← Chapters

ဂယ်ရီကိုသတ်ဖြတ်ခြင်း

Vol. 12 Ch. 128

ဂယ်ရီကိုသတ်ဖြတ်ခြင်း

Vol. 12 Ch. 128

မြေဒြပ်စင်စွမ်းအား ဒိုင်းကာပျက်ဆီးသွားသည်နှင့် အလျှင်အမြန်ဝင်ရောက်လာသည့် မြား(၃)သုတ်က ဂယ်ရီ၏ခန္ဓာကိုယ်ထက်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

အကာအကွယ်မရှိတော့သည့်နောက် ဂယ်ရီ၏ခန္ဓာကိုယ် မည်မျှကြံ့ခိုင်ပါစေ ယွမ်ရုန်ဒူးလေး၏ မရပ်မနားတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။

မြားတံများတွင် ထည့်သွင်းထားသည့် မီးဒြပ်စင်စွမ်းအားကြောင့် ဆံပင်ဖားလျားနှင့် ဖရိုဖရဲဖြစ်နေသော ဂယ်ရီ၏ခန္ဓာကိုယ်မှာ မီးကျွမ်းပြီး မည်းတူးသွားလေသည်။

ခုန်မင်က မရပ်မနားတိုက်ခိုက်ရင်း ဂယ်ရီ၏ အခြေအနေကိုလည်း မလွတ်တမ်း စောင့်ကြည့်နေခဲ့သည်။

မြားတံများပေါက်ကွဲထွက်သွားပြီး ဖုံမှုန့်များက ဂယ်ရီ၏တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားချိန် ခုန်မင်က ဂယ်ရီထံမှထွက်ပေါ်နေသည့် ဒြပ်စင်စွမ်းအားအတက်အကျကို အာရုံခံနေခဲ့သည်။

ဂယ်ရီ တစ်ကိုယ်လုံးမီးကျွမ်းသွားပြီး မြေပြင်ထက်လဲကျသွားချိန် ဤနှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်မှာ သေတော့မည့်ခွေးတစ်ကောင်ပမာ သူ့လက်ခုပ်ထဲမှရေဖြစ်သွားကြောင်း ခုန်မင် သိရှိလိုက်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်‌ယောက်ဖြစ်သည့် ဂယ်ရီက အလင်းစီးဆင်းဓားကိုကိုင်ဆောင်ထားသည့် ချောင်တတိယသခင်လေးလောက် စွမ်းအားကြီးမားခြင်း မရှိပေ။

ချောင်တတိယသခင်လေးက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်အဆင့်တွင်သာ ရှိသေးသော်လည်း အလင်းစီးဆင်းဓားကိုအသုံးပြုပြီး ယွမ်ရုန်ဒူးလေး၏တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သေးသည်။

သို့သော် သူသည်လည်း ဂယ်ရီကဲ့သို့ပင် ယွမ်ရုန်ဒူးလေး၏ မရပ်မနား တိုက်ခိုက်မှုကိုတော့ အချိန်ကြာမြင့်စွာ တောင့်မခံနိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ခုန်မင်ကတော့ ချောင်တတိယသခင်လေးကိုရော ဂယ်ရီကိုပါ ယွမ်ရုန်ဒူးလေးအစွမ်းဖြင့် အနိုင်ယူလိုက်နိုင်၏။

သို့သော် ခုန်တတိယသခင်လေးကို သက်ညှာလိုက်သလို ဂယ်ရီကိုတော့ သက်ညှာပေးရန် အစီအစဉ်မရှိပေ။

ဖုန်မှုန့်နှင့် မီးခိုးငွေ့များလွင့်ပြယ်သွားသည်နှင့် ဂယ်ရီ၏မီးကျွမ်းနေသော ခန္ဓာကိုယ်က ထင်ရှားထွက်ပေါ်လာသည်။

သူက မြေပြင်ထက်ပျော့ခွေလဲကျနေပြီး အားအင်ချည့်နဲ့စွာတုန်ယင်လျှက် အသက်ငင်နေပြီ ဖြစ်သည်။ သူ၏မျက်ဝန်းများက အသက်မဲ့လုနီးပါးဖြစ်နေပြီး မယုံကြည်နိုင်မှုများနှင့်လည်း ပြည့်နက်နေသည်။

သာမန် ဒြပ်စင်စွမ်းအားလက်နက်တစ်ခုက ဤမျှကြောက်မက်ဖွယ်ရာစွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု ဂယ်ရီ စိတ်ကူး၍ပင်မကြည့်ခဲ့ဖူးပေ။

သိက္ခာရှိလှသည့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ဖြစ်ပါလျှက် ပြန်လည်ခုခံခွင့်ပင်မရဘဲ အလဲထိုးခံလိုက်ရသည်မှာ အလွန်ပင် ရှက်စရာကောင်းလှသည်။

ခုန်မင်ထံမှ သူခံစားမိသော သေမင်းအငွေ့အသက်မှာ အဘယ့်ကြောင့် ဤမျှအထိ အေးစိမ့်ခြောက်ခြားဖွယ်ကောင်းနေသည်ကို ဂယ်ရီ သဘောပေါက်သွားပြီ ဖြစ်သည်။

ဂယ်ရီကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်လေရာ ၊ ယခု သတ်ဖြတ်လိုစိတ်ပြင်းထန်နေသည့် ခုန်မင်သည်လည်း သနားညှာတာတတ်သည့် လူစားမျိုးမဟုတ်မှန်း ရိပ်မိနေခဲ့သည်။

ယခုကဲ့သို့ အထိနာစွာရှုံးနိမ့်ပြီးသည့်နောက် အဘယ်မှာ အသက်ရှင်သန်ခွင့် ရှိပါတော့မည်နည်း။

သို့သော် ဂယ်ရီ၏ရင်ထဲတွင် မကျေနပ်မှု အကြွင်းအကျန်များ တောက်လောင်နေဆဲပင်။

သူက နောက်ဆုံးလက်ကျန်အင်အားကိုစုစည်းပြီး တုန်ယင်သောလက်ဖြင့် ခုန်မင်ကို လက်ညှိုးထိုးလိုက်သည်။

ထို့နောက် မောဟိုက်စွာအသက်ရှူလိုက်ရင်း...

"မင်းလက်ထဲက... အဲဒီဒူးလေးက... ဘယ်လိုလက်နက်မျိုးလဲ ၊ သူ့ရဲ့စွမ်းအားက... ဘယ်လိုဖြစ်လို့ အဲဒီလောက်ကြီးမားနေရတာလဲ ၊ ငါ... ငါ ဒီအကြောင်းကို သေချာမသိရဘူးဆိုရင် သေရင်‌တောင် မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး”

ခုန်မင်က ဂယ်ရီကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး...

“ဒါဖြင့်လည်း သေပေါ့”

စကားဆုံးသည်နှင့် ခုန်မင်က လက်ဖဝါးကိုအသာဖြန့်ရင်း အပေါ်ဘက်သို့ ပင့်တင်လိုက်သည်။

ထိုခဏမှာပင် မြေပြင်အောက်မှ ချွန်ထက်လှသော ကျောက်တိုင်အချို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး ဂယ်ရီ၏ ခန္ဓာကိုယ်အား ဖောက်ထွက်ကာ အလောင်းကြီးက လေထဲမြောက်တက်သွားတော့သည်။

မြေပြင်မှကျောက်တိုင်များထိုးထွက်လာခြင်းမှာ ဂယ်ရီက ခုန်မင်တို့အုပ်စုအား အလစ်တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော နည်းလမ်းပင် ဖြစ်သည်။

ယခု ခုန်မင်က သူ့နည်းလမ်းအတိုင်းပင် ဂယ်ရီကိုလက်စားချေ အဆုံးသတ်ပေးလိုက်ခြင်း ဖြစ်၏။

ဂယ်ရီမှာ သူ နောက်ဆုံးပြောခဲ့သည့် “သေရင်‌တောင် မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး” ဆိုသည့်စကားအတိုင်း မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့သည်။

အားကြီးသူသာအနိုင်ရလေ့ရှိသော တောရိုင်းဒေသတွင် ဤသို့အသတ်ခံရခြင်းအတွက် မည်သူ့ကိုမှ အပြစ်တင်စရာ မရှိပေ။

ယွမ်ရုန်ဒူးလေးအကြောင်း ‌ကောင်းစွာသိရှိထားသည့် မော့ဖေးတို့အုပ်စုကတော့ ခုန်မင်က ဂယ်ရီကို ဤမျှလွယ်လွယ်ကူကူ အနိုင်ယူလိုက်ခြင်းအတွက် အံ့အားသင့်ခြင်း မရှိပေ။

သို့သော် တိုက်ပွဲအစအဆုံး ကြည့်နေခဲ့သည့် ရှန်ရှင်းယွင်ကတော့ အ‌တော်လေး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ခုန်မင်၏လက်ထဲမှ ဒူးလေး၏ အဖျက်စွမ်းအားက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူလည်း ဤသို့သောတိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရပါက ဂယ်ရီကဲ့သို့ပင် အ‌လောင်းကောင်ဖြစ်သွားနိုင်သည်။

ရှန်ရှင်းယွင် တွေးရင်း ကျောထဲစိမ့်သွားရသည်။

ဤထူးဆန်းသည့် ဒူးလေးဖြင့်ဆိုလျှင် ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။

တစ်ချိန်တည်းမှာပင် ခုန်မင်နှင့် ရန်ဘက်မဖြစ်သင့်ဟု ရှန်ရှင်းယွင် တွေးလိုက်မိသည်။

ခုန်မင်ကဲ့သို့ လူငယ်တစ်ယောက်နှင့်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားသို့ သွားရောက်မည့်ခရီးစဉ်က သူ့အတွက်လည်း အရာရာအဆင်ပြေနိုင်သည် မဟုတ်လား။

ခုန်မင်က မီးကျွမ်းနေသော ဂယ်ရီ၏အလောင်းကို စစ်ဆေးကြည့်လိုက်တော့ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲလက်မှတ်အား‌ မတွေ့ရှိရပေ။

ဂယ်ရီ၏အသက်အရွယ်အရ စမ်းသပ်ပွဲတွင် ပါဝင်ရန် အရည်အချင်းမမီသည်ဖြစ်ရာ သူ့ထံတွင် လက်မှတ်ရှိမနေခြင်းက မဆန်းလှပေ။

အခြားသူများထံမှ စမ်းသပ်ပွဲလက်မှတ်များ လုယူရန် ဘန်နီမျိုးနွယ်စုက သူ့အား စေလွှတ်ထားခြင်း ဖြစ်နိုင်သည်။

သို့ဆိုလျှင် ဤနေရာတွင် ဂယ်ရီတစ်ယောက်တည်း မဟုတ်နိုင်ပေ။ ဘန်နီမျိုးနွယ်စုမှ အခြားသူများလည်း ရှိနေနိုင်သည်။

ထိုအချိန် ဂယ်ရီ၏မီးကျွမ်းသွားသော သားရေဝတ်ရုံထဲမှ သံသေတ္တာတစ်လုံး အပြင်သို့ ထွက်ကျလာသည်။

ခုန်မင် အနည်းငယ် စိတ်ဝင်စားသွားသည်။

ဂယ်ရီ ကိုယ်နှင့်မကွာ သိမ်းဆည်းထားသည့်ပစ္စည်းက မည်သည့်အရာများ ဖြစ်ပါသနည်း။

ခုန်မင်က လက်ကိုဆန့်ထုတ်ပြီး လေထဲတွင်ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်သည်နှင့် သံသေတ္တာက သူ့လက်ထဲသို့ ရောက်လာသည်။

သံသေတ္တာက သံမဏိအကောင်းစားဖြင့်ပြုလုပ်ထားပြီး အတော်လေးလက်ယာမြောက်သည်။ ထို့ကြောင့် ဂယ်ရီ၏ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းသွားသည့်တိုင် သံသေတ္တာက ပျက်ဆီးသွားခြင်း မရှိခဲ့ပေ။

သေတ္တာက အတွင်းဘက်သို့ဖိနှိပ်သော ခလုတ်ဖြင့် အံကျသော့ခတ်ထားခြင်းဖြစ်သည်။

ခုန်မင်က အနည်းငယ်အားစိုက်ပြီး ရိုက်ဖွင့်လိုက်ရာ သေတ္တာပွင့်ထွက်သွားပြီး အတွင်းမှပါးလွှာသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

သံသေတ္တာက မီးဒဏ်ခံနိုင်သော်လည်း အတွင်းမှစာအုပ်က အပူရှိန်ကြောင့် အနားသပ်များတွန့်လိမ်ကာ အနည်းငယ်ပင် ဝါကျင့်ကျင့်အရောင်ဖြစ်နေခဲ့သည်။

ကံကောင်းစွာဖြင့် စာအုပ်တစ်ခုလုံး ပျက်ဆီးသွားခြင်း မရှိခဲ့ပေ။

စာအုပ်မျက်နှာဖုံးထက်တွင် “ကျောက်တုံးထိန်းချုပ်နည်းစနစ်” ဟု ရေးသားထားသည်။

ဂယ်ရီက မြေဒြပ်စင်စွမ်းအား ကျင့်ကြံသူဖြစ်လေရာ ဤစာအုပ်က သူအဓိကျင့်ကြံသည့် ကျင့်စဉ် ဖြစ်နိုင်သည်။

ဂယ်ရီ၏ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် ဤကျင့်စဉ်က အလွန်ဆုံးရှိမှ မြေဒြပ်စင်အမျိုးအစား ‘ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်’ နှောင်းပိုင်းကျင့်စဉ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ပုံမှန်ဆိုလျှင် ခုန်မင်က စိတ်ဝင်စားမည် မဟုတ်ပေ။

သို့ပေသိ ခုန်မင်က သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူက သစ်သားဒြပ်စင်နှင့် မီးဒြပ်စင်အတွက် ‘ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်’ ကျင့်စဉ်များကို စတင်ကျင့်ကြံနေပြီ ဖြစ်သော်လည်း မြေဒြပ်စင်ကျင့်ကြံမှုအတွက်မူ သူကိုယ်တိုင် တီထွင်ထားသည့် ‘ဆရာသခင်အဆင့်’ ရှိသော “သံမဏိမြေသားကျင့်စဉ်” ကိုသာ အားကိုးနေရဆဲ ဖြစ်၏။

ထို့ကြောင့် ဂယ်ရီ၏ “ကျောက်တုံးထိန်းချုပ်နည်းစနစ်” က ခုန်မင်အတွက် အတိုင်းအတာတစ်ခုအထိ တန်ဖိုးရှိနေလေသည်။

အနည်းဆုံးတော့ ဤကျင့်စဉ်က မြေဒြပ်စင်စွမ်းအားနှင့်ပတ်သက်သည့် ပိုမိုနက်ရှိုင်းသော အမြစ်သစ်များ ပေးအပ်နိုင်မည်ဖြစ်ရာ ၊ နောင်တွင် ကိုယ်ပိုင်ကျင့်စဉ်အသစ်များဖန်တီးရန်အတွက် စိတ်ကူးစိတ်သန်းများ ရရှိနိုင်ပေသည်။

ခုန်မင်က တစ်ချက်မတုံ့ဆိုင်းဘဲ ထိုစာအုပ်ကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက မြေပြင်ထက်တွင် မတ်တတ်ရပ်နေသော မော့မေးကို လှမ်းကြည့်လိုက်ပြီး...

“မော့ဖေး... လင်းယုန်ပေါ်ကို ပြန်တက်...”

“ဟုတ်ကဲ့ သခင်လေး”

အားလုံး လင်းယုန်များထက်သို့ ရောက်ရှိသွားသည်နှင့် ခုန်မင်က စကားဆိုလိုက်သည်။

“ဒီနားပတ်ဝန်းကျင်မှာ တခြား ဘန်နီမျိုးနွယ်စုဝင်တွေ ရှိနေနိုင်တယ် ၊ ဒီတော့ မလိုလားအပ်တဲ့ပြဿနာတွေရှောင်နိုင်အောင် အမြန်ထွက်သွားဖို့လိုတယ် ၊ ငါတို့တွေ လေကြောင်းကပဲ ခရီးနှင်မယ် ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုက လူတွေနဲ့တွေ့မှပဲ မြေပြင်ပေါ်ဆင်းကြတာပေါ့”

ဂယ်ရီနှင့် ရင်ဆိုင်ပြီးနောက် ခုန်မင်တစ်ယောက်နားလည်လိုက်သည်မှာ စမ်းသပ်ပွဲလက်မှတ်များအတွက် တောရိုင်းဒေသမျိုးနွယ်စုတစ်ရာကြားတွင် ဖြစ်ပွားနေသည့်ပြိုင်ဆိုင်မှုက သူထင်ထားသည်ထက်ပိုပြီး အန္တရယ်များသလို ပို၍လည်းပြင်းထန်သည်ဆိုသော အချက်ပင်။

တခြားသူများကို လိုက်လံလုယက်နေသည်မှာ ဘန်နီမျိုးနွယ်စုတစ်ခုတည်း မဟုတ်လောက်ပေ။

ခုန်မင်က ဂယ်ရီကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ထပ်အစွမ်းထက်သည့် ရန်သူတစ်ယောက်ပေါ်လာလျှင် ယခုလို အလွယ်တကူ သတ်ဖြတ်နိုင်ပါမည်လား မသေချာပေ။

ထို့ကြောင့် အန္တရယ်အကင်းဆုံးမှာ ဖီးနစ်နားခိုရာမျိုးနွယ်စုနှင့် အမြန်ဆုံး ဆက်သွယ်မိအောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုပိုင်နက်ထဲရောက်လျှင်တော့ မည်သူကမှ ရန်ပြုရဲမည်မဟုတ်ဟု ခုန်မင် ယုံကြည်ထားသည်။

ထို့ကြောင့် ခုန်မင်တို့အုပ်စု လျှပ်စီးလင်းယုန်များကိုစီးနင်းကာ ဖီးနစ်နားခိုရာတောင်တန်းကြီး အတွင်းဘက်ဆီသို့ ပျံသန်းလာခဲ့တော့သည်။

***

အချိန်(၁)နာရီခန့် ကြာပြီးနောက်...

ဂယ်ရီ သေဆုံးသည့်နေရာသို့ အရပ်မြင့်မြင့် လူတစ်ယောက် ရောက်ရှိလာသည်။

သူ၏ခြေလှမ်းများက ကြယ်တစ်လုံးကြွေကျလာသည့်ပမာ အလွန်တရာ လျှင်မြန်လွန်းသည်။

ဤမျှလျှင်မြန်သည့် အရှိန်အဟုန်ကိုကြည့်ခြင်းအားဖြင့် ရောက်ရှိလာသူ၏ ကျင့်ကြံခြင်းအဆင့်က ‘ဒြပ်စင်စွမ်းအားဆရာသခင်’ အဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိသာလှသည်။

ဟုတ်ပေ၏။

ထိုသူက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်လေသည်။

ခြေလှမ်းများရပ်တန့်လိုက်တော့မှ ထိုသူ၏ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူသည်လည်း ဘန်နီမျိုးနွယ်စုဝင်တစ်ယောက်ပင် ဖြစ်၏။

ထိုမျိုးနွယ်စုဝင်တို့၏အမှတ်အသားဖြစ်သော ဖရိုဖရဲကျနေသည်ဆံပင်များဖြင့် သားမွှေးဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။

သူ၏ရုပ်ရည်ကို သေချာကြည့်မည်ဆိုလျှင် ဂယ်ရီနှင့်အလွန်ဆင်တူသော်လည်း အနည်းငယ်ပိုပြီး နုပျိုပုံရန်သည်။

လေထဲတွင် ကျောက်တိုင်များဖြင့် ထိုးစိုက်ခံထားရပြီး အသက်ပျောက်နေသည့် ဂယ်ရီအလောင်းကိုမြင်သည်နှင့် ထိုသူ မျက်နှာတစ်ချက်ပျက်သွားသည်။

ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်တိုင်များက အဝါရောင်မြေမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ဂယ်ရီ၏ရုပ်အလောင်းက မြေပြင်ထက်သို့ ပြုတ်ကျလာသည်။

ထို ဒြပ်စင်စွမ်းအားအရှင်သခင်က လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးသွားပြီး ဂယ်ရီ၏အလောင်း မြေကြီးပေါ်ပြုတ်မကျခင် ဆီးကြိုပွေ့ယူလိုက်သည်။

ထို့နောက် မီးကျွမ်းနေသော အလောင်းကိုကြည့်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျှက် မျက်ရည်များကျလာလေသည်။

ခဏကြာမှ နားကွဲလုမတတ် စူးရှသော အသံနက်ကြီးတစ်သံ ထွက်‌ပေါ်လာသည်။

“ဘယ်သူလုပ်တာလဲ... ဒါ ဘယ်သူ့လက်ချက်လဲ ၊ ငါ ဂိုရီ ငါ့အစ်ကိုကိုသတ်တဲ့သူကို လက်စားမချေနိုင်ရင် ငါ့ကိုယ်ငါ ယောကျ်ားလို့ မခေါ်တော့ဘူး”

ဂယ်ရီကိုသတ်လိုက်မိခြင်းက ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို ရန်စလိုက်သလိုဖြစ်သွားကြောင်း ခုန်မင်တို့အုပ်စုကတော့ မသိခဲ့ကြပေ။

သို့သော် တစ်စုံတစ်ယောက်က လက်စားချေမည်ကို စိုးရိမ်ကြောက်လန့်ပြီး သတ္တိနည်းနေမည်ဆိုပါက တောရိုင်းဒေသတွင် မည်သည့်အလုပ်ကိုမှ ပြီးပြတ်အောင်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

***

ဖီးနစ်နားခိုရာတောင်တန်းကြီးက စတုရန်းကီလိုမီတာ သောင်းနှင့်ချီပြီး ကျယ်ပြန့်လေသည်။

အပြင်လူများအတွက် ဖီးနစ်နားခိုရာမျိုးနွယ်စုများ အမှန်တကယ် ခြေချနေထိုင်သည့်နေရာကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။

အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပရန် နီးကပ်လာသောကြောင့်လော မသိ ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုက တောင်တန်းကြီး၏ အစွန်အဖျားပိုင်းသို့ ကင်းလှည့်မှုများကို ရပ်တန့်ထားသည်။

ထို့ကြောင့် ဖီးနစ်နားခိုရာတောင်တန်း အစွန်အဖျားများက လွတ်လပ်နေပြီး မည်သူမဆို စိတ်ကြိုက်ဝင်ထွက်လျှက် ရှိကြသည်။

ထို့ကြောင့်လည်း ဂယ်ရီက ခုန်မင်တို့အုပ်စုအား အလစ်ချောင်းတိုက်ခိုက်ရဲခြင်း ဖြစ်၏။

ဖီးနစ်နားခိုရာမျိုးနွယ်စုက အစွန်အဖျားဒေသများကို လုံးဝ လွှတ်ပေးထားလိုက်သဖြင့် အင်အားကြီးမျိုးနွယ်စုများအနေဖြင့် စိတ်ကြိုက်ပင် လုယက်သတ်ဖြတ်နေကြတော့သည်။

အဆုံးသတ်တွင် စမ်းသပ်ပွဲလက်မှတ် လက်ဝယ်ရှိသူများသာ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အထူးဧည့်သည်တော်များ ဖြစ်လာကြမည် မဟုတ်ပါလား။

ယခု ခုန်မင်တို့အဖွဲ့က အထူးသတိထားနေခဲ့ပြီး လျှပ်စီးလင်းယုန်များ၏ အကူအညီလည်းရှိသဖြင့် ခရီးစဉ်က အတော်လေး အဆင်ပြေနေသည်။

သို့သော် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင် တစ်ယောက်တစ်လေဖြင့်ပင် တွေ့ဆုံခြင်း မရှိသေးပေ။

ဖီးနစ်နားခိုရာမျိုးနွယ်စုက အပြင်ပန်းတွင် ပွင့်လင်းမြင်သာသယောင် စမ်းသပ်ပွဲကျင်းပမည်ဆိုသော်လည်း အတွင်းတွင် မရိုးသားသည့်အကြံအစည်များ ရှိနေမည်လားဟု ခုန်မင် သံသယဝင်လာမိသည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ အပြင်လူများကိုလည်း လူသိရှင်ကြား ဝင်ရောက်ခွင့်ပေးခြင်းမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့်မဟုတ်ဘဲ အခြားသောအကြောင်းရင်းများလည်း ရှိနေနိုင်သည်။

ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ရည်ရွယ်ချက်အမှန်ကို မည်သူမှ မသိနိုင်ကြသော်လည်း အားလုံး တိတ်တဆိတ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရမည်သာပင်။

All Chapters