← Chapters

မွေးရာပါနယ်ပယ် သိုင်းပညာရှင်။ ဝိညာဉ်စွမ်းအင် စိမ့်ဝင်ခြင်း။ ထိပ်တွင် ပန်းသုံးပွင့် စုဝေးခြင်း။(၁)

Vol. 26 Ch. 377

မွေးရာပါနယ်ပယ် သိုင်းပညာရှင်။ ဝိညာဉ်စွမ်းအင် စိမ့်ဝင်ခြင်း။ ထိပ်တွင် ပန်းသုံးပွင့် စုဝေးခြင်း။(၁)

Vol. 26 Ch. 377

သံဖြတ်ဓားနည်းပညာ။ အပေါ်သို့ ခုတ်ချက်။

ခေါင်းဆောင်းအောက်မှ စူးချန်ခုန်းရဲ့ မျက်လုံးတွေက ရေခဲလို အေးစက်မှုနဲ့ လျစ်လျူရှုမှုတွေနဲ့ ပြည့်နှက်နေ၏။ သူက အောက်ကနေ အပေါ်ကို ခုတ်တဲ့ ဓားချက်ကို ထုတ်လွှတ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်သည်။ မူလဓားစွမ်းအင်က ဓားသွားပေါ်မှာ အာရုံစိုက်ပြီး ဓားစွမ်းအား၏ တွန်းပို့မှုဖြင့် ခုတ်ချက်ဟာ လေဟာနယ်ကနေ ဖြတ်သွားသလို ထင်ရကာ လေထဲမှာ အက်ကွဲကြောင်းလေးတစ်ခု ချန်ရစ်ခဲ့လေသည်။

“ချွမ်း”

ဓားနှင့် တင်းပုတ်တို့ တစ်ဖန် ပြန်တိုက်မိပြီး နားကွဲလုမတတ် ကျယ်လောင်သည့်အသံနဲ့အတူ သတ္တုကွဲအက်သံနဲ့ အရိုးတွေ ကွဲသံတွေ ပါလာလေ၏။ ခယ့်ရုန်ရဲ့ လက်ထဲက ဧရာမ ဝံပုလွေအစွယ် တင်းပုတ်တို့ဟာ မိစ္ဆာငိုကြွေးဓားနဲ့ ထိပ်တိုက်တွေ့ပြီးနောက် ကျောက်တုံးနှင့် တိုက်မိသည့် ကြက်ဥတစ်လုံးလို ကွဲအက်ကာ သတ္တုအပိုင်းအစတွေ လွင့်စင်သွားတော့သည်။

ခယ့်ရုန်ရဲ့ လက်မောင်းတွေက စစ်ရထားတစ်စင်းကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်တစ်ကောင်လို လိမ်ကောက်ပြီး ကျိုးကြေသွားတော့သည်။

ပြင်းထန်စွာ ယိမ်းယိုင်ပြီးနောက် ခယ့်ရုန်ရဲ့ နှလုံးသားဟာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုနဲ့ ပြည့်နှက်နေခဲ့သည်။ "ငါ... ငါရှုံးသွားပြီ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ခယ့်ရုန်က ဒါကို လက်ခံဖို့ ခဲယဉ်းနေလေ၏။ ဟုန်ကျန်းရှန်က တကယ်ကို အားကြီးတယ်ဆိုတာ သူကောင်းကောင်းသိပေမယ့် သူ့ရဲ့ခွန်အားကို သူယုံကြည်ပါသည်။ မွေးရာပါနယ်ပယ်မှ သိုင်းပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရတာမဟုတ်ရင် ချီသွေးနယ်ပယ်က ပြိုင်ဘက်တိုင်းကို ကြောက်စရာမလိုဘူးလို့ သူယုံကြည်သည်။ သူနဲ့ ဟုန်ကျန်းရှန်ကြားမှာ ကွာဟချက်ရှိရင်တောင် အရမ်းကို ကြီးမနေသင့်ပါ။ အဆိုးဆုံးအခြေအနေမှာ သူ မနိုင်ရင်တောင် နောက်ဆုတ်လို့ရမှာပင်။

သို့ပေမယ့် ဒီ 'ဟုန်ကျန်းရှန့်' ဟာ သူ့မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်နေသည်။ အဲဒီ ဓားချက်ဟာ သဘာဝတရားရဲ့ လွှမ်းမိုးမှုတစ်ခုလို ကျရောက်လာပြီး အသွေးအသားရှိသော ခန္ဓာကိုယ်တစ်ခုနှင့် ခုခံဖို့ မဖြစ်နိုင်ပါ။ သူ့လက်နက်ဟာ ကြေမွသွားပြီး သူ့လက်မောင်းထဲက အရိုးတွေဟာ ကြွက်သားတွေကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူ လုံးဝရှုံးနိမ့်သွားလေပြီ။

"ဆုတ်...ပြန်ဆုတ်"

ခယ့်ရုန်ဟာ အလျင်အမြန် တပ်ဆုတ်ဖို့ ကြိုးစားပြီး ဝံပုလွေနက်တပ်ဖွဲ့ရဲ့ လူအုပ်ထဲကို ဆုတ်ခွာဖို့ အလောတကြီး ကြိုးစားခဲ့သည်။

"ဒုတ်"

သို့ပေမယ့် စူးချန်ခုန်းက သူ့ကို အသက်ရှင်ခွင့် မပေးခဲ့။ ရှေ့ကို ခြေလှမ်းလိုက်တဲ့အခါ မိစ္ဆာငိုကြွေးဓားဟာ လေထဲမှာ ဝေ့ယမ်းရင်း အေးစက်တဲ့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ လက်နှစ်ဖက်စလုံး ကျိုးသွားတဲ့အခါ ခယ့်ရုန်ဟာ ခုခံဖို့ အခွင့်အရေးတောင် မရှိတော့။ သူ့ခေါင်းဟာ လေထဲကို မြှောက်တက်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။ မိစ္ဆာငိုကြွေးဓားဟာ အမြင့်ဆုံး ချီသွေးနယ်ပယ် စစ်သည်တော်ရဲ့ သွေးကို စိတ်အားထက်သန်စွာ သောက်သုံးပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“သူရ စစ်သည်တော် ခယ့်ရုန်က… သေသွားပြီလား။”

“သုံးချက်တည်းနဲ့ သေသွားပြီလား။”

ပတ်ဝန်းကျင်က ဝံပုလွေတပ်သားတွေဟာ ဒီမြင်ကွင်းကို ကြည့်နေကြတာဖြစ်သည်။ အားပေးသံတွေ ရုတ်တရက် ရပ်တန့်သွားပြီး တချို့ကတော့ သူတို့ မြင်တွေ့ခဲ့ရတာကို မယုံနိုင်ဖြစ်နေကြသည်။

ထိပ်တန်း သူရ စစ်သည်တော် ခယ့်ရုန်ဟာ သုံးချက်တည်းနဲ့ အသတ်ခံလိုက်ရသည်။ ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ သူဟာ ‘ဟုန်ကျန်းရှန့်’ ရဲ့ ဓားကြောင့် အသက်ဆုံးရှုံးလိုက်ရပြီး ဤသူရစစ်သည်တော် ခယ့်ရုန်ဟာ အတုအယောင်များလားလို့ သူတို့အားလုံး သံသယဝင်ခဲ့ကြသည်။

တကယ်တော့ ခယ့်ရုန်က အားနည်းလို့ မဟုတ်ဘဲ စူးချန်ခုန်းက အလွန်အားကောင်းနေလို့ဖြစ်သည်။

ဟုန်ကျန်းရှန့်ကိုယ်တိုင် ခယ့်ရုန်နဲ့ တိုက်ခိုက်ခဲ့ရင်တောင် အနိုင်ရဖို့ ခက်ခဲတဲ့တိုက်ပွဲတစ်ခု ဖြစ်လာမှာပင်။ ထို့အပြင် သူ့ရဲ့ပြိုင်ဘက်ကို သတ်နိုင်လောက်မှာ မဟုတ်ပါ။

ဒါပေမယ့် စူးချန်ခုန်းကတော့ မတူပေ။ သူလေ့ကျင့်ခဲ့တဲ့ ဓားနည်းပညာက အားနည်းသူတွေကို အနိုင်ယူဖို့ ပြုလုပ်ထားတာဖြစ်သည်။ မူလဓားစွမ်းအင်နဲ့ ဓားစွမ်းအားကို သန့်စင်ခြင်းအားဖြင့် သူ့ထက် အားနည်းတဲ့ပြိုင်ဘက်တိုင်းဟာ တစ်ဖက်သတ် အနိုင်ယူခံရမည်သာ။ အောင်ပွဲ ဒါမှမဟုတ် ရှုံးပွဲကို ဆုံးဖြတ်ဖို့ ခုတ်ချက်အနည်းငယ်ပဲ လိုပါသည်။ လူတစ်ယောက်က ဒါကို မတားဆီးနိုင်ဘူးဆိုရင် သေချာပေါက် သေမှာပင်။ သူ့ထက်အားနည်းတဲ့ စစ်သည်တော်တစ်ယောက်မှာ ခုခံဖို့ အခွင့်အရေးလုံးဝမရှိပေ။

“သတ်”

သူရ စစ်သည်တော် ခယ့်ရုန်ကို ခုတ်ချက်အနည်းငယ်အတွင်း သတ်ပြီးနောက် စူးချန်ခုန်း၏ အရှိန်အဟုန်သည် ရပ်တန့်မနေခဲ့။ တွန့်ဆုတ်ခြင်းမရှိဘဲ သူသည် စစ်အလံဆီသို့ ဆက်လက်ချီတက်လေသည်။

စူးချန်ခုန်းက သန်မာသော်လည်း ဝံပုလွေနက်တပ်မတော်မှ စစ်သားတစ်သိန်းကျော်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ထို့ကြောင့် သူ၏ရည်မှန်းချက်မှာ အလံများကို ဆွဲချပြီး စစ်သူများကို သတ်ကာ ရန်သူ၏စိတ်ဓာတ်ကို ထိခိုက်စေပြီး သူ့ဘက်မှ စိတ်ဓာတ်ကို မြှင့်တင်ပေးကာ ရပ်တန့်၍မရသော တပ်ဖွဲ့တစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။ ဤသည်မှာ စစ်မြေပြင်တွင် သိုင်းပညာကျွမ်းကျင်သူတစ်ဦးအတွက် အကြီးမားဆုံး အခန်းကဏ္ဍဖြစ်သည်။

“ဝှီး ဝှီး ဝှီး”

မိစ္ဆာငိုကြွေးဓားက မြည်ကြွေးနေပြီး ဓားသွားသည် အရပ်မျက်နှာအားလုံးကို ဖြတ်တောက်သွားသည်။ စူးချန်ခုန်းသည် သူ၏လမ်းကြောင်းတစ်လျှောက် ချီတက်နေစဉ် ဝုံလွေနက်တပ်မတော်မှ စစ်သားရာပေါင်းများစွာသည် သူ၏ဓားဖြင့် သေဆုံးသွားကြပြီး ရှေ့တွင် လွင့်ပျံနေသော ဝံပုလွေရိုင်းစစ်အလံကို သူမြင်တွေ့လိုက်ရသည်။

“သူ့ကိုတား။ သူ့ကိုတား”

စစ်အလံသည် စိတ်ဓာတ်ကို လှုံ့ဆော်ပေးပြီး တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် သင်္ကေတတစ်ခုဖြစ်သည်။ အလံ ပြုတ်ကျသွားပါက သူတို့တပ်ဖွဲ့၏စိတ်ဓာတ်ကို သိသိသာသာ ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။ စစ်အလံအနီးရှိ အလံကိုင်ဆောင်ထားသူများသည် ဝံပုလွေနက်တပ်မတော်၏ ခွန်အားကြီးမားသော စစ်သည်တော်များဖြစ်ကြသည်။ စူးချန်ခုန်း၏ ရပ်တန့်၍မရသော ချဉ်းကပ်မှုကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်ကြသည်။

“ဒုတ်”

ဝံပုလွေနက်တပ်မတော်၏ ကျွမ်းကျင်သူများသည် အကြောက်အလန့်မရှိ တိုက်ခိုက်နေကြသော်လည်း ခွန်အားကွာခြားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ မိစ္ဆာငိုကြွေးဓားသည် အလျားလိုက်ခုတ်ပိုင်းခြင်းနှင့် ဟက်တပ်ခွဲခြင်းတို့ကို လုပ်ဆောင်နေချိန်တွင် ရိုးရှင်းသော လှုပ်ရှားမှုများသည် ဓားစွမ်းအား၏ တွန်းအားအောက်တွင် ပြိုင်ဘက်ကင်းဖြစ်လာသည်။ ခုတ်ချက်တိုင်းတွင် ဝံပုလွေနက် တပ်မတော်ကျွမ်းကျင်သူတစ်ဦးသည် သူ၏ဓားချက်ဖြင့် သေဆုံးရန် ကြမ္မာပါလာသည့်နှယ်။

မည်သူမျှ သူ့ကို မတားဆီးနိုင်ခဲ့။

“ဂျွတ်”

စူးချန်ခုန်းသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်သောအခါ လေထဲတွင် လွင့်နေသော မြင့်မားလှသည့် ဝံပုလွေရိုင်းစစ်အလံသည် ပိုင်းပြတ်ပြီး ကျိုးကျသွားကာ ၎င်း၏ပိတ်စသည် သွေးနှင့်ဖုန်မှုန့်စွန်းထင်းနေသည့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“ဘာတွေဖြစ်ကုန်တာလဲ။ ဝံပုလွေရိုင်းစစ်အလံ ဘာကြောင့် ပြုတ်ကျသွားတာလဲ။”

အဝေးမှ ဝံပုလွေနက်တပ်မတော်က ဤနေရာမှ အခြေအနေကို သတိပြုမိပြီး အံ့အားသင့်သွားကြသည်။ ဝံပုလွေရိုင်းစစ်အလံသည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်ကို ကိုယ်စားပြုသည်။ လူများသေဆုံးလျှင်ပင် ပြုတ်မကျစေရပါ။

“အယ်.. ဝံပုလွေရိုင်းစစ်အလံတစ်ခု ပြုတ်ကျသွားပြီ။ စစ်သူကြီးဟုန် လုပ်လိုက်တာပဲ။”

တာ့ဖုန်းသံမဏိမြင်းတပ်ဘက်ခြမ်းမှာလည်း လူတွေက စစ်အလံတစ်ခု ဖြုတ်ချခံလိုက်ရတာကို သတိထားမိကြပြီး ‘ဟုန်ကျန်းရှန့်’ က တိုက်ပွဲထဲကို ဝင်ရောက်လာပြီး ရန်သူရဲ့အလံကို ခုတ်လှဲလိုက်တယ်ဆိုတာ နားလည်လိုက်တဲ့အခါ စိတ်လှုပ်ရှားသွားကြသည်။

“ဘုရားရေ… အရမ်းစွမ်းအားကြီးတာပဲ… တကယ့် စစ်သူကြီးဟုန်တောင် ရန်သူရဲ့အလံကို ဒီလောက်မြန်မြန် ဖြုတ်ချနိုင်မှာ မဟုတ်ဘူး။”

စစ်မြေပြင်အလယ်မှာ တိဟန်လည်း အံ့အားသင့်ဘဲ မနေနိုင်ခဲ့။

စူးချန်ခုန်းရဲ့ စွမ်းဆောင်ရည်က ယခင်ဟုန်ကျန်းရှန့်ထက် ဘယ်လိုမှ မနိမ့်ကျပါ။ သူဟာ လျှော်ပင်ခုတ်သလို ရန်သူတွေကို သတ်ဖြတ်ပြီး ထောင်ပေါင်းများစွာသော အင်အားကြီးတပ်ရဲ့ ထိပ်တန်းအဆင့်တွေကြား လွတ်လပ်စွာ လှုပ်ရှားသွားလာနေခဲ့သည်။

“သတ် သတ်”

တာ့ဖုန်းသံမဏိ မြင်းတပ်ဟာ ရှေ့ကို ချီတက်လာပြီး ဝံပုလွေနက်တပ်နဲ့ သေသည်အထိ တိုက်ခိုက်ကြလေသည်။

မြေပြန့်ကြီးမှာ သွေးနီရောင်တို့ စွန်းထင်းနေလျက်။

“ဝှစ်”

စူးချန်ခုန်းလုပ်နိုင်တာက ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ပင်။ အလံတွေဆွဲချနဲ့ စစ်သူကြီးတွေကို သတ်ဖို့ဖြစ်သည်။ သူသွားလေရာတိုင်းမှာ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ပါ။ သူက ကောက်ရိုးတံတွေကို လှီးဖြတ်နေတဲ့ အသွားထက်လှသည့် ဓားတစ်ချောင်းနှယ်။

ဒီဝံပုလွေနက်တပ်မတော် စစ်သားတွေအားလုံးက ရဲစွမ်းသတ္တိရှိပြီး ကောင်းစွာလေ့ကျင့်ထားကြတာဖြစ်သည်။ စူးချန်ခုန်းကို ရင်ဆိုင်တဲ့အခါ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ရဲတဲ့သူတွေ ရှိပေမယ့် အချည်းနှီးသာ။

စူးချန်ခုန်းရဲ့စိတ်ထဲမှာတော့ သူဟာ ဝံပုလွေနက် တပ်မတော်ကို နာရီဝက်ကျော်ကြာ လှည့်ပတ်တိုက်ခိုက်ခဲ့ပြီး ရန်သူစစ်သား သုံးထောင်ထက်မနည်းကို သတ်ပစ်ခဲ့လေသည်။

All Chapters