ဒြပ်စင်ငါးပါးအစီအရင်
Vol. 12 Ch. 133
တောရိုင်းဒေသမျိုးနွယ်စုတစ်ရာတွင် ပြာလွင်တောင်ပံမျိုးနွယ်စု၏ ကိုယ်ပိုင်အင်အားက အကြီးမားဆုံးမဟုတ်သော်လည်း စည်းရုံးနိုင်စွမ်းနှင့် သြဇာလွှမ်းမိုးမှုအပိုင်းတွင် မည်သည့်မျိုးနွယ်စုကမှ သူတို့ကိုမယှဉ်နိုင်ပေ။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာကြားတွင် မည်သူမှ ပြာလွင်တောင်ပံမျိုးနွယ်စုကို ရန်စဝံ့ခြင်း မရှိကြပေ။
ထို့ကြောင့် သူတို့၏အင်အားက အထွတ်ထိပ်အဆင့်ရှိမနေသော်လည်း အဓိကမျိုးနွယ်စုကြီး(၃)ခုစာရင်းတွင် မည်သူမှ စိန်ခေါ်ရဲခြင်းမရှိဘဲ နေရာတစ်ခု ခိုင်ခိုင်မာမာ ရယူထားခြင်း ဖြစ်၏။
ကျော်ကြားလှသော ကြံ့နက်မျိုးနွယ်စု အကြီးအကဲ’ခယ်ယွီ’ သည်ပင်လျှင် အိုင်မီဒါနှင့်တွေ့ဆုံသည့်အခါ “လေးစားအပ်ပါသော မိခင်” ဟု ခေါ်ဝေါ်နှုတ်ဆက် ဂါရဝပြုရသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် တောရိုင်းဒေသတွင် ပြာလွင်တောင်ပံမျိုးနွယ်စု၏အဆင့်အတန်း မည်မျှမြင့်မားသည်ကို ခန့်မှန်းနိုင်သည်။
ထို့ကြောင့်ပင် အိုင်မီဒါ၏ ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားအရှင်သခင် နှောင်းပိုင်းအဆင့်သာဖြစ်သော်လည်း ထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများဖြစ်သည့် ယန်ယန်နှင့် ခယ်ယွီတို့ရှေ့တွင် လုံးဝ အေးဆေးတည်ငြိမ်စွာ ယုံကြည်မှုအပြည့်ဖြင့် သိက္ခာနှင့်အရှိန်အဝါကို လှပကျော့ရှင်းစွာ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
အဓိကမျိုးနွယ်စုကြီး(၃)ခု၏ နောက်ကွယ်တွင် အခြားသော အင်အားကြီးမျိုးနွယ်စုများမှ သြဇာရှိပုဂ္ဂိုလ် (၁၀)ယောက်ကျော် တစ်စုတစ်ဝေးတည်း ထိုင်နေကြသည်။
သူတို့၏အဆင့်အတန်းနှင့် ရပ်တည်မှုက အဓိကမျိုးနွယ်စုကြီး (၃)ခုနှင့် လုံးဝနှိုင်းယှဉ်၍မရသဖြင့် ခုန်မင်က သူတို့ကို အာရုံစိုက်မနေတော့ပေ။
သို့ပေသိ ခုန်မင်ကို အံ့အားသင့်သွားစေသည့်အချက်မှာ အင်အားကြီးမျိုးနွယ်စုများကြားတွင် ချောင်တတိယသခင်လေးနှင့် သူ၏အခြွေအရံများ ထိုင်နေသည်ကို မြင်လိုက်ရခြင်းပင်။
သူ့အနားတွင် အရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ပါရှိနေသည်ဖြစ်ရာ ချောင်တတိယသခင်လေးအနေဖြင့် ဖီးနစ်နားခိုရာတောင်သို့ ဘေးကင်းစွာရောက်လာသည်မှာ အံ့သြစရာမရှိပေ။
သို့သော် သူက အဘယ့်ကြောင့် အင်အားကြီးမျိုးနွယ်စုများကြားတွင် နေရာတစ်နေရာ ရရှိသွားပါသနည်း။
သူက ချောင်အိမ်တော်မှ အဆက်အနွယ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသလိုက်ခြင်းကြောင့်လား။
ချောင်အိမ်တော်၏သြဇာအာဏာက တောရိုင်းဒေသအထိ မသက်ရောက်သည်မှန်သော်လည်း ပြင်ပလောကမှ နာမည်ကြီး ချောင်အိမ်တော်မှ တိုက်ရိုက်အဆက်အနွယ်တစ်ယောက်က အရွယ်ရောက်ခြင်းအခမ်းအနားကို တက်ရောက်လာသည်ဖြစ်ရာ ဖီးနစ်နားခိုရာမျိုးနွယ်စုအနေဖြင့် အနည်းဆုံးတော့ လေးစားမှုပြသရမည် ဖြစ်သည်။
ချောင်တတိယသခင်လေး အင်အားကြီးအုပ်စုများအလယ်တွင် ရှိနေသည်ကို ခုန်မင်က ကျေးဇူးပင်တင်မိသည်။
ချောင်တတိယသခင်လေးသည်လည်း ခုန်မင်ကဲ့သို့ပင် အင်အားစုငယ်လေးတစ်ခုအသွင်ဖြင့် မထင်မရှားရောက်ရှိလာပါက ချောင်တစ်ချောင်မှာပင် နေရာချထားပေးခြင်း ခံရပေမည်။
ထိုသို့ဆိုပါက ခုန်မင်အနေဖြင့် သူတို့အုပ်စုကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ရေခဲရင်ပြင်တွင် ဧည့်သည်တော်များအားလုံး နေရာယူပြီးသည်နှင့် မွန်းတည့်ချိန်သို့ ရောက်ရှိသွားပေပြီ။
အနှစ်(၂၀)မှ တစ်ကြိမ်ကျင်းပသော ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနား စတင်တော့မည် ဖြစ်၏။
အမှန်တော့ ဖီးနစ်နားခိုရာမျိုးနွယ်စုက အရွယ်ရောက်ခြင်းအခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
သို့သော် အပြင်လောကမှလူများကို ဖိတ်ကြားပြီး လူသိရှင်ကြား ခမ်းနားထည့်ဝါစွာ ကျင်းပသည့်ပွဲကိုတော့ အနှစ်(၂၀)မှတစ်ကြိမ် ပြုလုပ်လေ့ရှိသည်။
ယခု ရင်ပြင်ထက်တွင်ပြုလုပ်သည့် အရွယ်ရောက်ခြင်းအခမ်းအနားက အစပျိုးရုံသာ ရှိသေးသည်။
အခမ်းအနားပြီးသည့်အချိန် ဆက်လက်ပြုလုပ်မည့် ဖီးနစ်ကျဆုံးတောင်ကြားသို့သွားရောက်ရမည့် စမ်းသပ်ပွဲခရီးစဉ်ကသာ လူတိုင်းစောင့်မျှော်နေကြသည့် တကယ့်ပွဲတော် ဖြစ်သည်။
သတ်မှတ်ထားသည့်အချိန် ကျရောက်သည်နှင့် မီးလျှံကဲ့သို့ ရဲရဲတောက်နေသည့် ဝတ်ရုံကိုဆင်မြန်းထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဆွတ်ဆွတ်ဖြူနေသည့် ခန့်ညားသောအဘိုးအိုတစ်ယောက် စင်မြင့်ထက်သို့ တက်လှမ်းလာသည်။
ထိုအဘိုးအိုက ရင်ပြင်ထက်မှ ဧည့်သည်များအားလုံးကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်လိုက်ရင်း...
“ကျုပ်တို့ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားကို ကြွရောက်ချီးမြှင့်ပေးကြတဲ့အတွက် ဂုဏ်သရေရှိ ဧည့်သည်တော်တွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ လူကြီးမင်းတို့ တက်ရောက်ပေးကြတဲ့အတွက်သာ ဒီပွဲက တောရိုင်းဒေသတစ်ခွင်မှာ အစည်ကားဆုံးနဲ့ အခမ်းနားဆုံး ပွဲတော်တစ်ခု ဖြစ်လာခဲ့တာပါ”
ဤအဘိုးအိုက ဖီးနစ်နားခိုရာမျိုးနွယ်စူ၏ ပြင်ပရေးရာကိစ္စများကို တာဝန်ယူဆောင်ရွက်ရသည့် အကြီးအကဲ’လင်သွင့်’ ဖြစ်သည်။
သူက အလယ်ဆင့် ဒြပ်စင်စွမ်းအား အရှင်သခင်တစ်ယောက်ဖြစ်ပြီး တောရိုင်းဒေသတွင်တော့ အတော်လေး လူသိများသူဖြစ်၏။
အဘိုးအို၏စကားသံအဆုံးသတ်သွားသည်နှင့် ဧည့်သည်များထံမှ တုံ့ပြန်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
“အကြီးအကဲ’လင်သွင့်’ က ယဉ်ကျေးလွန်းနေပါပြီ”
“ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခွင့်ရတာ ကျုပ်တို့ တကယ်ပဲ မျက်စိပွင့်ဖြစ်ရပါတယ်”
“ကျုပ်တို့ကသာ ဖီးနစ်နားခိုရာမျိုးနွယ်စုကို ကျေးဇူးတင်ရမှာပါ”
အကြီးအကဲ’လင်သွင့်’ က ရယ်မောလိုက်ပြီး...
“ဧည့်သည်တော်တွေလည်း ဝေးလံတဲ့အရပ်ကနေ ရောက်အောင်လာပေးကြတာ ကျေးဇူးတင်ပါတယ် ၊ ကျုပ်တို့ဘက်က ဧည့်ခံကျွေးမွေးတဲ့နေရာမှာ လိုအပ်ချက်ရှိရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်...”
ထို့နောက် သူက လက်ခုပ်တစ်ချက်တီးလိုက်ပြီး...
“ကဲ... အခုဆိုရင်တော့ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနား တရားဝင်စတင်ပြီ ဖြစ်ပါတယ်”
အကြီးအကဲ’လင်သွင့်’ ၏ စကားဆုံးသည်နှင့် အနီရောင်ဝတ်ရုံများဆင်မြန်းထားသည့် လူငယ်တစ်စု စင်မြင့်နောက်မှထွက်ပေါ်လာပြီး စင်ပေါ်သို့ တန်းစီတက်လာကြသည်။
စုစုပေါင်း အယောက်(၆၀)ခန့် ရှိသော်လည်း မိန်းကလေးဦးရေကတော့ (၁၀)ယောက်ပင် မပြည့်ပေ။
အားလုံးက ငယ်ရွယ်သူများဖြစ်ကြသော်လည်း ကျင့်ကြံခြင်းအဆင့်ကတော့ အားနည်းသူများ မဟုတ်ကြပေ။
အားလုံးက ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှ (၃)ယောက်ဆိုလျှင် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပေပြီ။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ဓလေ့ထုံးတမ်းအရ အသက်(၃၀) မပြည့်သေးသူများကို လူကြီးအဖြစ် မသတ်မှတ်ပေ။
ထို့ကြောင့် ဤလူငယ်များအားလုံးမှာ အသက်(၃၀)အောက်သာ ရှိကြသေးသည်။
ဤမျှငယ်ရွယ်သည့် အသက်အရွယ်ဖြင့် ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်မှာ ထူးခြားသည့်ပါရမီရှင်များဟု သတ်မှတ်နိုင်သည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာအနက် အင်အားအကြီးဆုံး မျိုးနွယ်စုကြီး(၃)ခု တွင် တစ်ခုအပါအဝင်ဖြစ်သည့် ဖီနစ်နားခိုရာမျိုးနွယ်စုအနေဖြင့် အရွယ်ရောက်ခြင်းအခမ်းအနားတွင် ဤမျှများပြားသော ထူးချွန်လူငယ်များကို ထုတ်ပြနိုင်ခြင်းမှာ သူတို့၏ နက်နဲသည့်အင်အားကို သက်သေပြနေခြင်းသာပင်။
ဤသည်မှာ သာမန်မျိုးနွယ်စုများ မယှဉ်နိုင်သည့်အချက်ပင် ဖြစ်၏။
အကယ်၍ မမျှော်လင့်သည့်ပြဿနာတစ်ခုခု မကြုံရဘူးဆိုလျှင် ဤလူငယ်များက ဖီးနစ်ကျဆုံးမျိုးနွယ်စု၏ အနာဂတ် အဓိကအင်အားစု ဖြစ်လာနိုင်သည်။
အင်အားကြီးမားလှသော ကြံနက်မျိုးနွယ်စုနှင့် ပြာလွင်တောင်ပံမျိုးနွယ်စုတို့သည်ပင် ဤသို့သော လူငယ်အင်အားကို စုစည်းရန် ခဲယဉ်းပေသည်။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည့် လူငယ်(၃)ယောက်ကို ခုန်မင်က သတိပြုပြီး ကြည့်လိုက်သည်။
ထိုလူငယ်(၃)ယောက်တွင် မိန်းကလေးတစ်ယောက်ပါဝင်နေကြောင်းတွေ့ရသဖြင့် အံ့အားသင့်သွားရသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုမှ လူငယ်များအားလုံးက တူညီဝတ်စုံများဝတ်ထားသည်ဖြစ်ရာ ခန္ဓာကိုယ်တည်ဆောက်ပုံကြည့်မှသာလျှင် မိန်းကလေး ယောကျ်ားလေး ခွဲခြားနိုင်ပေသည်။
ထို နှောင်းပိုင်းအဆင့် ဆရာသခင် မိန်းမပျိုလေးမှာ ကတုံးဆံပင်ပေါက်ကဲ့သို့ ဆံပင်တိုလေးနှင့် ဖြစ်သည်။ သူမ၏မျက်နှာသွင်ပြင်က အလွန်ထက်မြက်ပြတ်သားဟန် ရှိသည်။
ရုတ်တရက်ကြည့်မည်ဆိုလျှင် သူမကို မိန်းကလေးတစ်ယောက်အဖြစ် သတိထားမိမည် မဟုတ်ပေ။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် ပြာလွင်တောင်ပံမျိုးနွယ်စုမှလွဲပြီး ကျန်မျိုးနွယ်စုများတွင် မိန်းကလေးကျင့်ကြံသူ ရှားပါးလေသည်။
တောရိုင်းဒေသမှ မဟုတ်ပေ။
ထျန်းယွမ်းကုန်းမြေတစ်ခုလုံးတွင် မိန်းကလေးများက ယောကျ်ားလေးများလောက် ဦးစားပေးခံရခြင်းမရှိသဖြင့် မိန်းကလေးကျင့်ကြံသူများ အလွန်ပင် ရှားပါးသည်။
ဤသို့သော အခြေအနေတွင် ဤမိန်းကလေးက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ လူငယ်ကျင့်ကြံသူ ထိပ်တန်း(၃)ဦးစာရင်းဝင်ဖြစ်လာသည်မှာ အလွန်ပင် မလွယ်ကူသော အောင်မြင်မှု ဖြစ်ပေမည်။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ရှိသော ကျန်လူငယ်(၂)ယောက်တွင် တစ်ယောက်ကတော့ သွက်လက်ထက်မြက်ပြီး ချောမောခန့်ညားသူ ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ခန္ဓာကိုယ်သေးသွယ်ပိန်ပါးပြီး ကျန်းမာရေးမကောင်းသူပမာ ဖြူဖျော့သည့်အသားအရေ ပိုင်ဆိုင်ထားသည်။
သူက ခေါင်းကိုငုံ့ထားသဖြင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
သူ့ထံမှ ထွက်ပေါ်နေသည့် စွမ်းအားရောင်ဝါကြောင့်သာမဟုတ်လျှင် မည်သူကမှ သူ့ကို နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ဟု ထင်မှတ်မည် မဟုတ်ပေ။
ထိုအချိန်မှာပင်...
ရေခဲရင်ပြင် အလယ်ဗဟိုမှ ဧရာမဖီးနစ်ရုပ်တုကြီးက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဒြပ်စင်စွမ်းအားလှိုင်းလုံးများ ရုတ်တရက် ထွက်ပေါ်လာသည်။
ရုပ်တုကိုဝန်းရံထားသည့် အနီရောင်မီးလျှံများက တဖြည်းဖြည်းတောက်ပသော ရောင်စုံအလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ မီးလျှံဖီးနစ်ငှက်ရုပ်ကြီးမှာ သက်တံ့ရောင်ဖီးနစ်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖီးနစ်ရုပ်တုကြီးမှ ဖြာထွက်နေသော ရောင်စုံအလင်းတန်းများက အလှအပသက်သက်အတွက်သာ မဟုတ်ဘဲ အမျိုးမျိုးသော ဒြပ်စင်စွမ်းအားများဖြင့် ယှက်နွယ်နေသည်။
ခုန်မင်၏အကဲခတ်မှုမှန်ကန်သည်ဆိုလျှင်တော့ ဤသည်က ထူးခြားသည့်အစီအရင်တစ်ခုကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ထျန်းယွမ်ကုန်းမြေတွင် အစီအရင်ပညာက အထူးတလည် တိုးတက်ထွန်းကားခြင်း မရှိပေ။
ဤနယ်ပယ်ကို လေ့လာလိုက်စားကြသူအများစုမှာ လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီသည့်အချိန်က ရှေးဟောင်းနတ်သူငယ်အင်ပါယာမှ ချန်ထားခဲ့သည့် မှော်အစီအရင်များကိုသာ မှီခိုနေကြရသည်။
မှော်အစီအရင်များကို သဘာဝ ဒြပ်စင်စွမ်းအားများနှင့်ပေါင်းစပ်ကာ လက်တွေ့အသုံးပြုနိုင်မည့် အစီအရင်များကို ဖန်တီးကြရသည်။
သို့ဖြစ်ရာ အစီအရင်ပညာရပ်နှင့်ပတ်သက်သည့်နယ်ပယ်က တိုးတက်မှုနှေးကွေးလွန်းခဲ့၏။
အသစ်တီထွင်နိုင်သည့် အစီအရင်အနည်းငယ်မှာ သွေးမျိုးဆက်ဖြင့်ကန့်သတ်ထားသည့် အစီအရင်များဖြစ်သည်။
သွေးမျိုးဆက်ဖြင့်ကန့်သတ်ထားခြင်းကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် အစီအရင်ဟုခေါ်ဆိုသည့်အရာများက ကလေးကစားစရာကဲ့သို့ဖြစ်ပြီး လက်တွေ့တွင် အသုံးဝင်ခြင်း မရှိလှပေ။
ခုန်မင် ကျွမ်းကျင်ပိုင်နိုင်သည့် ‘ချီမန်’ပညာဆိုလျှင် သာမန်အစီအရင်ပညာများက ယှဉ်ပြိုင်နိုင်စွမ်းမရှိလေရာ ထျန်းယွင်ကုန်းမြေတွင် နတ်ဘုရားအဆင့် နည်းဗျူဟာများဟုပင် သတ်မှတ်မည် ဖြစ်သည်။
ထို့ကြောင့် ချီမန်ပညာတွင် အလွန်နက်နဲနှံ့စပ်စွာ နားလည်သောခုန်မင်ကတော့ ဖီးနစ်ရုပ်တုကြီး ထူးခြားစွာ ပြောင်းလဲသွားသည်မှာ အစီအရင်တစ်ခုခုကို အသက်သွင်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။
ဤအစီအရင်က နတ်သူငယ်မျိုးနွယ်များ၏ မှော်အစီအရင်နှင့် ဆက်စပ်နေပုံရသည်။ ကွာခြားချက်မှာ အစီအရင်ထဲတွင် စီးဆင်းနေသောစွမ်းအားက မှော်စွမ်းအားမဟုတ်ဘဲ ဒြပ်စင်စွမ်းအားဖြစ်နေခြင်းပင်။
တောရိုင်းဒေသက နတ်သူငယ်တို့၏ ဇာတ်တိနယ်မြေ ဖြစ်သည်။
ထို့ကြောင့် ဖီးနစ်နားခိုရာမျိုးနွယ်စုအနေဖြင့် နတ်သူငယ်များထံမှ ထူးခြားသော မှော်အစီအရင်ပညာအချို့ကို သင်ယူခဲ့ခြင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤအစီအရင်က ထူးခြားဆန်းပြားသည်မှာ အမှန်ပင် ဖြစ်၏။
ငါးရောင်ခြယ်အလင်းတန်းများက ရေလှိုင်းများကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားထွက်လာပြီး စင်မြင့်ထက်ရှိ လူငယ်များ၏ဦးခေါင်းထက်တွင် အရောင်အမျိုးမျိုးရှိသည့် အလင်းရောင်စက်ဝန်းများအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းစက်ဝန်းများက လူငယ်များ၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်နှင့် ထူးဆန်းသည့်ဖြစ်စဉ်များကို ထုတ်ဖော်ပြသလေသည်။
ဥပမာ - အနီရောင်မီးလျှံ အလင်းစက်ဝန်းတစ်ခုက လူငယ်တစ်ယောက်၏ဦးခေါင်းထက်တွင် မီးလျှံများတောက်လောင်နေသည့်ပမာ ထင်မှတ်ရသည်။
သို့သော် သေချာကြည့်မည်ဆိုလျှင် ဤသည်က ပုံရိပ်ယောင်မျှသာ ဖြစ်သည်။
အစိမ်းရောင်အလင်းစက်ဝန်းမှာတော့ သစ်ပင်ပန်းမန်များကို ပုံရိပ်ယောင်အဖြစ် တွေ့မြင်ရသည်။
အဝါရောင်အလင်းစက်ဝန်းမှာတော့ ကျောက်ဆောင်ကြီးများ သို့မဟုတ် ကုန်းမြေတောင်တန်းများကို ပြသနေပြီး အပြာရောင်စက်ဝန်းမှာတော့ အဆက်မပြတ်ရိုက်ခတ်နေသည့် ဒီရေလှိုင်းလုံးများ သို့မဟုတ် ကျယ်ပြောသော ရေပြင်များကို တွေ့မြင်ရသည်။
အထူးဆန်းဆုံးကတော့ ရွှေရောင်အလင်းစက်ဝန်းများ ဖြစ်လေသည်။
ရွှေရောင်အလင်းစက်ဝန်းတွင် ဓားရှည် ၊ လှံရှည် ၊ တစ်ဖက်သွားဓား ၊ ခက်ရင်းသုံးခွလှံရှည် စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသော လက်နက်များကိုတွေ့မြင်ရသည်။
မြင်ကွင်းကိုကြည့်ရင်း ခုန်မင် သဘောပေါက်သွားသည်။
ဧရာမ ဖီးနစ်ရုပ်တုကြီးက လူငယ် ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ ဒြပ်စင်စွမ်းအားပါရမီကို စမ်းသပ်စစ်ဆေးရန် ဖန်တီးထားသည့် အစီအရင်တစ်ခုကို ထုတ်ဖော်နေခြင်း ဖြစ်သည်။
အလင်းစက်ဝန်းများတွင် ဖြစ်ပေါ်နေသည့် ပုံရိပ်များက လူငယ်တစ်ယောက်၏ ဒြပ်စင်စွမ်းအားပါရမီ မည်မျှရှိကြောင်း ထင်ဟပ်ပြသနေခြင်းသာပင်။