အဓိကမျိုးနွယ်စုကြီး(၃)ခု
Vol. 12 Ch. 132
အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပရန် (၃)ရက်သာလိုတော့သည်ဖြစ်ရာ တံခါးပိတ်ကျင့်ကြံရန် အချိန်မလုံလောက်ဟု ထင်စရာရှိသည်။
သို့သော် ခုန်မင်က ဂယ်ရီထံမှ ‘ကျောက်တုံးထိန်းချုပ်နည်းစနစ်’ ကို ရရှိထားသည်။
လက်ရှိတွင် ခုန်မင်အတွက် မြေဒြပ်စင်စွမ်းအား ကျင့်စဉ်တွင်သာ အားနည်းချက်ရှိနေသည်။
သို့ဖြစ်ရာ ‘ကျောက်တုံးထိန်းချုပ်နည်းစနစ်’ ကို အချိန်ပေးပြီးကျင့်ကြံနိုင်မည်ဆိုပါက သူ၏အလုံးစုံစွမ်းအားကိုမြှင့်တင်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်။
ခုန်မင်အနေဖြင့် ‘ဒြပ်စင်စွမ်းအားဆရာသခင်’ အဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်သော်လည်း ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်သည့်အခါ မည်သို့သော အန္တရယ်များဖြင့် တွေ့ကြုံရမည်ကို အတတ်မပြောနိုင်ပေ။
ထို့ကြောင့် မိမိစွမ်းရည်ကို အနည်းငယ်မျှပင်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ခြင်းက ဘေးကင်းလုံခြုံရေးအတွက် ပို၍စိတ်ချရပေမည်။
သို့ဖြစ်ရာ (၃)ရက်ဆိုသည့်အချိန်က ခုန်မင်အတွက်တော့ အလဟသ ဖြုန်းတီးပစ်ရမည့်အချိန် မဟုတ်ပေ။
အခန်းတံခါးများနှင့် ပြတင်းပေါက်များအားလုံး ပိတ်ပြီးသည်နှင့် ခုန်မင်က တိုရီယာလက်စွပ်ထဲမှ ‘ကျောက်တုံးထိန်းချုပ်နည်းစနစ်’ စာအုပ်ကို ထုတ်ယူကာ ဂရုတစိုက် လေ့လာလိုက်သည်။
စာအုပ်ကိုဖွင့်လိုက်သည်နှင့် အံ့သြဝမ်းသာစရာကိစ္စက ခုန်မင်အား ဆီးကြိုနေသည်။
ဂယ်ရီက ‘နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်’ မျှသာဖြစ်ရာ သူကျင့်ကြံသောကျင့်စဉ်က ဆရာသခင်အဆင့် ကျင့်စဉ်မျှသာဖြစ်မည်ဟု ထင်ထားခဲ့သည်။
သို့သော် စာအုပ်နိဒါန်းကိုဖတ်လိုက်သည်နှင့် ဤစာအုပ်က ‘အလယ်ဆင့် အရှင်သခင်အဆင့်’ မြေဒြပ်စင်ကျင့်စဉ်တစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည်။
ဤ ‘ကျောက်တုံးထိန်းချုပ်နည်းစနစ်’ က ခွန်းကာမြို့ ၊ ခုန်အိမ်တော်တွင် အစဉ်အဆက်လက်ဆင့်ကမ်းခဲ့သော ‘လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်’ နှင့် အဆင့်အတန်း တန်းတူနီးပါးရှိသည်။
ဂယ်ရီက ဤကျင့်စဉ်ကို ကျင့်ကြံပါလျက် ‘နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်’ အဆင့်သာ ရှိနေသေးခြင်းမှာ ကျင့်စဉ်၏အရည်အသွေး ညံ့ဖျင်းခြင်းကြောင့်မဟုတ်ဘဲ သူ၏ပါရမီနှင့်အရည်အချင်းက အားနည်းသောကြောင့်သာ ဖြစ်၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဂယ်ရီ၏ နောက်ကွယ်တွင် အားကိုးအားထားပြုလောက်သော အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ရှိနေမည်မှာ သေချာသည်ပင်။
မဟုတ်ပါက ဂယ်ရီကဲ့သို့လူတစ်ယောက်အတွက် ‘အရှင်သခင်အဆင့်’ ကျင့်စဉ်တစ်ခုကို ကျင့်ကြံခွင့်ရရန် မည်သို့မှ မဖြစ်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ဂယ်ရီကို သတ်ဖြတ်ပြီးနောက် မမျှော်လင့်ဘဲ ‘အရှင်သခင်အဆင့်’ ကျင့်စဉ်တစ်ခုကို ရရှိလိုက်ခြင်းက ခုန်မင်အတွက်တော့ အကျိုးရှိသွားခဲ့သည်။
ဂယ်ရီ့နောက်ကွယ်တွင် မည်သူရှိနေသနည်းဆိုသော ကိစ္စကိုတော့ ခုန်မင်က လောလောဆယ် ဘေးဖယ်ထားလိုက်၏။
ခုန်မင်က ‘ကျောက်တုံးထိန်းချုပ်ခြင်းနည်းစနစ်’ ကို အစမှအဆုံး အလွတ်ရအောင်ဖတ်ရှုလိုက်သည်။
ပြီးမှ သူ၏အားကောင်းသောဝိညာဉ်စွမ်းအားကိုအသုံးပြုကာ ကျင့်စဉ်နည်းစနစ်များကို စိတ်ထဲတွင်ပုံဖော်ပြီး စတင်လေ့လာလိုက်သည်။
ဤကျင့်စဉ်တစ်ခုလုံး၏အနှစ်သာရက “ထိန်းချုပ်ခြင်း” ဆိုသော စကားလုံးအပေါ်တွင် မူတည်နေသည်။
ဤကျင့်စဉ်ထဲတွင် မြေဒြပ်စင်စွမ်းအား အသုံးချပုံနှင့်ပတ်သက်ပြီး အလွန်နက်နဲသည့်နည်းလမ်းများကို မှတ်တမ်းတင်ထား၏။
ဤအတတ်ပညာကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သွားပါက တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများကြားတွင် မြေဒြပ်စင်ကို ထိန်းချုပ်နိုင်စွမ်း၌ ပြိုင်ဘက်ကင်း ဖြစ်သွားပေမည်။
ဥပမာ - ‘ကျောက်တိုင်ထိုးဖောက်ခြင်း’ တိုက်ကွက်ကို ကြည့်လျှင် ခုန်မင်သည် ကျောက်တိုင်အနည်းငယ်ကိုသာ တစ်ပြိုင်နက်တည်း ဖန်တီးနိုင်ခဲ့သည်။
ဂယ်ရီ အလစ်ချောင်းတိုက်ခိုက်စဉ်မှာတော့ ကျောက်တိုင်ပေါင်း တစ်ဒါဇင်ခန့်ကို တပြိုင်တည်းထိုးထွက်စေနိုင်ခဲ့သည်။
သူတို့နှစ်ယောက်ကြားမှ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်က တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သော်လည်း ဂယ်ရီ၏ မြေဒြပ်စင်စွမ်းအားအသုံးပြုမှု အရှိန်အဟုန်နှင့် တိကျမှုမြင့်မားခြင်းမှာ ဤကျင့်စဉ်ကြောင့် ဖြစ်ပေသည်။
ခုန်မင်၏ ခန့်မှန်းချက်အရ ‘ကျောက်တုံးထိန်းချုပ်ခြင်းနည်းစနစ်’ အခြေခံအဆင့်အောင်မြင်ရုံမျှဖြင့် သူ၏ မြေဒြပ်စင်စွမ်းအား အသုံးချနိုင်စွမ်း ၃၀ ရာနှုန်းအထိ မြင့်တက်လာနိုင်သည်။
နောင်တစ်ချိန် ဤနည်းစနစ်ကို ပိုမိုနက်နဲစွာသုံးသပ်ပြီး အခြားသော မြေဒြပ်စင်ကျင့်စဉ်များနှင့် ပေါင်းစပ်နိုင်မည်ဆိုပါက မူရင်းကျင့်စဉ်ထက် သာလွန်ကောင်းမွန်သော ကျင့်စဉ်အသစ်တစ်ခုကိုပင် ဖန်တီးနိုင်မည် ဖြစ်၏။
ခုန်မင် အချိန်မဆွဲတော့ဘဲ ကျောက်တုံးထိန်းချုပ်ခြင်းနည်းစနစ်ကို စတင်ကျင့်ကြံလိုက်သည်။
သစ်သား-မီး-မြေ ဒြပ်စင်စွမ်းအား(၃)မျိုးလုံး ပိုင်ဆိုင်ထားသည့် ခုန်မင်က ခန္ဓာကိုယ်တွင်းမှ မြေဒြပ်စင်စွမ်းအားကို အလိုရှိတိုင်းလှုပ်ရှားစေနိုင်သည်။
သူ့အတွက် လိုအပ်သည်က ထိုစွမ်းအားကို စနစ်တကျလမ်းကြောင်းပေးနိုင်သည့် နက်နဲသောကျင့်စဉ်များသာလျှင် ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း (၃)ရက်ဆိုသောအချိန်က ကုန်ဆုံးသွားလေသည်။
ခုန်မင်သည်လည်း ကျောက်တုံးထိန်ချုပ်နည်းစနစ် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်များအားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်သွားပြီ ဖြစ်သည်။
သူ့အတွက် ဒြပ်စင်စွမ်းအားစုဆောင်း ကျင့်ကြံရန်သာ လိုအပ်တော့သည်။
သို့သော် မည်မျှပင်ပါရမီထူးခြားပါစေ ကျင့်ကြံခြင်းအဆင့်တက်ရန်မှာ တစ်နေ့တည်းတစ်ညတည်းနှင့် ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ယနေ့...
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပမည့်နေ့ ဖြစ်လေသည်။
ခုန်မင်လည်း သူ၏စွမ်းအားများကို ပြန်လည်ရုတ်သိမ်းကာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့တော့၏။
***
ယနေ့မှာတော့ ဧည့်နန်းဆောင်တွင် တည်းခိုကြသည့် မျိုးနွယ်စုအသီးသီးက အခမ်းအနားတက်ရောက်ရန် ရောက်ရှိလာသဖြင့် ရင်ပြင်တစ်ခုလုံး စည်ကားလျှက်ရှိသည်။
အထူးသဖြင့် အင်အားကြီးမားသော မျိုးနွယ်စုကြီးများက သူတို့၏စွမ်းအားကိုပြသရန် လူအင်အားများစွာဖြင့် ရောက်ရှိလာသည်ဖြစ်ရာ ခုန်မင်တို့ကဲ့သို့ အုပ်စုငယ်လေးများမှာ သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
သို့သော် ခုန်မင်ကတော့ ထိုအင်အားကြီးအုပ်စုများကို အထင်ကြီးခြင်းမရှိသလို အထင်သေးခြင်းလည်း မရှိပေ။ ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခွင့်ရမှသာ စစ်မှန်သောယှဉ်ပြိုင်မှု စတင်မည် မဟုတ်ပါလား။
ဧည့်သည်များအားလုံး ရင်ပြင်ထက် အချိန်အတန်ကြာ လှည့်လည်သွားလာနေခဲ့ကြသည်။
နေမွန်းတည့်ချိန်မရောက်ခင်မှာပင် ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ကိုယ်စားလှယ်များက အရွယ်ရောက်ခြင်းအခမ်းအနား စတင်တော့မည်ဖြစ်ကြောင်း အသိပေးကာ မျိုးနွယ်စုအသီးသီးမှ ဧည့်သည်တော်များကို ရေခဲရင်ပြင်ထက်ရှိ သတ်မှတ်နေရာများတွင် နေရာယူရန် ဖိတ်ကြားလိုက်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုက ရောက်ရှိလာသည့် ပြင်ပဧည့်သည် ထောင်ပေါင်းများစွာကို စနစ်တကျနှင့် အစီအစဉ်တကျဖြစ်အောင် နေရာချထားပေးလေသည်။
ရင်ပြင်ထက်မှ ထိုင်ခုံများက ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပြီး အင်အားကြီးမျိုးနွယ်စုများ ၊ ထင်ရှားသည့်မိသားစုများနှင့် နာမည်ကြီးပုဂ္ဂိုလ်များကိုတော့ အရေးကြီးပုဂ္ဂိုလ်များအဖြစ်သတ်မှတ်ကာ အကောာင်းဆုံးနေရများတွင် နေရာချထားလေသည်။
ခုန်မင်တို့ကဲ့သို့ လူသိနည်းသူများကိုတော့ ရင်ပြင်၏အစွန်ပိုင်းများတွင်သာ နေရာချထားလေသည်။
ခုန်မင်ကတော့ ထိုသို့ ခွဲခြားဆက်ဆံသည်ကို အရေးမစိုက်ပေ။
ထျန်းယွမ်ကုန်းမြေတွင် စွမ်းအားကြီးသူကိုသာ လေးစားကြသည်။
အခြားသူများ၏ အသိအမှတ်ပြုမှုကိုလိုချင်ပါက မိမိမည်မျှစွမ်းအားကြီးကြောင်း လက်တွေ့ သက်သေပြရမည်သာ ဖြစ်၏။
ယခု တောင်တံခါးတွင်တွေ့ခဲ့သော မီးလျှ့ဖီးနစ်ရုပ်တုကြီးက မည်သည့်နည်းလမ်းဖြင့် ရွှေ့ပြောင်းလာသည်မသိ ရေခဲရင်ပြင် အလယ်တည့်တည့်သို့ ရောက်ရှိနေသည်။
ကြည့်ရသည်မှာ ကြီးမားသော မှော်စွမ်းအားတစ်ခုခုအသုံးပြုပြီး ရွှေ့ပြောင်းထားခြင်း ဖြစ်နိုင်သည်။
ထိုဖီးနစ်ရုပ်တုကြီးကို ဝန်းရံလျှက် စင်မြင့်ကြီးတစ်ခု တည်ဆောက်ထားပြီး မျိုးနွယ်စုအသီးသီးမှ ဧည့်သည်တော်များအတွက် ထိုင်ခုံများက ထိုစင်မြင့်ကိုဗဟိုပြုဝိုင်းပတ်လျှက် စီစဉ်ထားသည်။
ခုန်မင် အကဲခတ်ကြည့်လိုက်တော့ သူတို့ကဲ့သို့ အင်အားနည်းသောအုပ်စုလေးများမှာ တစ်ဒါဇင်ခန့်ရှိပြီး ထိုင်ခုံများ၏ ဘေးဘက် ၊ အနောက်ဘက်နှင့် ထောင့်ဘက်များတွင် လူစုခွဲ၍ နေရာချထားကြောင်း တွေ့ရသည်။
ထိုသို့သော ဘေးဘက်နေရာများက စင်မြင့်ထက်သို့လှမ်းမြင်ရသည်ဆိုသော်လည်း မြင်ကွင်းက သိပ်ပြီး ကောင်းမွန်ခြင်းမရှိပေ။
အလယ်ဗဟိုရှိ ပင်မစင်မြင့်နှင့် အနီးဆုံးဖြစ်သည့်နေရာ(၁၀၀)ခန့်ကို တောရိုင်းဒေသမျိုးနွယ်စုတစ်ရာမှ “အဓိကမျိုးနွယ်စုကြီး(၃)ခု” က သိမ်းပိုက်ထားသည်။
အိမ်ရှင်ဖြစ်သည့် ဖီးနစ်နားခိုရာမျိုးနွယ်စုက အလယ်ဗဟိုရှိ အဓိကနေရာကို ရယူထားသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုကို ဦးဆောင်သူက သူတို့၏မျိုးနွယ်စုခေါင်းဆောင် ‘ယန်ယန်’ ဖြစ်သည်။
ယန်ယန်က အသက်(၂၀၀)ဝန်းကျင်ရှိပြီဖြစ်သော်လည်း ခိုင်ခံ့တောင့်တင်းသောခန္ဓာကိုယ်နှင့် မီးလျှံရောင်ဆံပင်များကိုပိုင်ဆိုင်ထားကာ အားအင်ပြည့်ဝသည့် လူရွယ်တစ်ယောက်ပုံစံဖြစ်သည်။
သူက စွမ်းအားရောင်ဝါကိုထိန်းချုပ်ထားသော်လည်း သူ၏ဂုဏ်သတင်းကြားဖူးသူတိုင်းက အကြီးအကဲ’ယန်ယန်’ မှာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူဖြစ်ကြောင်း သိရှိကြသည်။
ထို့ပြင် လွန်ခဲ့သော အနှစ်(၃၀)ခန့်ကတည်းက ယန်ယန်က သူ့အစွမ်းကို လူပုံအလယ်တွင် ထုတ်ဖော်ပြသခြင်း မရှိတော့ပေ။
ထို့ကြောင့် သူ၏ကျင့်ကြံခြင်း မည်မျှမြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်က အပြင်လူများအတွက် ပဟေဠိတစ်ခုသာ ဖြစ်သည်။
ယန်ယန်၏ ဘယ်တွင်ထိုင်နေသူက အသားညိုညို ၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် လေးထောင့်ကျကျ မျက်နှာပိုင်ရှင်ဖြစ်သည်။
သူ့ပုံစံက ရွှံ့စေး သို့မဟုတ် သစ်သားဖြင့်ထုတ်လုပ်ထားသည့် ရုပ်တုတစ်ခုအလား မည်သည့်ခံစားချက်မှမရှိဘဲ တည်ငြိမ်လွန်းသည်။
သူက ကြံ့နက်မျိုးနွယ်စု၏အကြီးအကဲ’ခယ်ယွီ’ ဖြစ်သည်။
“ခယ်ယွီ” ဆိုသောအမည်ကြားသည်နှင့် မည်သူမဆို ကြောက်ရွံ့ရိုသေသွားကြရသည်ပင်။
ကြံ့နက်မျိုးနွယ်စုက တောရိုင်းဒေသရှိ အဓိကမျိုးနွယ်စုကြီး(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းတစ်လျှောက် တန်ခိုးစွမ်းအားရှင်များစွာ ထွက်ပေါ်လာလေ့ရှိသော မျိုးနွယ်စုလည်းဖြစ်သည်။
သမိုင်းတွင် တစ်ဦးတည်းသော တောရိုင်းဘုရင်ဘွဲ့ကို ရရှိခဲ့သူ ‘ကိုနန်’ သည်လည်း ကြံ့နက်မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်၏။
ယခု ခယ်ယွီကိုလည်း နှစ်ပေါင်းတစ်ထောင်မှတစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင်ဟု သတ်မှတ်ထားကြပြီး ‘တောရိုင်းဘုရင်’ ဘွဲ့ကို ပြန်လည်ရယူနိုင်မည်လားဟု မျှော်လင့်နေကြသည်။
သူ့ကို ဤမျှမျှော်လင့်ချက်ထားပြီး ချီးကျူးကြရသည့်အကြောင်းရင်းမှာ ခယ်ယွီက အသက်(၁၀၀)ပင် မပြည့်သေးသည့်တိုင် ဒြပ်စင်စွမ်းအားထိပ်တန်းသခင် ကနဦးအဆင့်သို့ ရောက်ရှိနေရုံသာမကကြံ့နက်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်နေရာကိုလည်း ရယူထားသောကြောင့်ပင်။
သူ၏အသက်အရွယ်အရ ကြည့်မည်ဆိုပါက အနည်းဆုံးနောက် နှစ်ပေါင်း(၂၀၀)မှ (၃၀၀)အထိ တောရိုင်းဒေသ၏ ပင်မတန်ခိုးစွမ်းအားရှင်တစ်ယောက်အဖြစ် ရပ်တည်သွားနိုင်ဦးမည် ဖြစ်သည်။
ထို့ပြင် ဤအရှိန်အဟုန်အတိုင်း ဆက်သွားမည်ဆိုလျှင် ခယ်ယွီအနေဖြင့် “ဧကရာဇ်အဆင့်” သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပါက သေချာပေါက် “တောရိုင်းဘုရင်” ဘွဲ့ကို ရရှိပေမည်။
ယန်ယန်၏ညာဘက်မှာတော့ ငွေရောင်ဆံပင်များပိုင်ဆိုင်သည့် အလွန်တရာချောမောလှပပြီး ကျော့ရှင်းတည်ငြိမ်သော အမျိုးသမီးတစ်ယောက် ထိုင်နေသည်။
တောရိုင်းမျိုးနွယ်စုများကြားတွင် “ပြာလွင်တောင်ပံမျိုးနွယ်စု” မှ အိုင်မီဒါဟုဆိုလိုက်သည်နှင့် အားလုံးက အံ့အားသင့်စွာ သက်ပြင်းချမိကြပေမည်။
သူမက တောရိုင်းဒေသ၏ နံပါတ်(၁) အလှမယ်ဆိုသော ဂုဏ်သတင်းနှင့်အညီ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် မှိန်ဖျော့သွားခြင်းမရှိသော အလှတရားဖြင့် ကျော်ကြားခဲ့သူပင်။
အိုင်မီဒါက အဓိကမျိုးနွယ်စု(၃)ခုအနက် နောက်ဆုံးတစ်ခုဖြစ်သော ပြာလွင်တောင်ပံမျိုးနွယ်စု၏ အကြီးအကဲ ဖြစ်သည်။
တောရိုင်းဒေသမျိုးနွယ်စုတစ်ရာမှ အဓိကမျိုးနွယ်စုကြီး(၃)ခုအနက် ပြာလွင်တောင်ပံမျိုးနွယ်စုက အထူးခြားဆုံးမျိုးနွယ်စုဟု ပြော၍ရသည်။
အဘယ်ကြောင့်ဆိုသော် ပြာလွင်တောင်ပံမျိုးနွယ်စုက တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် အမျိုးသမီးများ အမြင့်ဆုံးအာဏာကိုဆုပ်ကိုင်ထားသည့် တစ်ခုတည်းသောမျိုးနွယ်စု ဖြစ်သောကြောင့်ပင်။
ရှေးခေတ်အချိန်မစတင်ပြီး ခေတ်အဆက်ဆက်တိုင်အောင် ဤမျိုးနွယ်စုမှ မိန်းကလေးများက အလှထိပ်ခေါင်တင်များအဖြစ် နာမည်ကျော်ကြားကြသည်။
“တောရိုင်းဒေသ၏ နံပါတ်(၁) အလှမယ်” ဆိုသော ဘွဲ့ထူးကို အမြဲတမ်းလိုလို ပြာလွင်တောင်ပံမျိုးနွယ်စုမှသာ ရရှိခဲ့ပြီး အခြားမျိုးနွယ်စုများက တစ်ခါမှရယူနိုင်ခြင်း မရှိခဲ့ကြပေ။
တန်ခိုးစွမ်းအားအရာတွင်တော့ ပြာလွင်တောင်ပံမျိုးနွယ်စုက အခြားအင်အားကြီးမျိုးနွယ်စုနှစ်ခုဖြစ်သည့် ဖီးနစ်နားခိုရာမျိုးနွယ်စုနှင့် ကြံ့နက်မျိုးနွယ်စုတို့ကို အမီမလိုက်နိုင်သလို လူဦးရေများပြားသည့် အခြားအင်အားကြီးမျိုးနွယ်စုများကိုပင် ယှဉ်နိုင်သည် မဟုတ်ပေ။
သို့သော် ပြာလွင်တောင်ပံမျိုးနွယ်စုက အဓိကမျိုးနွယ်စုကြီး(၃)ခုနေရာတွင် အမြဲတမ်း ခိုင်ခိုင်မာမာရပ်တည်နေပြီး အခြား မည်သည့်မျိုးနွယ်စုကမှ သူတို့၏အဆင့်အတန်းကို စိန်ခေါ်ဝံ့ခြင်း မရှိပေ။
ဤသည်မှာ “ကောင်းကင်တစ်ဝက်ကို အမျိုးသမီးများက ထမ်းပိုးထားသည်” ဟူသော ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။
တောရိုင်းဒေသမျိုးနွယ်စုများတွင် အမျိုးသမီးများ၏ သြဇာနှင့် အဆင့်အတန်းက အမျိုးသားများထက် ပိုမိုတောက်ပလေ့ ရှိသည်။
မျိုးနွယ်စုအသီးသီးမှ လူငယ်များက ကြင်ယာဖက်ရှာဖွေသည့်အခါ ကိုယ့်မျိုးနွယ်ထဲမှမိန်းမပျိုများထက် အခြားမျိုးနွယ်စုမှ မိန်းမပျိုများကိုသာ လက်ထပ်ထိမ်းမြားလေ့ ရှိကြသည်။
သို့ဖြစ်ရာ ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုများက အခြားမျိုးနွယ်စုမှ ယောကျ်ားပျိုများဖြင့် အများဆုံး ထိမ်းမြားလက်ထပ်လေ့ ရှိကြသည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာကြားတွင် ပြာလွင်တောင်ပံမျိုးနွယ်စုမှ အလှပဂေး မိန်းမပျိုတစ်ယောက်ကို လက်ထပ်ခွင့်ရခြင်းမှာ အလွန်တရာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ပြာလွင်တောင်ပံမျိုးနွယ်စုက တောရိုင်းဒေမှ မျိုးနွယ်စုကြီးများ ၊ ထင်ရှားသောမိသားစုများ ၊ အင်အားတောင့်တင်းသော အလယ်အလတ် မျိုးနွယ်စုများကြားတွင် ရှုပ်ထွေးသည့်ဆွေမျိုးတော်စပ်မှု ကွန်ယက်ကြီးတစ်ခု တည်ဆောက်ထားနိုင်ခဲ့သည်။
ထိုသို့ဖြင့် ပြာလွင်တောင်ပံမျိုးနွယ်စုက သူတို့၏ အလှအပနှင့် ဆွေမျိုးတော်စပ်မှုကို အသုံးပြုပြီး အာဏာကိုထိန်းညှိကာ ပါးနပ်စွာဖြင့် အဓိကမျိုးနွယ်စု(၃)ခုတွင် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။