မွေးရာပါနယ်ပယ် သိုင်းပညာရှင်။ ဝိညာဉ်စွမ်းအင် စိမ့်ဝင်ခြင်း။ ထိပ်တွင် ပန်းသုံးပွင့် စုဝေးခြင်း။ (၆)
Vol. 26 Ch. 382
ပြီးတော့ ငါ့မျက်စိရှေ့က ဒီချီးခါထူက တကယ့် မွေးရာပါနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ပဲ။
“မွေးရာပါ နယ်ပယ်က သိုင်းပညာရှင်လား။ ချီးခါထူက မွေးရာပါ နယ်ပယ်က သိုင်းပညာရှင်လား။”
ဝံပုလွေနက်တပ်မတော်ရဲ့ နောက်ဘက်မှာရှိတဲ့ ဝံပုလွေနက်မြို့စားက အဝေးတစ်နေရာ၌ ပွင့်လန်းနေသည့် စိမ်းပြာရောင်ပန်းကို မြင်လိုက်ရပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ ချီးခါထူဟာ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဖြစ်မယ်လို့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပါ။
ချီးခါထူက ဟုန်ကျန်းရှန့်ကို သတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာ အံ့သြစရာမဟုတ်တော့ပါ။ ဒါပေမယ့် သူ ရူးသွားပြီလား။ သွေးချောင်းစီးတိုက်ပွဲမှာ မွေးရာပါ နယ်ပယ်သိုင်းပညာရှင်က ဝင်ပါတယ်ပေါ့။ ဒါက သူ့မျိုးနွယ်စုရဲ့ အကျိုးစီးပွားကို လုံးဝ လျစ်လျူရှုလိုက်တာပင်။ အခြေအနေ ပိုဆိုးလာရင် ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်။
“အဲ့တာ စစ်သူကြီးဟုန်ဘက်ကလား။ သူ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ကြုံနေရတာလား။”
“အဲဒါက… မွေးရာပါနယ်ပယ် သိုင်းပညာရှင်လား။”
မွေးရာပါ နယ်ပယ်ပညာရှင်တစ်ယောက်အနေနဲ့ ချီးခါထူရဲ့ အစွမ်းက တကယ်ကို ထင်ရှားလွန်းလှပါသည်။ သူ့ခေါင်းပေါ်မှာ လေထုက လှည့်ပတ်နေပြီး စိတ်ပြာရောင် လူသားပန်းက မြင့်မားစွာ ပွင့်လန်းနေတာကြောင့် အဝေးမှ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အကြည့်ကို ဆွဲဆောင်သွားခဲ့သည်။ သူတို့ ချက်ချင်းပင် ရင်ထဲသိမ့်ကနဲဖြစ်သွားကြသည်။ ဟုန်ကျန်းရှန့်က ရန်သူဘက်ကနေ အင်အားကြီးတဲ့ ရန်သူတစ်ယောက်နဲ့ ကြုံတွေ့နေရပြီလား။
ပြီးတော့ အဲ့တာက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ထက် မနိမ့်ကျပါ။
နှစ်ဖက်စလုံးက ဘယ်လောက်ပဲ ထိတ်လန့်တုန်လှုပ်နေပါစေ မယုံကြည်နိုင်ဖြစ်နေပါစေ ဒါတွေအားလုံးက ချီးခါထူရဲ့ သတ်ဖြတ်လိုစိတ်ကို မပြောင်းလဲနိုင်ပါ။ သူ့ရဲ့ ရည်ရွယ်ချက်က ပြဿနာကို မထိန်းချုပ်နိုင်တဲ့ အဆင့်အထိ မြှင့်တင်ပြီး လူမျိုးစုနှစ်ခုကြားက စစ်ပွဲကို မြှင့်တင်ဖို့သာဖြစ်သည်။
သူ့ရဲ့ လက်အောက်ငယ်သားတွေကို အကြိမ်ကြိမ် ဆုံးရှုံးစေခဲ့တဲ့ ‘ဟုန်ကျန်းရှန့်’ ကို သူ အချိန်အတော်အကြာအောင် မုန်းတီးခဲ့တာကို ထည့်ပြောစရာမလိုတော့။ ဒီအစီအစဉ်အတွက်ပဲ သူဟာ အခုချိန်ထိ သည်းခံနေခဲ့တာဖြစ်သည်။ သူ့ရဲ့ ထိန်းချုပ်မှုအားလုံးဟာ အခုအချိန်မှာ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲကာ ပေါက်ကွဲထွက်လာတော့သည်။
“သေလိုက်တော့”
သူ့ရဲ့ လက်ဖဝါးကို အသုံးပြုပြီး စူးချန်ခုန်းရဲ့ စုစည်းထားတဲ့ ဓားစွမ်းအားကို တစ်ချက်တည်းနဲ့ ပျက်ပြယ်သွားအောင် လုပ်လိုက်တဲ့အခါ ချီးခါထူရဲ့ မျက်နှာမှာ မိုက်ရူးရဲဆန်တဲ့ အပြုံးတစ်ခု ပေါ်လာလေ၏။ သူ့ရဲ့ ဧရာမပုဆိန်ကို ညာဘက်လက်နဲ့ မြှောက်ပြီး ခေါင်းပေါ်ကို အားပြင်းပြင်းနဲ့ ခုတ်ချလိုက်လေတော့သည်။
ဤဆိန်ခုတ်ချက်သည် ဖန်ဂူက ကမ္ဘာကြီးကို ဖန်တီးနေသည့်အလားပင်။ သို့မဟုတ် နဝမမြောက် ကောင်းကင်ဘုံကနေ ပစ်ချလိုက်သည့် လူသားတွေရဲ့ အစွမ်းနဲ့ တွန်းလှန်လို့မရနိုင်တဲ့ မိုးကြိုးသွားလိုပင်။
(T/N *ဖန်ဂူက တရုတ်ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စကြဝဠာကြီးရဲ့ ပထမဆုံးသတ္တဝါအဖြစ် သတ်မှတ်ခံထားရတဲ့သူပါ။ သူက ကမ္ဘာကြီးရဲ့မူလရှုပ်ထွေးမှုကို ဧရာမပုဆိန်နဲ့ ခွဲထုတ်ပြီး ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားခြင်းဖြင့် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပါတယ်။ သူသေဆုံးပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က သဘာဝကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့အသက်ရှူမှုက လေနဲ့မိုးတိမ်တွေ ဖြစ်လာတယ်။ သူ့အသံက မိုးကြိုးမုန်တိုင်း၊ သူ့ရဲ့ ဘယ်ဘက်မျက်လုံးက နေ ဖြစ်လာပြီး ညာဘက်မျက်လုံးက လ ဖြစ်လာတယ်။ သူ့ရဲ့ သွေးတွေက မြစ်ချောင်းတွေ ဖြစ်လာပြီး ကြွက်သားတွေက တောင်တွေ ဖြစ်လာတယ်။ ဆံပင်က သစ်တောတွေနဲ့ ကြယ်တွေ ဖြစ်လာကာ ချွေးက မိုး အဖြစ်ပြောင်းလဲပြီး သူရဲ့အရိုးတွေက သတ္တုတွေ ကျောက်တုံးတွေ ဖြစ်သွားခဲ့တယ်။ ဖန်ဂူက မလွှမ်းမိုးနိုင်တဲ့ နတ်ဘုရားကဲ့သို့သော စွမ်းအားနဲ့ အရာအားလုံးရဲ့ မူလအစကို ကိုယ်စားပြုပါတယ်။)
“ဒုန်း”
စူးချန်ခုန်း နှစ်ခြမ်းကွဲသွားပြီး ပုဆိန်ရဲ့ အရှိန်အဟုန်က မြေပြင်ပေါ် ကျရောက်လာတဲ့အခါ အရှိန်မကုန်နိုင်လောက်အောင် ပြင်းထန်နေပြီး မြေကြီးကို ပြင်းထန်စွာ တုန်ခါစေသည်။ ဆယ်မီတာကျော်ရှိတဲ့ အက်ကွဲကြောင်းကြီးက မြေပြင်ကို ခွဲလိုက်သလို အက်ကွဲခဲ့သည်။ လမ်းကြောင်းတစ်ခု ထွင်းထုလိုက်သလိုပါပင်။
သို့ပေမယ့် ချီးခါထူရဲ့ မျက်နှာအမူအရာက မည်းမှောင်သွားပြီး ဒေါသတကြီးနှင့် “ဟုန်ကျန်းရှန့် ထွက်ပြေးဖို့ မစဉ်းစားနဲ့” ဟု အော်ပြောလိုက်သည်။
သူလွှဲလိုက်တဲ့ ပုဆိန်က စူးချန်ခုန်းကျန်ရစ်ခဲ့တဲ့ ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်ရုံသာ။ စူးချန်ခုန်းက တိုက်ရိုက်ထိခိုက်မှု မခံခဲ့ရပေ။ သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်တွေကို အသုံးပြုပြီး ရှောင်တိမ်းကာ တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ပြေးဖို့ လှည့်ထွက်သွားခဲ့သည်။
ချီးခါထူဟာ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်အနေနဲ့ စူးချန်ခုန်းရဲ့ စွမ်းရည်ထက် ကျော်လွန်သွားပြီဖြစ်သည်။
စူးချန်ခုန်းသည် ဖေယန်ကိုလည်း ထိုမတိုင်မီက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပါက ချက်ချင်းထွက်ပြေးမည်ဟု ပြောခဲ့ဖူးသည်။
သူမနိုင်တဲ့ ရန်သူကို တိုက်တာက သေလမ်းရှာနေတာပဲ မဟုတ်လား။
စူးချန်ခုန်းသည် ငှက်ပြကွက်နှင့် သမင်ကစားသည့် ခန္ဓာကိုယ်နည်းစနစ်များကို အစွမ်းကုန် လုပ်ဆောင်ပြီး တစ်ခါတစ်ရံတွင် ဝံပုလွေနက်တပ်မတော်၏ ဦးခေါင်းပေါ်တွင် ငှက်တစ်ကောင် ပျံသန်းသကဲ့သို့ ခုန်ကူးကာ ရံဖန်ရံခါ တောအုပ်ထဲတွင် လှည့်လည်သွားလာနေသော သမင်ပျိုလေးကဲ့သို့ ကွေးကာညွတ်ကာဖြင့် ဝံပုလွေနက်တပ်မတော်၏ နေရာလွတ်များကြားတွင် ရွေ့လျားသွားခဲ့သည်။
ချီးခါထူသည် ဤမြင်ကွင်းကို ကြည့်ရင်း မှင်သက်သွားလေ၏။ “ဒီဟုန်ကျန်းရှန့်ရဲ့ ဓားနည်းစနစ်မှာ ကျွမ်းကျင်ရုံသာမက သူက ဒီလို ပျော့ပျောင်းပြီး ကျွမ်းကျင်တဲ့ ရွေ့လျားမှုနည်းစနစ်တွေကိုလည်း ဖုံးကွယ်ထားတာပဲ” ဟု တွေးလိုက်မိသည်။
ချီးခါထူသည် ပြင်းထန်ပြီး လွှမ်းမိုးနိုင်သော လက်ဝှေ့စွမ်းရည်ကြောင့် လူသိများသော ဟုန်ကျန်းရှန့်အကြောင်း သတင်းအချက်အလက်များ စုဆောင်းထားခဲ့သည်။ သို့သော် သူ့ရှေ့မှ ဤ ‘ဟုန်ကျန်းရှန့်’ သည် အဆင့်မြင့် ဓားနည်းစနစ်နှင့်အတူ ကျွမ်းကျင်သော လှုပ်ရှားမှုအကွက်များကို ပြသခဲ့သည်။
ဇဝေဇဝါဖြစ်နေသော်လည်း ချီးခါထူသည် ယခုအချိန်တွင် ထိုအကြောင်းကို သိပ်စဉ်းမနေတော့ပါ။ သူ့ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ ပြေးထွက်သွားကာ သူ့လမ်းကြောင်းပေါ်ရှိ ဝံပုလွေနက်တပ်မတော် စစ်သားများ၏ အရိုးကိုချိုးလျက် အရွတ်များကို ကျိုးကြေစေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် သူ၏ အလွန်အမင်း သတ်ဖြတ်လိုစိတ်ကြောင့် ဘေးသို့ ပြင်းထန်စွာ လွင့်ထွက်သွားလေ၏။ သူ့လက်ထဲကနေ ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့် မပေးနိုင်ပေ။
စူးချန်ခုန်းသည် ငှက်ပြကွက်နှင့် သမင်ပြကွက် ခန္ဓာကိုယ်နည်းစနစ်များကို အကန့်အသတ်အထိ တွန်းပို့ပြီး ဝံပုလွေနက်တပ်မတော်ကို ဖြတ်သန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ရက်စက်ကြမ်းကြုတ်ပြီး ခွန်အားကြီးမားတဲ့ ချီးခါထူဟာ ကိုယ်ဖော့ပညာကို မသုံးဘဲ သူ့လမ်းကြောင်းတစ်လျှောက်က ဝံပုလွေနက်တပ်သားတွေရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ခဲ့ပါ။ သူဟာ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အားကိုးရင်း စူးချန်ခုန်းနောက်ကို ဒုန်းဆိုင်းလိုက်လာလေ၏။
“မကောင်းတော့ဘူး… ငါ့ကို အနှေးနဲ့အမြန် မီသွားလိမ့်မယ်။”
မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က သူ့ထက် အမြန်နှုန်းနဲ့ ခွန်အား နှစ်မျိုးလုံး ပိုကောင်းတယ်ဆိုတာ သိလိုက်ရတဲ့အခါ စူးချန်ခုန်း ရင်ထိတ်သွားလေသည်။
“သူကို သတ်ပစ်”
ဒါပေမယ့် အဲဒီအချိန်မှာ အနက်ရောင် သံချပ်ကာဝတ်ထားတဲ့ မြင်းစီးသူရဲကောင်းတွေက ဘေးကနေ ဝိုက်ပြီး ပြေးဝင်လာကြသည်။
“စစ်သူကြီးဟုန်..ဆက်သွား..ကျွန်တော်တို့ သူ့ကို တားထားလိုက်မယ်” သံချပ်ကာဝတ်ထားတဲ့ သောင်းစုမှူး တစ်ယောက်က အော်ပြောလိုက်သည်။
သူတို့တွေက တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အဖွဲ့ဝင်တွေဖြစ်သည်။ စူးချန်ခုန်း ဒုက္ခရောက်နေတာကို မြင်တော့ သူ့ကို ကူညီဖို့ ရဲရင့်စွာ တိုက်ပွဲထဲကို ဝင်လာကြလေ၏။
“မင်း ဘယ်ကိုပြေးမှာလဲ။”
ဒေါသတကြီးဟောက်သံနှင့်အတူ ချီးခါထူ၏ ဧရာမပုဆိန်ကြီးသည် အဟန့်အတားဖြစ်နေသော တာ့ဖုန်းသံမဏိတပ်သားများကိုသာမက အချိန်မီ မရှောင်လိုက်နိုင်သော ဝံပုလွေနက်စစ်သားများကိုပါ ၎င်းတို့၏မြင်းများနှင့်အတူ တစ်ပိုင်းပြတ်ကာ သွေးများ ဖြန်းကနဲဖြင့် အဘက်ဘက်သို့ လွင့်ထွက်သွားစေခဲ့သည်။
သို့သော် သေခြင်းတရားကိုရင်ဆိုင်ရန် မကြောက်မရွံ့သော တာ့ဖုန်းသံမဏိမြင်းတပ်သား အများအပြားက သူ့ကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။ မွေးရာပါနယ်ပယ်သိုင်းပညာရှင် ချီးခါထူ ထုတ်ဖော်ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် သူတို့နှလုံးသားထဲ ကြောက်လန့်နေကြသော်လည်း စစ်သူကြီးဟုန်၏အသက်သည် သူတို့၏ကိုယ်ပိုင်အသက်ထက် အဖိုးတန်ကြောင်း သူတို့သိကြသည်။ သူသာ ပြိုလဲသွားပါက လုံးလုံးပြိုလဲသွားမည်ဖြစ်ကာ သူတို့၏ ညီအစ်ကိုများ အသေအပျောက် ပိုများလာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့၏ကိုယ်ပိုင်အသက်ကိုပင် ပေးဆပ်ရသော်လည်း နတ်ဆိုးနတ်ဘုရားကဲ့သို့သော ချီးခါထူထံမှ စစ်သူကြီးဟုန် ထွက်ပြေးဖို့ အခွင့်အရေးပေးရန်အတွက် တားဆီးရမည်ဖြစ်သည်။
သူတို့၏ မကြောက်မရွံတိုက်ခိုက်မှုနှင့် ဆက်စပ်နေသော ချီနှင့်သွေးဖွဲ့စည်းပုံတို့၏ ကျေးဇူးကြောင့် ချီးခါထူ၏ ချီတက်မှုသည် အမှန်တကယ် နှေးကွေးသွားပြီး သူနှင့် စူးချန်ခုန်းကြား အကွာအဝေးကို တိုးမြင့်သွားစေခဲ့သည်။
ဒီအချက်က ချီးခါထူကို ဒေါသထွက်စေပြီး ဒေါသတကြီး အော်ဟစ်ကာ “စစ်သူကြီးဟုန်.. ငကြောက်ကောင်၊ မင်းလူတွေရဲ့အသက်ကို ဂရုမစိုက်တော့ဘူးလား။” ဟု ပြောလိုက်သည်။
အဝေးသို့ ထွက်ပြေးပြီးနောက် စူးချန်ခုန်းသည် နောက်သို့လှည့်ကြည့်လိုက်ရာ ချီးခါထူသက မြင်းတပ်သားတစ်ယောက်၏ ဦးခေါင်းကို လက်ဗလာဖြင့် ကြိတ်ချေလိုက်ရာ ခေါင်းဆောင်းနှင့်အတူ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။
သို့သော် အနီးနားရှိ တာ့ဖုန်းသံမဏိမြင်းတပ်သားများသည် ချီးခါထူအား ဓားနှင့် လှံများဖြင့် တိုက်ခိုက်၍သော်လည်းကောင်း လက်တွေ ခြေထောက်တွေနှင့် လုံးထွေးသတ်ပုတ်၍သော်လည်းကောင်း မည်သည့်နည်းနှင့်မဆို တားဆီးဖို့ ဆုံးဖြတ်ထားကြသည်။
စူးချန်ခုန်းသည် စစ်သူကြီးဟုန် မဟုတ်သော်လည်း သူ ဤစစ်မြေပြင်တွင် ရှိနေရခြင်း၏ အကြောင်းရင်းက ဖေယန်နှင့် သူ၏ သဘောတူညီချက်ကြောင့် ဖြစ်သည်။ သူဟာ တာ့ဖုန်းသံမဏိမြင်းတပ်နဲ့ သံယောစဉ် နက်နက်ရှိုင်းရှိုင်း မရှိပေမယ့် ဒီစစ်သားတွေက သူ့အတွက်နဲ့ အသက်စွန့်နေတာကို မြင်တော့ သူ အရမ်းတုန်လှုပ်သွားခဲ့သည်။
အဲဒီအချိန်မှာပဲ စူးချန်ခုန်းရဲ့စိတ်ထဲမှာ မီးတောက်တစ်ခု ပေါက်ကွဲသွားသလိုပါပင်။ သူ့မျက်လုံးတွေမှာ သွေးတွေနဲ့ပြည့်နေပြီး ထိန်းချုပ်လို့မရတဲ့ တွန်းအားနဲ့ သတ်ဖြတ်ချင်စိတ်တွေ ဖြစ်ပေါ်လာလေ၏။
“ဘုန်း”
ချီနဲ့သွေးတွေဟာ စူးချန်ခုန်းရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ပျံ့နှံ့သွားပြီး သူ့ခေါင်းပေါ်မှာ တည်ရှိနေတဲ့ ဧရာမမီးပြင်းဖိုကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး မီးတောက်တွေ ပြင်းထန်စွာ တောက်လောင်နေလေ၏။
“ဝှူး”
သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေ အများအပြားစုဝေးလာပြီး ဒီရေလှိုင်းတွေရဲ့ အသံဟာ လေဟာနယ်ထဲ ပဲ့တင်ထပ်သွားကာ စူးချန်ခုန်းရဲ့ခေါင်းအထက်ကနေ ချီသွေးမီးပြင်းဖိုထဲကို ဝင်ရောက်လာတဲ့ ကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေဟာ စူးချန်ခုန်းရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး အစွမ်းထက်တဲ့ စွမ်းအားတစ်ခုက သူ့ရဲ့ ခြေလက်တွေကို ပြည့်နှက်သွားကာ သူ့ခေါင်းပေါ်မှာ စိမ်းပြာရောင်ပန်းတစ်ပွင့် ဖြည်းဖြည်းချင်း ပွင့်လန်းလာလေ၏။
“မင်း သေလမ်းကိုရှာနေတယ်ဆိုတော့လည်း… ငါမင်းကို လိုက်လျောပေးရတာပေါ့။”
သတ်ဖြတ်လိုစိတ်နှင့် နတ်ဘုရားတန်ခိုးတို့ဖြင့် ပြည့်နှက်နေသော အသံတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်သွားလေ၏။