← Chapters

မြစ်သုံးသွယ်မျိုးနွယ်စု

Vol. 12 Ch. 130

မြစ်သုံးသွယ်မျိုးနွယ်စု

Vol. 12 Ch. 130

ခုန်မင်တို့အုပ်စု တောင်ကြားဆီသို့ချဉ်းကပ်လာစဉ် အလွန်သတိထားခဲ့ကြသော်လည်း လှုပ်ရှားမှုအနည်းငယ် ရှိနေခဲ့သည်။

ထိုလှုပ်ရှားမှုအရိပ်အယောင်များအား ‘ဒြပ်စင်စွမ်းအားအရှင်သခင်’ အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်က ရိပ်မိသွားခဲ့လေသည်။

ခုန်မင်တို့ ဖီးနစ်နားခိုရာတောင်တန်းဆီသို့ ခရီးနှင်လာခဲ့သည်မှာ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်တစ်ယောက်ယောက်နှင့် တွေ့ဆုံရန်ဖြစ်သည်။

ယခု ကျင့်ကြံခြင်းအဆင့်မြင့်မားသော ကျွမ်းကျင်သူတစ်ယောက်ကိုတွေ့ရပြီဖြစ်ရာ သူတို့အနေဖြင့် အခွင့်အရေးကို လက်လွှတ်ခံစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ခုန်မင်က အားလုံးကို အောက်သို့ဆင်းသက်ရန် လက်တစ်ဖက်ဝှေ့ယမ်း အချက်ပြလိုက်ပြီး သူတို့အားလုံး လျှပ်စီးလင်းယုန်များစီးနင်းလျှက် ကျောက်တောင်စွန်းထက်မှ တောင်ကြားထဲသို့ ပျံသန်းဆင်းသက်လာကြသည်။

တောင်ကြားထဲရောက်သည်နှင့် ခုန်မင်က လင်းယုန်ကျောပေါ်မှဆင်းလိုက်ပြီး ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ကျွမ်းကျင်သူကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျုပ်က ခုန်အော့ပါ ၊ ကျုပ်ရဲ့အဖွဲ့သားတွေနဲ့အတူ ဖီးနစ်နားခိုရာမျိုးနွယ်စုက အကြီးအကဲကို ဂါရဝပြုပါတယ်”

ထိုဒြပ်စင်စွမ်းအားအရှင်သခင်က ခုန်မင်တို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး...

“သားရဲထိန်းမျိုးနွယ်စုကလား... မင်းတို့အဆင့်နဲ့ ငါတို့ရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားကို ရောက်အောင်လာဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူး ၊ ဒါပေမဲ့ ငါတို့က ရောက်လာတဲ့သူ ဘယ်သူ့ကိုမဆို တန်းတူဆက်ဆံတယ် ၊ မင်းတို့မှာ စမ်းသပ်ပွဲလက်မှတ်ရှိလို့ကတော့ ငါတို့ရဲ့ဧည့်သည်တော်တွေ ဖြစ်လာလိမ့်မယ် ၊ မရှိရင်တော့ အခုပဲ လှည့်ပြန်ကြတော့”

သူတို့က သားရဲထိန်းမျိုးနွယ်စုဝင်များမဟုတ်ကြောင်း ခုန်မင်က ရှင်းပြမနေတော့ပေ။

သူက တည်ငြိမ်စွာပင်ပြုံးလိုက်ပြီး စမ်းသပ်ပွဲလက်မှတ်တစ်စောင် ထုတ်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှန်ရှင်းယွင်ကလည်း သူ၏လက်မှတ်ကို ထုတ်ပြလိုက်၏။

ခုန်မင်တို့အုပ်စုက စမ်းသပ်ပွဲလက်မှတ်(၂)ခု ထုတ်ပြနိုင်လိမ့်မည်ဟု ထိုကျွမ်းကျင်သူက လုံးဝ ထင်မထားခဲ့ပေ။

သူက ခေါင်းတညိတ်ညိတ်လုပ်ရင်း...

“မဆိုးဘူး... တကယ်ကို မဆိုးဘူးပဲ ၊ မင်းတို့လို လူမျိုးစုလေးက စမ်းသပ်ပွဲလက်မှတ် နှစ်စောင်တောင်ရဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပဲ”

ထို့နောက် ထိုသူက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ငါက ဖီးနစ်နားခိုရာမျိုးနွယ်စုက ဟော်ရှင်းပဲ ၊ မင်းတို့လက်မှတ်တွေကို ငါ့ဆီလွှဲပေးပြီးပြီဆိုတော့ ငါကိုယ်တိုင် မင်းတို့ကို စခန်းကိုခေါ်သွားပေးမယ် ၊ ဖီးနစ်ကျဆုံးတောင်ကြားဖွင့်တဲ့အခါကျ မင်းတို့ပိုင်ဆိုင်တဲ့ လက်မှတ်အရေအတွက်အတိုင်း စမ်းသပ်ပွဲမှာပါဝင်မယ့်လူတွေကို စေလွှတ်နိုင်ပါတယ်”

ဟော်ရှင်းဆိုသူက ခုန်မင်တို့ထံမှ စမ်းသပ်ပွဲလက်မှတ်များကိုယူကာ သူ၏ဝတ်ရုံအတွင်း သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက ခုန်မင်တို့အုပ်စုနှင့် အခြားအုပ်စုကိုဦးဆောင်ကာ တောင်ကြားထဲမှ ထွက်ခွာပြီး အဝေးရှိ တောင်ထိပ်ဆီသို့ ဦးတည်သွားသည်။

ဟော်ရှင်းက စကားနည်းသူဖြစ်ပြီး ခရီးစဉ်ကိုသာ အာရုံစိုက်သည်။

ထို့ပြင် သူက ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ဖြစ်သည့်အတွက် အခြားသူများနှင့် အဆင့်အတန့်ချင်း လုံးဝ ကွာခြားသည်ဖြစ်ရာ ပြောစရာစကားလည်း သိပ်မရှိလှပေ။

သို့သော် လမ်းခရီးတစ်လျှောက် ခုန်မင်တို့အုပ်စုကတော့ အခြားအုပ်စုနှင့် လေပေးဖြောင့်လာခဲ့သည်။

ဟော်ရှင်းကယ်တင်ခဲ့သော ထိုအုပ်စုက “မြစ်သုံးသွယ်မျိုးနွယ်စု” ဟုခေါ်သော မျိုးနွယ်စုငယ်လေးတစ်ခုမှ ဖြစ်သည်။

တောရိုင်းဒေသမျိုးနွယ်စုတစ်ရာ၏ အဆင့်အတန်းသတ်မှတ်ချက်အရဆိုလျှင် သူတို့သည်လည်း ချီတိမျိုးနွယ်စု ၊ သားရဲထိန်းမျိုးနွယ်စုတို့ကဲ့သို့ပင် ဘေးဖယ်ခံထားရသည့် အဆင့်နိမ့်မျိုးနွယ်စုတစ်ခုသာ ဖြစ်သည်။

မြစ်သုံးသွယ်မျိုးနွယ်စုက အင်အားမကြီးလှသော်လည်း သူတို့သည်လည်း သားရဲထိန်းမျိုးနွယ်စုကဲ့သို့ပင် ထူးခြားသည့် အတတ်ပညာတစ်ခု ပိုင်ဆိုင်ထားသည်။

မြစ်သုံးသွယ်မျိုးနွယ်စုက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် ရေအောက်အတတ်ပညာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် တစ်ခုတည်းသောမျိုးနွယ်စု ဖြစ်သည်။

သူတို့က ရေအောက်တွင် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ပြီး ရေအောက်တွင်သွားလာလှုပ်ရှားနိုင်သည့် လက်တွေ့ကျသော အစစ်အမှန်စွမ်းအားကို ပိုင်ဆိုင်သည်။

တောရိုင်းဒေသက ကုန်းမြေထက်မှ အကျယ်ပြန့်ဆုံးသော တောအုပ်ကြီးတစ်ခုဖြစ်လေရာ ရေအရင်းအမြစ်လည်း အသင့်အတင့်ပေါကြွယ်ဝသည်။

မြေအောက်ရေများအပြင် စမ်းချောင်းများ ၊ ရေကန်များ များစွာရှိသော်လည်း ပထဝီဝင်အနေအထားအရ ကန့်သတ်ချက်များရှိသဖြင့် ကြီးမားသောမြစ်ကြီးများ စီးဆင်းခြင်း မရှိပေ။

တောရိုင်းဒေသတွင် အမှန်တကယ် “မြစ်” ဟု ခေါ်ဆိုနိုင်သည့် ရေအရင်းအမြစ်ဆို၍ မြစ်ပြာ ၊ မြစ်ဖြူနှင့် ချီမြစ်ဆိုသည့် မြစ်ငယ်သုံးသွယ်သာရှိသည်။

ဤမြစ်သုံးသွယ်လုံးက တောရိုင်းဒေသ တောင်ဘက်အရပ်မှ မြစ်ဖျားခံလာပြီး နောက်ဆုံးအပိုင်းတွင် မြစ်သုံးသွယ်ပေါင်းစည်းကာ တောင်ဘက်ပင်လယ်အတွင်းသို့ စီးဝင်သွားကြသည်။

မြစ်သုံးသွယ်မျိုးနွယ်စုမှာ ဤမြစ်ပြာ၊ မြစ်ဖြူနှင့် ချီမြစ်ဝှမ်းဒေသတွင် နေထိုင်ကြသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။

သူတို့က ရေကိုအမှီပြုပြီး အသက်မွေးသူများဖြစ်ကြလေရာ မြစ်သုံးသွယ်မျိုးနွယ်စုဝင်တိုင်းမှာ အံ့မခန်း ရေအောက်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်ကြသည်။

သာမန်မျိုးနွယ်စုဝင်တစ်ဦးပင်လျှင် ရေအောက်၌ ငါးနှင့် ပုစွန်များကို လက်ချည်းသက်သက်ဖြင့် ဖမ်းဆီးနိုင်စွမ်း ရှိကြသည်။

ရှေးယခင်ကတည်းကပင် မြစ်သုံးသွယ်မျိုးနွယ်စု ရှင်သန်ရာနယ်ပယ်မှာ မြစ်သုံးသွယ် အနီးတဝိုက်တွင်သာ ဖြစ်သည်။

သူတို့အနေဖြင့် အပြင်ဘက်သို့ နယ်မြေချဲ့ထွင်ရန် နည်းလမ်းမရှိသကဲ့သို့ အခြားမျိုးနွယ်စုများကလည်းမြစ်သုံးသွယ်ဒေသကို စိတ်ဝင်စားမှု မရှိကြပေ။

ထိုသို့ဖြင့် မြစ်သုံးသွယ်မျိုးနွယ်စုမှာ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာကြားတွင် မြစ်ကိုစောင့်ကြပ်ရင်း အသက်မွေးဝမ်းကျောင်းပြုသည့် ထူးခြားသော မျိုးနွယ်စုတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိ မြစ်သုံးသွယ်မျိုးနွယ်စုခေါင်းဆောင်မှာ ‘ယာပု’ ဖြစ်ပြီး စောစောက ဟော်ရှင်းထံသို့ စမ်းသပ်ပွဲလက်မှတ်လွှဲပြောင်းပေးသည့် လူရွယ် ဖြစ်သည်။

သူက ‘နှောင်းပိုင်းအဆင့် ရေဒြပ်စင်စွမ်းအားဆရာသခင်’ တစ်ယောက်ဖြစ်ပြီး မြစ်သုံးသွယ်မျိုးနွယ်စုတွင် အတော်ဆုံးကျွမ်းကျင်သူလည်း ဖြစ်၏။

စမ်းသပ်ပွဲတွင်ပါဝင်မည့် မြစ်သုံးသွယ်မျိုးနွယ်စုမှ လူငယ်မှာမူ ‘ရစ်ကျား’ ဟု အမည်ရသည်။

သူက အသက် (၂၇) (၂၈) ခန့်သာရှိသေးသော်လည်း ‘ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်’ သို့ ရောက်ရှိထားသူဖြစ်ရာ မြစ်သုံးသွယ်မျိုးနွယ်စုတွင် နှစ်တစ်ရာမှတစ်ယောက်ပေါ်ထွန်းသော ပါရမီရှင်ဟု သတ်မှတ်ခံထားရသည်ပင်။

အမှန်အတိုင်း ပြောရလျှင် မြစ်သုံးသွယ်မျိုးနွယ်စုမှာ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ပါဝင်နိုင်လောက်သည့် အစွမ်းအစ မရှိပေ။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက်တွင် သူတို့မျိုးနွယ်စုက တစ်ကြိမ်တစ်ခါမှ စမ်းသပ်ပွဲလက်မှတ် ရရှိခဲ့ခြင်း မရှိပေ။

သို့သော် လွန်ခဲ့သော လအနည်းငယ်ခန့်က ကံကြမ္မာကောင်းတစ်ခု ကြုံတွေ့ခဲ့သည်။

မြစ်သုံးသွယ်မျိုးနွယ်စုဝင်များက မြစ်ထဲ၌ လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး ထိုအလောင်းထံမှ စမ်းသပ်ပွဲလက်မှတ်တစ်စောင် ရရှိခဲ့ခြင်းပင်။

ဤသည်က ကံကြမ္မာပေးအပ်သည့်အခွင့်အရေးဟု ယာပုက ယုံကြည်လိုက်သည်။

မြစ်သုံးသွယ်မျိုးနွယ်စုအနေဖြင့် အမြဲတမ်း သာမန်ဆန်စွာ မနေထိုင်လိုပါက စွန့်စားခန်းအတွက် ပထမဆုံးခြေလှမ်း စတင်ရမည်ဖြစ်သည်။

လူငယ်တစ်ယောက်ဖြစ်သည့် ရစ်ကျားသည်လည်း သူ၏အစွမ်းအစများကို စမ်းသပ်လိုစိတ် ရှိနေခဲ့သည်။

ထို့ကြောင့် ယာပုနှင့် ရစ်ကျားတို့ သဘောထားချင်း တိုက်ဆိုင်သွားပြီး ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ထိုသို့ဖြင့် မျိုးနွယ်စုအတွင်းမှ အတော်ဆုံးလူများကိုစုစည်းကာ အိပ်မက်ကိုအကောင်အထည်ဖော်ရန်အတွက် တောရိုင်းဒေသ မြောက်ပိုင်းသို့ အတူတကွ ခရီးထွက်လာခဲ့ကြခြင်းသာပင်.

သူတို့အားလုံး ကံကောင်းခဲ့ပြီး လမ်းခရီးတစ်လျှောက်အေးချမ်းစွာဖြင့် ဖီးနစ်နားခိုရာတောင်တန်းသို့ ချောချောမောမော ရောက်လာခဲ့ကြသည်။

သို့သော် နောက်ဆုံးခြေလှမ်းအရောက်တွင် လုယက်သူများနှင့်တွေ့ပြီး ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ဟော်ရှင်းသာ အချိန်မီရောက်မလာပါက လူအင်အားနည်းသည့် မြစ်သုံးသွယ်မျိုးနွယ်စုဝင်များ ထိုတောင်ကြားထဲမှာပင် အသက်ပျောက်သွားနိုင်၏။

မည်သို့ပင်ဖြစ်စေ ဤမျှအန္တရယ်ကြီးမားသည့် အခြေအနေကို ရင်ဆိုင်ခဲ့ရသည့်တိုင် ယခုထက်တိုင် ကံကောင်းနေဆဲဖြစ်ရာ ယာပုနှင့် ရစ်ကျားတို့မှာ အပြင်လောကသို့ထွက်ခွာလာခြင်းက မှန်ကန်သည့်ရွေးချယ်မှုဟု ယုံကြည်နေကြဆဲပင်။

မဟုတ်ပါက မြစ်သုံးသွယ်ဒေသမှာပင် တဖြည်းဖြည်း အိုမင်းပြီး သေဆုံးသွားရပါက ဘဝ၏အဓိပ္ပါယ် အဘယ်မှာ ရှိပါတော့မည်နည်း။

ဤနေရာတွင် ခုန်မင်ကလည်း သူတို့နှင့်အမြင်တူလေသည်။

“စာအုပ်တစ်သောင်းဖတ်ရခြင်းထက် မိုင်ပေါင်းတစ်သောင်းခရီးနှင်သည်က ပို၍အကျိုးရှိသည်” ဟု ခုန်မင်က ခံယူထားသည်။

ယာပုနှင့် ရစ်ကျားတို့ကလည်း ခုန်မင်တို့အဖွဲ့ကို သားရဲထိန်းမျိုးနွယ်စုဝင်များဟုပင် ထင်မှတ်နေကြသည်။

လျှပ်စီးလင်းယုန်များ ပါရှိနေခြင်းက သားရဲထိန်းမျိုးနွယ်စုမှဖြစ်ကြောင်း ငြင်းမရသော သက်သေဖြစ်နေသည်ပင်။

ခုန်မင်ကတော့ ဝန်ခံခြင်းလည်းမပြုသလို ငြင်းဆိုခြင်းလည်း မပြုခဲ့ပေ။

ခုန်အိမ်တော်က သားရဲထိန်းမျိုးနွယ်စုနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ရာ သူတို့အနေဖြင့် သားရဲထိန်းမျိုးနွယ်စုက ငှားရမ်းထားသည့် ပြင်ပအကူအညီဟု သဘောထားလိုက်၍ ရလေသည်။

ထို့ကြောင့် ရှုပ်ထွေးလှသည့်အခြေအနေတွင် လေကုန်ခံပြီး ရှင်းပြမနေတော့ပေ။

ထို့ပြင် ဖီးနစ်နားခိုရာမျိုးနွယ်စုကလည်း “လူထက် လက်မှတ်ကိုသာ အသိအမှတ်ပြုခြင်း” ဖြစ်သည်။

မိမိလက်ထဲတွင် စမ်းသပ်ပွဲလက်မှတ်ရှိနေသရွေ့ မည်သည့်မျိုးနွယ်စု ၊ မည်သည့်နေရာဒေသမှဖြစ်စေ အရေးမကြီးလှပေ။

မကြာမီ သူတို့အားလုံးတောင်ထိပ်တစ်ခုသို့ ရောက်ရှိလာပြီး အတော်အတန်ကြီးမားသော ခံတပ်စခန်းကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။

အရွယ်အစားအရ ဤခံတပ်ကြီးက ချီတိမျိုးနွယ်စု၏ “သစ်ပင်တံတိုင်းမြို့တော်” ထက် သေငယ်ခြင်းမရှိဘဲ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင် ထောင်ပေါင်းများစွာ နေထိုင်ကြသည်။

သို့ပေသိ ဤနေရာက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ တောင်ပေါ်ကင်းစခန်းတစ်ခုမျှသာဖြစ်ပြီး မျိုးနွယ်စုတစ်ခုလုံး အင်အားစု စုစုပေါင်း၏ (၁)ရာနှုန်းပင် မရှိပေ။

ဟော်ရှင်းခေါ်လာသည့်လူများက စမ်းသပ်ပွဲပါဝင်မည့်သူများဖြစ်မှန်း အားလုံးက သိရှိကြသည်။

ထို့ကြောင့် ခံတပ်စခန်းမှ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များက ခုန်မင်တို့အားလုံးအား စည်းကမ်းနှင့်အညီ ဧည့်ဝတ်ကျေပွန်စွာ လက်ခံကြိုဆိုကြလေသည်။

ထိုနေ့ညတွင် ခုန်မင်တို့အုပ်စုနှင့် မြစ်သုံးသွယ်မျိုးနွယ်စုအဖွဲ့သားများ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ တောင်ပေါ်ခံတပ်စခန်းတွင် တစ်ညတည်းခိုကြလေသည်။

စခန်းက ညစာအဖြစ် တောရိုင်းသားကင်နှင့် သေရည်သောက်တတ်သူများအတွက် သေရည်စီစဉ်ပေးထားသည်။

ခုန်မင်ကတော့ ရစ်ကျားနှင့်စကားစမြည်ပြောဆိုနေချိန် ရှန်ရှင်းယွင်က ထုံးစံအတိုင်းပင် လူအများနှင့်စကားမပြောဘဲ သေရည်တစ်အိုးဖြင့် အခန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။

ရှန်ရှင်းယွင် သေရည်ကိုတစ်ကျိုက်မော့သောက်ရင်း ကောင်းကင်ထက်မှ လဝန်းကို‌ခေါင်းမော့ကြည့်လိုက်သည်။

ထိုအချိန် ခုန်မင် သူ့အနားရောက်လာလေသည်။

“ရှန်တာ့... မင်း ဘာတွေစဉ်းစားနေတာလဲ”

ရှန်ရှင်းယွင် သေရည်တစ်ကျိုက်မော့သောက်လိုက်ပြီး...

“ဒီခရီးစဉ်အကြောင်းပေါ့... တကယ်တော့ သူဌေးလေးနဲ့သာမတွေ့ရင် ဒီခရီး ထွက်လာဖြစ်မယ်တောင် မထင်ဘူး”

ခုန်မင်က ရယ်မောလိုက်ရင်း...

“ငါတို့တွေ အဆင်ပြေမှာပါ ၊ အကောင်းဆုံးပြင်ဆင်ထားဖို့တော့ လိုတာပေါ့”

ထိုသို့ဖြင့်...

ခုန်မင်က အခန်းထဲတွင်ထိုင်ပြီး ကျင့်ကြံရင်း ရှန်ရှင်းယွင်က အပြင်ဘက်တွင်ထိုင်ပြီး သေရည်သောက်ရင်း တစ်ညတာအချိန် ကုန်ဆုံးသွားလေသည်။

***

နောက်တစ်နေ့နံနက်စောစောမှာတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုက တောင်တက်ရတွင်အသုံးပြုသည့် တောင်တက်သားရဲများ စီစဉ်ပေးလေသည်။

ဟော်ရှင်း၏ဦးဆောင်မှုဖြင့် သူတို့အုပ်စု တောင်တန်းကြီး၏အတွင်းပိုင်းဆီသို့ ခရီးဆက်ခဲ့ကြရသည်။

ထိုအခါမှ ဟော်ရှင်းက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ကြိုဆိုရေးအဖွဲ့မှတစ်ယောက်ဖြစ်ကြောင်း ခုန်မင်နှင့် ယာပုတို့ သိလိုက်ကြသည်။

သူ၏တာဝန်က ဖီးနစ်နားခိုရာတောင်တန်းသို့ ရောက်ရှိလာသည့် စမ်းသပ်ပွဲလက်မှတ်ပါသော မျိုးနွယ်စုများကို ပင်မအခြေစိုက်စခန်းသို့ လမ်းပြခေါ်ဆောင်သွားရန် ဖြစ်၏။

တောင်တက်သားရဲများက အတော်လေး လျှင်မြန်သော်လည်း လျှပ်စီးလင်းယုန်များ၏ လျှင်မြန်မှုကိုတော့ မမီပေ။

သို့သော် ဟော်ရှင်းကိုယ်တိုင်လမ်းပြပေးနေသဖြင့် ခုန်မင်တို့လည်း လျှပ်စီးလင်းယုန်များကိုမစီးတော့ဘဲ စီစဉ်ပေးသည့်သားရဲများကိုသာ စီးနင်းလိုက်ပါလာခဲ့သည်။

လျှပ်စီးလင်းယုန်(၉)ကောင်ကတော့ စီးနှင်မည့်သူမပါဘဲ ခုန်မင်တို့အုပ်စုနောက်မှ ခပ်နိမ့်နိမ့်ပျံသန်းကာ လိုက်ပါလာခဲ့ကြသည်။

တောင်တက်သားရဲများက တောင်စောင်း တောင်ကုန်းများကို မြေပြန့်သဖွယ် ကျွမ်းကျင်စွာ ဖြတ်ကျော်နိုင်ကြသည်။

ထိုသို့ဖြင့်...

အဆုံးအစမရှိသော တောင်တန်းများကို တစ်ရက်နှင့်တစ်ညတိတိ ဖြတ်ကျော်ခဲ့ပြီးနောက် မိုးကောင်းကင်အထိ ထိုးထွက်နေသော ဧရာမတောင်ထွတ်ကြီးတစ်ခု၏ ခြေရင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

ဤတောင်ထွတ်ကြီးက လမ်းခရီးတစ်လျှောက် တွေ့မြင်ခဲ့ရသည့်တောင်များနှင့်လုံးဝမတူဘဲ အလွန်ပင် ကွဲပြားခြားနားသည်။

မိုင်ထောင်ပေါင်းများစွာမြင့်မားပြီး တောင်ခါးပန်းမှ အထက်ပိုင်းအထိ ဆွတ်ဆွတ်ဖြူသောနှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။

တောင်ခြေမှ တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်ပါက တောင်ထိပ်ပိုင်းမှာ အချွန်အတက်မဟုတ်ဘဲ မျဉ်းဖြောင့်တစ်ခုပမာ ညီညာနေသည်ကို တွေ့ရမည်ဖြစ်၏။

ဤတောင်ကြီးမှာ မူလက ယခုထက်ပိုပြီး မြင့်မားခဲ့သော်လည်း တစ်စုံတစ်ယောက်က အံ့မခန်းစွမ်းအားဖြင့် တောင်ထိပ်ကို တိကနဲနေအောင် ပိုင်းဖြတ်ထားသည့်အလား တောင်ထိပ်ပိုင်းက လုံးဝ ညီညာပြန့်ပြူးနေလေသည်။

All Chapters