နတ်သူငယ်မျိုးနွယ်များ
Vol. 12 Ch. 136
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာက အပြင်ပန်းတွင် အင်အားကြီးမားသော်လည်း တကယ်တမ်းမှာတော့ သူတို့က တောရိုင်းဒေသ၏ အရှင်သခင်များ မဟုတ်ကြပေ။
ရှေးဦးကာလကတည်းက တောရိုင်းဒေသတွင် အခြေချနေထိုင်ခဲ့ကြသည့် မူလမျိုးနွယ်စုများနှင့် အဆင့်မြင့်မှော်ဝင်သားရဲများကို တောရိုင်းဒေသမျိုးနွယ်စုတစ်ရာအနေဖြင့် ပေါ့ပေါ့တန်တန် ရန်စရဲခြင်း မရှိကြပေ။
တောရိုင်းဒေသတွင်နေထိုင်သည့် မူလမျိုးနွယ်စုများထဲတွင် အင်အားအကြီးဆုံးကိုပြပါဆိုလျှင် “နတ်သူငယ်” မျိုးနွယ်စုဟုသာ ပြောရပေမည်။
နတ်သူငယ်မျိုးနွယ်များ အောင်မြင်မှုအထွတ်ထိပ်သို့ ရောက်ရှိခဲ့စဉ်ကဆိုလျှင် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးကိုအုပ်စိုးကာ နတ်သူငယ်အင်ပါယာကြီးကိုပင် တည်ထောင်နိုင်ခဲ့သည်။
နောက်ပိုင်း နတ်သူငယ်တို့ အာဏာကျဆင်းသွားချိန်တွင် သူတို့က ဘိုးဘွားပိုင်နယ်မြေဖြစ်သော တောရိုင်းဒေသသို့ ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
သို့သော် “ဆင်ပိန်ကျွဲလောက်” ဆိုသည့်အတိုင်း သူတို့၏အင်အားကတော့ အတိုင်းအတာတစ်ခုအထိ ကြီးမားနေဆဲသာပင်။
နတ်သူငယ်မျိုးနွယ်များက ဖီးနစ်နားခိုရာမျိုးနွယ်စုထက် များစွာပိုမိုပြီး အင်အားကြီးမားသည်။ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာလုံး စုပေါင်းလိုက်မှသာ နတ်သူငယ်မျိုးနွယ်၏အင်အားကို ယှဉ်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဖီးနစ်နားခိုရာမျိုးနွယ်စုအနေဖြင့် နတ်သူငယ်များကို မည်သို့ရန်စရဲပါမည်နည်း။
ယခု စင်မြင့်ရှေ့ ရေခဲပြင်ထက်စိုက်ဝင်နေသည့် မြားတံများက နတ်သူငယ်မျိုးနွယ်စု ပိုင်ဆိုင်သည့် မြားတံများဖြစ်သည်။
နတ်သူငယ်များက အနုပညာကို အလွန်အမင်း ဝါသနာပါကြလေရာ သတ်ဖြတ်ရန်အသုံးပြုသည့် လေးနှင့်မြားကဲ့သို့သော လက်နက်များကိုပင် အနုပညာလက်ရာတစ်ခုပမာ အနုစိတ် ဖန်တီးထားလေ့ရှိသည်။
ထို့ပြင် နတ်သူငယ်မျိုးနွယ်များ၏ ထူးခြားချက်တစ်ခုမှာ သဘာဝလွန် အဆင့်အတန်းရှိသည့် မြားပစ်စွမ်းရည်ပင် ဖြစ်၏။ ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် မြားပစ်စွမ်းရည်နှင့်ပတ်သက်ပါက နတ်သူငယ်များကို မည်သူမှမယှဉ်နိုင်ကြပေ။
ယန်ယန်မှာ အတော်လေး မကျေမနပ်ဖြစ်နေသော်လည်း နတ်သူငယ်များနှင့် ပြဿနာမဖြစ်ချင်သဖြင့် ဒေါသကို မျိုချလိုက်ရသည်။
သူက မျက်နှာအမူအရာကို တတ်နိုင်သမျှထိန်းလိုက်ပြီး...
“နတ်သူငယ်မျိုးနွယ်စုက မိတ်ဆွေတွေ အခမ်းအနားကို ကြွရောက်လာကြတာကိုး ၊ ဘာလို့များ ကြိုတင်အကြောင်းမကြားရတာလဲ ၊ ကြိုတင်အကြောင်းကြားခဲ့ရင် ကျုပ်တို့က နတ်သူငယ်မျိုးနွယ်က ဂုဏ်သရေရှိဧည့်သည်တော်တွေကို လေးလေးစားစား ကြိုဆိုခွင့်ရမှာပါ”
“နတ်သူငယ်မျိုးနွယ်စု” ဆိုသောအမည်ကိုကြားတော့ တောရိုင်းဒေသမျိုးနွယ်စုများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာနှင့် နတ်သူငယ်များက ရန်ဘက်များ မဟုတ်သော်လည်း တောရိုင်းဒေသ မျိုးနွယ်စုဝင်များက နတ်သူငယ်များကို သိပ်ပြီး ကြည်ဖြူကြသည် မဟုတ်ပေ။
နတ်သူငယ်များက အလွန်အမင်းအင်အားကြီးမားရုံသာမက မွေးရာပါ မာနထောင်လွှားပြီး မောက်မာသူများ ဖြစ်ကြသည်။ သူတို့က ကမ္ဘာပေါ်တွင် သူတို့သာလျှင် အမြင့်မြတ်ဆုံးဟု သတ်မှတ်ထားကြပြီး အခြားသူများအပေါ် အမြဲတစေ အထက်စီးမှ ဆက်ဆံတတ်သည်။
တောရိုင်းဒေသမျိုးနွယ်စုဝင်အများစုက နတ်သူငယ်များ၏ ထောင်လွှားမောက်မာမှုကို မကျေနပ်ကြသဖြင့် အလိုလိုနေရင်း သူတို့ကို အမြင်မကြည်ဖြစ်နေကြခြင်းပင်။
ယခုဖြစ်ရပ်က သက်သေပင်ဖြစ်သည်။
နတ်သူငယ်များက ကိုယ်တိုင်ရောက်မလာသေးခင် အရင်ဆုံး မြား(၅)စင်းပစ်လွှတ်ပြီး လွှမ်းမိုးနိုင်စွမ်းပြသလိုက်ခြင်းက အခမ်းအနားသို့ရောက်ရှိနေသည့် တောရိုင်းဒေသမျိုးနွယ်စုဝင်များအားလုံးကို အရေးမစိုက်ကြောင်း ပြသလိုက်ခြင်းပင် မဟုတ်ပါလား။
ဤသို့သောအခြေအနေတွင် အားလုံးက ယန်ယန်ဘက်မှ ဝန်းရံပေးရန် မသိမသာ ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန် ခယ်ယွီကလည်း စကားဝင်ပြောလိုက်သည်။
“နတ်သူငယ်မျိုးနွယ်စုက မိတ်ဆွေတို့... ရောက်လာပြီဆိုမှတော့ ဘာလို့ မြောပြန်လေစီးကြောင်းထဲမှာ မတ်တတ်ရပ်နေကြတာလဲ ၊ ဒီနေရာကို ကြွရောက်လာဖို့ ဖိတ်ခေါ်ပါတယ် ၊ ကျုပ်တို့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာက ခင်ဗျားတို့ကို နွေးထွေးစွာကြိုဆိုပါတယ်”
စောစောက စကားပြောလိုက်သော နတ်သူငယ်မျိုးနွယ်၏အသံက စူးရှကျယ်လောင်ပြီး မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိရပေ။
သို့သော် ခယ်ယွီကတော့ နတ်သူငယ်များ မည်သည့်နေရာတွင်ရှိနေကြောင်း အတိအကျ ပြောဆိုနိုင်ခဲ့သည်။ ဤသည်က ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်၏။
ယန်ယန်နှင့် ခယ်ယွီက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အထွတ်ထိပ်ပုဂ္ဂိုလ်များဟု ယူဆနိုင်သည်။
ယခု သူတို့နှစ်ယောက်လုံးက စကားဆိုလာပြီဖြစ်ရာ မောက်မာလှပသည်ဆိုသော နတ်သူငယ်များသည်ပင် ယဉ်ကျေးမှုပြသရန် လိုအပ်သွားပေပြီ။
စူးရှကျယ်လောင်သည့်အသံက ထပ်မံထွက်ပေါ်လာသည်။
“ကောင်းပြီ... ကျုပ်တို့က ဧည့်သည်အဖြစ်ရောက်လာတာဆိုတော့ အားလုံး စောင့်နေရမှာမျိုး မဖြစ်စေချင်ပါဘူး ၊ အခုပဲ လာခဲ့ပါ့မယ်”
စကားသံအဆုံးသတ်သွားသည်နှင့် ရေခဲရင်ပြင်၏မြောက်ဘက်ခြမ်းမှ နတ်သူငယ်(၆)ယောက် ဖြည်းညင်းစွာလမ်းလျှောက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထူးဆန်းသည်မှာ သူတို့က ဖြည်းညင်းအေးဆေးစွာ လမ်းလျှောက်လာခြင်းဖြစ်သော်လည်း အရှိန်အဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်လွန်းပြီး တစ်ခဏအတွင်း အားလုံးရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်၏။
တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှ အလယ်အလတ်နှင့် အဆင့်နိမ် မျိုးနွယ်စုဝင်များမှာ နတ်သူငယ်များ အမျက်ရှမည်ကို စိုးရိမ်ပူပန်သဖြင့် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြသည်။
ထို့ကြောင့်ပင် နတ်သူငယ်(၆)ယောက်က ယန်ယန် ၊ ခယ်ယွီနှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များရှိရာသို့ တန်းတန်းမတ်မတ် ရောက်ရှိလာကြသည်။
ခုန်မင်ကတော့ နတ်သူငယ်များကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် သေချာအကဲခတ်နေမိ၏။
ရှေ့ဆုံးမှဦးဆောင်လာသော နတ်သူငယ် လူအိုကြီးက ဝမ်းဗိုက်အထိရှည်လျားသည့် ငွေရောင်မုတ်ဆိတ်မွှေးများပိုင်ဆိုင်ထားသည်။
သူ၏ ငွေဖြူရောင်ဆံပင်များက လေထဲတွင် လွင့်ပျံနေသည်ဖြစ်ရာ ခမ်းနားထည်ဝါသည့် နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရသည်။
ကျန်ရှိသော နတ်သူငယ်(၅)ယောက်ကတော့ လူငယ်(၃)ယောက်နှင့် မိန်းမပျို(၂)ယောက် ဖြစ်သည်။
သူတို့အားလုံး၏ကျောထက်တွင် ပုံသဏ္ဌန်မတူသည့် လေးများလွယ်ထားကြလေရာ စောစောက ပစ်လွှတ်လိုက်သော မြား(၅)စင်းမှာ ဤလူငယ်(၅)ယောက် ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိသာနိုင်သည်။
နတ်သူငယ်မျိုးနွယ်များက အလွန်တရာ ချောမောလှပသူများ ဖြစ်ကြသည်။
ယခု ရောက်ရှိလာသည့် နတ်သူငယ်(၅)ယောက်ဆိုလျှင် အပြစ်ဆိုစရာမရှိအောင် ချောမောလှပလွန်းလေရာ လူသားဖြင့်ပင်မတူဘဲ ဖန်တီးထားသည့် အနုပညာလက်ရာများဟုပင် ထင်စရာရှိသည်။
စင်မြင့်ထက်တွင်ရှိနေသည့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ အလှပဂေး မိန်းမပျိုလေးများသည်ပင် နတ်သူငယ်များနှင့်ယှဉ်လိုက်ပါက အရောင်မှေးမှိန်သွားရသည်။
နတ်သူငယ်များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် အသွင်အပြင်က လူသားများနှင့်မခြားသော်လည်း သူတို့၏ အထင်ရှားဆုံးထူးခြားချက်က ရှည်လျားချွန်ထက်သည့် နားရွက်များဖြစ်သည်။
နတ်သူငယ်များကတော့ ဤသို့သောနားရွက်မျိုးကို အလှတရား၏ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ကြသည်။
ယခုလည်း မုတ်ဆိတ်ဖြူအဘိုးအိုရော ၊ လူငယ်(၅)ယောက်ရောက ချွန်ထက်သည့်နားရွက်ရှည်များတွင် အဆင်တန်ဆာများ ဝတ်ဆင်ထားကြလေရာ အလွန်ပင် လှပသဖြင့် မြင်သူတိုင်း ငေးမောကြည့်မိကြရလေသည်။
နတ်သူငယ်မျိုးနွယ်များကို လူသားများအဖြစ် သတ်မှတ်၍မရသလို သူတို့က ဒြပ်စင်စွမ်းအား ကျင့်ကြံသူများလည်း မဟုတ်ကြပေ။
သူတို့က လျှို့ဝှက်ဆန်းကြယ်သည့် “မှော်ပညာ” ကိုသာ ကျင့်ကြံသူများ ဖြစ်သည်။
နတ်သူငယ်များ၏ ကိုယ်ပိုင်ဖြစ်သော ‘မှော်စွမ်းအား’ က အလွန်ထူးခြားကာ လူသားများအတွက် ပဟေဠိဆန်လွန်းလှသည်။
ထို့ကြောင့် ခုန်မင်က နတ်သူငယ်များကို သေချာစွာ အကဲခတ်နေသည့်တိုင် သူတို့၏တန်ခိုးစွမ်းအားကို မခန့်မှန်းနိုင်ခဲ့ပေ။
နတ်သူငယ်တစ်ယောက် အသက်(၂၀၀)ဆိုလျှင် လူသားများ၏ ဒြပ်စင်စွမ်းအားအရှင်သခင် ကျင့်ကြံသူများနှင့် အဆင့်မျှသည်။
အဆင့်မြင့်မှော်ပညာ တတ်မြောက်ထားသည့် နတ်သူငယ်များဆိုလျှင်တော့ နှစ်ပေါင်း(၅၀၀)အထိ သက်တမ်းကို ဆွဲဆန့်ထားနိုင်ကြ၏။
လူသားများအတွက်တော့ သက်တမ်း(၅၀၀)ဆိုသည်က ဧကရာဇ်အဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်သည့်သက်တမ်း ဖြစ်သည်။
မုတ်ဆိတ်ဖြူအဘိုးအို၏ အမူအရာက ယန်ယန်နှင့် ခယ်ယွီကဲ့သို့ ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်အဆင့်ရှိသူများရှေ့မှာပင် အလွန်တည်ငြိမ်လှသည်။
ကြည့်ရသည်မှာ အဘိုးအိုက နတ်သူငယ်မျိုးနွယ်စုမှ ရာစုနှစ်များစွာ အသက်ရှည်သည့် ထင်ရှားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။
ယန်ယန်ကတော့ အဘိုးအိုကို သိကျွမ်းဟန်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အရိုအသေပေးရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
“လူကြီးမင်းက မှော်အရှင်သခင်’အယ်လ်ကင်’ မဟုတ်လား ၊ ကျုပ်တို့ ဖီးနစ်နားခိုရာမျိုးနွယ်စုကို ဧည့်သည်တော်အဖြစ် ကြွရောက်လာတာ သိပ်ကို ဂုဏ်ယူမိပါတယ်”
“မှော်အရှင်သခင်” ဆိုသည့် ဘွဲ့အမည်ကို လူအများစုက နားမလည်ကြပေ။
သို့သော် ယန်ယန်က မုတ်ဆိတ်ဖြူကြီးအား အလေးအနက်ထား ဆက်ဆံနေလေရာ အဘိုးအိုက သာမန်လူမဟုတ်ကြောင်း အားလုံး ရိပ်မိလိုက်ကြသည်။
နတ်သူငယ်မျိုးနွယ်စုအကြောင်း အနည်းငယ်သိရှိထားသူများကတော့ ‘မှော်အရှင်သခင်’ ဆိုသည့်အခေါ်အဝေါ်ကိုကြားလိက်သည်နှင့် သိသိသာသာပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ‘မှော်အရှင်သခင်’ များက နတ်သူငယ်မျိုးနွယ်စုတွင် အဆင့်အတန်းမြင့်မားသည့် အကြီးအကဲများ ဖြစ်ကြသောကြောင့်ပင်။
မှော်အရှင်သခင်တစ်ယောက်၏ တန်ခိုးစွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်က ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်အဆင့်ရှိသူတစ်ယောက်နှင့် တူညီပေသည်။
ဤသို့ အဆင့်အတန်းမြင့်မားသည့် မှော်အရှင်သခင်တစ်ယောက် ဦးဆောင်ပြီး ဖီးနစ်နားခိုရာတောင်သို့ ရုတ်တရက် ရောက်ရှိလာခြင်းက အေးအေးဆေးဆေး ဧည့်သည်လာလုပ်ရုံသက်သက် မဟုတ်သည်မှာ သေချာပေ၏။
ယန်ယန်က ရှေ့ထွက်နှုတ်ဆက်လိုက်ချိန်မှာပင် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များက နတ်သူငယ်(၆)ယောက်အတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးလိုက်ကြသည်။
ပြင်ဆင်ပေးသည့်နေရာက ရေခဲရင်ပြင် အလယ်ဗဟိုရှိ အထူးဧည့်သည်တော်များနေရာ ဖြစ်လေသည်။
သို့သော် နတ်သူငယ်(၆)ယောက်ကတော့ နေရာတွင် ဝင်မထိုင်ကြပေ။
အယ်လ်ကင်က ပြုံးလိုက်ရင်း...
“ကျုပ်တို့ရောက်လာတာ နည်းနည်းနောက်ကျသွားတယ် ၊ အခု ပါရမီစွမ်းရည်ပြတဲ့အခမ်းအနား ပြီးသလောက်ဖြစ်နေပြီ မဟုတ်လား ၊ ထိုင်နေလို့ ဘာထူးမှာလဲ... ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်ဖို့လည်း သိပ်မလိုတော့ဘူးဆိုတော့... ကျုပ်တို့အားလုံး အဲဒီကိုသွားပြီး စမ်းသပ်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြရင် ပိုမကောင်းဘူးလား”
ယန်ယန်က တည်ငြိမ်ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။
“ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲဆိုတာ လူငယ်တွေ အတွေ့အကြုံရဖို့ ကျင်းပတဲ့ပွဲပါ ၊ မှော်အရှင်သခင်ကြီးက အဆင့်အတန်းမြင့်မားလွန်ပါတယ် ၊ ကျုပ်တို့က မှော်အရှင်သခင်ကြီးကို ဖီးနစ်ကျဆုံးတောင်ကြားလို နေရာမျိုးမှာ ဧည့်ခံမယ်ဆိုရင် ရိုင်းပျရာရောက်ပါလိမ့်မယ်”
ယန်ယန်၏မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ အထူးသတိထားလျှက် ရှိသည်။
အယ်လ်ကင်က ဖီးနစ်ကျဆုံးတောင်ကြားသို့ အဘယ့်ကြောင့် သွားချင်ရပါသနည်း။
ပြီးတော့ နတ်သူငယ်တွေက ဖီးနစ်ကျဆုံးတောင်ကြားကို ဘယ်တုန်းက စိတ်ဝင်စားသွားကြပါသနည်း။
အယ်လ်ကင်ကတော့ အေးဆေးစွာပင် ပြုံးလျှက်ရှိနေသည်။
သူက...
“လူငယ်တွေ အတွေ့အကြုံရအောင် စမ်းသပ်ပွဲကျင်းပတယ်ဆိုတာ တကယ်ကောင်းတဲ့အရာပါပဲ ၊ ကျုပ်တို့ နတ်သူငယ်မျိုးနွယ်စုမှာလည်း အတွေ့အကြုံမရှိသေးတဲ့လူငယ်တွေ အများကြီးရှိပါတယ် ၊ ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲက သူတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ ၊ ကျုပ်တို့ နတ်သူငယ်မျိုးနွယ်စုဝင် လူငယ်တွေက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာက လူငယ်ပါရမီရှင်တွေနဲ့အတူ ဖီးနစ်ကျဆုံးတောင်ကြားကို အတူတူသွားမယ်ဆိုရင် ဒါဟာ တောရိုင်းဒေသအတွက် ပြောစမှတ်တွင်တဲ့ ဒဏ္ဍာရီတစ်ခု ဖြစ်လာမှာပါ”
နတ်သူငယ်များက အမှန်တကယ်ပင် ဖီးနစ်ကျဆုံးတောင်ကြားကို ပစ်မှတ်ထားနေကြလေသည်။
အရင်ကဆိုလျှင် နတ်သူငယ်များက ဖီးနစ်ကျဆုံးတောင်ကြားကို လုံးဝ စိတ်မဝင်စားခဲ့ကြပေ။ ယခုမှ စိတ်ဝင်စားဟန်ပြသနေခြင်းမှာ သေချာပေါက် တစ်စုံတစ်ခု လွဲချော်နေပေသည်။
ယန်ယန်က လေးနက်သည့်လေသံဖြင့်...
"အရှင်အယ်လ်ကင်... ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲဆိုတာ ကျုပ်တို့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာက လူငယ်တွေ အတွေ့အကြုံရှာဖွေဖို့ သီးသန့်ကျင်းပတဲ့ပွဲပါ ၊ နတ်သူငယ်မျိုးနွယ်စုရဲ့ ကြွယ်ဝတဲ့ အမွေအနှစ်တွေနဲ့ယှဉ်ရင် ဒီလိုနေရာလေးက ဘာမှ စိတ်ဝင်စားစရာ မရှိပါဘူး ၊ ပြီးတော့ ဖီးနစ်ကျဆုံးတောင်ကြားကို ဝင်ရောက်မယ့် လူငယ်အရေအတွက်ကလည်း ကန့်သတ်ထားပြီးသားပါ ၊ အရှင်တို့ ရောက်လာတာလည်း နောက်ကျတယ်ဆိုတော့... ကျုပ်တို့ဘက်က တောင်ကြားထဲဝင်ခွင့်ပြုဖို့ ခက်ခဲပါလိမ့်မယ်”
ထိုစကားကြားတော့ အယ်လ်ကင်က ရယ်မောလိုက်ရင်း...
“မျိုးနွယ်စုခေါင်းဆောင်’ယန်ယန်’ ... စိတ်မပူပါနဲ့ ၊ ကျုပ်တို့က မဖိတ်ခေါ်ဘဲရောက်လာတယ်ဆိုပေမယ့် အနှောက်အယှက်ပေးမယ့်သူတွေ မဟုတ်ပါဘူး ၊ ကျုပ်တို့က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရဲ့ စည်းမျဉ်းစည်းကမ်းကို အပြည့်အဝလိုက်နာမှာပါ ၊ ကျုပ်သတင်းကြားတာတော့... စမ်းသပ်ပွဲလက်မှတ်ရှိရင် ဖီးနစ်ကျဆုံးတောင်ကြားကိုဝင်ဖို့ အရည်အချင်း ပြည့်မီတယ်ဆိုပဲ... ၊ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်လက်ထဲမှာ လက်မှတ်တချို့ရထားတယ် ၊ ဒီတော့ ကျုပ်တို့ နတ်သူငယ်တွေလည်း ဖီးနစ်ကျဆုံးတောင်ကြားစမ်းသပ်ပွဲကို ပါဝင်ခွင့်ရနိုင်ပါတယ် ၊ ဟုတ်တယ်မလား”
စကားဆုံးသည်နှင့် အယ်လ်ကင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ဖဝါးထက်တွင် အနက်ရောင်စမ်းသပ်ပွဲလက်မှတ်(၅)ခု ထွက်ပေါ်လာသည်။
နတ်သူငယ်မျိုးနွယ်များလက်ထဲတွင် စမ်းသပ်ပွဲလက်မှတ်များရှိနေမည်ဟု ယန်ယန် မျှော်လင့်မထားခဲ့ပေ။
ယခုတော့ စမ်းသပ်ပွဲလက်မှတ်က တစ်ခုတင်မဟုတ် ၊ (၅)ခုပင် ရှိနေသည် မဟုတ်ပါလား။