ပေတံတိုဖြင့် တိုင်းတာခြင်း
Vol. 7 Ch. 62
ရွှေရောင်အလင်းတန်းများ ဖြာကျနေပြီး ယန်ချွန်းမြစ်ရေပြင်ပေါ်တွင် လှေငယ် နှစ်စင်းသုံးစင်းမျှ မျောပါနေပေသည်။
ဝါးထရံကာ ခြံဝင်းအတွင်း၌
ရှန်းယီသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် အဝတ်စတစ်ခုဖြင့် ဓားအိမ်ကို သေချာစွာ သုတ်သင်နေချေ၏။
သူသည် ဒဏ်ရာရသူများကို ပြုစုရာတွင် မကျွမ်းကျင်ချေ။
ကံကောင်းထောက်မစွာဖြင့် အရူးသည် မကြာခဏ ဒဏ်ရာရတတ်သဖြင့် မုဆိုးမငယ်လေးမှာ အတွေ့အကြုံရှိနေပေသည်။
အနည်းဆုံးတော့ သူမသည် မာထောင်နှင့် လီရှင်းဟန်တို့ကိုသွေးတိတ်အောင် လုပ်ပေးနိုင်ခဲ့ပြီး လူပုံပေါက်အောင် ပြန်လည် ပတ်တီးစည်းပေးထားနိုင်ခဲ့ပေသည်။
လီမူကျင်း သတိရလာပြီးနောက် ဆေးလုံးအချို့ ထုတ်ယူကာ တိုက်ကျွေးလိုက်သဖြင့် သူတို့၏ သေဆုံးတော့မည်လူမမာလက္ခဏာများ ခေတ္တ တည်ငြိမ်သွားခဲ့ပေသည်။
သူမသည် အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပေသည်။
ဆံပင်ကို ဖြည်ချထားပြီး ရှုပ်ပွနေသော ဆံနွယ်များက ဖြူဖပ်ဖြူရော် မျက်နှာကို ဖုံးအုပ်ထားပေသည်။
ညမှ တိုက်ပွဲတွင် အကြီးအကျယ် ထိခိုက်ခဲ့ရကြောင်း သူမ၏တိမ်ဝင်နေသော အသက်ရှူသံများက ဖော်ပြနေချေ၏။
လီမူကျင်း၏ မျက်နှာအမူအရာမှာ ယခင်ကကဲ့သို့ ဆွဲဆောင်မှု မရှိတော့ဘဲ စိုစွတ်နေတတ်သော နှုတ်ခမ်းနီနီလေးများမှာလည်း အက်ကွဲခြောက်သွေ့နေချေ၏။
သူမသည် ရှန်းယီ၏ကျောပြင်ကို ငေးကြည့်ရင်း ညက မြင်တွေ့ခဲ့ရသော ပုံရိပ်နှင့် တိုက်ဆိုင် စစ်ဆေးနေမိပေသည်။
သူမ နှုတ်ခမ်းစွန်းကို တွန့်ရုံ ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်ပေသည်။
"ကျန်တဲ့သူတွေ ဘယ်ရောက်သွားသလဲ"
"သူတို့က ပင်ပန်းသွားရုံပါ။ ဒဏ်ရာသိပ်မပြင်းပါဘူး။ စောစောက နိုးလာပြီး မြင်းတွေသွားယူဖို့ ရုံးတော်ဘက် ထွက်သွားကြတယ်"
ရှန်းယီသည် အဝတ်စကို ချလိုက်ပြီး ဓားကို ခါးတွင် ပြန်လည် ချိတ်ဆွဲလိုက်ပေသည်။
လီမူကျင်းသည် ထိုင်ခုံတစ်လုံး ဆွဲယူကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး မေးစေ့ကို လက်ဖြင့် ထောက်ထားမိပေသည်။
သူမ တစ်ခုခု မေးချင်နေသော်လည်း ဘယ်က စပြောရမှန်း မသိသဖြင့် သူ့ဘေးတိုက်မျက်နှာကို ငေးကြည့်နေမိချေ၏။
နောက်ဆုံးတွင် ရှန်းယီသည် ထိုအကြည့်ကို သည်းမခံနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ မျက်စောင်းထိုးလိုက်ပေသည်။
လီမူကျင်းသည် ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးများတွင် ခံစားချက်များ ပြည့်နှက်နေချေ၏။
"ရှင်က တကယ်ပဲ နတ်ဆိုးသတ်ရာမှာ တော်တာပဲ"
ချင်ကျိုးတွင် ကြီးပြင်းလာသော သူမကဲ့သို့ မိန်းကလေးတစ်ယောက်ပင် စိတ်ကူးမယဉ်နိုင်လောက်အောင် တော်လွန်းနေပေသည်။
ရှေ့ကို ရွာသားများ ဒူးထောက်ကာ ကွယ်ထားသော်လည်း မြစ်စောင့်နတ်၏သနားစရာကောင်းသော အော်ဟစ်သံသည် သူမ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။
သေမင်းနှင့် ရင်ဆိုင်ရခြင်း မဟုတ်ပါက မိမိကိုယ်ကို အထင်ကြီးသော မြစ်စောင့်နတ်သည် ထိုမျှလောက် အရှက်ကွဲမည် မဟုတ်ချေ။
"ရှင် သေပြီလို့ ကျွန်မ ထင်ခဲ့တာ"
တစ်ဖက်လူသည် မည်းမှောင်သော လေနှင်ရာ တောင်တောထဲသို့ လိုက်ပါသွားခဲ့ပေသည်။
မည်သို့သော နတ်ဆိုးလဲ ဆိုတာ သူမ မသိသော်လည်း မြစ်စောင့်နတ်၏မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာကို လီမူကျင်း အသေအချာ မြင်ခဲ့ရပေသည်။
ထိုအမူအရာသည် ယုံကြည်မှု အပြည့်ရှိပြီး မျှော်လင့်ချက်များဖြင့် တောက်ပနေခဲ့ခြင်း ဖြစ်ပေသည်။
အဆုံးသတ်တွင် ပြန်ရောက်လာသူမှာ ရှန်းယီ ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"မင်း အဲဒီလို မတွေးခဲ့တာ ကံကောင်းတာပေါ့"
လီမူကျင်းမတ်တတ်ရပ်လိုက်ပြီး အပြုံးများ ပျောက်ကွယ်သွားကာ လူငယ်ကို လေးလေးစားစား ဦးညွှတ်လိုက်ပေသည်။
အကယ်၍ တစ်ဖက်လူသာ ထိုသို့ တွေးခဲ့လျှင် အလုံခြုံဆုံး ထွက်ပြေးနည်းမှာ နတ်ဆိုးနှိမ်နင်းရေးဌာနသို့ သတင်းပြန်ပို့ခြင်းသာ ဖြစ်ပေလိမ့်မည်။
မိမိထက် များစွာသာလွန်သော နတ်ဆိုးနှင့် ရင်ဆိုင်ရချိန်တွင် မည်သူမျှ အနိုင်ရနိုင်မည်ဟု မထင်မှတ်နိုင်သည့်အတွက် သတင်းပို့ရန်ဟူသော ခေါင်းစဉ်ဖြင့် ထွက်ခွာသွားပါက နတ်ဆိုးနှိမ်နင်းရေးဌာနကပင် အပြစ်တင်မည် မဟုတ်ချေ။
"..."
ရှန်းယီ အနည်းငယ် အံ့အားသင့်သွားပြီး တစ်ဖက်လူ ရုတ်တရက် တည်ကြည်သွားမည်ဟု မထင်ထားမိချေ။
သူ လက်ကာပြလိုက်သော်လည်း စကားမပြောနိုင်ခင်မှာပင် သူ့လက်မောင်းကို ပျော့ပျောင်းသော အထိအတွေ့တစ်ခုက တင်းကျပ်စွာ ပွေ့ဖက်လာခဲ့ပေသည်။
"ဟားဟား"
လီမူကျင်းသည် သူမ၏ပုံမှန် ရွပ်နှောက်နှောက် စရိုက်အတိုင်း ပြန်လည် ပြောင်းလဲသွားပြီး သူ့လက်မောင်းကို ဖက်ကာ ညည်းတွားလိုက်ပေသည်။
"ရှင်ကြောင့် ကျွန်မ လန့်သေတော့မယ်။ လက်ချောင်းလေးတောင် မလှုပ်နိုင်ဘဲနဲ့ တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ရတာ။ အဲဒီလို ဟန်ဆောင်တာတောင် ဟိုမြစ်စောင့်နတ်ကို မခြောက်လှန့်နိုင်ခဲ့ဘူး။ တွေးမိတိုင်း ဒေါသထွက်စရာ ကောင်းလိုက်တာ"
ပြောပြီးနောက် သူမသည် လက်ချောင်းထိပ်လေးများကို ပွတ်သပ်ရင်း သနားစဖွယ် ပြောလိုက်ပေသည်။
"ရှင် လျှောက်လာတုန်းက ကျွန်မ မျက်ရည်ကျတော့မလို့ ဖြစ်နေတာ။ ကံကောင်းလို့ ရှင်က ချောနေတော့ ကျွန်မပုံရိပ်ကို ထိန်းသိမ်းသင့်တယ်ဆိုပြီး မျက်ရည်တွေကို အောင့်ထားလိုက်ရတယ်"
ရင်းနှီးနေသော အထိအတွေ့သည် ဆုန့်အမကြီးထက်ပင် ပိုမို အံ့အားသင့်ဖွယ် ကောင်းနေပေသည်။
ရှန်းယီ စကားမပြောနိုင်တော့ဘဲ လက်မောင်းကို ပြန်ရုန်းလိုက်ပေသည်။
"တော်လောက်ပြီ"
ငါးဖမ်းလှံ စိုက်ဝင်လာချိန်တွင် တစ်ဖက်လူ၏ မျက်နှာ၌ ကြောက်ရွံ့မှု မရှိဘဲ နောင်တအရိပ်အယောင်သာ ရှိခဲ့ပေသည်။
'ငိုတယ်လား သရဲကိုပဲသွားလိမ်လိုက်စိမ်းပါ။'
လီမူကျင်းက ခါးထောက်ရင်း ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်ပေသည်။
"ကောင်းပြီလေ။ ရှင် အသက်ရှင်နေရင် ပြီးတာပါပဲ။ တကယ့် အသက်ပြင်းတဲ့ လူပဲ"
နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူများသည် စိတ်သဘောထား ပွင့်လင်းကြပုံရပေသည်။
သူမ၏အပြုံးကြောင့် ရှန်းယီ ခေါင်းလှည့်လိုက်ပြီး မျက်လုံးထဲမှ ရက်စက်မှု အနည်းငယ် လျော့ပါးသွားချေ၏။
ဘိုင်ယွင်စီရင်စု လျိုမိသားစုအိမ်တွင် နိုးထလာချိန်မှစ၍။
သူသည် ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သဖြင့် ထူးခြားမှုများကို သတိမထားမိခဲ့ချေ။
ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏အငွေ့အသက်များကို ဖယ်ရှားပြီး ဤကမ္ဘာနှင့် တဖြည်းဖြည်း အသားကျလာသောအခါ။
ရှန်းယီသည် သွေးစွန်းသောဘဝကို ကျင့်သားရလာပြီး သွေးမမြင်ရလျှင် မနေတတ်သလို ဖြစ်လာသည်ကို ရှင်းပြမရအောင် တွေ့ရှိလာရပေသည်။
အကြမ်းဖက်မှုသည် ဤဖရိုဖရဲကမ္ဘာတွင် ရှင်သန်ရန် ကိရိယာတစ်ခုသာ ဖြစ်ပေသည်။
သို့သော် ၎င်း၏ရုပ်သေးရုပ် အဖြစ်မခံနိုင်ချေ။
ရှန်းယီ အသက်ပြင်းပြင်း ရှူလိုက်ရာ စိတ်ထဲ ကြည်လင်သွားပြီး ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပေသည်။
မုဆိုးမငယ်လေးသည် ငှားရမ်းလာသော အဝတ်အစားဟောင်း အချို့ကို ကိုင်လျက် ရိုသေစွာ ချဉ်းကပ်လာပေသည်။
"သခင်ရှန်း၊အဝတ်အစား လဲမလား။လောလောဆယ် အသစ် ရှာမတွေ့ပေမဲ့ ဒါတွေက သန့်ရှင်းပါတယ်"
အရူးသည် သူမနောက်မှ ခေါင်းငုံ့လျက် လိုက်ပါလာပြီး ယမန်နေ့ကကဲ့သို့ မိုက်မဲမှုများ မရှိတော့ချေ။
ရှန်းယီကို ကြည့်သော သူမ၏သတိထားနေသည့် အကြည့်များတွင် ကျေးဇူးတင်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေပေသည်။
တစ်ဖက်လူ၏ကြည်လင်သော မျက်လုံးများသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ ရှိပြီး စူးရှလာသောအခါ မကောင်းဆိုးဝါးများကိုပင် ဟန့်တားနိုင်စွမ်း ရှိပေသည်။
" သည်းခံပြီးနေလိုက်တော့မယ် မလဲတော့ဘူး"
လီမူကျင်း ခေါင်းခါလိုက်ပေသည်။
နတ်ဆိုးနှိမ်နင်းရေး တပ်မှူးတစ်ဦးအနေဖြင့် ဤပုံစံအတိုင်း အောင်ပွဲခံ ပြန်လာခြင်းသည် ရှန်းယီအတွက် ဌာနတွင်း၌ နေရာရရန် ပိုမို လွယ်ကူစေမည် ဖြစ်ပေသည်။
"အာ၊ ကောင်းပါပြီ"
မုဆိုးမငယ်လေးသည် သစ်သားပေတံတိုလေးတစ်ခုကို ထုတ်ယူလိုက်ပြီး သတိထားကာ မေးလိုက်ပေသည်။
"ဒါဆိုရင် ပခုံးအကျယ် တိုင်းခွင့်ပြုပါ"
လီမူကျင်း တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး ဤတစ်ကြိမ်တွင် မငြင်းဆန်တော့ချေ။
သူမသည် ပေတံကို ယူလိုက်ပြီး ရှန်းယီကို ဆွဲထူလိုက်ပေသည်။
"ဘာလုပ်ဖို့လဲ"
ရှန်းယီ နားမလည်နိုင် ဖြစ်သွားပေသည်။
"ရှင့်အတွက် အဝတ်အစားချုပ်ပြီး ကျေးဇူးတင်တဲ့အနေနဲ့ ချင်ကျိုးကို ပို့ပေးချင်လို့ နေမှာပေါ့"
လီမူကျင်းသည် ပေတံတိုလေးကို ကိုင်ကာ သူ့ကို သေချာ တိုင်းတာပေးပြီး ခါးမှ ဓားကိုပါ ထည့်သွင်း တိုင်းတာလိုက်ပေသည်။
သူမ အတိုင်းအတာများကို မုဆိုးမထံ ပြောပြလိုက်ပြီး လက်ကာပြလိုက်ပေသည်။
"သွားတော့"
"ကျေးဇူးတင်ပါတယ် သခင်ရှန်း"
မနေ့က အလွန်ကြမ်းတမ်းခဲ့သော မုဆိုးမငယ်လေးသည် ယနေ့တွင် ရှန်းယီကို တည့်တည့်ပင် မကြည့်ရဲတော့ချေ။
သို့သော် ထိုအကြည့်သည် သက်သက် ကြောက်ရွံ့ခြင်း မဟုတ်ပေ။
ထိုအမူအရာသည် ရှန်းယီအား ရင်းနှီးသလို ခံစားရစေသော်လည်း မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိနိုင်ချေ။
မုဆိုးမသည် အရူးကို ခေါ်ထုတ်သွားရာ လမ်းတွင် လူတစ်ယောက်နှင့် ဝင်တိုက်မိသွားပေသည်။
ထိုလူသည် ကောက်ရိုးစဖြင့် ချည်ထားသော ငါးအသားတုံးကို လွှတ်ချလိုက်ပြီး နောက်တစ်အိမ်သို့ ကမန်းကတန်း ပြေးသွားလေတော့သည်။
"သူ... သူက ရွာထဲက အိမ်တိုင်းနီးပါးကို ဝင်ထွက်နေတာ"
မုဆိုးမငယ်လေးသည် ငါးအသားတုံးကို ကောက်ယူရင်း စိတ်မကောင်းစွာ ပြောလိုက်ပေသည်။
မနေ့က ရှန်းယီ အတင်းကျွေးခဲ့သော ထိုလူသည် ဤအရသာကို လူတိုင်းအား မြည်းစမ်းစေချင်နေပုံရပြီး ထိုသို့ လုပ်မှသာ သူ၏စိတ်ထဲမှ အပြစ်ရှိစိတ်ကို ဆေးကြောနိုင်မည်ဟု ထင်နေပုံရပေသည်။
ဤငါးအသားကို မျိုချမှသာ သူတို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားသော မုသားများကို ဆုတ်ဖြဲနိုင်မည် ဖြစ်ပေသည်။
နတ်ဆိုးဖြစ်နေမှတော့ ကလေး သုံးရာကို မြစ်ထဲတွင် မွေးမြူထားမည် မဟုတ်ချေ။
ရေနစ်သည်ဆိုတာ ရေနစ်သည်သာ ဖြစ်ပေသည်။
သူတို့၏ကလေးများသည် လှိုင်းစီးပြီး ပြန်လာမည် မဟုတ်သလို မြစ်စောင့်နတ်၏စံအိမ်တွင် စည်းစိမ်ခံစားရမည်လည်း မဟုတ်ပေ။
ရှင်းလင်းနေသော အမှန်တရားမှ ဆင်ခြေများကို ဖယ်ခွာလိုက်သောအခါ လူတိုင်း ရှက်ရွံ့စွာ မျက်နှာဖုံးအုပ်သွားကြရမည် ဖြစ်ပေသည်။
"ငတ်မွတ်ခေါင်းပါးတဲ့ နှစ်တွေမှာ လူတွေက ကိုယ့်ကလေးကိုယ် ပြန်စားတတ်ကြတယ်"
"မတတ်သာလို့ လုပ်ခဲ့ရတာပါ"
"အခု ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုတော့ အဆက်အသွယ် ဖြတ်သင့်ပြီ။ လူစားတဲ့ကောင်တွေက အဆုံးသတ်မှာ နတ်ဆိုးတွေပဲ။ အသုံးဝင်ရင် ကိုးကွယ်မယ်၊ အသုံးမဝင်ရင် စားပစ်ရမယ်"
"ဒါက သာမန်လူတွေရဲ့ ရှင်သန်နည်းပဲ"
"နတ်ဆိုးနှိမ်နင်းရေး တပ်မှူးတွေက အသက်မွေးဖို့ လယ်စိုက်စရာ မလို၊ ငါးဖမ်းစရာ မလိုဘူး။ အားလုံးက ပြည်သူတွေကို မှီခိုနေရတာ။ သူတို့ကို အစားအစာ မထောက်ပံ့ပေးနိုင်တဲ့အပြင် သူတို့ပါးစပ်ပေါက်ထဲကဟာကိုပါ လုယူနေရတာ။ ကိုယ်က မြင့်မားတဲ့ နေရာမှာ ရပ်နေပြီး သူတို့ကို အရမ်း ဖိနှိပ်လွန်းရင် ရက်စက်ရာ ကျသွားလိမ့်မယ်"
လီမူကျင်းသည် ရှန်းယီ၏ပခုံးပေါ် လက်တင်လိုက်ပြီး မျက်လုံးများ အရောင်တောက်ကာ ပြုံး၍ ပြောလိုက်ပေသည်။
"သခင်ရှန်း၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါလား"
ထိုယဇ်ပူဇော်ခြင်းကို ဘယ်သောအခါမှ မချိုးဖောက်ရမည့် ဘိုးဘွားပိုင် စည်းမျဉ်းတစ်ခုသဖွယ် တံငါသည်များ၏ စိတ်ထဲတွင် စွဲမြဲသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
ယမန်နေ့က ရွာလူကြီး အပါအဝင် လူဆယ်ယောက်ကျော် ချက်ချင်း အသတ်ခံလိုက်ရပေသည်။
ရိုးသားစွာပြောရလျှင် ထိုကဲ့သို့ ရက်စက်သော နည်းလမ်းများသည် လီမူကျင်းကို အံ့အားသင့်စေခဲ့သော်လည်း စိတ်သက်သာရာ ရသွားစေခဲ့ပေသည်။
ချင်ကျိုးမှ တပည့်ကျော်များ မလုပ်ရဲသည်ကို တစ်ဖက်လူက ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ပေသည်။
သို့သော် ထပ်မံ သတ်ဖြတ်မည် ဆိုပါက အဓိပ္ပာယ် ပြောင်းသွားနိုင်ပေသည်။
"မနေ့က သူတို့ မင်းကို လွှတ်ပေးဖို့ အစီအစဉ် မရှိခဲ့ဘူး"
ရှန်းယီ မျက်ခုံးပင့်လိုက်ပေသည်။
"ဒီဝတ်စုံကို အလကား ဝတ်ထားတာ မှတ်လို့"
လီမူကျင်း နှုတ်ခမ်းစူလိုက်ပြီး သူမ၏ လက်မောင်းမှ တိမ်တိုက်ပန်းထိုး အကွက်များကို ဆွဲပြလိုက်ပေသည်။
"လုပ်ဆောင်ခဲ့တဲ့ သူတွေကတော့ သေသင့်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေက နေ့မနား ညမနား အလုပ်မလုပ်ရင် ကျွန်မတို့ လစာနဲ့ အစားအစာ ဘယ်ကရမလဲ... ဟေး၊ ကျွန်မလက်ကို ဖယ်မထုတ်နဲ့လေ။ ရှင်က ဘာလို့ အပျိုစင်လေးလို နည်းနည်းမှ အထိမခံ ဖြစ်နေရတာလဲ"
"ဘေးဖယ်နေစမ်းပါ"
ရှန်းယီ ပခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်ပေသည်။
သူ နိုးထလာကတည်းက မည်သည့် မကောင်းမှုကိုမျှ မလုပ်ခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ ကြိုးစားခဲ့ပေသည်။
သို့သော် ဤအမျိုးသမီး၏နှုတ်ဖျားတွင်တော့ သူသည် ရက်စက်သော လူသတ်သမား ဖြစ်နေလေတော့ပေသည်။