မဖိတ်ခေါ်ဘဲရောက်လာသည့်ဧည့်သည်
Vol. 12 Ch. 135
မည်သို့ပင်ဖြစ်စေ ချန်နန်အင်ပါယာပဲဖြစ်ဖြစ် တောရိုင်းဒေသပဲဖြစ်ဖြစ် အားလုံးက ထျန်းယွမ်ကုန်းမြေ၏ ထောင့်တစ်နေရာတွင် အခြေချနေထိုင်သည့် ဒေသတွင်းအင်အားစုများသာ ဖြစ်သည်။
ကုန်းမြေတစ်ခုလုံးရှိ ထိပ်တန်းအင်အားစုများဖြင့် နှိုင်းယှဉ်လိုက်လျှင်တော့ သူတို့က အတော်လေး သေးငယ်လွန်းလှသည်။
ဥပမာပြောရလျှင် ထျန်းယွမ်ကုန်းမြေ ၊ ပြည်နယ်(၉)ခု ဗဟိုချက်တွင်တည်ရှိသော ယွမ်ကျိုးနယ်အခြေစိုက် “ထျန်းယွမ်အင်ပါယာ” ဖြစ်သည်။
ထျန်းယွမ်ကုန်းမြေ၏အမည်ဖြစ်သော “ထျန်းယွမ်” ကိုယူပြီး အင်ပါယာအမည်မှည့်ခေါ်ရဲသည်ကိုကြည့်ခြင်းအားဖြင့် ထိုတိုင်းပြည် မည်မျှအင်အားကြီးမားကြောင်း ခန့်မှန်းကြည့်နိုင်သည်။
ထိုမျှအင်အားကြီးမားသည့် တိုင်းပြည်ကြီးသည်ပင်လျှင် ယွမ်ကျိုးနယ်တစ်ခုတည်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိသည့် ပြည်နယ်(၈)ခုအပေါ် သြဇာသက်ရောက်နိုင်ခြင်း မရှိပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျန်ရှိသည့်ပြည်နယ် (၈)ခု၏ စုပေါင်းအင်အားသည်လည်း အထင်သေး၍မရကြောင်း သိနိုင်သည်။
သို့ဖြစ်ရာ ကျယ်ပြောလှသည့် ထျန်းယွမ်ကုန်းမြေတွင် ထိပ်တန်းပုဂ္ဂိုလ်များ မည်မျှ များပြားနိုင်ပါသနည်း။ ထို့ပြင် လူသားတစ်ယောက်၏ စွမ်းဆောင်ရည်ကန့်သတ်ချက်ကရော တကယ်တမ်း ဘယ်အထိ ရှိနိုင်ပါသနည်း။
လွန်ခဲ့သောနှစ်ပေါင်း(၃၀၀၀)ခန့်က ထျန်းယွမ်ကုန်းမြေ၏ ပြည်နယ်(၉)ခုလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် အုပ်ချုပ်နိုင်ခဲ့သည့် “မဟာဒေဝါတိုင်းပြည်ကြီး” ကို ပြန်ကြည့်မည်ဆိုလျှင် ၊ ထိုသို့သောအောင်မြင်မှုမျိုး ရရှိနိုင်ရန် မည်မျှ မယုံကြည်နိုင်စရာ အင်အားမျိုးကိုပိုင်ဆိုင်ရမည်လဲ မသိနိုင်ပေ။
ထိုသို့တွေးမိတော့ ခုန်မင်၏စိတ်ထဲ လှုပ်ခတ်သွားရသည်။
ခုန်မင်က စစ်မီးလျှံများ တဟုန်းဟုန်းတောက်လောင်ပြီး တိုင်းသူပြည်သားများ ဒုက္ခပင်လယ်ဝေခဲ့ရသည့် သူရဲကောင်းများနှင့် စစ်ဘုရင်များ အပြိုင်အဆိုင်ပေါ်ထွန်းခဲ့သော သုံးပြည်ထောင်ခေတ်မှ ရောက်ရှိလာသူ ဖြစ်သည်။
အတိတ်ဘဝတုန်းက ခုန်မင်က သူပိုင်ဆိုင်သမျှ ဉာဏ်ပညာနှင့် သစ္စာတရားအားလုံးကို ပုံအောပေးဆပ်ခဲ့သော်လည်း နောက်ဆုံးမှာတော့ ဟန်ပြည်ထောင်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေ။
ထိုကိစ္စက သူ့အတွက် ရှောင်လွှဲမရနိုင်သည့် နောင်တရစရာကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
ယခု ခုန်မင်က ကံကောင်းထောက်မစွာဖြင့် ထျန်းယွမ်ကုန်းမြေသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။
ဤနေရာက သုံးပြည်ထောင်ခေတ်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြောပြီး သူရဲကောင်းများစွာ ၊ ကျင့်ကြံသူများစွာ ရှိနေပေသည်။
ဤသို့ ခမ်းနားကြီးကျယ်သည့် နေရာတစ်ခုတွင် ခုန်မင်အနေဖြင့် မည်သို့သောအောင်မြင်မှုမျိုးကို ယူဆောင်လာနိုင်ပါမည်နည်း။
သူ၏ "အိပ်ပျော်နေသောနဂါး" ဆိုသည့် ဘွဲ့အမည်က အမြဲတမ်း တန်ဖိုးထားခံရသည့် နာမည်တစ်ခု ဖြစ်၏။
ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိလာပြီးနောက်မှာတော့ “အိပ်ပျော်နေသောနဂါး” က သူတစ်ပါးလက်အောက်တွင် ငြိမ်ဝပ်နေမည် မဟုတ်တော့ပေ။
ကောင်းကင်ယံသို့ပျံသန်းပြီး ဤလောက၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့က သူ၏ကံကြမ္မာပင် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ခုန်မင်စိတ်ထဲ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေသည်။
စင်မြင့်ထက်မှ လူငယ်ပါရမီရျင်များကတော့ သူတို့အစွမ်းအစကို ထုတ်ဖော်ပြသနေသလို မျက်ဝန်းများတွင်လည်း အလျှော့မပေးသည့်စိတ်ဓာတ်များဖြင့် ပြည့်နက်နေသည်။
စင်မြင့်အောက်မှာတော့ ချောင်တတိယသခင်လေးက တောရိုင်းဒေသမျိုးနွယ်စုဝင် လူငယ်ကျင့်ကြံသူများကိုကြည့်ရင်း မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူ ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခြင်းက သူလိုချင်သည့်ပစ္စည်းကို အရယူရန် ဖြစ်သည်။
ဤတောရိုင်းမျိုးနွယ်စုဝင်လူငယ်များ သူ့လမ်းကိုပိတ်ဆို့ရန်ကြိုးစားမည်ဆိုပါက သူ့အနေဖြင့် လုံးဝညှာတာမည် မဟုတ်ပေ။
သူက ချောင်အိမ်တော်၏ တိုက်ရိုက်မျိုးဆက်ဖြစ်ကြောင်း သိရှိသွားပြီးနောက် ဖီးနစ်နားခိုရာမျိုးနွယ်စုက သူ့အပေါ် အတိုင်းအတာတစ်ခုအထိ လေးစားမှုပြသလာကြသည်။
သို့သော် သူ့လက်ထဲတွင်ရှိသည် ဝှက်ဖဲကိုတော့ မည်သူမှ ရိပ်မိကြမည် မဟုတ်ပေ။
ထို့ပြင် သူနှင့်အတူလိုက်ပါလာမည့် ချောင်ဟူ ၊ ချောင်ပေါင်နှင့် ချောင်ပြောင်တို့ကလည်း သာမန် ဆရာသခင်အဆင့် ကျင့်ကြံသူများ မဟုတ်ကြပေ။
ထို့ကြောင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ရောက်သည်နှင့် အရာအားလုံးက သူ့လက်ခုပ်ထဲကရေ ဖြစ်သွားမည်ဟု ချောင်တတိယသခင်လေး ယုံကြည်ထားလေသည်။
တကယ်တော့ ချောင်တတိယသခင်လေးတစ်ယောက်တည်းသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်ပေ။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ကြမည့် လူငယ်တိုင်းက ပါရမီရှင်များဖြစ်လေရာ အားလုံးက ယုံကြည်ချက်ပြင်းထန်သူများ ဖြစ်ကြသည်။
စင်မြင့်ထက်ရှိ လူငယ်ပါရမီရှင်များ သူတို့၏ပါရမီစွမ်းအားကို ပြသနေကြချိန် ယန်ယန်က သူ၏ မီးလျှံပမာ နီရဲသောဆံပင်များကို တစ်ချက်သပ်တင်လိုက်ပြီး ရယ်မောရင်း စကားဆိုလိုက်သည်။
“ကြံနက်မျိုးနွယ်က လူငယ်တွေကတော့ တကယ့်ကို အထင်ကြီးစရာပါပဲ ၊ ဟို ရှေ့ဆုံးကလူငယ်ဆိုရင် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ကို ရောက်နေတာ လေးငါးနှစ်လောက် ရှိပြီမဟုတ်လား ၊ သူ ဒီတစ်ခေါက် ဖီးနစ်ကျဆုံးတောင်ကြားက အဆင်ပြေပြေနဲ့ ပြန်ထွက်လာနိုင်မယ်ဆိုရင် အချိန်(၁)နှစ်အတွင်း ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက် ဖြစ်လာမယ်ဆိုတာ အာမခံနိုင်တယ်”
ထိုစကားကြားတော့ ခယ်ယွီက အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ အေးစက်သည့်လေသံဖြင့်...
“ဘယ်လောက်ပဲ ပါရမီရှိပါစေ ဖီးနစ်ကျဆုံးတောင်ကြားကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ဆိုတာ အာမခံချက် မရှိပါဘူး ၊ တကယ်လို့ ကံဆိုးပြီး အဲဒီမှာပဲအသက်ပျောက်သွားမယ်ဆိုရင်တော့ နောက်တစ်နှစ်ဆိုရင် သူ့ကို လူတိုင်းမေ့သွားကြလိမ့်မယ် ၊ သူက အရိုးစုတစ်ခုထက် ဘာမှမပိုတော့ဘူး”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ခင်ဗျားတို့မျိုးနွယ်စုက ဖီးနစ်သူရဲကောင်း(၃)ယောက်ကတော့ ဒီတစ်ခါ သေချာပြင်ဆင်ထားပုံရတယ် ၊ သူတို့ကိုကြည့်ရတာ ဖီးနစ်ကျဆုံးတောင်ကြားက အကျိုးအမြတ်တွေကို အများကြီး ယူဆောင်လာကြမယ်ထင်တယ်”
“ဖီးနစ်သူရဲကောင်း(၃)ယောက်” ဆိုသည်က ဖီးနစ်နားခိုရာမျိုးနွယ်စုမှ နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် လူငယ်(၃)ယောက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ယန်ယန်နှင့် ခယ်ယွီတို့၏စကားများက အချင်းချင်း အပြန်အလှန် ချီးကျူးစကားဆိုနေကြပုံပေါက်သော်လည်း တကယ်တမ်း ထိုစကားများထဲတွင် ထိုးနှက်ချက်များ ၊ လျှို့ဝှက်ချက်များ များစွာပါဝင်လေသည်။
ဤသည်က အဓိကမျိုးနွယ်စုကြီး(၂)ခု၏ အားပြိုင်မှုပဲ ဖြစ်သည်။
ပြာလွင်တောင်ပံမျိုးနွယ်စုကတော့ အင်အားနည်းသူများဖြစ်သဖြင့် ဖီးနစ်နားခိုရာမျိုးနွယ်စုနှင့် ကြံ့နက်မျိုးနွယ်စုတို့က သူတို့ကို ပြိုင်ဘက်ဟု သတ်မှတ်မထားကြပေ။
မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က တစ်ဖက်လူငယ်များကို အပြန်အလှန်ချီးမွမ်းခန်းဖွင့်နေကြသည့်တိုင် သူတို့စိတ်ထဲမှအတွေးများကို မည်သူမှသိနိုင်မည် မဟုတ်ပေ။
ထိုအချိန် အိုင်မီဒါက သိမ်မွေ့စွာပြုံးလိုက်ရင်း...
“မင်းတို့ မျိုးနွယ်စုနှစ်ခုလုံးက လူငယ်တွေက သိပ်ကိုထူးချွန်ကြပါတယ် ၊ ဖီးနစ်ကျဆုံးတောင်ကြားထဲရောက်ရင် ငါတို့ ပြာလွင်တောင်ပံမျိုးနွယ်စုက မိန်းကလေးတွေကိုလည်း နည်းနည်းပါးပါး စောင့်ရှောက်ပေးကြပါဦးနော်...”
ထို့နောက် သူမက သက်ပြင်းတစ်ချက်ချရင်း...
“နုပျိုခြင်းမြက်ပင်နဲ့ ကျောက်စိမ်းပွင့်လွှာတို့လို ရှားပါးဆေးဖက်ဝင်ပစ္စည်းတွေသာ ဖီးနစ်ကျဆုံးတောင်ကြားမှာ မရှိဘူးဆိုရင် ငါတို့မျိုးနွယ်စုက ဒီလိုကြမ်းတမ်းခက်ထန်တဲ့ စစ်မြေပြင်ကို လုံးဝ လာချင်တာ မဟုတ်ပါဘူး”
ပြာလွင်တောင်ပံမျိုးနွယ်စု၏ ရှင်သန်ရေးဗျူဟာကတော့ အမြဲတမ်းလိုလို အင်အားကြီးအုပ်စုများကြား ကျွမ်းကျင်လိမ္မာစွာဖြင့် ဟန်ချက်ညီအောင် လှုပ်ရှားရုန်းကန်ခြင်း ဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုနှင့် ကြံ့နက်မျိုးနွယ်စုတို့ကြားမှ ပဋိပက္ခများ ပိုမိုပြင်းထန်လေ ပြာလွင်တောင်ပံမျိုးနွယ်စုအတွက် အကျိုးအမြတ်ပိုရလေ ဖြစ်၏။
ဖီးနစ်ကျဆုံးတောင်ကြားခရီးစဉ်တွင် ပေးဆပ်မှုအနည်းဆုံးဖြင့် အများဆုံးရလဒ်ကို ရယူနိုင်မည်ဆိုလျှင် သူတို့မျိုးနွယ်စုအတွက် အောင်ပွဲပင် ဖြစ်သည်။
ထို့ကြောင့် အိုင်မီဒါက မည်သည့်ပဋိပက္ခတွင်မှ ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်ခြင်းပင်။
သူမက ကြံနက်မျိုးနွယ်စုခေါင်းဆောင်’ခယ်ယွီ’ ၏ မိခင်ရင်း ဖြစ်လေသည်။
သို့တိုင် သူမမျိုးနွယ်စုအကျိုးအမြတ်အတွက်ဆိုလျှင် သားဖြစ်သူအပေါ် အနည်းငယ်ပင် ဘက်လိုက်မည် မဟုတ်ပေ။
ဤအချက်ကို အင်အားကြီးမျိုးနွယ်စုခေါင်းဆောင်(၃)ယောက်လုံးက ကောင်းကောင်းနားလည်ထားကြသည်။
သူတို့က အပေါ်ယံ သကာဖုံးသည့်စကားများ ပြောဆိုနေကြသော်လည်း စိတ်ထဲမှာတော့ တွက်ချက်မှုကိုယ်စီနှင့် ဖြစ်၏။
အစဉ်အလာအရဆိုလျှင်တော့ အနောက်ဘက်သို့နေဝင်သွားချိန်တွင် ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်ပေမည်။
ထိုအချိန်ရောက်လျှင် မျိုးနွယ်စုအသီးသီးမှ ပိုင်ဆိုင်ထားသည့် စမ်းသပ်ပွဲလက်မှတ်အရေအတွက်ပေါ်မူတည်ပြီး လူငယ်များ တောင်ကြားထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
စင်မြင့်ထက်မှလူငယ်များ အရည်အချင်းပြသခြင်း ပြီးဆုံးသည်နှင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ဝင်ရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။
လင်သွင့်က ဖီးနစ်ကျဆုံးတောင်ကြားသို့ သွားရောက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ကြေညာရန် ပြင်ဆင်လိုက်သည်။
“ကြွရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး....”
သူ့စကားသံမဆုံးခင်မှာပင် ရေခဲရင်ပြင် အပြင်ဘက်မှ စူးရှကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လောသည်။
“ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားဆိုတာ တောရိုင်းဒေသရဲ့ အရေးကြီးဆုံး ပွဲတော်ကြီးတစ်ခုပဲ ၊ ငါတို့မျိုးနွယ်စုက မတက်ရောက်လို့ဖြစ်ပါ့မလား...”
စကားသံ အဆုံးသတ်သွားသည်နှင့် လေကိုထိုးခွင်းသည့် အသံတစ်သံ ထွက်ပေါ်လာပြီး ၊ မြား(၅)စင်း လေထုကိုထိုးခွင်းလာကာ ရေခဲရင်ပြင်ပေါ်ရှိ စင်မြင့်ရှေ့တည့်တည့်တွင် တန်းစီလျှက် စိုက်ဝင်သွားသည်။
မြားတစ်စင်းနှင့်တစ်စင့်ကြားမှ အကွာအဝေးက ပေတံဖြင့်တိုင်းထားသည့်ပမာ အတိအကျတူညီနေသည်။
မြားတံများကို အဝေးတစ်နေရာမှနေပြီး ဤမျှအထိ တိတိကျကျ ပစ်ခတ်နိုင်ခြင်းမှာ အံ့မခန်း မြားပစ်အတတ်ပင် ဖြစ်၏။
သေချာကြည့်မည်ဆိုလျှင် ထိုမြားတံများက သာမန်မြားများနှင့် မတူညီကြောင်း တွေ့ရသည်။ မြားတံများကို အစိမ်းရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ထွက်ပေါ်နေသည့် နွယ်ပင်ငယ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထို့ပြင် မြားတံများပေါ်တွင်လည်း လက်ရာမြောက် ပန်းကနုတ်များကို အနုစိတ်ထွင်းထုထားလေရာ မြားတစ်ချောင်းချင်းစီက အနုပညာမြောက် လက်ရာတစ်ခုပမာ ဖြစ်နေသည်။
ပိုပြီးထူးဆန်းသည်က မြားမြီးဖြစ်၏။
မြားမြီးက သက်တန့်ရောင်စဉ်ဖြာထွက်နေသည့် ရောင်စုံငှက်မွှေးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
မြားတံများ ရေခဲရင်ပြင်ထက်သို့ စိုက်ဝင်သွားချိန် မြားမြီးများ အနည်းငယ်တုန်ခါသွားလေရာ လှပသည့်ငှက်ငယ်များ ဂုဏ်ယူဝင့်ကြွားစွာ ကခုန်နေသည့်အလား ထင်မှတ်ရသည်။
မြားတံများကိုကြည့်ပြီး ယန်ယန်၏မျက်နှာထား တင်းမာသွားသည်။
ရောက်ရှိလာသူက မည်သူပင်ဖြစ်ပါစေ ဤသို့ လူမရောက်ခင် မြားဖြင့်ခွင်းခြင်းက ဖီးနစ်နားခိုရာမျိုးနွယ်စုအား မလေးမစားပြုလုပ်လိုက်ခြင်းသာပင်။
ဤလုပ်ရပ်က ဖီးနစ်နားခိုရာမျိုးနွယ်စုကို စော်ကားလိုက်ခြင်းဖြစ်ပြီး လူအများရှေ့တွင် အကြီးအကျယ် ဂုဏ်သိက္ခာ ထိခိုက်စေသည် မဟုတ်ပါလား။
နောက်တစ်ချက်မှာ ဖီးနစ်နားခိုရာတောင်ဆိုသည်က ဖီးနစ်မျိုးနွယ်စု၏ သန့်စင်မြင့်မြတ်သော တောင်တစ်တောင်ဖြစ်သည်။
ရေခဲရင်ပြင်အပြင်ဘက်တွင် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များကို အထင်အရှားမတွေ့ရသော်လည်း အတွင်းစည်းလုံခြုံရေးကို အပြည့်အဝတင်းကျပ်ထားသည်ဖြစ်ရာ ခွင့်ပြုချက်မရှိဘဲ ယင်ကောင်တစ်ကောင်ပင် ဖြတ်ကျော်သွားလာနိုင်မည် မဟုတ်ပေ။
သို့သော် ယခုတော့ ဖိတ်ခေါ်မထားသည့်ဧည့်သည်က ရင်ပြင်ထက်သို့ မြားဖြင့်ပင် ခွင်းလိုက်လေပြီ။
ဤသည်က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရှေ့တွင် ဖီးနစ်နားခိုရာမျိုးနွယ်စုအတွက် အကြီးအကျယ် မျက်နှာပျက်စရာကိစ္စတစ်ခု ဖြစ်လေသည်။
သို့သော် ယန်ယန်က စင်မြင့်ရှေ့ရှိ ရေခဲပြင်ထက်တွင် စိုက်ဝင်နေသော မြား(၅)စင်းကိုကြည့်ရင်း သူ၏မကျေနပ်ချက်များကို ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုရဲခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူ၏ နောက်ခံအင်အားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အင်အားဖြင့်ပင်လျှင် ထိုအင်အားစုကို ပေါ့ပေါ့တန်တန် ရန်စဝံ့ခြင်း မရှိပေ။