောင် နတ်ဆိုးသားရဲဘုရင်ထက် ကျဆင်းလာခဲ့သည်။
အရှေ့နှင့်အနောက် နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်း...
ရှားထင်ဝေ့သည် ဒဏ်ရာရမည်ကို မမှုသော်လည်း သူ့ရှေ့မှ နတ်ဆိုးသားရဲကို ရအောင်သတ်ချင်သည်။
ကျန်းရီကြောင့် သူ့ခြေထောက်များကို ဆုံးရှုံးခဲ့ရပြီး မိန်းမစိုးလင်းမှာ သေဆုံးသွားခဲ့သည်။ ကျန်းရီကြောင့်ပင် ယခုအခါ ကျန်းပိုင်လီသည် သူနှင့် သဘောထားခြင်း မတိုက်ဆိုင်တော့ပေ။ နယ်မြေကို အုပ်စိုးနိုင်ရန် အလားအလာရှိသည် ယခင်အင်အားအကြီးဆုံး ရှန်ဝူနိုင်ငံသည် ကျန်းရီတစ်ဦးကြောင့် အလဲလဲအပြိုပြို ဖြစ်သွားခဲ့ရသည်။ ယခု သူတို့တွင် နယ်မြေကို အုပ်စိုးနိုင်ရန် အလားအလာအားလုံး ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူ့အသက်သည်ပင် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ပူဖောင်းတစ်လုံးပမာ ထိလွယ်ရှလွယ် ဖြစ်နေသည်။ ရှားထင်ဝေ့ ကျန်းရီကို မည်မျှမုန်းတီးနေမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။ သူသည် ယနေ့တိုက်ပွဲတွင် မည်သို့သော အရှုံးကိုမှ လက်မခံနိုင်ပေ။
ဘန်း...
သူ့လက်ဝါးသည် နတ်ဆိုးသားရဲဘုရင်၏ကျောထက် ကျဆင်းသွားခဲ့ပြီး သူ့ကိုယ်မှာလည်း အမြီးကြီး၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။ သွေးနီရောင် နတ်ဆိုးသားရဲဘုရင်၏ ကျောထက်တွင် သွေးများ စိုရွှဲသွားသော်လည်း အသက်ရှင်နေသေးပေသည်။
ဝေါင်း.....ဝေါင်း...
ရှားထင်ဝေ့၏ ပြင်းထန်လွန်းသော လက်ဝါးချက်ကြောင့် နတ်ဆိုးသားရဲဘုရင်၏ ကျောသည် စုတ်ပြတ်သွားခဲ့ရာ ၎င်းသည် နာနာကျင်ကျင် ဟိန်းဟောက်လိုက်သည်။ ၎င်း၏ကိုယ်သည် သေလုမတတ်နာကျင်နေသော်လည်း စစ်သေနာပတိချုပ်အိုကြီး၏ တိုက်ခိုက်မှုသည် ကျဆင်းလာခဲ့ပြီဖြစ်သည်။ နတ်ဆိုးသားရဲကြီးသည် နာကျင်မှုကို တောင့်ခံ၍ ခုခံရန် ပြင်ဆင်လိုက်သည်။
ဘန်း...
ကျိုင်းတံနှင့် နတ်ဆိုးသားရဲကြီး၏ လက်သည်းများ ထိခတ်သွားခဲ့ပြန်သည်။ ဒဏ်ရာရထားနှင့်ပြီးသော နတ်ဆိုးသားရဲဘုရင်၏ ဒဏ်ရာများမှာ ပိုဆိုးသွားခဲ့သည်။ ၎င်း၏ကိုယ်ကြီးသည် အမြှောက်ဆံကြီးတစ်ခုပမာ မြေပေါ် ပြုတ်ကျသွားခဲ့သည်။ မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ဘန်း...
တစ်ဖက်တွင် ရှားထင်ဝေ့၏ ကိုယ်မှာ မြို့ရိုးများရှိရာသို့ လွင့်ထွက်သွားခဲ့ပြီး မြို့တံတိုင်းကိုဖောက်၍ ဝင်သွားခဲ့သည်။ နတ်ဆိုးသားရဲကြီး၏ အမြီးရိုက်ချက် မည်မျှပြင်းထန်သည်ကို စိတ်ကူးကြည့်နိုင်ပါသည်။
"ဖူး..."
ရှားထင်ဝေ့၏ ကိုယ်သည် အဆောက်အဦး တစ်ခုနှင့် ရိုက်မိသွားခဲ့ပြီး ထိုအဆောက်အဦးမှာ ချက်ချင်းပြိုကျသွားခဲ့သည်။ သူသည်လည်း မြေပေါ်တွင် အကြိမ်ရေအနည်းငယ် လိမ့်ထွက်သွားခဲ့ပြီးမှ သွေးများအန်ထုတ်ကာ အားယူ၍ ထလိုက်ရသည်။ သူ့ဘေးပတ်လည်တွင်ရှိနေသော ရှားနိုင်ငံ၏ စစ်သည်များသည် သူ့ထံ ချက်ချင်းပြေးဝင်လာကြသည်။ ထိုအထဲမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ယောက်ဆိုလျှင် အတွင်းအားလှိုင်းဖြင့်တောင် လှမ်းပစ်လာခဲ့သည်။ သူတို့အားလုံးသည် ရှားထင်ဝေ့ အားနည်းချိန်တွင် သတ်ရန်ကြိုးစားလာကြခြင်း ဖြစ်လေသည်။
"ဟမ့်"
ငတ်ပြတ်နေသော ကုလားအုတ်သည် မြင်းတစ်ကောင်ထက်တော့ သာသေးသည်။ ရှားထင်ဝေ့သည် ဒဏ်ရာရထားသော်လည်း သာမန်စစ်သည်များသည် သူ့အား မည်သို့အန္တရာယ်ပေးနိုင်ပါမည်နည်း။ သူသည် မြေပြင်အား လက်ဖြင့် ရိုက်၍ လေပေါ်ခုန်တက်ရင်း ကျန်လက်တစ်ဖက်မှ အတွင်းအားများ စုစည်းကာ သူ့ထံပြေးဝင်လာနေသော စစ်သည်များကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။
သူသည် မြို့ပြင်ပြန်ထွက်၍ သွေးနီရောင်နတ်ဆိုးသားရဲကြီးနှင့် ဆက်လက်တိုက်ခိုက်ရန် မြို့တံတိုင်းအထက်မှ ပျံသန်းလိုက်သည်။ မြို့တံတိုင်းကို သူဖြတ်သွားတော့မည်အပြုတွင် သူ့မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး သူ့မျက်နှာထက်၌ စဉ်းလဲသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
မြို့တံတိုင်းထက်မှ စုလောရွှယ်နှင့် ကျန်းရှောင်နူကို သူမြင်သွားခဲ့ခြင်းဖြစ်သည်။
သူသည် မျက်နှာများကို သေချာမမှတ်မိသော်လည်း စုလောရွှယ်သည် ဇာမဏီဝတ်ရုံနှင့် သရဖူတစ်ခုကို ဆင်မြန်းထားခဲ့သည်။ သူမ၏ အနီးတွင်လည်း စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် သက်တော်စောင့်များ ဝန်းရံနေခဲ့သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူမမှာ ရှားနိုင်ငံ၏ ဘုရင်မဖြစ်ကြောင်း ထင်ရှားနေသည်။
"ကျန်းရီ...မင်းက ငါ့သားနဲ့ ငါ့ရဲ့နံပါတ်တစ်အစေခံကို သတ်ပြီး ငါ့ခြေထောက်တွေကို ဖျက်စီးခဲ့တယ်။ ဒီနေ့ မင်းအချစ်ဆုံးမိန်းမကို ငါသတ်ပြီး ငါ့ရင်ထဲက နာကျည်းမှုတွေအတွက် လက်စားချေမယ်"
ရှားထင်ဝေ့သည် နှာမှုတ်လိုက်ပြီး စုလောရွှယ် ရှိရာသို့ ဦးတည်လိုက်သည်။ ကျန်းရီ ထွက်မလာသေးသော်လည်း ရှားထင်ဝေ့၏ ကောင်းကင်စိတ်အာရုံသည် ပုန်းအောင်းနေသည့်သူ တစ်ယောက်မှမရှိကြောင်း အာရုံခံမိသည်။ ထို့ကြောင့် ရှားထင်ဝေ့သည် အကြောက်အလန့်ကင်းစွာ လှုပ်ရှားလိုက်သည်။ သူစုလောရွှယ်ကို သတ်လိုက်လျှင် ကျန်းရီသည်းခံနိုင်ပါမည်လော။
"သေစမ်း"
ရှားထင်ဝေ့၏ လက်ကြီးများသည် စုလောရွှယ်ရှိရာသို့ရွယ်၍ ကောင်းကင်စိတ်အာရုံကို အကန့်အသတ်ရောက်အောင်တင်ကာ နေရာတစ်ဝိုက်ကို စစ်ဆေးလိုက်သည်။ ကျန်းရီ ရုတ်တရက်ထွက်လာ၍ သူ့အား ချောင်းမြောင်းတိုက်ခိုက်လာမည်ကို သူစိုးရိမ်သည်။ သူ့ရင်ထဲတွင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများဖြင့် မီးရှို့ခံရခြင်း၏ ခံစားချက်ကို ယခုတိုင် မှတ်မိနေသေးသည်။
မီတာတစ်ထောင်၊ ခြောက်ရာမီတာ၊ သုံးရာမီတာ...မီတာတစ်ရာ့ငါးဆယ်....
စုလောရွှယ်သည် သူ့လက်ဝါးချက်ကြောင့် အသတ်ခံရတော့မည် ဖြစ်သော်လည်း အနီးတွင် မည်သည့်အရှိန်အဝါမှ ထွက်ပေါ်မလာသေးပေ။ ရှားထင်ဝေ့သည် သံသယဝင်လာခဲ့သည်။ ကျန်းရီ ရှားယွိမြို့တွင် မရှိခြင်းပေလော သို့မဟုတ် သူ့ရှေ့မှလူမှာ စုလောရွှယ်အစစ် မဟုတ်ခြင်းပေလော။ သို့သော် သူမသည် စုလောရွှယ် ဖြစ်ကြောင်း အသက်ကိုရင်း၍ ကာကွယ်ရန် ပြေးလာကြသည့် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များက သက်သေပြနေသည်။
ရှားထင်ဝေ့သည် ဆက်လက်စဉ်းစားမနေတော့ပေ။ သူ့လက်သည် ပုံရိပ်များသဖွယ် ပြောင်းသွားကာ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် သက်တော်စောင့်များ၏ ခန္ဓာများအား ဖြတ်သန်းသွားခဲ့သည်။ သူသည် သက်တော်စောင့်များ အားလုံးကို လွယ်လွယ်ကူကူ သတ်လိုက်ပြီးနောက် သူ့လက်များသည် ဓားတစ်စင်းသဖွယ် စုလောရွှယ်ထံ ဦးတည်သွားခဲ့သည်။
"ဟမ့်"
ထိုခဏတွင် နူးညံ့လှသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စုလောရွှယ်၏နောက်တွင် ရပ်နေခဲ့သော ကျန်းရှောင်နူ လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။
ကျန်းရှောင်နူသည် ရှေ့သို့ တက်လာခဲ့သည်။ သူမတစ်ကိုယ်လုံးသည် အစိမ်းရောင်အလင်းများ လင်းလက်လာခဲ့သည်။ တစ်ဆက်တည်းတွင် သူမ၏ မျက်ဝန်းများမှာ အစိမ်းရောင်ဖျော့ဖျော့ တောက်ပလာခဲ့ပြီး သူမ၏ အနက်ရောင်ဆံပင်များမှာ အစိမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့လေ၏။ သူမ၏ ကျောဘက်မှ အဝတ်အစားများမှာ စုတ်ပြဲသွားခဲ့ပြီး တောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့သည်။ သူမသည် အစိမ်းရောင် အရိပ်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့ပြီး ရှားထင်ဝေ့ ရှိရာသို့ ပြေးသွားခဲ့သည်။
"ဒါ..ဒါ..."
ရှားထင်ဝေ့သည် ကျန်းရှောင်နူ၏ ရုတ်တရက် ထွက်ပေါ်လာသည့် အရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့သည်။ ထိုအရှိန်အဝါသည် ရှောင်လုံဝမ်ထက်တောင် အားကောင်းနေသည်။ ထို့ပြင် ကျန်းရှောင်နူသည် အလွန်လျင်မြန်လွန်းနေရာ အရိပ်တစ်ခုနှင့် ချွန်ထက်လှသော လက်သည်းတစ်စုံကိုသာ သူမြင်လိုက်ရသည်။ သူတုံ့ပြန်ရန် အချိန်မရလိုက်ခင်တွင် ထိုအစိမ်းရင့်ရောင် လက်သည်းများသည် သူ့လက်မောင်းထက် ကျရောက်လာခဲ့သည်။
"အား...."
ရှားထင်ဝေ့၏ ခြောက်ခြားဖွယ် အော်သံကြီး ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းတွင် ကျန်းရှောင်နူ၏ လက်သည်းများသည် သူ့ကိုယ်ထဲ ဝင်ရောက်လာခဲ့ပြီး သူ့ကိုယ်မှာ ဆွဲဖြဲခံလိုက်ရလေသည်။
ဘန်း...
ရှားထင်ဝေ့၏ကိုယ်မှာ အပိုင်းပိုင်း ဆွဲဖြဲခံလိုက်ရသည်။ သူမသေခင် အော်ဟစ်လိုက်သော အသံနက်ကြီးသည် ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီး၊ ကျောင်းအုပ်ယွိနှင့် ကျန်လူများကို ထိတ်လန့်သွားစေခဲ့သည်။ လူတိုင်းသည် အမြန်လှည့်ကြည့်လာကြပြီးနောက် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ မိန်းမငယ်လေးတစ်ဦး ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ရှားထင်ဝေ့ ချက်ချင်း အသတ်ခံခဲ့ရခြင်းပင်။
***