← Chapters

နောက်ဆုံးတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်နဲ့တွေ့ရပြီ

Vol. 12 Ch. 129

နောက်ဆုံးတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်နဲ့တွေ့ရပြီ

Vol. 12 Ch. 129

စမ်းသပ်ပွဲလက်မှတ်များကို တတ်နိုင်သမျှ များများရယူထားခြင်းကသာ ဖီးနစ်နားခိုရာမျိုးနွယ်စုကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အဓိကကျသည့် နည်းဗျူဟာ ဖြစ်သည်။

မျိုးနွယ်စုတစ်ခုအနေဖြင့် စမ်းသပ်ပွဲလက်မှတ်အရေအတွက် ပိုမိုပိုင်ဆိုင်ထားမှသာ အဖွဲ့ဝင်များစွာကို စုစုစည်းစည်းဖြင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ ပို့ဆောင်နိုင်မည် ဖြစ်သည်။

သို့မှသာ ရရှိမည့်အခွင့်အရေးကလည်း သေချာပေလိမ့်မည်။

အကယ်၍ မျိုးနွယ်စုတစ်ခုစီမှ လူတစ်ယောက်ချင်းစီသာ ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်‌ရောက်မည်ဆိုပါက ထိုသူများအားလုံး ဖီးနစ်နားခိုရာမျိုးနွယ်စု၏ သားသတ်ခုံပေါ်မှအသားများ ဖြစ်သွားကြပေမည်။

ဖီးနစ်ကျဆုံးတောင်ကြားထဲသို့ တစ်ကြိမ်လျှင် ဝင်ရောက်ခွင့်ရသည့် လူဦးရေမှာ အယောက်(၂၀၀) သာ ရှိသည်။

ဖီးနစ်နားခိုးမျိုးနွယ်စုက သူတို့လက်ထဲတွင် နေရာ(၁၀၀) ကိုင်ထားပြီး အပြင်းလူများအတွက်‌ နေရာ(၁၀၀) ပေးထားခြင်း ဖြစ်သည်။

သို့ပေသိ ဖီးနစ်နားခိုရာမျိုးနွယ်စုက မည်မျှပင် အင်အားတောင့်တင်းပါစေ အလှည့်တိုင်းတွင် လူငယ်ပါရမီရှင် အယောက်(၁၀၀) အပြည့် ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် တခါတရံတွင် ပါရမီရှင်မဟုတ်သည့်တိုင် သူတို့၏မျိုးနွယ်စုဝင် လူငယ်အချို့ကို အိမ်ဖြည့်ထည့်သွင်းပြီး တောင်ကြားသို့ဝင်ရောက်စေကာ ကံစမ်းခိုင်းလေ့ ရှိသည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ခရီးလမ်းမှာ အလွန်ပင် အန္တရယ်များကြောင်း လူတိုင်းသိထားကြသည်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် မျိုးနွယ်စုအသီးသီးက ဝင်ခွင့်ရရန် အလုအယက် ကြိုးစားကြပါသနည်း။

ဟုတ်ပေ၏။

အန္တရယ်နှင့်ဆာလျှင် ရရှိမည့်အကျိုးအမြတ်က အလွန်ကြီးမားနေသောကြောင့် ဖြစ်၏။

စမ်းသပ်ပွဲ အောင်မြင်စွာဖြတ်ကျော်နိုင်ပါက ရရှိမည့်ဆုလာဘ်က အမှန်တကယ်ပင် မက်မောစရာကောင်းလှသည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်သည့် လူငယ်များအနေဖြင့် မဝင်ရောက်သူများနှင့်ယှဉ်လျှင် ‘ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်’ သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်များသို့ တက်ရောက်ရန် အခွင့်အရေး (၃)ဆမှ (၄)ဆအထိ ပိုမိုမြင့်မားသည်။

တောင်ကြားအတွင်းမှ ယူဆောင်လာနိုင်သည့် သဘာဝရတနာပစ္စည်းများမှာလည်း ငွေကြေးဖြင့်တိုင်းတာမရအောင် တန်ဖိုးကြီးမားလှသည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာ၏ “အင်အားကြီးမျိုးနွယ်စုကြီး (၃)ခု” အနက် တစ်ခုအဖြစ် အဘယ့်ကြောင့် အမြဲတမ်း ရပ်တည်နိုင်ခဲ့သနည်း။

အကြောင်းရင်းမှာ သူတို့က ရတနာသိုက်ကြီးဖြစ်သည့် ဖီးနစ်ကျဆုံးတောင်ကြားကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

ဖီးနစ်နားခိုရာမျိုးနွယ်စုအနေဖြင့် ဖီးနစ်ကျဆုံးတောင်ကြားမှ အကျိုးအမြတ်များကို ရေတွက်မကုန်နိုင်အောင် ရရှိထားပေသည်။

သို့သော် ဤမျှအဖိုးတန်လှသည့်နေရာကို သူတို့မျိုးနွယ်စုတစ်ခုတည်း အပိုင်သိမ်းထားခြင်းက ပိုမကောင်းပေဘူးလား။

အဘယ့်ကြောင့် အပြင်လူများအတွက် ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ရပါသနည်း။

နောက်ကွယ်တွင် ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်တစ်ခုမရှိဘဲ ဤသို့ပြုလုပ်စရာ အကြောင်းမရှိပေ။

ဖီးနစ်နားခိုရာတောင်တန်းကြီးတစ်ခုလုံးက ဖီးနစ်နားခိုရာမျိုးနွယ်စု၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိသော်လည်း တောရိုင်းဒေသဗဟိုချက်နှင့်တော့ အတော်လေး အလှမ်းဝေးသေးသည်။

တောရိုင်းဒေသ ဗဟိုချက်နယ်မြေကိုလည်း ရင်းမြစ်ပေါ်ကြွယ်ဝရာ ရတနာသိုက်တစ်ခုဟု သတ်မှတ်နိုင်သော်လည်း ဖီးနစ်ကျဆုံးတောင်ကြား၏အရေးပါမှုနှင့် နှိုင်းယှဉ်မရနိုင်ပေ။

ထို့ကြောင့်လည်း တောရိုင်းဒေသအတွင်းရှိ ထိပ်တန်းမျိုးနွယ်စု အားလုံးတွင် ဖီးနစ်နားခိုရာမျိုးနွယ်စုတစ်ခုတည်းသာ ဗဟိုချက်နယ်မြေအပြင်ဘက်တွင် အခြေစိုက်နေခြင်း ဖြစ်ပေ၏။

ခုန်မင်၏ လက်ထဲတွင် ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံရှိနေသော်လည်း ဖီးနစ်နားခိုရာတောင်တန်း မြေပုံတော့ မရှိပေ။ ထို့ကြောင့် တိကျသည့်မြေပြင်အနေအထားကို မသိနိုင်ခဲ့ပေ။

ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် ခုန်မင်တို့အုပ်စုအနေဖြင့် တောင်တန်းကြီးအတွင်းပိုင်းသို့ ပိုပြီးတိုးဝင်ရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။

တောင်တန်းကြီးအတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာလေ လမ်းခရီးတစ်လျှောက် မျိုးနွယ်စုများ၏အပြန်အလှန်တိုက်ပွဲများကို ပိုမိုတွေ့မြင်လာရလေ ဖြစ်သည်။

အင်အားကြီးမျိုးနွယ်စု(၂)ခု တိုက်ပွဲကြီးတစ်ပွဲဖြစ်ပွားသည်ကို ခုန်မင်တို့ မြင်တွေ့ခဲ့ကြရသည်။

လူအင်အားရာနှင့်ချီပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသည့် ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့် ကျင့်ကြံသူများသည်ပင် ဆယ်ဂဏန်းခန့်ရှိသည်။

သို့သော် ထိုတိုက်ပွဲကြီးမှာ စမ်းသပ်ပွဲလက်မှတ်တစ်စောင်တည်းအား လုယူရန်အတွက်သာ ဖြစ်ပွားခဲ့ခြင်းပင်။

ခုန်မင်တို့အုပ်စုက အပြင်ပန်းတွင် သာမန်မျှသာထင်ရသော်လည်း သူတို့လက်ထဲတွင် စမ်းသပ်ပွဲလက်မှတ် နှစ်ခုပင် ရှိနေသည်။

ဤသတင်းသာ အပြင်သို့‌ပေါက်ကြားသွားပါက မည်မျှများပြားသည့်ရန်သူများ သူတို့ထံမှ ဝိုင်းဝန်းလုယက်ကြမည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။

ခုန်မင်က အင်အားစုများစွာကို ရှောင်ကွင်းပျံသန်းလာရင်း ချောင်တတိယသခင်လေးကိုပင် သတိရလိုက်မိသည်။

သူရော ဖီးနစ်နားခိုရာတောင်တန်းသို့ ချောချောမောမော ရောက်လာနိုင်ပါမည်လား။

***

ခုန်မင်တစ်ယောက် ချောင်တတိယသခင်လေးအကြောင်း စဉ်းစားနေချိန်မှာပင်...

တောရိုင်းဒေသ နက်ရှိုင်းရာနေရာရှိ တောင်ထွတ်တစ်ခုထက်တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက်ရှိလေသည်။ သူက အနက်ရောင်နှင့်အနီရောင်ပိုးသားဝတ်စုံဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံထိုးဆင်မြန်းထားသည်။

အခြားသူမဟုတ် ၊ ချောင်တတိယသခင်လေးပင် ဖြစ်၏။

သူ့မျက်နှာက ကျေနပ်အားရဟန်ဖြင့် ပြုံးနေပြီး သူ၏ကိုယ်ရံတော်ဖြစ်သော ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် ကျင့်ကြံသူက သူ့နောက်တွင် အလွန်ရိုကျိုးဟန်ဖြင့် မတ်တတ်ရပ်နေသည်။

ချောင်တတိယသခင်လေး ကိုယ်တိုင်သည်လည်း အစွမ်းအစမနိမ့်သော်လည်း ယခုလို ဖီးနစ်နားခိုရာတောင်တန်းသို့ ချောချောမွေ့မွေ့ရောက်ရှိလာခြင်းမှာ ထိုကိုယ်ရံတော်၏ စွမ်းဆောင်ရည် အများကြီးပါဝင်သည်။

ထို့ကြောင့်သာ ချောင်တတိယသခင်လေးအနေဖြင့် ယခုကဲ့သို့ အေးဆေးစွာ မတ်တတ်ရပ်နေနိုင်ခြင်းပင်။

သူ့လက်ထဲတွင် အနက်ရောင်စမ်းသပ်ပွဲလက်မှတ်တစ်ခုကို ဆုပ်ကိုင်ထားလေသည်။

သူက လက်မှတ်ကို ကြည့်ကာပြုံးလိုက်ပြီး...

“ဒီတစ်ခုနဲ့ဆိုရင် ငါတို့လက်ထဲမှာ စမ်းသပ်ပွဲလက်မှတ် (၄)စောင် ရှိသွားပြီ...”

ထို့နောက် ချောင်တတိယသခင်လေးက သူ့နောက်မှလူများကို လှည့်ကြည့်လိုက်ရင်း...

“ချောင်ဟူ၊ ချောင်ပေါင်၊ ချောင်ပြောင်... မင်းတို့ ညီအစ်ကို (၃)ယောက် ငါနဲ့အတူ ဖီးနစ်ကျဆုံးတောင်ကြားကို လိုက်ခဲ့လို့ရပြီ ၊ မင်းတို့ညီအစ်ကို(၃)ယောက်ရဲ့ စုပေါင်းစွမ်းရည်ရယ် ၊ ငါ့လက်ထဲက အလင်းစီးဆင်းဓားရယ်ပေါင်းလိုက်ရင် တောရိုင်းဒေသက လူရိုင်းကောင်တွေ ဘယ်သူမှ ငါတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး ၊ အခု ငါတွေးနေတာက ဖီးနစ်ကျဆုံးတောင်ကြားမှာ အဲဒီ ဒဏ္ဍာရီလာပစ္စည်း တကယ်ရှိနေဖို့ပဲ ၊ အဲဒါက ငါတို့ချောင်အိမ်တော် ပိုင်ဆိုင်ရမယ့်အရာပဲ ဖြစ်ရမယ်”

စကားဆုံးသည်နှင့် သူ့နောက်ရှိ အဖွဲ့ထဲမှ လူ(၃)‌ယောက် ရှေ့သို့ထွက်လာပြီး ချောင်တတိယသခင်လေးကို ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

“ကျွန်တော်တို့ညီအစ်ကို(၃)ယောက် သခင်လေးရဲ့အမိန့်ကိုနာခံဖို့ အသင့်ပါပဲ”

သူတို့ (၃)‌ယောက်က ချောင်ဟူ ၊ ချောင်ပေါင်နှင့် ချောင်ပြောင် ညီအစ်ကို(၃)ယောက် ဖြစ်သည်။

သူတို့(၃)ယောက်အနက် (၂)ယောက်မှာ ခုန်အိမ်တော်သို့ လာရောက်စဉ်က ပါလာခဲ့ကြသည့် ‘နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်’ အဆင့်ရှိသူများ ဖြစ်ကြသည်။

တတိယတစ်ယောက်သည်လည်း နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ပင်ဖြစ်သော်လည်း မည်သည့်အချိန်က ဤအဖွဲ့သို့ရောက်ရှိလာကြောင်း မသိနိုင်ပေ။

ယခု ချောင်တတိယသခင်လေးနောက်တွင် လိုက်ပါလာသည့် အခြွေအရံများမှာ ခုန်အိမ်တော်သို့ လာရောက်စဉ်ကထက် လူ(၁၀)ယောက်ကျော်ပိုများနေပြီး အားလုံးကလည်း ကျင့်ကြံခြင်းအဆင့် မြင့်မားကြသည်။

သူတို့အဖွဲ့၏ စုပေါင်းအင်အားမှာ မျိုးနွယ်စုတစ်ရာကြားမှ အလယ်ဆင့် မျိုးနွယ်စုတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ရနိုင်သည်။

ချောင်တတိယသခင်လေးက ဤတောရိုင်းဒေသခရီးစဉ်အတွက် အရင်းအနှီးများစွာ အသုံးပြုထားကြောင်း သိသာလှသည်။

သို့ဆိုလျှင် သူပြောသည့် “ဒဏ္ဍာရီလာ ပစ္စည်း” ဆိုသည်မှာ အဘယ်အရာ ဖြစ်နိုင်ပါသနည်း။

***

ခုန်မင်တို့အုပ်စု ဖီးနစ်နားခိုရာတောင်တန်း အတွင်းပိုင်းသို့ ရောက်ရှိနေသည်မှာ (၂)ရက်ခန့်ပင် ရှိပြီ ဖြစ်သည်။

ယခု သူတို့ရောက်ရှိနေသည့်နေရာက မြင့်မားမတ်စောက်သည့် တောင်တန်းများဖြင့် ဝန်းရံလျှက်ရှိပြီး တောင်ကုန်းများထက်တွင် ပန်းမန်များ ၊ မြက်ခင်းများနှင့် သစ်ပင်ငယ်များကိုသာ တွေ့ရှိရသည်။

သူတို့ရောက်ရှိသည့်နေရာက တောရိုင်းဒေသ နက်ရှိုင်းရာနေရာဟုဆိုလျှင် ယုံချင်စရာပင်မရှိအောင် သာယာလှပနေလေသည်။

ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပရန် ငါးရက်ပင် မလိုတော့ချေ။

ခုန်မင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူသာ သားရဲထိန်းမျိုးနွယ်စုမှ လျှပ်စီးလင်းယုန်များကို မငှားရမ်းခဲ့ပါက ဤတောင်တန်းကြီးဆီသို့ အချိန်မီရောက်ရှိလျှင်ပင် အခမ်းအနားမစတင်မီ ဖီးနစ်နားခိုရာမျိုးနွယ်စုကို ရှာဖွေတွေ့ရှိရန် မသေချာလှပေ။

ခုန်မင်က...

“ဒီလောက်နက်ရှိုင်းတဲ့နေရာကို ရောက်လာပြီဆိုမှတော့... ငါတို့တွေ ဖီးနစ်နားခိုရာတောင်တန်းရဲ့ အစွန်အဖျားဒေသကို ဖြတ်ကျော်လာခဲ့ပြီထင်တယ်”

ရှန်ရှင်းယွင်က ခေါင်းညိတ်ရင်း...

“ဖီးနစ်နားခိုရာမျိုးနွယ်စုက ဒီလိုနယ်မြေအတွင်းပိုင်းအထိတော့ လုယက်နေတဲ့သူတွေကို လွှတ်ထားမှာမဟုတ်ဘူး ၊ မဟုတ်ရင် သူတို့ သိက္ခာထိခိုက်နိုင်တယ်လေ”

မျိုးနွယ်စုအချင်းချင်း သတ်ဖြတ်ကြသည်ကို ဖီးနစ်နားခိုရာမျိုးနွယ်စုက တမင်သက်သက်လွှတ်ပေးထားသည်ဟု ခုန်မင်တို့အုပ်စုက သံသယရှိနေသော်လည်း ၊ သူတို့၏ အခြေစိုက်စခန်းကို စစ်တလင်းဖြစ်အောင်တော့ ခွင့်ပြုထားမည် မဟုတ်ပေ။

ထိုအချိန်မှာပင်...

အရှေ့ဆီမှ မီးလျှံအလင်းတန်းကြီးတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားသည်ကိုတွေ့လိုက်ရပြီး မီးဒြပ်စင်လှိုင်းလုံးတစ်ခုလည်း ရုတ်တရက် ထွက်ပေါ်လာသည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုက သူတို့ကိုယ်သူတို့ ‘မီးလျှံဖီးနစ်’ ၏ မျိုးဆက်များဟု ခေါ်ဆိုကြပြီး မီးဒြပ်စင်စွမ်းအား ထိန်းချုပ်အသုံးချရာတွင် အံ့မခန်းထူးချွန်ကြသည်။

ခုန်မင်တို့အရှေ့မှ ထွက်ပေါ်လာသည့် မီးဒြပ်စင်စွမ်းအားလှိုင်းလုံးကြီးမှာ ‘ဒြပ်စင်စွမ်းအားအရှင်သခင်’ အဆင့် သို့မဟုတ် ထိုထက်မြင့်သော ကျွမ်းကျင်သူတစ်ယောက်ကသာ ဖန်တီးနိုင်သည့်စွမ်းအားမျိုး ဖြစ်၏။

မော့ဖေးက...

“အဲဒီလူက ဖီးနစ်နားခိုရာမျိုးနွယ်စုနဲ့ ပတ်သက်နေမယ်ထင်တယ်”

ခုန်မင်က ခေါင်းညိတ်လိုက်ပြီး အားလုံးကို အသံတိတ်နေရန်အချက်ပြလိုက်သည်။ ထို့နောက် ဒြပ်စင်စွမ်းအားလှိုင်းလုံးထွက်ပေါ်လာရာဆီသို့ အတူတကွ ပျံသန်းသွားကြသည်။

မီးလျှံအလင်းတန်းများ ကောင်းကင်ထက်သို့ ထိုးတက်လာသည့်နေရာက တောင်ကြားငယ်တစ်ခုတွင် ဖြစ်သည်။

ခုန်မင်တို့အုပ်စု တောင်ကြားထက်သို့ ရောက်ရှိသွားချိန် ကျယ်လောင်သည့်အသံတစ်သံကို ကြားလိုက်ရသည်။

“မင်းတို့တွေ... တောင်တန်းအပြင်ဘက်မှ ဘယ်လောက်ပဲပြဿနာရှာရှာ ငါတို့ ဖီးနစ်နားခိုရာမျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး ၊ ဒါပေမဲ့ အခု ငါတို့တောင်တန်းရဲ့ အတွင်းပိုင်းကိုရောက်နေပြီ ၊ ငါတို့နယ်မြေထဲမှာ လူသတ်ပြီး လက်မှတ်လုဖို့ကြိုးစားတာကိုတော့ လုံးဝ ခွင့်မပြုနိုင်ဘူး ၊ အခု သတိပေးလိုက်ရုံပဲ လုပ်လိုက်မယ် ၊ နောက်တစ်ခါထပ်ဖြစ်ရင်တော့ အသက်ရှင်ဖို့ မမျှော်လင့်နဲ့”

ခုန်မင်က တောင်ကြားကို အပေါ်စီးမှမြင်ရသည့် ကျောက်တောင်စွန်းတစ်ခုထက်သို့ လျှပ်စီးလင်းယုန်ကို သတိဖြင့် ဆင်းသက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

တောင်ကြားထဲတွင် လူအယောက် (၄၀) (၅၀)ခန့် စုဝေးနေကြသည်။

အင်အားများဟန်ရှိသော အုပ်စုတစ်စုတွင် လူအယောက်(၃၀)ခန့်ရှိပြီး သူတို့၏ခေါင်းဆောင်ဖြစ်သူက မြေပြင်ထက် ဒူးထောက်လျှက်ရှိသည်။

သူ့လက်ထဲတွင်တော့ မူလပုံစံပင် မမှတ်မိနိုင်လောက်အောင် အရည်ပျော်သွားပြီဖြစ်သော လက်နက်တစ်ခုကိုင်ထားသည်။ မြေပြင်ထက်မှာတော့ အရည်‌ပျော်နေသည့် သံရည်ပူကဲ့သို့ သတ္တုရည် အကွက်တစ်ခု ရှိနေသည်။

တောင်ကြားထဲတွင် မျိုးနွယ်စု(၂)ခု စမ်းသပ်ပွဲလက်မှတ်အတွက် သူသေကိုယ်သေ တိုက်ခိုက်ကြစဉ် ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ကျွမ်းကျင်သူတစ်ယောက် ထွက်ပေါ်လာပြီး နှိမ်နင်းခံလိုက်ရသည်မှာ ထင်ရှားသည်။

စောစောက ခုန်မင်တို့ တွေ့မြင်လိုက်ရသည့် မီးလျှံအလင်းတန်းများနှင့် ဒြပ်စင်စွမ်းအားလှိုင်းလုံးများရိုက်ခတ်လာခြင်းမှာ ထိုကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကြောင့် ဖြစ်၏။

ရန်သူ၏လက်နက်ကို မျက်စိတစ်မှိတ်အတွင်း သံရည်ပူအဖြစ် ပြောင်းလဲပစ်နိုင်သည်ကိုကြည့်ခြင်းအားဖြင့် သူ၏ မီးဒြပ်စင်စွမ်းအား ကျွမ်းကျင်ပိုင်နိုင်မှုမှာ ကြောက်စရာကောင်းလောက်အောင် အထွတ်ထိပ်သို့ ရောက်ရှိနေပေပြီ။

ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ကိုယ်တိုင်ရောက်လာသည်ဖြစ်ရာ မည်သူက ဆက်လက်လုယက်ဝံ့ပါတော့မည်နည်း။

ဒူးထောက်နေသည့်အဖွဲ့ခေါင်းဆောင်က ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ကျွမ်းကျင်သူကို ဦးညွှတ်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ တောင်ကြားထဲမှ ဆုတ်ခွာသွားတော့သည်။

သူ၏လက်နက်အကျိုးအပဲ့ကိုလည်း ပစ်မထားရက်ခဲ့သဖြင့် ယူဆောင်သွားလေသည်။

ကြည့်ရသည်မှာ လက်နက်ပြုလုပ်ထားသည့်ကုန်ကြမ်းက ထူးခြားသဖြင့် အကျိုးအပဲ့ဖြစ်သည့်တိုင် တန်ဖိုးရှိနေဆဲ ဖြစ်ဟန်တူသည်။

တစ်ဖက်မှ လူ(၁၀)ယောက်ကျော်သာရှိသော မျိုးနွယ်စုကတော့ အန္တရယ်မှ ကံကောင်းစွာလွတ်မြောက်သွားသဖြင့် စိတ်သက်သာရာရသွားသည့်အလား ထိုဒြပ်စင်စွမ်းအားအရှင်သခင်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလျှက်ရှိကြသည်။

ထို့နောက် အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော လူရွယ်က စမ်းသပ်ပွဲလက်မှတ်ကို ထိုဒြပ်စင်စွမ်းအားအရှင်သခင်ထံသို့ သတိထားကာ ကမ်းပေးလိုက်သည်။

သူ့နံဘေးတွင် လူငယ်တစ်ယောက်ရှိနေပြီး စမ်းသပ်ပွဲသို့ဝင်ရောက်မည့်သူ ဖြစ်ဟန်တူသည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုမှ ဒြပ်စင်စွမ်းအားအရှင်သခင်က လက်မှတ်ကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြရင်း...

“စမ်းသပ်ပွဲလက်မှတ်ကို လွှဲအပ်ပြီးပြီဆိုတော့ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲမှာပါဝင်ဖို့ နေရာတစ်ခု ရသွားပါပြီ ၊ ငါ့နောက်လိုက်ခဲ့ကြပါ ၊ ငါတို့မျိုးနွယ်စုဝင်တွေက မင်းတို့ကို တောင်ကြားအထိရောက်အောင် စီစဉ်ပေးမယ် ၊ အရွယ်ရောက်ခြင်းအခမ်းအနားကျင်းပတာနဲ့ မင်းတို့ရဲ့လူငယ်က တခြားမျိုးနွယ်စုက လူငယ်တွေနဲ့အတူ စမ်းသပ်ပွဲမှာ ပါဝင်နိုင်ပါပြီ”

စကားဆုံးသွားသည်နှင့် သူက အပေါ်ဘက်ရှိ ကျောက်တောင်စွန်းဆီသို့ ခေါင်းမော့ကြည့်လိုက်ပြီး...

“အပေါ်မှာ ဘယ်ကမိတ်ဆွေတွေ ရောက်နေတာလဲ ၊ ဒီအထိရောက်လာပြီးမှတော့ လူကိုယ်တိုင်ထွက်တွေ့သင့်တယ် မဟုတ်ဘူးလား”

All Chapters