ငယ်သူကို အနိုင်ကျင့်ခြင်း
Vol. 1 Ch. 469
လူတိုင်းသည် ကျန်းရှောင်နူအား အစတည်းက သတိထားမိခဲ့ကြသည်။ စုလောရွှယ်သည် တောက်ပလွန်းနေသည်။ သူမ၏ ဇာမဏီဝတ်ရုံနှင့် သရဖူတို့ကြောင့် သူမအား တစ်ချက်ကြည့်ရုံနှင့်ပင် မြင်သာနေသည်။ ဘုရင်မမှတစ်ပါး မည်သည့်မင်းသမီးမှ ထိုကဲ့သို့ ဝတ်ဆင်ရန် အခွင့်မရှိပေ။ ကျန်းရှောင်နူသည်လည်း အလွန်လှပလေရာ စုလောရွှယ်ကို မြင်သောလူတိုင်း အနောက်ဘက်မှ သူမကို သတိထားမိကြသည်သာ။
အသွင်မပြောင်းခင်တွင် ကျန်းရှောင်နူ၏ စွမ်းအင်တို့သည် သူမ၏အသွေးအသားထဲတွင်သာ ခိုအောင်းတည်ရှိနေသည်။ သူမကိုယ်တွင် မည်သည့်ကိုယ်ရောင်ကိုယ်ဝါမှ မရှိလေရာ မဟာမိတ်တပ်များ မပြောနှင့်၊ ရှားနိုင်ငံမှလူများပင် ကျန်းရှောင်နူ အင်အားကြီးကြောင်း မသိကြပေ။
ရှားထင်ဝေ့ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခဲ့ခြင်း...
ရှားထင်ဝေ့သည် ခြေထောက်များ မရှိတော့သည့်အပြင်၊ ကျန်းရှောင်နူအား သတိမထားမိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူကဲ့သို့သော ဗာဂျရာအဆင့် လူတစ်ယောက်သည် ခဏတွင်းချင်း အသတ်ခံလိုက်ရသည်။ ထို့ပြင် ရှားထင်ဝေ့ အသတ်ခံရပုံကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ ကျန်းရှောင်နူသည် ကျားတစ်ကောင်က ခုခံနိုင်စွမ်းမဲ့သည့် သိုးငယ်လေးကို စားသောက်နေသည့်ပမာ ရှားထင်ဝေ့၏ ကိုယ်အား အလွယ်တကူ ဆွဲဖြဲသွားခဲ့ခြင်းဖြစ်သည်။ မည်သူက မှင်မသက်ဘဲ နေနိုင်ပါမည်နည်း။
ဝှစ်...
ကျန်းရှောင်နူသည် အခြားသူများ မှင်တက်နေကြသည်ကို အရေးမစိုက်ပေ။ သူမ စတင်တိုက်ခိုက်လိုက်ပြီဖြစ်ရာ ဘာကိုမှ ကြောက်နေရန် မလိုတော့ပေ။ သူမ၏ကိုယ်လေးသည် လေညှင်းအသွင်နှင့် ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီးထံ ဦးတည်သွားခဲ့သည်။
မူလက ကျန်းရှောင်နူသည် အရှုံးမှာ ရှောင်လွှဲမရတော့ဟု ယူဆခဲ့သည်။ သို့သော် ငွေပန်းပွင့်အဘွားအိုနှင့် နတ်ဆိုးသားရဲဘုရင်နှစ်ကောင် ပေါ်လာပြီးနောက်တွင် အခွင့်အရေး ရှိသေးသည်ဟု သူမခံစားလာရသည်။ သူတို့သာ ဗာဂျရာအဆင့် တစ်ယောက်နှစ်ယောက်ကို သတ်နိုင်လျှင် အခြေအနေမှာ ပြောင်းလဲနိုင်လောက်လေသည်။
သူမသည် အလွန်မြန်ဆန်လေရာ ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ် ရှိရာသို့ စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားခဲ့သည်။ စစ်သေနာပတိချုပ်အိုကြီးသည် အခွင့်အရေးရတုန်း သွေးနီရောင်နတ်ဆိုးသားရဲဘုရင်ကို သတ်ရန် စဉ်းစားနေခဲ့ခြင်းဖြစ်သော်ငြား ရွေးချယ်စရာ မရှိဘဲ သူ့ထံရောက်လာသည့် ကျန်းရှောင်နူနှင့် ရင်ဆိုင်ရတော့သည်။
စစ်သေနာပတိချုပ်အိုကြီးသည် နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် အဆင့်ကိုးနေရာတွင် ရှိသော်လည်း ဗာဂျရာ ပဉ္စမအဆင့်ဖြစ်ပြီး ရှားထင်ဝေ့၏ မူလအင်အားနှင့် အတူတူလောက်ပင်။ ဤအခိုက်အတန့်တွင် သူ့ကိုယ်သည် အဝါဖျော့ဖျော့ အလင်းများ တောက်ပလာခဲ့ပြီး ကိုယ်ပေါ်တွင် အဝါရောင် အလွှာတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ့လက်ထဲမှ ကျိုင်းတံသည် နဂါးတစ်ကောင်ကို ပစ်ထုတ်လိုက်လေသည်။ ထိုနဂါးဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လေထုပင် တုန်ခါလာခဲ့သည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသော စုလောရွှယ်ပင် ဖိအားကို ခံစားမိလေသည်။
"မြေအရံအတား...စစ်သေနာပတိချုပ်ကြီးက ဒီလောက်ခက်ခဲတဲ့ မြေဓာတ်တာအိုကိုတောင် နားလည်ထားတာပဲ"
စုလောရွှယ်၏ဘေးရှိ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များထဲမှ တစ်ဦးသည် အံ့သြစွာ ရေရွတ်လိုက်မိသည်။ ဗာဂျရာအဆင့်များသည် အကာအရံအလွှာများ မဖန်တီးနိုင်ဘဲ ကောင်းကင်ဧကရာဇ်အဆင့်များကသာ တတ်နိုင်လေသည်။ အတွင်းအားမကုန်သရွေ့ ထိုအရံအတားမျိုးမှာ ကျိုးပျက်မသွားပေ။ မြေဓာတ်တာအိုများသည် ခုခံကာကွယ်ခြင်းတွင် အထူးပြုသည့်အတွက် ၎င်းသည် အလွန်အသုံးဝင်သော အကာအကွယ်စွမ်းရည်ဖြစ်သည်။
မြေအရံအတားသည် ကောင်းကင်ဧကရာဇ်အဆင့်များ၏ ကောင်းကင်အရံအတားလောက် မမာကျောသော်ငြား ချိုးဖျက်ရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့ကြောင့် ထိုစိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် ရေရွတ်မိလိုက်ခြင်းဖြစ်သည်။ ထိုအရံအတားအား ကျန်းရှောင်နူ မဖျက်ဆီးနိုင်မည်ကို သူစိုးရိမ်နေသည်။ သူမ မဖျက်ဆီးနိုင်ပါက အထိနာမည့်လူမှာ သူမပင်။
ကျန်းရှောင်နူသည် ထိုအချင်းအရာကို လုံးဝမသိပေ။ သူမသည် သူမသည် စစ်သေနာပတိချုပ်အိုကြီး၏ ကျိုင်းတံကျဆင်းလာသည်ကို မြင်သောအခါ ရှောင်တိမ်းရန်ပင် မကြိုးစားဘဲ လက်သည်းများကို အသုံးပြု၍ တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ စောင့်ကြည့်နေသော စုလောရွှယ်၏ရင်မှာ တဒိန်းဒိန်း ဖြစ်လာခဲ့သည်။
နောက်ထပ်သော မြင်ကွင်းသည် အလွန်ဆွံ့အစရာကောင်းလှသည်။
ကျန်းရှောင်နူ၏ အစိမ်းရောင် လက်သည်းများ စစ်သေနာပတိချုပ်အိုကြီး၏ ကျိုင်းတံနှင့် ထိတွေ့မိသွားသောအခါတွင် သူမ၏ လက်များ ကျိုးသွားခြင်း သို့မဟုတ် သူမလွင့်ထွက်သွားခြင်းတို့ ဖြစ်လာလိမ့်မည်ဟု လူတိုင်း ယူဆခဲ့ကြသည်။
သို့သော် သူမ၏ လက်များ ဘာမှမဖြစ်ရုံသာမက သူမသည် တောင်များကိုပင် ဖြိုခွင်းနိုင်စွမ်းရှိသည့် ထိုသူတော်စင်အဆင့် ကျိုင်းတံကို ဖျက်ဆီးလိုက်နိုင်သည်။ သူမသည် ၎င်းကို သာမန် သစ်သားချောင်း တစ်ခုပမာ လွယ်လွယ်ကူကူ အမှုန့်ချေလိုက်ခြင်းဖြစ်သည်။ ကျန်းရှောင်နူ၏ လက်များသည် ကျိုင်းတံကို ဖျက်ဆီးပြီးသည့်နောက် အဝါရောင် အရံအတားထံ ဆက်လက်ကျဆင်းသွားခဲ့သည်။
ဘန်း...
အရံအတားသည် ချက်ချင်း ပျက်စီးသွားခဲ့သည်။ စစ်သေနာပတိချုပ်အိုကြီး၏ကိုယ်မှာ တောင့်တင်းသွားခဲ့သည်။ သူသည် လက်ဝါးရိုက်ချက် တစ်ခု ပြုလုပ်ရင်း အထိတ်တလန့်နှင့် နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် တုန်လှုပ်စွာ အော်ပြောလိုက်သည်။
"ဘိုးဘေးလင်း...ခင်ဗျား ထွက်မလာသေးရင် ကျုပ်တို့အားလုံး သေသွားလိမ့်မယ်"
ဗုန်း...
မလှမ်းမကမ်းမှ တောင်တစ်လုံး ပြိုကွဲသွားခဲ့ပြီး ပုံရိပ်တစ်ခု ပျံထွက်လာခဲ့သည်။ လင်းဂိုဏ်း၏ ဘိုးဘေးကြီး ထွက်ပေါ်လာခဲ့ပေပြီ။ သူသည် ကျန်းရီပေါ်လာသည့် အချိန်ထိ စောင့်၍ တစ်ချက်တည်းနှင့် အပြီးတိုက်ခိုက်ချင်ခဲ့သည်။ ယခု သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ ယနေ့သည် အံ့အားသင့်စရာများ ပြည့်နေသည့် နေ့တစ်နေ့ဖြစ်သည်။ သူဝင်မပါလျှင် ကျန်းရှောင်နူ၏ လက်ချက်ဖြင့် ဗာဂျရာအဆင့်များအားလုံး သေဆုံးသွားရလိမ့်မည်။
"ကလေးမ...အခုချက်ချင်းထွက်သွား၊ ပြီးမှ ငယ်တဲ့သူကို အနိုင်ကျင့်တယ်ဆိုပြီး ဒီအဘိုးကြီးကို အပြစ်မတင်နဲ့"
ဘိုးဘေးလင်းသည် နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး တော်ဝင်သော အငွေ့အသက်တို့ ထုတ်လွှတ်နေခဲ့သည်။ သူ့ကိုယ်သည် လူတို့တည့်တည့်မကြည့်ရဲဘဲ အရိုအသေပေးစေနိုင်သည့် အငွေ့အသက်တို့ အပြည့်ဖြစ်နေသည်။
"ဧကရာဇ် ရောင်ဝါ"
စုလောရွှယ်၏ဘေးမှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်သည် ထပ်မံ ရေရွတ်လိုက်ပြန်သည်။ ထိုဧကရာဇ်ရောင်ဝါသည် ကျန်းပိုင်လီ၏ အုပ်ချုပ်သူရောင်ဝါနှင့် ဆင်တူသော်လည်း ပို၍အစွမ်းထက်လေသည်။ ဤရောင်ဝါသည် ရန်သူများကို ဖိနှိပ်နိုင်သည့်အပြင် တိုင်းခန်းလှည့်လာသည့် ဧကရာဇ်ကို ဖူးမြော်နေရသော တိုင်းသူပြည်သားတစ်ယောက်ပမာ ခံစားရစေနိုင်သည်။ ထိုရောင်ဝါသည် ရန်သူကို တိုက်ခိုက်ရန်နေနေသာ ရိုသေလေးစားသော ခံစားချက်များပင် ဖြစ်တည်လာစေနိုင်သည်။
ဧကရာဇ်ရောင်ဝါသည် မြို့မြောက်ဘက်ပိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ ကျန်းရှောင်နူသည် အလွန်မြန်ဆန်လှပြီး စစ်သေနာပတိချုပ်အိုကြီးအား တိုက်ခိုက်နိုင်တော့မည့်ဆဲဆဲဖြစ်သည်။ သို့သော် ဧကရာဇ်ရောင်ဝါ၏ ဖိနှိပ်ခြင်းကြောင့် သူမ၏ အမြန်နှုန်းမှာ မြန်မြန်ဆန်ဆန် လျော့ကျသွားခဲ့သည်။ သူမ၏ အေးစက်လှသော မျက်လုံးတစ်စုံသည် ဘိုးဘေးလင်းအား စိုက်ကြည့်လိုက်ပြီးနောက် အံကြိတ်လိုက်သည်။ သူမ၏ကိုယ်သည် အစိမ်းရောင်အလင်းများ ပိုမိုလင်းလက်လာခဲ့ပြီး တောင်ပံများမှာ ပို၍ကြီးမားလာခဲ့သည်။ သူမသည် ပိုမိုမြန်ဆန်သွားခဲ့ပြီး အစိမ်းရောင် လက်သည်းများသည် စစ်သေနာပတိချုပ်အိုကြီး၏ ညာဘက်လက်မောင်းထက် ကျဆင်းသွားခဲ့သည်။
"မင်းက သေခြင်းတရားက ဘာဆိုတာ နားမလည်သေးဘူးပဲ"
ဘိုးဘေးလင်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ သို့သော် ကျန်းရှောင်နူတို့သည် သူနှင့်အတော်လှမ်းနေရာ ထိုနေရာသို့ သူအရောက်သွားရန် အချိန်မမီတော့ပေ။
"ကောင်မလေး...ငါအစွမ်းကုန် တိုက်တော့မယ်"
စစ်သေနာပတိချုပ်အိုကြီး၏ လက်များသည် အဝါရောင်အလင်းများ တောက်ပလာခဲ့ပြီး သူ့ကိုယ်ပေါ်တွင် အဝါရောင် အရံအတား ထပ်မံဖြစ်တည်လာခဲ့သည်။ သူ့လက်သီးများသည် ကျန်းရှောင်နူ၏ လက်သည်းများ ရှိရာသို့ တိုးဝင်သွားခဲ့သည်။
ကျန်းရှောင်နူသည် တွေဝေနေခြင်းမရှိဘဲ စစ်သေနာပတိချုပ်ကြီး၏ လက်သီးအား ကုတ်ချလိုက်သည်။ စစ်သေနာပတိချုပ်၏ လက်များ အမှုန့်ဖြစ်သွားသော် သူမ၏လက်သည်းများသည် မြေဓာတ်အရံအတားထံ ဦးတည်လိုက်ပြန်သည်။
"အား..."
အရံအတားမှာ ပျက်စီးသွားခဲ့ပြီး စစ်သေနာပတိချုပ်ကြီး၏ အော်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရှောင်နူသည် သူ့အား ချက်ချင်းသတ်ဖြတ်ရန် ပြင်လိုက်သော်လည်း ဒေါသထွက်သွားသော ဘိုးဘေးလင်းသည် ရွှေရောင်အားလှိုင်းတစ်ခုဖြင့် လှမ်းပစ်လာခဲ့သည်။ ထိုအားလှိုင်းသည် လေပြည်ပမာ မည်သည့်အရှိန်အဝါမှ မရှိပေ။ သို့သော် သွေးနီရောင်နတ်ဆိုးသားရဲကြီးသည် မျက်မှောင်ကျုံ့လိုက်မိသည်။
"ကလေးမ...သတိထား"
သွေးနီရောင် နတ်ဆိုးသားရဲကြီး၏ အော်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရှောင်နူသည်လည်း ထိုအားလှိုင်း၏ အန္တရာယ်ကို ခံစားလိုက်မိသည်။ သူမသည် စစ်သေနာပတိချုပ်အိုကြီးကို သတ်ဖြတ်ရန် လက်လျှော့လိုက်ရပြီး ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။
"အား..."
စစ်သေနာပတိချုပ်အိုကြီး၏ လက်မောင်းများသည် ကျန်းရှောင်နူကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူ့တွင် တိုက်ခိုက်ရန် အင်အားမရှိတော့ဘဲ အော်ဟစ်ရင်း နောက်ဆုတ်နေရသည်။
ဝှစ်...
ကျန်းရှောင်နူသည် လင်းဂိုဏ်း၏ ဘိုးဘေးကြီးအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမသည် ထိုအဘိုးကြီး၏ ပြိုင်ဘက်မဟုတ်ကြောင်း နားလည်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် ကျဉ်းမြောင်းသွားခဲ့ပြီး တောင်ပံများကို ခတ်ကာ အဖြူရောင် လူဝံကြီးနှင့် တိုက်ခိုက်နေသည့် ကျောင်းအုပ်ယွိနှင့် ပန်းပွင့်မိန်းမပျိုရှိရာသို့ ဦးတည်လိုက်သည်။
"ဟမ့်"
ဘိုးဘေးလင်းသည် ကျန်းရှောင်နူနောက် မလိုက်ဘဲ ဒဏ်ရာအပြင်းအထန်ရထားသော သွေးနီရောင်နတ်ဆိုးသားရဲကြီးကို သတ်ရန်ပြင်လိုက်သည်။ ကျန်းရှောင်နူသည် သူ့ဘက်မှ လူများကို သတ်ချင်နေရာ သူကလည်း ရှားနိုင်ငံ၏ အကူအညီများကို သတ်ဖြတ်ပစ်လိုက်မည်။ သူတို့အားလုံးကို သူမတစ်ယောက်တည်းနှင့် မည်သို့ရင်ဆိုင်မည်ကို သူသိချင်လှသည်။
ဘန်း...
ထိုခဏတွင် ကောင်းကင်ထက်တွင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အရိပ်တစ်ရိပ် ပြုတ်ကျလာခဲ့သည်။ ထိုလူသည် ဆံပင်ဖြူများရှိပြီး နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေခဲ့သည်။ သူမသည် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်ငြား တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူမ၏ လက်တစ်ဖက်မှာ တွဲလောင်းကျနေပြီး သွေးများစိုရွှဲနေလေသည်။
ငွေပန်းပွင့်အဘွားအိုသည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပြီး သူမ၏ကျိုင်းတံကိုပါ ဆုံးရှုံးခဲ့ရသည်။
"ဟားဟား...စိတ်မနှံ့တဲ့ အဘွားကြီး၊ ကျန်းရီကို ကူညီချင်မှတော့ ဒီနေ့ မင်းရဲ့အရိုးတွေကို ရှားယွိမြို့မှာ မြှုပ်နှံပေးမယ်"
ကောင်းကင်ထက်မှ ဆင်းသက်လာသော ရှောင်လုံဝမ်သည် အားကောင်းလှသော အငွေ့အသက်တု့ိကို ထုတ်လွှတ်နေခဲ့သည်။ ရွှေရောင်ပုဆိန်သွားတပ် လှံရှည်သည် မြင့်တက်သွားခဲ့ပြီး မိုးကြိုးတစ်စင်းပမာ ငွေပန်းပွင့်အဘွားအိုထံ ကျဆင်းသွားခဲ့သည်။
အခြေအနေများ ပြောင်းလဲသွားခဲ့ပြန်ပြီဖြစ်သည်။
***