← Chapters

ဖီးနစ်နားခိုရာတောင်ထွတ်

Vol. 12 Ch. 131

ဖီးနစ်နားခိုရာတောင်ထွတ်

Vol. 12 Ch. 131

အကယ်၍ တောင်ထိပ်ကိုသာ ထိုသို့ပိုင်းဖြတ်ထားရိုး အမှန်ဖြစ်ခဲ့လျှင် ဤတောင်မြင့်ကြီး၏ မူလအမြင့်မှာ မည်မျှအထိ ရှိခဲ့ပါသနည်း။

မီတာတစ်သောင်းထက်ပင် ကျော်လွန်သွားနိုင်သည်။

ထို့ပြင် ဤသို့သောတောင်ထိပ်ကြီးကို ဖြတ်တောက်ရန်မှာ မည်မျှအထိကြီးမားသော စွမ်းအားလိုအပ်မည်နည်း။

ဒဏ္ဍာရီလာနတ်ဘုရားများသည်ပင်လျှင် ဤသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။

အမှန်တော့ ထျန်းယွမ်းကုန်းမြေမှ ကျင့်ကြံသူများက နတ်ဘုရားများကို အလွန်အမင်း ကိုးကွယ်ဆည်းကပ်လေ့ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် တန်ခိုးစွမ်းအား အထွတ်ထိပ်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများမှာလည်း ဒဏ္ဍာရီလာနတ်ဘုရားများနှင့်မခြားအောင် စွမ်းအားကြီးမားသောကြောင့် ဖြစ်၏။

သူတို့က တောင်များကိုရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို ခမ်းခြောက်စေနိုင်သည့် အံ့မခန်း တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ကြသည်။

ထို့ကြောင့် ကျင့်ကြံသူများက မိမိတို့၏ကိုယ်ပိုင်စွမ်းအားကိုသာ ယုံကြည်ကြပြီး နတ်ဘုရားများကို အထူးတလည် တန်ဖိုးထားလေ့ မရှိကြပေ။

ထို့ကြောင့် ထျန်းယွမ်ကုန်းမြေတွင် နတ်ဘုရားများကို ပူဇော်ပသသည့် သာမန်လူအချို့မှလွဲပြီး အခြားဘာသာရေးလွှမ်းမိုးမှု သိပ်မရှိလှပေ။

သူတို့ရှေ့မှတောင်မြင့်ကြီးမှာ အမှန်တကယ် ပိုင်းဖြတ်ခံထားရခြင်းဖြစ်ပါက ခုန်မင်တို့အုပ်စုကတော့ နတ်ဘုရားတစ်ပါး တန်ခိုးပြသည်ဆိုခြင်းထက် မည်သို့သောကျွမ်းကျင်သူက အံ့မခန်းစွမ်းရည်ကို ပြသထားသနည်းဟုသာ တွေးတောအံ့သြမိကြပေလိမ့်မည်။

လမ်းခရီးတစ်လျှောက် စကားတစ်လုံးမှမပြောသော ဟော်ရှင်းက ဤတောင်မြင့်ကြီးကိုတွေ့သည်နှင့် အလွန်အမင်းကြည်ညိုလေးစားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူက မြင့်မားလှသော ထိုတောင်ထိပ်ကြီးကိုညွှန်ပြရင်း...

“အားလုံးပဲ... မင်းတို့ရှေ့ကတောင်မြင့်ကြီးက ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ 'ဖီးနစ်နားခိုရာတောင်' ပဲ ၊ အရင်တုန်းက ဒီတောင်က မိစ္ဆာတွေစုဝေးနေတဲ့ မိစ္ဆာတောင်တစ်လုံးပေါ့ ၊ မိစ္ဆာတွေက သူတို့ရဲ့မိစ္ဆာစွမ်းအားကိုအသုံးပြုပြီး ကောင်းကင်ကိုထိုးဖောက်ဖို့အတွက် ဒီတောင်ထွတ်ကြီးကို အတင်းအကျပ် မြင့်တက်စေခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“အဲဒီအချိန်မှာ ငါတို့ရဲ့ဘိုးဘေး မီးလျှံဖီးနစ်က ကောင်းကင်ဘုံကနေဆင်းသက်လာပြီး ကြီးမားတဲ့တန်ခိုးစွမ်းအားနှင့် ဒီတောင်ကို ပိုင်းဖြတ်ပစ်လိုက်ပြီး မိစ္ဆာတွေကို ဒူးထောက်အရှုံးပေးစေခဲ့တယ် ၊ အဲဒီအချိန်ကစပြီး မြင့်မြတ်တဲ့ဘိုးဘေး မီးလျှံဖီးနစ် ဒီတောင်ထိပ်မှာနားခိုခဲ့ရာကနေ 'ဖီးနစ်နားခိုရာတောင်' လို့ အမည်တွင်သွားခဲ့တယ် ၊ ဒါက ငါတို့ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး အနှိုင်းမဲ့ဖြစ်တဲ့ တောင်ထွတ်ကြီးပဲ”

တောရိုင်းဒေသမျိုးနွယ်စုများကတော့ အပြင်လောကမှ ကျင့်ကြံသူများနှင့်မတူဘဲ နတ်ဘုရားများကို ကိုးကွယ်ခြင်း သို့မဟုတ် ဘိုးဘေးများကို ကိုးကွယ်ပူဇော်ခြင်းများ ပြုလုပ်လေ့ ရှိကြသည်။

သူတို့၏သဒ္ဓါတရားထက်သန်မှုကို အပြင်လူများနားလည်ရန် ခဲယဉ်းပေးသည်။

‌ဟော်ရှင်းက ‘ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်’ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း ယုံကြည်ကိုးကွယ်မှုတွင် စိတ်ဓာတ်ပြင်းထန်ပုံရသည်။

မြစ်သုံးသွယ်မျိုးနွယ်စုက ‘မြစ်နတ်မင်း’ ကို ကိုးကွယ်သူများဖြစ်ရာ မီးလျှံဖီးနစ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။

သို့သော် တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာ၏အစဉ်အလာအရ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ယုံကြည်ကိုးကွယ်မှုကို လေးစားသောအားဖြင့် ဖီးနစ်နားခိုရာတောင်အား အရိုအသေပြုလိုက်ကြသည်။

ခုန်မင်ကလည်း ကိုးကွယ်ယုံကြည်မှုများကို သိပ်ပြီးအရေးမစိုက်လှ‌ပေ။

မီးလျှံဖီးနစ်ဒဏ္ဍာရီဆိုသည်က နောက်ပိုင်းမျိုးဆက်များ ချဲ့ကားပြောဆိုသည့် ဇာတ်လမ်းတစ်ပုဒ်ဟုသာ စိတ်ထဲတွေးနေခဲ့သည်။

ဖီးနစ်နားခိုရာတောင်က မီးလျှံဖီးနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနိုင်သော်လည်း ‘မိစ္ဆာအပေါင်းကို ဒူးထောက်အရှုံးပေးစေခဲ့သည်’ ဆိုသည်ကတော့ အဓိပ္ပါယ်မရှိသည့်စကားသာ ဖြစ်ပေမည်။

သို့သော် သူတစ်ပါးနည်မြေသို့ရောက်ရှိနေသည်ဖြစ်ရာ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ယုံကြည်ကိုးကွယ်မှုကို အနည်းငယ်ပင် မရိုမသေမပြုအပ်ပေ။

ထို့ကြောင့် ခုန်မင်တို့အုပ်စုသည်လည်း ဖီးနစ်နားခိုရာတောင်ဆီသို့ ဦးညွှတ်အရိုအသေ ပြုလိုက်ကြလေသည်။

‌ဟော်ရှင်းကတော့ တောင်တက်သားရဲပေါ်မှပင် ဆင်းလိုက်ပြီး တောင်ခြေတွင် ဒူးထောက်ကာ နဖူးနှင့်မြေဆီလွှာထိကပ်သည်အထိ အကြိမ်ကြိမ် ရှိခိုးကန်တော့လိုက်သည်။

ထို့‌နောက် တောင်ခြေမှ မြေမှုန့်အချို့ကိုကျုံးယူကာ သူ့ခန္ဓာကိုယ်ထက်သို့ သုံးကြိမ်တိုင်တိုင် ပက်ဖြန်းလိုက်ပြီးမှ အဖွဲ့ကိုဦးဆောင်ကာ တောင်ပေါ်သို့ ဆက်တက်လေသည်။

ဖီးနစ်နားခိုရာတောင်က ဖီးနစ်နားခိုရာမျိုးနွယ်စု အထွတ်အမြတ်ထားရာမြေ ဖြစ်သည်။

မျိုးနွယ်စုအကြီးအကဲ၊ အုပ်ချုပ်ရေးပိုင်းမှ ရာထူးကြီးသူများနှင့် တစ်နှစ်ပတ်လုံး တောင်ပေါ်တွင် နေခွင့်ပေးထားသည့် လက်ရွေးစင် လူငယ်ပါရမီရှင်များသာလျှင် ဤတောင်ပေါ်တွင် နေခွင့်ရှိလေသည်။

ဟော်ရှင်းကဲ့သို့ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိ ကျွမ်းကျင်သူများမှာ မျိုးနွယ်စုတွင် အဆင့်အတန်းမနိမ့်သော်လည်း အရွယ်ရောက်ခြင်းအခမ်းအနားကဲ့သို့သော ပွဲတော်များရှိချိန် သို့မဟုတ် တာဝန်အရ အစီရင်ခံရန် ပြန်လာချိန်များတွင်သာ ဤတောင်ထက်သို့ ခြေချခွင့်ရှိကြသည်။

ကောလဟလများအရ ဖီးနစ်ကျဆုံးတောင်ကြားက ဖီးနစ်နားခိုရာတောင်၏ နောက်ကျောဘက်တွင် ရှိသည်ဟုဆိုသည်။

အနှစ်(၂၀)လျှင် တစ်ကြိမ်ကျင်းပသည့် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနားကြောင့်သာ မဟုတ်ပါက ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များသည်ပင် တောင်ကြားအတွင်းသို့ ဝင်ရောက်ခွင့်မရှိပေ။

အပြင်လူများဆိုလျှင်တော့ ဖီးနစ်နားခိုရာမျိုးနွယ်စုက သူတို့၏ အခမ်းအနားကို လူသိရှင်ကြား ဖွင့်လှစ်ပေးခြင်း မရှိပါက ဖီးနစ်ကျဆုံးတောင်ကြားထဲ ဝင်ရောက်ဖို့နေနေသာသာ ဖီးနစ်နားခိုရာတောင်ပေါ်သို့ပင် ခြေချခွင့် ရကြမည်မဟုတ်ပေ။

ဟော်ရှင်းက မျိုးနွယ်စု၏ သန့်ရှင်းရာနယ်မြေသို့ရောက်ရှိလာသဖြင့် ရိုသေလေးစားမှု အပြည့်အဝပြသကာ တောင်တက်သားရဲကိုပင်မစီးတော့ဘဲ ခြေထောက်ဖြင့်သာ တောင်ပေါ်သို့တက်လေသည်။

ခုန်မင်တို့အုပ်စုကတော့ ထိုကဲ့သို့ မပြုလုပ်ကြပေ။

တောင်ထိပ်သို့ရောက်ရန်မှာ အတော်လေး အလှမ်းဝေးသေးသည်ဖြစ်ရာ တောင်တက်သားရဲများ၏ အကူအညီမပါဘဲ ‌‌ဟော်ရှင်း၏အရှိန်အဟုန်ကို အမီလိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ တောင်ထိပ်သို့ အချိန်မီမရောက်ဘဲ တောင်ခါးပန်းတွင်သာ စခန်းချရမည်ဆိုပါက ပို၍ပင် အလုပ်ရှုပ်စရာများ ဖြစ်လာပေမည်။

အချိန်(၁)နာရီခန့်ကြာပြီးနောက် သူတို့အုပ်စု တောင်တစ်ဝက်ခန့်သို့ ‌ရောက်လာကြသည်။

ဤနေရာမှစပြီး တောင်ပေါ်လမ်းတစ်လျှောက် ဆွတ်ဆွတ်ဖြူသည့်နှင်းများ ဖုံးလွှမ်းလာပြီး လေထုမှာလည်း အေးစိမ့်လာလေရာ တောင်တက်သားရဲများ သိသိသာသာပင် နှေးကွေးသွားကြသည်။

ကံကောင်းသည်မှာ သူတို့အုပ်စုတွင် သာမန်လူဆို၍ တစ်ယောက်မှမပါသဖြင့် ပတ်ဝန်းကျင်အခြေအနေ မည်မျှကြမ်းတမ်းပါစေ သက်ရောက်မှု သိပ်မရှိဘဲ တောင်ထိပ်သို့ မရပ်မနား ခရီးနှင်နိုင်ခဲ့ကြသည်။

သူတို့ထဲတွင် အားအနည်းဆုံးဟုထင်ရသည့် မော့ယွဲ့သည်ပင် လေပြင်းနှင့် နှင်းဒဏ်ကိုမကြောက်ရွံ့ဘဲ ခရီးနှင်လျှက် ရှိသည်။

ခုန်မင်က မော့ယွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

မော့ယွဲ့ဝတ်ဆင်ထားသည့် အဝါရောင်နှင့်နက်ပြာရောင်ဝတ်စုံက လေထဲတွင်ပျံ့လွင့်နေပြီး သူ၏ဦးခေါင်းထက်စည်းနှောင်ထားသည့် အဝါရောင်ပိုးကြိးနှင့် မျက်နှာထက်မှ အနက်ရောင်ပိုးပုဝါသည်လည်း လေထဲတွင် လွင့်မျောလျှက် ရှိလေရာ သူပုံစံက နတ်သမီးလေးတစ်ပါးပမာ ထင်မှတ်ရသည်။

ခုန်မင်လှမ်းကြည့်လာသည်ကိုမြင်တော့ မော့ယွဲ့က သူမ၏သားရဲကို ခုန်မင်အနားသို့ မောင်းနှင်လာပြီး...

“သခင်လေး...”

ခုန်မင်က ခေါင်းညိတ်ရင်း...

“ယွဲ့အာ... အဆင်ပြေရဲ့လား”

မိန်းကလေးငယ်က မျက်တောင်လေးများတဖျတ်ဖျတ်ခတ်ရင်း...

“ယွဲ့အာ အဆင်ပြေပါတယ် ၊ နှင်းတွေက အရမ်းလှတာပဲနော်...”

ထို့နောက် သူမက...

“ကြည့်... သခင်လေး အင်္ကျီပေါ်မှာ နှင်းတွေပေနေပြီ”

ပြောပြီးသည်နှင့် သူမက ခုန်မင်၏ပခုံးထက်သို့ ကျရောက်နေသော နှင်းပွင့်လေးများကို လှမ်းပြီး ခါထုတ်ပေးလိုက်လေသည်။

မော့ယွဲ့အဆင်ပြေသည်ကိုမြင်တော့ ခုန်မင်လည်း စိတ်ချသွားရသည်။

တောရိုင်းဒေသတွင် ခရီးနှင်နေစဉ်အတွင်း ခုန်မင်၏လမ်းညွှန်မှုဖြင့် မော့ယွဲ့က ‘တိမ်လွှာလေပြင်း ရုပ်ခန္ဓာကျင့်စဉ်’ ပထမအဆင့်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မော့ယွဲ့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ သူမ၏ပုံစံလေးက နုနယ်သေးသွယ်နေဆဲဖြစ်သော်လည်း ကြံ့ခိုင်မှုကတော့ နတ်မိစ္ဆာမျိုးနွယ် ကိုယ်ရံတော်များထက် မနိမ့်ကျပေ။

အမှန်တော့ သူမ၏လက်ရှိအင်အားက ယာပုနှင့် ရစ်ကျားတို့နှင့်အတူ အတွေ့အကြုံရှာဖွေရန်လိုက်ပါလာသည့် မြစ်သုံးသွယ်မျိုးနွယ်စုမှ လူငယ်များထက်ပင် သာလွန်နေပြီ ဖြစ်သည်။

မွန်းတည့်ချိန်ကျော်လွန်သွားပြီးနောက် သူတို့အုပ်စု ဖီးနစ်နားခိုရာတောင်ထွတ်သို့ ရောက်ရှိလာခဲ့လေသည်။

တောင်ထိပ်သို့ရောက်ရှိချိန်တွင် မိုးထိအောင်မြင့်မားသည့်တောင်ထွတ်ကြီးမှာ အမှန်တကယ်ပင် လွင်ပြင်ကျယ်ကြီးတစ်ခုပမာ ညီညာပြန့်ပြူးနေသည်ကို တွေ့မြင်လိုက်ကြရ၏။

တောင်ထိပ်တစ်ခုလုံး မှန်တစ်ချပ်ပမာ ချောမွေ့နေပြီး မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ၊ အဖုအထစ် အနည်းငယ်ပင် မရှိပေ။

ဖီးနစ်နားခိုရာတောင်ကို ဓားချက်တစ်ချက်တည်းဖြင့် ပဲပြားလှီးသလို မဖြတ်‌တောက်နိုင်ပါက ဤမျှသပ်ရပ်တိကျသည့် အဖြတ်အတောက်မျိုး မည်မျှကျန်ရစ်နိုင်ပါမည်နည်း။

တောင်ထိပ်တွင် မတ်တတ်ရပ်ရင်း ခုန်မင် မတွေးဘဲ မနေနိုင်ခဲ့ပေ။

“ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ ဒဏ္ဍာရီက တကယ်ပဲ အမှန်ဖြစ်နေမလား ၊ ဒါမှမဟုတ် လူသားတွေထဲက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေရဲ့ ကြောက်မက်ဖွယ်ရာ ဓားသိုင်းစွမ်းအားများလား”

ဖီးနစ်နာခိုရာတောင်ထွတ်သို့ရောက်ရောက်ချင်း အရင်ဆုံးတွေ့မြင်လိုက်ရသည်က ဧရာမ ‘မီးလျှံဖီးနစ်’ ရုပ်တုကြီး ဖြစ်သည်။

ထိုရုပ်တုကြီးက မီတာတစ်ရာကျော် မြင့်မားပြီး တစ်ကိုယ်လုံးတွင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ထုဆစ်ထားရာ အလွန်ပင် အသက်ဝင်လှသည်။

တောင်ထွတ်တစ်ခုလုံးက ဆီးနှင်းများဖုံးလွှမ်းနေပြီး ရေခဲပြင်ကမ္ဘာတစ်ခုပမာဖြစ်နေသော်လည်း ဤရုပ်တုကြီးကတော့ မည်သို့ပြုလုပ်ထားသည်မသိ ဆီးနှင်းတစ်ပွင့်မှ စွန်းထင်းခြင်းမရှိဘဲ မီးလျှံများတောက်လောင်နေသည့်ပမာ ရဲရဲတောက်လျှက် ရှိလေသည်။

ထိုရုပ်တုကြီးကိုတွေ့သည်နှင့် ဟော်ရှင်းက ချက်ချင်းပင် ဒူးထောက်ကန်တော့လိုက်သည်။

အတန်ကြာအောင် ဝတ်ပြုကန်တော့ပြီးမှ ပြန်ထလာပြီး ခုန်မင်တို့အုပ်စုကို ရှေ့ဆက်ခေါ်ဆောင်သွားသည်။

တောင်ထိပ်လွင်ပြင် ဗဟိုချက်တွင် အလွန်တရာ ကြီးမားခမ်းနားသော နန်းတော်ကြီးတစ်ခု ရှိနေလေသည်။

ထိုနန်းတော်ကြီးမှာ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အချက်အချာလည်းဖြစ် ၊ အရေးပါဆုံးလည်းဖြစ်သော ‘ဖီးနစ်နားခိုရာနန်းတော်’ ပင် ဖြစ်၏။

ထိုနန်းတော်ကြီးကို မျိုးနွယ်စု၏ မျိုးဆက်တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံပြီး တိုးချဲ့တည်ဆောက်ခဲ့ကြသည်။

လက်ရှိမှာတော့ နန်းတော်ကြီးက မည်မျှ ကြီးမားကျယ်ပြန့်သနည်းဆိုပါမူ ငယ်စဉ်ကတည်းက နန်းတော်ထဲတွင် နေထိုင်လာခဲ့သူများပင် နန်းတော်၏နေရာအနှံ့သို့ ရောက်ရှိဖူးခြင်း မရှိကြပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဖီးနစ်နားခိုရာနန်းတော်ကြီးက လူသားများ၏ ဧကရာဇ်နန်းတော်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားကြောင်း သိရှိနိုင်သည်။

တောင်ထွတ်က အလွန်မြင့်မားသည်ဖြစ်ရာ ဖီးနစ်နားခိုရာတောင်က တစ်နှစ်ပတ်လုံးနှင်းများဖုံးလွှမ်းနေသည်။

ထို့ကြောင့် နန်းတော်၏ပြင်ပနံရံများတွင် ကြည်လင်တောက်ပသည့် ရေခဲအလွှာများဖုံးလွှမ်းနေပြီး နန်းတော်တစ်ခုလုံးမှာ ဖန်သားနန်းတော်ကြီးပမာ ထင်မှတ်ရသည်။

ဤသို့ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးကိုတွေ့မြင်သည်နှင့် မည်သူမဆို အံ့သြချီးကျူးမိကြမည်သာ ဖြစ်သည်။

ထို့ကြောင့်လည်း ဖီးနစ်နားခိုရာနန်းတော်က ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ဂုဏ်အယူရဆုံးသော ပြယုဂ်တစ်ခု ဖြစ်နေခြင်းပင်။

နန်းတော်ပင်မဝင်ပေါက်အပြင်ဘက်တွင် လူပေါင်းတစ်သောင်းကျော် တပြိုင်တည်းနေရာယူနိုင်သည့် ကျယ်ပြောလှသောရေခဲရင်ပြင်ကြီးတစ်ခု ရှိနေသည်။

ခေတ်အဆက်ဆက် ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနားကို ဤရင်ပြင်ထက်တွင် ကျင်းပလေ့ရှိ၏။

အခမ်းအနားသို့ လာရောက်ကြသည့် ပြင်ပဧည့်သည်များကိုတော့ ရင်ပြင်ဘေးဘက်တွင်ရှိသော ဧည့်ခန်းဆောင်တွင် တည်းခိုရန် စီစဉ်ထားပေးသည်။

ဧည့်နန်းတောင်၏ ခမ်းနားမှုက ပင်မနန်းတော်ကြီးကိုမမီသည့်တိုင် အလွန်ပင်တည်းခိုးနေထိုင်ရန် အဆင်ပြေလှသည်။

မြစ်သုံးသွယ်မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုငယ်လေးများအတွက် ဤသို့ ခမ်းနားလှသည့်နန်းဆောင်တွင် တည်းခိုရခြင်းက တစ်သက်မှတစ်ခါ အတွေ့အကြုံမျိုး ဖြစ်ပေလိမ့်မည်။

ခုန်မင်တို့အုပ်စုကိုလည်း ဧည့်နန်းဆောင်တွင်တည်းခိုရန် နေရာချထားပေးလေသည်။

ကိုယ်ပိုင်အခန်းများ နေရာယူပြီးသည်နှင့် အားလုံးက အပြင်သို့ထွက်ကာ လည်ပတ်ကြည့်ရှုကြသည်။

ယာပုနှင့် ရစ်ကျားတို့ကတော့ ခမ်းနားသည့်မြင်ကွင်းများကိုကြည့်ရင်း ရင်သပ်ရှုမောလျှက် ရှိကြသည်။ ရှန်ရှင်းယွင် ၊ မော့ဖေး ၊ မော့ယွဲ့နှင့် အခြားသူများမှာလည်း ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေကြလေသည်။

သို့သော် ခုန်မင်ကတော့ ထိုသူများကဲ့သို့ တောင်ထိပ်တစ်ခွင် စိတ်လှုပ်ရှားစွာဖြင့် လည်ပတ်ကြည့်ရှုနိုင်ခြင်း မရှိပေ။

သူက အခန်းတံခါးများအားလုံးကိုအလုံပိတ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံခြင်း စတင်လိုက်လေသည်။

All Chapters