ခုခံနိုင်စွမ်းကင်းမဲ့စွာ
Vol. 12 Ch. 127
ဂယ်ရီက နှောင်းပိုင်းအဆင့် မြေဒြပ်စင်စွမ်းအား ဆရာသခင်တစ်ယောက် ဖြစ်သည်။
ကျောက်တုံး ကျောက်ခဲများ ပြန့်ကျဲနေသည့် မြေပြင်ထက်တွင် မတ်တတ်ရပ်နေခြင်းက သူ၏တိုက်ခိုက်မှုစွမ်းရည်ကို အပြည့်အဝထုတ်ဖော်ရန် အကောင်းဆုံးအနေအထား ဖြစ်၏။
သူက ခုန်မင်အား ကျောက်တုံးကြီးဖြင့် ပေါ့ပါးစွာပစ်ပေါက်လိုက်သည်ဟု ထင်ရသော်လည်း ထိုကျောက်တုံးတစ်ခုလုံးတွင် သူ၏ဒြပ်စင်စွမ်းအား ထည့်သွင်းထားပြီး ဖြစ်သည်။
ခုန်မင်အနေဖြင့် ထိုကျောက်တုံးကြီးကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် ဧရာမကျောက်တုံးကြီး၏အလေးချိန်ကိုသာမက ဂယ်ရီထည့်သွင်းထားသည့် ဒြပ်စင်စွမ်းအားကိုပါ ချေဖျက်နိုင်ရန် လိုအပ်သည်။
မဟုတ်ပါက ကျောက်တုံးကြီးပေါက်ကွဲထွက်သွားသည်နှင့် ဗုံးတစ်လုံးပေါက်ကွဲသည့်အလား ခံစားရကာ အသက်ပျောက်သွားနိုင်သည်။
သို့သော် ခုန်မင်က အရေးမစိုက်ပေ။
သူက လျှပ်စီးလင်းယုန်ကိုစီးနင်းလျှက်ပင် ကျောက်တုံးကြီးကို ရှောင်တိမ်းခြင်းမပြုဘဲ တည့်တည့်မတ်မတ် ရင်ဆိုင်လိုက်သည်။
သူ့လက်ထဲမှာတော့ နက်ရှိုင်းသစ်သားဒိုင်းကို ကိုင်ဆောင်ထားသည်။
ခုန်မင်က ဒိုင်းထဲသို့ သစ်သားဒြပ်စင်စွမ်းအား စီးဝင်စေလိုက်သည်နှင့် ဒိုင်းက ချက်ချင်းပင် ကြီးမားလာကာ သူ့အားကာကွယ်ပေးထားလိုက်သည်။
နက်ရှိုင်းသစ်သားဒိုင်းက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သည်။
ဤဒိုင်းကိုသွန်းလုပ်သည့် ပန်းပဲပညာရှင်က သူ၏သွေးစွမ်းအားအနှစ်သာရကို ဒိုင်းအတွင်းသို့ ထည့်သွင်းသွန်းလုပ်ခဲ့သဖြင့် အသိစိတ်ရှိသည့် ဒိုင်းဝိညာဉ်ပါရှိသည်။
ဒိုင်းကိုအသုံးပြုသူက ဒိုင်းဝိညာဉ်ကို နိုးထစေမည်ဆိုလျှင် ရန်သူမှတိုက်ခိုက်လာသည့် ဒြပ်စင်စွမ်းအားကို ဝါးမျိုပစ်နိုင်စွမ်းရှိရုံသာမက ၊ ထိုဒြပ်စင်စွမ်းအားကိုသန့်စင်ကာ ဒိုင်းအသုံးပြုသူကိုပင် စွမ်းအားပြန်လည်ဖြည့်တင်းပေးနိုင်သည်။
ဒိုင်းမှဝါးမျိုနိုင်သည့် ဒြပ်စင်စွမ်းအားပမာဏက အကန့်အသတ်ရှိပြီး ဒိုင်းအသုံးပြုသူအား စွမ်းအားပြန်လည်ဖြည့်တင်းပေးရာတွင်လည်း ဆုံးရှုံးမှုအနည်းငယ် ရှိနိုင်သည် အမှန်ပင်။
သို့သော် ဤသို့ ထူးခြားသည့်စွမ်းရည်ကြောင့်ပင် နက်ရှိုင်းသစ်သားဒိုင်းက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်တစ်ခုအဖြစ် ရပ်တည်နေခြင်း ဖြစ်၏။
ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းအရ ဒိုင်းဝိညာဉ်ကို အပြည့်အဝနှိုးဆွရန် မဖြစ်နိုင်သေးပေ။ သို့တိုင် နက်ရှိုင်းသစ်သားဒိုင်း၏ ဒြပ်စင်စွမ်းအားဝါးမျိုနိုင်စွမ်းကိုတော့ အနည်းငယ် အသုံးပြုနိုင်သည်။
ဂယ်ရီပစ်လွှတ်လိုက်သည့် ကျောက်တုံးကြီးက နက်ရှိုင်းသစ်သားဒိုင်းနှင့် ရိုက်ခတ်မိသည်နှင့် ကျောက်တုံးတွင်လွှမ်းခြုံထားသည့် သစ်သားဒြပ်စင်စွမ်းအားအချို့ကို ဒိုင်းက ဝါးမျိုပစ်လိုက်သည်။
ကြီးမားသောကျောက်တုံးကြီးမှာလည်း နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်ဖြစ်သော နက်ရှိုင်းသစ်သားဒိုင်းကို မယှဉ်နိုင်သည်ဖြစ်ရာ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး လွင့်စင်ထွက်သွားတော့၏။
သို့သော် နက်ရှိုင်းသစ်သားဒိုင်း၏ စွမ်းအားကိုတွေ့မြင်သည်နှင့် ဂယ်ရီကတော့ သွေးနံ့ရလိုက်သည့် ငါးမန်းတစ်ကောင်ပမာ သူ၏မျက်ဝန်းထဲ လောဘရိပ်များ ဖြတ်ပြေးသွားလေသည်။
ဂယ်ရီ၏အကဲဖြတ်နိုင်စွမ်းက ညံ့ဖျင်းသည်မဟုတ်ပေ။
ခုန်မင်က သူ့ရှေ့တွင် နက်ရှိုင်းသစ်သားဒိုင်းကို (၂)ကြိမ်တိတိ ကျွမ်းကျင်စွာ အသုံးပြုသွားသည်ဖြစ်ရာ ၊ ထိုပစ္စည်းက အစွမ်းထက်သော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် တစ်ခုဖြစ်မှန်း ရိပ်မိနေပေပြီ။
ကျင့်ကြံခြင်းလောကတွင် ဂယ်ရီကဲ့သို့ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သည်ပင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ရန် မလွယ်ကူပေ။
ယခု သူ့ရှေ့မှ ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့် မျှသာရှိသော အသက်ပင်မပြည့်သေးသည့် ကောင်ငယ်လေးကတော့ ထိုသို့သော အဖိုးတန်လက်နက်တစ်ခုကို ကိုင်ဆောင်ထားနိုင်သည်။
ဤသည်က ဂယ်ရီအား မနာလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်စေသည်ပင်။
မနာလိုစိတ်က လောဘသို့ပြောင်းလဲသွားပြီး သူ့စိတ်ထဲ ထိုရတနာပစ္စည်းကို ပိုင်ဆိုင်လိုစိတ်က တရိပ်ရိပ်တက်လာတော့၏။
ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့် မျှသာရှိသော ကောင်လေးတစ်ယောက်က ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် တစ်ခုကို ပေါ်ပေါ်ထင်ထင် ကိုင်ဆောင်ထားခြင်းမှာ (၃)နှစ်သားလေးက လူစည်ကားရာစျေးလယ်ခေါင်တွင် ရွှေတုံးကြီးပိုက်ထားသကဲ့သို့ ဖြစ်သည်။
“မင်းဆီကမှမလုရင် ငါ... ဘယ်သူ့ဆီသွားလုရမှာလဲကွာ...”
ဂယ်ရီ စိတ်ထဲကရေရွတ်လိုက်သည်။
ဤသားရဲထိန်းမျိုးနွယ်စုအဖွဲ့မှ စမ်းသပ်ပွဲလက်မှတ်များ မရခဲ့လျှင်တောင် ဤဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို သိမ်းပိုက်နိုင်မည်ဆိုလျှင် မိုးကောင်းကင်မှပေးအပ်သည့် မဟာဆုလာဘ်ကြီး ရရှိသည့်ပမာ ဖြစ်ရပေမည်။
ဟုတ်ပေ၏။
ဂယ်ရီ၏အမြင်တွင် ခုန်မင်က ကလေးငယ်တစ်ယောက်မျှသာ ဖြစ်သော်လည်း တကယ်တမ်းတွင် ထိုကောင်လေးက “သတ်ဖြတ်သူနတ်ဘုရား” တစ်ပါးသာ ဖြစ်လေသည်။
ဂယ်ရီတစ်ယောက် လောဘတက်နေချိန်မှာပင် ခုန်မင်က လျှပ်စီးလင်းယုန်ကိုစီးနင်းပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် တိုးကပ်လာနေပြီ ဖြစ်သည်။
ဂယ်ရီကတော့ ခုန်မင်အနားကပ်လာသည်ကို အရေးမစိုက်ပေ။
ဤကောင်စုတ်လေး သူ့အနားကပ်လာခြင်းက သူ့ထံသို့ အသက်နှင့်ရတနာပစ္စည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆက်သခြင်းပင် မဟုတ်ပါလား။
သို့သော် ခုန်မင်က အနားသို့ရောက်သည်နှင့် ဂယ်ရီ အလွန်တရာ မက်မောနေသော နက်ရှိုင်းသစ်သားဒိုင်းကို သိမ်းဆည်းလိုက်ပြီး ၊ သိပ်ပြီးထူးခြားဟန်မရှိသော လက်ကိုင်ဒူးလေးတစ်လက်ကို ထုတ်ယူလိုက်သည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ဂယ်ရီတစ်ယောက် အသံဆိုးကြီးဖြင့် အူလှိုက်အသည်းလှိုက် ရယ်မောမိတော့၏။
“ဟီး... ဟီး... ဟီး...”
“ဒီကောင်လေးကတော့ ချစ်ဖို့ကောင်းချက်ပဲကွာ...”
သူ့ရှေ့မှကောင်စုတ်လေးက ဒူးလေးတစ်လက်ထုတ်လိုက်ရုံဖြင့် သူ့လို နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်မည်ဟု တုံး အ စွာ ယုံကြည်နေလေသလား။
သာမန်လူများအတွက်တော့ ဒူးလေးဆိုသည်က ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခု ဖြစ်ပေမည်။
သို့သော် ဂယ်ရီကဲ့သို့ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အတွက်တော့ သာမန် ဒြပ်စင်စွမ်းအားလက်နက်တစ်ခုမျှသာဖြစ်သော ဒူးလေးတစ်လက်က ကလေးကစားစရာမျှသာပင်။
ဂယ်ရီက နှုတ်ခမ်းများတွန့်ကွေးပြီး လူယုန်မာပြုံးပြုံးလိုက်ရင်း...
“မင်းနဲ့ငါရဲ့ ကျင့်ကြံခြင်းအဆင့် မိုးနဲ့မြေလောက်ကွာတယ်ဆိုတာ သိသွားအောင် လုပ်ပေးရတာပေါ့ ကောင်စုတ်လေးရာ...”
ထို့နောက် သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေသည်။
သို့သော် ထိုခဏမှာပင် သူ့ကိုစူးစိုက်ကြည့်နေသည့် ခုန်မင်၏မျက်ဝန်းများကို သတိပြုမိသွားသည်။ ထိုအကြည့်များက လူသေအလောင်းတစ်လောင်းကိုကြည့်နေသကဲ့သို့ပင်။
တောရိုင်းဒေသတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သော နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်အနေဖြင့် ဂယ်ရီက သူသေကိုယ်သေတိုက်ပွဲများစွာ ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။
သေမင်းနှင့်လက်တစ်ကမ်းအခြေအနေများ မကြာခဏကြုံတွေ့ခဲ့ရသည်ဖြစ်ရာ သူ့တွင် ထူးခြားထက်မြက်သည့် ပင်ကိုယ်သိစိတ် ပိုင်ဆိုင်ထားသည်။
သေမင်းပမာ အေးစက်နေသည့် ခုန်မင်၏အကြည့်နှင့်ဆုံလိုက်သည်နှင့် ဂယ်ရီတစ်ကိုယ်လုံးမှ အမွှေးများထောင်သွားသလို ခံစားလိုက်ရသည်။
သူက သေခြင်းတရား၏အရိပ်အောက်တွင် လုံးဝ ပိတ်မိနေပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်မိလေသည်။
စောစောကပင် သူက တုံး အ လွန်းသည်ဟု ထင်ခဲ့မိသော ထိုကောင်စုတ်လေးမှာ အမှန်တကယ် တုံး အ ခြင်းမဟုတ်ဘဲ အလွန်အမင်း အန္တရယ်ကြီးမားနေခြင်းသာပင်။
သို့ပေသိ ကနဦးအဆင့် ဆရာသခင်တစ်ယောက်က သူကဲ့သို့ နှောင်းပိုင်းအဆင့် ဆရာသခင်တစ်ယောက်အား အသက်အန္တရယ်ရှိစေသည်အထိ မည်သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
ဂယ်ရီတစ်ယောက် ဆက်လက်တွေးတောရန် အချိန်မရတော့ပေ။
သူက ပင်ကိုယ်သိစိတ်ဖြင့်ပင် တိုက်ခိုက်ရန် ဟန်ပြင်ထားသည်ကို ရုတ်သိမ်းလိုက်ပြီး ခံစစ်ကာကွယ်ရန် ပြင်ဆင်လိုက်သည်။
သူ့ကိုယ်သူကာကွယ်ရန်အတွက် ဒြပ်စင်စွမ်းအား အကာအကွယ်ဒိုင်းကို ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံသွားအောင် အလျှင်အမြန် ဖန်တီးလိုက်၏။
ထိုအချိန်မှာပင် ခုန်မင်က ယွမ်ရုန်ဒူးလေး၏မောင်းတံကို ဆွဲညှစ်လိုက်လေသည်။
မီးလျှံကဲ့သို့ ရဲရဲနီနေသော အလင်းတန်း(၁၀)ခုက လေကိုထိုးခွင်းကာ ဂယ်ရီဆီသို့ တပြိုင်တည်း ပြေးဝင်လာသည်။
ထိုမြားတံများ၏ အရှိန်အဟုန်ကို တွေ့မြင်သည်နှင့် ဂယ်ရီ၏မျက်ဝန်းများ ဆတ်ခနဲ တုန်ယင်သွားရသည်။
“ဒီကောင်လေးရဲ့ဒူးလေးက ထူးဆန်းလိကု်တာ ၊ တစ်ခါတည်းနဲ့ မြား(၁၀)စင်းပစ်နိုင်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး”
ဂယ်ရီ တွေးလိုက်မိသည်။
အဆင့်မြင့်လှသော နတ်သူငယ်မျိုးနွယ်စုထဲမှ လက်ဖြောင့်လေးသည်တော်များသည်ပင်လျှင် ဤသို့မလုပ်ဆောင်နိုင်ကြပေ။
စောစောက သူခံစားလိုက်ရသည့် သေခြင်းအရိပ်မှာ မှားယွင်းခြင်း မရှိခဲ့ပေ။
ဤကောင်လေးက သံသယဖြစ်စရာမလိုအောင်ပင် အန္တရာယ်ကြီးမားလွန်းလှသည်။
ယွမ်ရုန်ဒူးလေး၏ တပြိုင်တည်း မြား(၁၀)စင်း ပစ်ခတ်နိုင်မှုမှာ ဒူးလေးတွင်တပ်ဆင်ထားသည့် ယန္တရားကြောင့်ဖြစ်ကြောင်း ဂယ်ရီ မသိရှိခဲ့ပေ။
ထို့ကြောင့် ခုန်မင်၏ မြားပစ်စွမ်းရည်တော်လွန်းသည်ဟု အထင်မှားသွားကာ အလွန်ပင်လေးစားကြောက်ရွံ့သွားပြီး တစ်ချက်လေးပင် လျှော့မတွက်ဝံ့ ဖြစ်သွားရသည်။
တပြိုင်တည်းထွက်ပေါ်လာသော မြား(၁၀)စင်းက ဂယ်ရီအား ပတ်ပတ်လည် ဝိုင်းရံပိတ်ဆို့လိုက်သည်။
ဂယ်ရီက လျှင်မြန်မှုတွင် အားသာသူမဟုတ်သဖြင့် မြားတံများကို ရှောင်တိမ်းရန် မကြိုးစားတော့ပေ။ သူက မြေဒြပ်စင်စွမ်းအား၏ ခံစစ်ကိုအားကိုးကာ မြားတံများကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
မြေဒြပ်စင်ခံစစ်စွမ်းအားနှင့် ထိတွေ့သည်နှင့် မြားတံများပေါက်ကွဲသွားပြီး မီးလျှံအလင်းတန်းများလည်း ကွယ်ပျောက်သွားသည်။
ထိုအခါမှ ဂယ်ရီ သက်ပြင်းချနိုင်တော့သည်။
တပြိုင်နက်ဝင်လာသော မြား(၁၀)စင်း၏ အရှိန်အဟုန်က ကြောက်မက်ဖွယ်ကောင်းသော်လည်း ၊ နောက်ဆုံးမှာတော့ ဤသည်က ဒြပ်စင်စွမ်းအားလက်နက်မျှသာ ဖြစ်သည်။
ထိုမြားတံများ၏အစွမ်းမှာ အလွန်ဆုံးရှိမှ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်ခြင်းနှင့်သာ ညီမျှလေရာ သူကဲ့သို့ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ကို ဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။
သို့သော် ဂယ်ရီ အပျော်စောသွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ရုန်ဒူးလေး၏ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်ကို သူ လုံးဝ မသိရှိခဲ့သောကြောင့် ဖြစ်၏။
ခုန်မင်က ပထမအသုတ် မြား(၁၀)စင်းကို ပစ်လွှတ်ပြီးသည်နှင့် သူ့လက်ထဲသို့ အပိုမြားကျည်တစ်ခု အသင့်ရောက်ရှိလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက မြားကျည်လဲလှယ်ပြီး ဒုတိယအသုတ် မြား(၁၀)စင်းက ဂယ်ရီထံသို့ တဟုန်ထိုးပြေးဝင်လာပြန်သည်။
ဂယ်ရီတစ်ယောက် သက်ပြင်းချပြီး စိတ်အေးလက်အေးရှိသွားစဉ်မှာပင် ဒုတိယ မြားအသုတ်က သူ၏ မြေဒြပ်စင်စွမ်းအား အကာအကွယ်ဒိုင်းကို အရှိန်အဟုန်ဖြင့် ထိမှန်ကာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်သွားသည်။
ဤတစ်ကြိမ်မှာတော့ ဂယ်ရီတစ်ယောက် မထိန်းနိုင်တော့ဘဲ နောက်သို့ယိုင်သွားရသည်။
သူက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဆိုသော်လည်း အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်သည်နှင့်ညီမျှသော မြားတံများ၏စွမ်းအားကို နှစ်ကြိမ်တိုင်တိုင်တောင့်ခံထားရသည်မှာ လွယ်ကူသည် မဟုတ်ပေ။
ထို့ပြင် ဂယ်ရီ ကြောင်အမ်းအမ်းလည်း ဖြစ်သွားရသည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုက အဘယ့်ကြောင့် ဤမျှမြန်ဆန်ရပါသနည်း။
သို့သော် သူ့အတွက် စဉ်းစားရန်အချိန်မရတော့ပေ။
တတိယအသုတ်၊ စတုတ္ထအသုတ်၊ ပဉ္စမအသုတ်... အဆုံးအစမရှိသော မြားမိုးများက အရှိန်အဟုန်ဖြင့် ရွာသွန်းကျလာတော့သည်။
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာလေရာ ဂယ်ရီမှာ အသက်အန္တရယ်ရှိသော နေရာများကိုကာကွယ်ရန် မြေပြင်ထက်ဝပ်လိုက်ပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ထားရတော့၏။
သူက မြေဒြပ်စင်စွမ်းအားဖြင့် ခုခံရင်း ဤမျှကြောက်မက်ဖွယ်ကောင်းလှသေသာ တိုက်ခိုက်မှုလှိုင်းလုံးကြီး ရပ်တန့်သွားမည့်အချိန်ကိုသာ စိတ်ပျက်အားလျော့စွာ စောင့်ဆိုင်းနေရသည်။
သို့သော် ခုန်မင်က တောရိုင်းဒေသသို့ခရီးမထွက်ခင်ကပင် မြားအပြည့်ဖြည့်ထားသည့် မြားကျည်ပေါင်းထောင်နှင့်ချီပြီး တိုရီယာလက်စွပ်ထဲ ထည့်သွင်းလာခဲ့သည်။
သို့ဖြစ်ရာ ဂယ်ရီအနေဖြင့် တိုက်ခိုက်မှုရပ်တန့်သွားသည်အထိ စောင့်ဆိုင်းနေရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဂယ်ရီက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်သော်လည်း သူ၏စွမ်းအားက အလွန်ဆုံးရှိမှ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃) (၄)ယောက် ဝိုင်းတိုက်သည်ကိုသာ တောင့်ခံနိုင်မည် ဖြစ်သည်။
ယခု ယွမ်ရုန်ဒူးလေးမှ မြား(၁၀)စင်းပစ်ခတ်လိုက်တိုင်း အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်သည်နှင့် ညီမျှသည်ဖြစ်ရာ ၊ ဤသို့သော စွမ်းအားအရှိန်အဟုန်က ရေတံခွန်ပမာ အဆက်မပြတ်စီးဆင်းလာသည်နှင့် ဂယ်ရီတစ်ယောက် ကြာရှည် ကြံ့ကြံ့ခံနိုင်စွမ်း မရှိတော့ပေ။
မြားအသုတ် (၁၀)သုတ်ကျော်မျှကို မနည်းတောင့်ခံထားပြီးနောက် ဂယ်ရီ၏ ဒြပ်စင်စွမ်းအား အကာအကွယ်ဒိုင်းမှာ ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ပေါက်ကွဲထွက်သွားပြီး တစ်စစီ ကြွေလွင့်သွားလေသည်။