လူငယ်ပါရမီရှင်များ
Vol. 12 Ch. 134
မီးဒြပ်စင်စက်ဝန်းထဲတွင် ဖြစ်ပေါ်လာသည့် ပုံရိပ်ရောင်မီးတောက်၏အရွယ်အစားက ကျင့်ကြံသူ၏ ဒြပ်စင်စွမ်းအားပါရမီကို ပြသပေးခြင်း ဖြစ်သည်။
ကြိတ်ဆုံကျောက်တုံးခန့်ကြီးမားသော မီးတောက်မီးလျှံနှင့် လက်သီးဆုပ်ခန့်သာရှိသော မီးတောက်မီးလျှံကိုနှိုင်းယှဉ်ကြည့်ပါက ပါရမီကွာခြားချက် မည်မျှများပြားကြောင်း သိနိုင်သည်။
ထို့အတူ သစ်သားဒြပ်စင်စက်ဝန်းတွင်လည်း ကောင်းကင်ထိတိုင်မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးနှင့် သစ်ပင်ငယ်တစ်ပင်၏ ပါရမီကွာခြားချက်က မိုးနှင့်မြေပမာ ဖြစ်၏။
အခြားသော ဒြပ်စင်စွမ်းအားစက်ဝန်းများထဲမှ ပုံရိပ်ယောင်များကိုလည်း ဤအတိုင်းပင် မှတ်ယူနိုင်သည်။
စင်မြင့်ထက်တွင်ရပ်နေသည့် ဖီးနစ်နားခိုရာမျိုးနွယ်စုမှ လူငယ်များအားလုံးမှာ ပါရမီရှင်များဟုဆိုနိုင်သော်လည်း သူတို့ကြားတွင် ပါရမီကွာဟချက် ရှိနေဆဲပင်။
အထူးချွန်ဆုံး အရည်အချင်းကိုပြသနိုင်သူများကတော့ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြသည့် လူငယ်(၃)ဦးပ်င ဖြစ်သည်။
မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသည့် လူငယ်၏ဦးခေါင်းထက်ရှိ ဒြပ်စင်စွမ်းအားစက်ဝန်းတွင် သူ၏ခန္ဓာကိုယ်ထက်ပင် ပိုမိုကြီးမားကာ တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်မီးလျှံပုံရိပ်ယောင်တစ်ခု တည်ရှိနေသည်။
သူ့ထံမှထွက်ပေါ်နေသည့် မီးလျှံအလင်းတန်းများက ပတ်ဝန်းကျင်ကိုပင် လွှမ်းခြုံသွားသဖြင့် ဘေးနားတွင်ရှိနေသူများပင် မှေးမှိန်သွားရသည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုက သူတို့ကိုယ်သူတို့ မီးလျှံဖီးနစ်၏ အဆက်အနွယ်များဟု ခံယူထားလေရာ မျိုးနွယ်စုထဲတွင် မီးဒြပ်စင်စွမ်းအားကျင့်ကြံသူများသာလျှင် အမြဲတမ်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိကြသည်။
ခေတ်အဆက်ဆက် မျိုးနွယ်စုခေါင်းဆောင်တိုင်းသည်လည်း မီးဒြပ်စင်စွမ်းအား ကျင့်ကြံသူများသာ ဖြစ်ကြ၏။
ထိုလူငယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သူကတော့ ဖြူဖျော့ဖျော့မျက်နှာပိုင်ဆိုင်သည့် လူငယ်လေးပင် ဖြစ်သည်။
သူ၏ဦးခေါင်းထက်မှာတော့ အလွန်တရာမြင့်မားပြီး အဆုံးအစမရှိ ရိုက်ခတ်နေသည့် ဒီရေလှိုင်းလုံး ပုံရိပ်ယောင်ကို တွေ့မြင်ရသည်။
ထို ဒီရေလှိုင်းလုံးများမှထွက်ပေါ်လာသည့်ဖိအားကလည်း တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းသည်။
ထို ဖြူဖျော့ဖျော့မျက်နှာပိုင်ရှင်ကောင်လေးက ရေဒြပ်စင်စွမ်းအား ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။
သူ၏အရည်အချင်းက မီးဒြပ်စင်စွမ်းအားကျင့်ကြံသူ လူငယ်လေးနှင့်ယှဉ်လျှင် လုံးဝလျော့နည်းခြင်း မရှိပေ။
သို့သော် မီးဒြပ်စင်စွမ်းအားကို အဓိကဦးစားပေးသည့် ဖီးနစ်နားခိုရာမျိုးနွယ်စုထဲတွင် ရေဒြပ်စင်ကျင့်ကြံသူတစ်ယောက် ဖြစ်ရခြင်းက အလွန်ပင်နေရခက်ပေမည်။
မျိုးနွယ်စု၏အစဉ်အလာအရ မီးဒြပ်စင်ကိုသာ အထွတ်အမြတ်ထားသည်ဖြစ်ရာ ရေဒြပ်စင်ကျင့်ကြံသူများအနေဖြင့် မျိုးနွယ်စုဆီမှ ထောက်ပံ့မှုကောင်းကောင်းရရှိရန် အတော်လေး ခက်ခဲသည်။
ပါရမီမည်မျှကောင်းပါစေ လိုက်ဖက်သည့်ကျင့်စဉ်ကို မကျင့်ကြံနိုင်ပါက ကျ့င်စဉ်လမ်းတွင် ရှေ့ရောက်မည် မဟုတ်ပေ။
ဖီးနစ်နားခိုရာမျိုးနွယ်စုက ရေဒြပ်စင်စွမ်းအားကို အဓိကထားသည့် မျိုးနွယ်စုဆိုလျှင်တော့ မီးဒြပ်စင်ကျင့်ကြံသူများနှင့် ရေဒြပ်စင်ကျင့်ကြံသူများ၏အဆင့်အတန်းက သေချာပေါက် ပြောင်းပြန်ဖြစ်သွားပေမည်။
ထိုလူငယ်(၂)ယောက်နှင့်အတူ မတ်တတ်ရပ်နေသည့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် မိန်းမပျို၏အရည်အချင်းသည်လည်း အံ့မခန်းပင် ဖြစ်သည်။
သူ၏ ဦးခေါင်းထက်ရှိ စက်ဝန်းပေါ်မှာတော့ ရွှေရောင်တောက်ပသည့် ဓားရှည်တစ်လက်ကို တွေ့မြင်ရသည်။
ထိုဓားရှည်၏အရှည်က သူမ၏အရပ်ထက်ပင် ပိုမြင့်နေသေး၏။
ထက်မြက်မှုနှင့် သတ်ဖြတ်နိုင်စွမ်းတွင် အင်အားကြီးမားသော သတ္တုဒြပ်စင်စွမ်းအားက ဤမိန်းမပျို၏ ပြတ်သားထက်မြက်သည့်ရုပ်သွင်နှင့် အံကိုက်ပင် ဖြစ်သည်။
သတ္တုဒြပ်စင်ကျင့်ကြံသူများက တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်ကြသဖြင့် မျိုးနွယ်စုတိုင်းက သူတို့ကို ရင်းမြစ်ပစ္စည်းများစွာထောက်ပံ့ကူညီပေးကြသည်။
ထို့ကြောင့် သူတို့၏အနာဂတ်က မည်သည့်မျိုးနွယ်စုတွင်ဖြစ်ပါစေ အတော်လေး အလားအလာကောင်းသည်ဟု ဆိုနိုင်၏။
ကျန်လူငယ်များသည်လည်း ချီးကျူးစရာ ပါရမီရှင်များဖြစ်ကြသော်လည်း ဤနှောင်းပိုင်းအဆင့် ဆရာသခင် (၃)ယောက်နှင့် ယှဉ်လိုက်ပါက သူတို့အားလုံးက မှေးမှိန်သွားကြရသည်။
မည်သို့ပင်ဖြစ်စေ ဖီးနစ်နားခိုရာမျိုးနွယ်စုက ဤမျှများပြားသည့် ပါရမီရှင်လူငယ်များကို တပြိုင်တည်းထုတ်ပြနိုင်သည်မှာ အင်အားကြီးမျိုးနွယ်စုတစ်ခု၏ နက်ရှိုင်းသည့်အစဉ်အလာနှင့် အခြေခံအုတ်မြစ်ကို ထင်ရှားစွာ ပြသလိုက်ခြင်း ဖြစ်သည်။
ဧည့်သည်များထဲတွင်ရှိနေသည့် အလယ်အလတ်မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်တစ်ယောက်က...
“ဒီတစ်ခေါက် ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားက ကျုပ်တို့ကို မျက်စိပွင့် နားပွင့် ဖြစ်စေတာပဲ ၊ ဒီလူငယ်တွေက အနာဂတ်မှာတောက်ပလာမယ့်သူတွေဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲဗျို့”
အကြီးအကဲ’လင်သွင့်’ က ပြုံးလိုက်ပြီး...
“ချီးကျူးလွန်းနေပါပြီ ချီးကျူးလွန်းနေပါပြီ... ဒီကလေးတွေက ဖီးနစ်နားခိုရာတောင်ပေါ်မှာပဲ တစ်သက်လုံး ကြိုးစားကျင့်ကြံနေခဲ့တာဆိုတော့ ပြင်ပလောကအတွေ့အကြုံ သိပ်မရှိဘူး ၊ ဒါကြောင့် တကယ်အရည်အချင်းရှိတဲ့သူတွေ ဖြစ်မလာနိုင်သေးပါဘူး”
ထိုအချိန် ဧည့်သည်တော်များထဲမှာတစ်ယောက်က အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။
“အတွေ့အကြုံရဖို့ဆိုတာ ဘာခက်လို့လဲ ၊ ဖီးနစ်ကျဆုံးတောင်ကြားစမ်းသပ်ပွဲဆိုတာ ဒီလူငယ်တွေအတွက် သီးသန့်ရည်ရွယ်ထားတာ မဟုတ်ဘူးလား ၊ ဒါနဲ့ ဖီးနစ်ကျဆုံးတောင်ကြားကို ဘယ်တော့လောက်ဖွင့်မှာလဲ”
မေးလိုက်သည့်သူက စိတ်မြန်လက်မြန်ရှိသူတစ်ယောက်ဖြစ်ဟန်တူသည်။ သို့သော် သူ၏မေးခွန်းက လူအများစု၏ဆန္ဒကို ထင်ဟပ်နေပေသည်.
ဖီးနစ်နားခိုရာတောင်သို့ ရောက်လာကြသူအားလုံး၏ အဓိကရည်ရွယ်ချက်က ‘ဖီးနစ်ကျဆုံးတောင်ကြား’ ကို စိတ်ဝင်စားသောကြောင့် မဟုတ်ပါလား။
အကြီးအကဲ’လင်သွင့်’ က ပြုံးလိုက်ရင်း...
“အားလုံးပဲ... စိတ်အေးအေးထားကြပါ ၊ သတ်မှတ်ထားတဲ့အချိန်ရောက်ရန် ဖီးနစ်ကျဆုံးတောင်ကြားကို ဖွင့်လှစ်ပေးသွားမှာပါ ၊ အဲဒီအချိန်ကျ ကျုပ်တို့မျိုးနွယ်စုက လူငယ်တွေတင်မကဘဲ တခြားမျိုးနွယ်စုက လူငယ်တွေလည်း စမ်းသပ်ပွဲပါဝင်ဖို့ အခွင့်အရေး ရကြမှာပါ”
သူက ဆက်ပြောလိုက်သည်။
ပြီးတော့ အခု အရွယ်ရောက်ခြင်းအခမ်းအနားအတွက် အသုံးပြုနေတဲ့ ပါရမီစမ်းသပ်တဲ့အစီအရင်က မပျက်ပြယ်သေးပါဘူး ၊ တကယ်လို့ တခြားမျိုးနွယ်က ပါရမီရှင်လူငယ်တွေ စိတ်ဝင်စားရင် စင်ပေါ်တက်လာပြီး စမ်းသပ်ကြည့်နိုင်ပါတယ်...”
အကြီးအကဲ’လင်သွင့်’ က စင်မြင့်ထက်မှ ထိုသို့ကြေညာလိုက်သည်နှင့် အခြားမျိုးနွယ်စုမှလူငယ်အချို့ကလည်း သူတို့အရည်အချင်းကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် လူငယ်(၇၀) (၈၀)ခန့် မတ်တတ်ထရပ်ပြီး စင်မြင့်ထက်သို့ တက်လာကြလေသည်။
စင်မြင့်ထက်သို့တက်လာသည့် အခြားမျိုးနွယ်စု လူငယ်များထဲတွင် အဖွဲ့နှစ်ဖွဲ့က အထူးခြားဆုံး ဖြစ်သည်။
ပထမတစ်ဖွဲ့က လူပေါင်း(၂၀)ခန့်ရှိသည်။
သူတို့က အသားခပ်ညိုညိုနှင့် ကြံ့ခိုင်တောင့်တင်းသည့် လူငယ်များဖြစ်သည်။
သူတို့ထံမှ ထွက်ပေါ်နေသည့် ထူးခြားပြင်းထန်သည့် စွမ်းအားရောင်ဝါကြောင့် အနားမှလူများသည်ပင် သူတို့အနားသို့ တိုးကပ်ရဲခြင်း မရှိကြပေ။
နောက်တစ်ဖွဲ့ကတော့ အလွန်တရာ ချောမောလှပသည့် မိန်းမပျို(၇)ယောက် ဖြစ်သည်။
တောက်ပသည့်အလှတရားကိုပိုင်ဆိုင်သည့် မိန်းမပျို(၇)ယောက် စင်မြင့်ထက်သို့တက်လာသည်နှင့် မည်သူမှ သူတို့၏ ကျင့်ကြံခြင်းပါရမီကို စိတ်မဝင်စားကြတော့ဘဲ ပြိုင်ဘက်ကင်း အလှတရားကိုသာ ငေးမောကြည့်ရှုမိကြတော့သည်။
ဟုတ်ပေ၏။
ဤလူငယ်နှစ်ဖွဲ့မှာ "ကြံ့နက်မျိုးနွယ်စု" နှင့် "ပြာလွင်တောင်ပံမျိုးနွယ်စု" မှ လူငယ်များပင် ဖြစ်သည်။
အခြားမျိုးနွယ်စုများမှ စင်ပေါ်တက်ပြီး ပါရမီစွမ်းအား ထုတ်ဖော်ပြသကြသည့်လူငယ်များမှာ စမ်းသပ်ပွဲလက်မှတ်ရရှိပြီးသား လူငယ်များဖြစ်ကြသည်။
သူတို့အားလုံးက ဖီးနစ်ကျဆုံးတောင်ကြားသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသူများလည်း ဖြစ်ကြ၏။
ထို့ကြောင့် ဤလူငယ်များ စင်မြင့်ထက်တွင် မိမိတို့၏ ပါရမီစွမ်းအားကိုပြသခြင်းက ဖီးနစ်ကျဆုံးတောင်ကြားသို့ မဝင်ရောက်ခင် ကြိုတင်ပြသသည့် အားစမ်းမှုတစ်ခုဟု ဆိုနိုင်သည်။
သို့သော် လူတိုင်းကတော့ လူကြားထဲ အစွမ်းပြချင်ကြသည် မဟုတ်ပေ။
ခုန်မင်တို့အုပ်စုကတော့ စင်ပေါ်တက်ပြီး လူလုံးပြရန် စိတ်ကူးမရှိကြဘဲ စင်အောက်မှပင် အေးအေးဆေးဆေး စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။
ခုန်မင်တို့ကဲ့သို့ပင် ချောင်တတိယသခင်လေးတို့ အုပ်စုသည်လည်း စင်ပေါ်မတက်ဘဲ သူတို့ထိုင်ခုံများမှာပင် ဆက်ထိုင်နေရင်း တောရိုင်းမျိုးနွယ်စု လူငယ်စစ်သည်တော်များ၏ အရည်အချင်းကို အကဲခတ်နေကြသည်။
လက်ရှိတွင် အရာအားလုံးက သဟဇာတဖြစ်စွာ အေးချမ်းနေပုံရသော်လည်း ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်သွားသည်နှင့် သူသေကိုယ်သေတိုက်ပွဲများ ဖြစ်လာတော့မည်ပင်။
ယခင်အတွေ့အကြုံများအရဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်သည့် ပြင်ပလူငယ်များ၏ အသက်ရှင်နှုန်းက (၃၀)ရာနှုန်းခန့်သာ ရှိသည်။
ဖီးနစ်ကျဆုံးတောင်ကြားက အလွန်အမင်း အန္တရယ်များသည်ကတစ်ကြောင်း ၊ ရင်းမြစ်များရရှိရန် သွေးချောင်းစီးတိုက်ပွဲများ ဖြတ်ကျော်ရသည်ကတစ်ကြောင်းဖြင့် အလွန်ပင် အသေအပျောက်များကြသည်။
ထို့ကြောင့် ခုန်မင်ကတော့ စင်မြင့်ထက်သို့တက်ပြီး စွမ်းရည်ပြပွဲတွင်ပါဝင်ရန် အစီအစဉ်မရှိပေ။ ဤသို့ပြုလုပ်ခြင်းက သူတပါး၏ပစ်မှတ် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
တကယ်တော့ ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲတွင် သိုသိုသိပ်သိပ်ပါဝင်ရန် ဆုံးဖြတ်ထားသည်။
ထို့ကြောင့်လည်း လူအများက သူ့ကို သားရဲထိန်းမျိုးနွယ်စုဝင်ဟု ထင်မှတ်နေကြသည်ကို ဤအတိုင်း လွှတ်ထားခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ စင်မြင့်ထက်မှ တောရိုင်းဒေသ မျိုနွယ်စုတစ်ရာ၏ လူငယ်ပါရမီရှင်များကတော့ အံ့သြစရာကောင်းပေသည်။
ယခုဆိုလျှင် စင်မြင့်ထက်သို့ရောက်နေသည့် လူငယ်(၁၀၀)ကျော်တွင် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် (၁၀)ယောက်ကျော်ပင် ရှိနေသည်။
နှောင်းပိုင်းအဆင့် ဆရာသခင် အများဆုံးပါဝင်သည့်မျိုးနွယ်စုကတော့ ခေတ်အဆက်ဆက် တိုက်ခိုက်စွမ်းအား အကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် "ကြံ့နက်မျိုးနွယ်စု" ဖြစ်လေသည်။
ကြံ့နက်မျိုးနွယ်စုမှ လူငယ် အယောက်(၂၀)တွင် (၄)ယောက်က နှောင်းပိုင်းအဆင့် ဆရာသခင်များ ဖြစ်ကြသည်။
ကြံ့နက်မျိုးနွယ်စုဝင်များက သူတို့ကိုယ်သူတို့ စစ်သည်တော်များအဖြစ် မွေးဖွားလာသည်ဟုဆိုကာ အမြဲတမ်း ဂုဏ်ယူလေ့ ရှိကြသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခြင်းက အသက်ရှင်ရန် (၃၀)ရာနှုန်းသာ ရှိသည်ဆိုသော်လည်း သူတို့က တစ်ချက်လေးပင် မတုန်လှုပ်ကြပေ။
တစ်ချိန်က တောရိုင်းဘုရင်’ကိုနန်’ နှင့် ယခု နာမည်ကြီးဖြစ်သော ကြံ့နက်မျိုးနွယ်စုခေါင်းဆောင် ‘ခယ်ယွီ’ (၂)ယောက်လုံးက သူ့ခေတ်သူ့အခါက အထူးချွန်ဆုံးပါရမီရှင်များဖြစ်ခဲ့ကြပြီး ဖီးနစ်ကျဆုံးတောင်ကြားစမ်းသပ်ပွဲမှ အသက်ရှင်လျှက် လွတ်မြောက်လာသူများလည်း ဖြစ်သည်။
ဤသို့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးများက လမ်းကြောင်ဖောက်ပေးခဲ့သည်ဖြစ်ရာ ကြံ့နက်မျိုးနွယ်စုဝင် လူငယ်များအနေဖြင့် အသက်သေမှာကြောက်သဖြင့် နောက်ဆုတ်ရန်မှာ စိတ်ကူးထဲပင် မရှိပေ။
ပြာလွင်တောင်ပံမျိုးနွယ်စုမှ စေလွှတ်သည့် မိန်းမပျို(၇)ယောက်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် မိန်းကလေးသာလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖြစ်လေသည်။
ကျန်သည့်မိန်းမပျို(၆)ယောက်ကတော့ သာမန်အဆင့်သာ ရှိသည်။
သို့ပေသိ ယခင်က ကျင်းပခဲ့သော ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲများတွင် ပြာလွင်တောင်ပံမျိုးနွယ်စုက အသက်ရှင်နှုန်း အမြင့်မားဆုံး ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တောရိုင်းဒေသ မျိုးနွယ်စုဝင် ကျင့်ကြံသူများက သူတို့ကဲ့သို့ မိန်းမလှလေးများကို ရက်ရက်စက်စက် မသတ်ဖြတ်ရက်သောကြောင့်ပင်။
သူတို့အနေဖြင့် ဖီးနစ်ကျဆုံးတောင်ကြားထဲမှ အန္တရယ်နယ်မြေများထဲသို့ မတော်တဆ ကျရောက်မသွားလျှင် ဘေးကင်းရန် စိတ်ချရပေသည်။
သို့သော် ဤမိန်းမပျိုများက ဖီးနစ်ကျဆုံးတောင်ကြားသို့ အပျော်ခရီးထွက်လာကြခြင်း မဟုတ်ပေ။
ရှားပါးရတနာပစ္စည်းများသာ ရှာဖွေနိုင်မည်ဆိုလျှင် သူတို့က အန္တရယ်အရှိဆုံးနေရာများအထိ စွန့်စားဝင်ရောက်ကြမည် ဖြစ်သည်။
ထို့ကြောင့် ဤမိန်းမပျို (၇)ယောက် မည်မျှပင် ချောမောလှပပါစေ သူတို့သည်လည်း ဖီးနစ်ကျဆုံးတောင်ကြားတွင် အသက်ဆုံးရှုံးနိုင်ခြေ ရှိနေသည်ပင်။
စင်မြင့်ထက်သို့တက်သွားသည့် အခြားသောမျိုးနွယ်စုများမှ လူငယ်များတွင်လည်း ထူးခြားသည့်ပါရမီရှင်များ ရှိနေသေးသည်။
ထို့ကြောင့် စင်မြင့်ထက်တွင် နှောင်းပိုင်းအဆင့် ဆရာသခင် (၁၀)ယောက်ကျော် ရှိနေခြင်း ဖြစ်၏။
ခုန်မင်ကတော့ စင်မြင့်ထက်သို့ကြည့်ရင်း တိတ်ဆိတ်စွာတွေးတောနေသည်။
ချန်နန်အင်ပါယာတစ်ခုလုံး၏ ရင်းမြစ်များအားလုံးကို အသုံးပြုလျှင်တောင်မှ ဤမျှများပြားသော အသက်(၃၀)အောက် ဆရာသခင်အဆင့် ကျင့်ကြံသူများကို စုစည်းရန် မလွယ်ကူပေ။
ဟုတ်ပေ၏။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် လူသားတို့၏ အင်ပါယာတစ်ခုနှင့် ရင်ပေါင်တန်းနိုင်သည့် စုပေါင်းအင်အားရှိပေသည်။
ထို့ကြောင့်သာ “တောရိုင်းဒေသ” ဟု သီးခြားရပ်တည်နိုင်ခြင်း ဖြစ်ပေ၏။