← Chapters

ကုသိုလ်ကောင်းမှုတံတိုင်း။

Vol. 19 Ch. 201

ကုသိုလ်ကောင်းမှုတံတိုင်း။

Vol. 19 Ch. 201

လီယောင်က ဘယ်သူ့ကိုမှ အရိုအသေပေးခြင်းကနေ ကင်းလွတ်ခွင့်ပေးဖို့ အစီအစဉ်မရှိသော ပုံစံဖြင့် ထိုနေရာက တစ်ဖဝါးမှမခွာဘဲ ရပ်နေသောအခါ ကျောင်းအုပ်အဖွဲ့က သည်းမခံနိုင်တော့ပေ။

သူတို့က ပညာတတ်ပုဂ္ဂိုလ်တွေမို့ ဒီလို အသေးအဖွဲကိစ္စလေးနှင့် အမျိုးသမီးလီအပေါ် အမှားမကျူးလွန်ချင်ပါ။ တစ်ခါလောက် ဦးညွှတ်ရုံပါပဲ။ မြန်မြန်ပြီးတော့ မြန်မြန်အေးသည်။

ထို့ကြောင့် ကျောင်းအုပ်တွေက အတူတကွ ရှေ့ထွက်ပြီး လက်သီးနှစ်ဖက်ကို လီယောင်ဆီသို့ ဆန့်တန်းဆုပ်ယှက်လိုက်ကြသည်။ “ ကျုပ်တို့ အမျိုးသမီးလီကို အရို‌အသေပေးပါတယ်။ ”

လီယောင်က “ အခု ဘေးမှာ သွားရပ်နေလို့ ရပါပြီ လူကြီးမင်းတို့။ ” ဟု ပြန်ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် အမျိုးသမီးလီ။ ”

ကျောင်းအုပ်တွေ ဦးညွှတ်ပြီးတော့ ကုန်သည်တွေရဲ့ အလှည့်ရောက်လာ၏။ မျက်လုံးတွေအားလုံးက ယန်ချန်းဆီ ရောက်သွားပြီး သူ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကြည့်နေခဲ့ကြသည်။

ပရိယာယ်ကြွယ်တဲ့ ယန်ချန်းကလည်း လီယောင် သူတို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ် ဆိုတာ ကောင်းကောင်း သိသည်။ ဒါပေမဲ့ ကုန်သည်ဖြစ်တဲ့ သူတို့က အကျိုးအမြတ်တွေကိုသာ ဂရုစိုက်ပြီး ဂုဏ်သိက္ခာတွေ ၊ ဘာတွေကို သိပ်ဂရုမစိုက်ပါ။

ဦးညွှတ်ရုံပဲလေ။ အသားတစ်တုံး ၊ ငွေချောင်းတစ်ချောင်း ကုန်မှာကျနေတာပဲ … ။

ထို့ကြောင့် သူ ရှေ့ထွက်လိုက်ပြီး မြေကြီးပေါ်မှာ သေချာ ဒူးထောက်ထိုင်ချကာ ဓလေ့ထုံးစံအတိုင်း လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ ကျုပ် အမျိုးသမီးလီကို အရိုအသေပေးပါတယ်။ ”

“ လူကြီးမင်းက အရမ်း သဘောကောင်းလွန်းနေပါပြီ။ ”

ယန်ချန်းက အရင်ဆုံး ဦးဆောင်လိုက်တော့ ကျန်လူတွေအတွက် ဖိအားလျော့နည်းသွားသည်။ သို့သော် တခြားကုန်သည်တွေက ဦးညွှတ်ဖို့အတွက် ရှေ့ကို ခြေတစ်လှမ်းတိုးဖို့ လုပ်နေတုန်းမှာပဲ လီယောင် လက်ကာပြလိုက်သည်။ “ လူကြီးမင်းတို့ အကြာကြီး ရပ်နေရတာ ပင်ပန်းနေလောက်ပြီ ဆိုတော့ အခု ဦးမညွှတ်ပါနဲ့တော့။ ”

ယန်ချန်းရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ တုန်သွားသည်။ အဲ့စကားက ဘာအဓိပ္ပာယ်လဲ … ။ သူမက အဲ့စကားကို စောစောမပြောဘဲ သူ ဦးညွှတ်ပြီးမှ အချိန်ကိုက် ကွက်တိ ပြောတာပါလား … ။

ယန်ချန်းရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပသွားသည်။ ဒီအမျိုးသမီးလီက သူ့ကို ပစ်မှတ်ထားနေတာ သိသာသည်။

ကောင်းပြီလေ။ ဒီအမျိုးသမီးမှာ ဘယ်လို အရည်အချင်းတွေ ရှိလဲလို့ ကြည့်ရသေးတာပေါ့။

ယန်ချန်းက ဒေါသကို ချိုးနှိမ်ပြီး ပြောလိုက်သည်။ “အမျိုးသမီးလီ ၊ ကျုပ်တို့ ဒီနေ့ လာခဲ့ရတာက … ”

“ ရှင်တို့ ဘာလို့ လာခဲ့တာလဲ ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ” လီယောင်က ယဉ်ကျေးမနေတော့ဘဲ သူ့စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ တက္ကသိုလ်မှာ အရေးပါတဲ့ ဖွင့်ပွဲအခမ်းအနားကို ဆက်ကျင်းပဖို့ ရှိသေးတယ် ၊ ယိကျိုးမင်းသားနဲ့ အုပ်ချုပ်ရေးမှူးကလည်း မကြာခင် ရောက်လာတော့မှာပါ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ဘေးမှာ ရပ်စောင့်နေပေးကြပါ။ ”

ယန်ချန်းလို လူစားမျိုးတွေကို စကားပြောဖို့ အခွင့်အရေးမပေးသင့်မှန်း လီယောင် သိသည်။ မဟုတ်ရင် သူက နည်းလမ်းပေါင်းစုံရှာကာ ယန်မင်တက္ကသိုလ်ရဲ့ လုပ်ရပ်တွေက မသင့်လျော်ဘူးဟု ပြောလိမ့်မည်။ တခြားလူတွေကလည်း သူ့အပြောကို ထောက်ခံလိုက်ပါက လျို့ယွင် ရောက်လာရင်တောင် ဒီအခြေအနေကို ကိုင်တွယ်ဖို့ လွယ်ကူတော့မှာ မဟုတ်ပေ။

အဆုံးသတ်မှာ သူမတို့ဘက်က သူတို့စကားကို အနည်းနှင့်အများ လိုက်လျောပေးရလိမ့်မည်။ လီယောင်ကတော့ နည်းနည်းလေးတောင် အလျှော့ပေးဖို့ စိတ်ကူးမရှိတာမို့ သူ့ပါးစပ်ကို အရင်ဆုံး ပိတ်ထားလိုက်သည်။

“ အုပ်ချုပ်ရေးမှူး ရောက်လာပြီ။ ”

အပြင်ဘက်က ကျယ်လောင်သော ကြေညာသံနှင့်အတူ ဝင်ပေါက်မှာ ရထားလုံး ဆယ့်နှစ်စီးကျော် ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ အုပ်ချုပ်ရေးမှူးစုန့်က သူ့ဇနီးနှင့် ရုံးတော်အမှုထမ်းအဖွဲ့ကိုပါ အတူတူ ခေါ်လာပြီး တက္ကသိုလ်ဝင်းထဲကို လျှောက်ဝင်လာခဲ့ကြသည်။

ဒါက ကုန်သည်တွေနှင့် ကျောင်းအုပ်တွေ မျှော်လင့်ထားတဲ့ မြင်ကွင်းမျိုး မရှိပါ။ အုပ်ချုပ်ရေးမှူးစုန့် ပိုင်ချွမ်းခရိုင်မှာ တာဝန်ကျတုန်းက အမျိုးသမီးလီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့တယ် ဆိုတာ သူတို့ သိပေမဲ့ ရုံးတော်အမှုထမ်းတစ်ဖွဲ့လုံးကိုပါ ခေါ်လာတာကတော့ သူမအပေါ် အလွန်အကျွံ မျက်နှာသာပေးလွန်းတာပဲ ဖြစ်သည်။

“ အရိုအသေပေးစရာ မလိုဘူး။ ” အုပ်ချုပ်ရေးမှူးစုန့်က ရထားလုံးပေါ်က ဆင်းပြီးသည်နှင့် ဒူးထောက်ဖို့ ပြင်နေတဲ့ အရပ်သားတွေကို အသံကျယ်ကျယ်ဖြင့် တားလိုက်သည်။ ထို့နောက် တက္ကသိုလ်ထဲကို သူ့ဇနီးနှင့်အတူ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းသွားခဲ့သည်။ တစ်စုံတစ်ယောက်က ဂုဏ်ပြုလက်ဆောင်တွေကို ပေးပြီးနောက် သူက လူတိုင်းကို ဂုဏ်ပြုစကားပြောပြီး သူ့သဘောထားကို လူတိုင်း သိအောင် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။

အသစ်ခန့်အပ်ထားတဲ့ ဒီအုပ်ချုပ်ရေးမှူးက ယန်မင်တက္ကသိုလ်ကို ထောက်ခံပါသည်။

“ ယိကျိုးမင်းသား ရောက်လာပြီ။ ”

ဝင်ပေါက်ရှေ့မှာ တန်ဖိုးကြီး ရထားလုံးတွေအများကြီး ရပ်တန့်သွားပြီး လွတ်လပ်ပေါ့ပါးသော သခင်လေးတစ်ယောက်ပမာ ဟိတ်ဟန်ကင်းစွာ ဝတ်ဆင်ထားတဲ့ လျို့ယွင်က ရထားလုံးတစ်လုံးပေါ်ပ ဆင်းလာခဲ့သည်။

“ အရိုအသေပေးဖို့ မလိုဘူး။ ”

အရပ်သားတွေက ဒူးထောက်ဖို့ လုပ်နေတုန်းမှာပဲ တားဆီးခံလိုက်ရပြန်သည်။ အုပ်ချုပ်ရေးမှူးအသစ်ရော ၊ ယိကျိုးမင်းသားရောက လူကောင်းနှင့်တူပြီး ဖော်ရွေနွေးထွေးသည်ဟု သူတို့ ခံစားလိုက်ရသည်။

နောက်ဆုံးမှာတော့ ရာချီသော လူတွေထဲမှာ ကျောင်းအုပ်အဖွဲ့နှင့် ယန်ချန်းကပဲ ယိကျိုးမင်းသားနှင့် အုပ်ချုပ်ရေးမှူးစုန့်ကို ဒူးထောက် အရိုအသေပေးခဲ့ရသည်။

ယန်ချန်းက လီယောင့်ကို မကျေမချမ်း ကြည့်လိုက်သည်။ ဒီအစီအစဉ်တွေကို သူမပဲ စီစဉ်ထားတာ ဆိုတာ သူ သိသည်။

မဟုတ်ရင် အုပ်ချုပ်ရေးမှူးနဲ့ မင်းသားက လူတွေကို အကြောင်းပြချက်မရှိ အရိုအသေမပေးခိုင်းဘဲ နေမလား။ ဒီမိန်းမက တကယ် မလွယ်ဘူးပဲ … ။

တုရှောင်ဟွေ့က စုံစုံလင်လင် ရောက်လာသော လူတွေကို ကြည့်ကာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ အခု ကျွန်မတို့ရဲ့ ယန်မင်တက္ကသိုလ်မှာ အရမ်း အရေးပါတဲ့ ပွဲအခမ်းအနားကို ကျင်းပသွားမှာပါ။ ”

သူမရဲ့ စကားအဆုံးမှာ အသံထည်ဝါသော ခေါင်းလောင်းသံလေးထွက်ပေါ်လာကာ လူတိုင်းရဲ့ စိတ်ကို လန်းဆန်းသွားစေခဲ့သည်။

တုရှောင်ဟွေ့ ၊ လျို့ယွင် ၊ အုပ်ချုပ်ရေးမှူးစုန့်နှင့် လီယောင်တို့က အရှေ့ခြံဝင်းဘက်သို့ ထွက်လာခဲ့ကြသည်။ မူလတုန်းက အရှေ့ခြံဝင်းနှင့် ဂိတ်တံခါးတွေနောက်မှာ ရှိတဲ့ သီးခြားတံတိုင်းတွေကို အခုတော့ အနီရောင်ပိုးချည်လွှာနှင့် အုပ်ကာ တစ်စုံတစ်ခုကို အထဲမှာ ဖုံးကွယ်ထားသည်။

တုရှောင်ဟွေ့က လျို့ယွင်ဆီ သွားကာ “ အရှင်မင်းသားနဲ့ အုပ်ချုပ်ရေးမှူးက အမျိုးသမီးလီနဲ့အတူ အနီရောင် ပိုးချည်လွှာကို ဖယ်ရှားပေးပါ။ ” ဟု ပြောလိုက်သည်။

“ ကောင်းပြီ။ ဒါဆို ကိုယ်တော် အရင်ဆုံး စလိုက်ပါ့မယ်။ ” လျို့ယွင်က ရှေ့ထွက်ကာ အနီရောင် ပိုးချည်လွှာရဲ့ အနားစတစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အုပ်ချုပ်ရေးမှူးစုန့်နှင့် လီယောင်က ကျန်အနားနှစ်ဖက်ကို ဆုပ်ကိုင်ထားပေးကြသည်။ သူတို့အတူ အသာအယာ ဆွဲချလိုက်တော့ ချောမွေ့သော အနီရောင်ပိုးချည်လွှာက လျှောကျလာခဲ့သည်။

လူတိုင်းရဲ့ မျက်စိရှေ့မှာ ဘွားခနဲပေါ်ပေါက်လာတာက အပြာရောင်ကျောက်နှင့် ထွင်းထုထားတဲ့ သီးခြားတံတိုင်းကြီးပဲ ဖြစ်လေသည်။ တံတိုင်းထိပ်မှာတော့ “ ကုသိုလ်ကောင်းမှုတံတိုင်း ” ဆိုတဲ့ စကားလုံးတချို့ကို ထွင်းထုထားသည်။

လူတိုင်း ဇဝေဇဝါဖြစ်သွားသည်။ မဟုတ်မှလွဲရော တကယ်တော့ ယန်မင်တက္ကသိုလ်က ဘုန်းကြီးကျောင်းဖြစ်နေတာလား … ။ ဘုန်းကြီးကျောင်း မဟုတ်ရင် ကုသိုလ်ကောင်းမှုတံတိုင်း ဆိုတဲ့ အရာမျိုးကို ဘာလို့ စိုက်ထူထားတာလဲ … ။

“ နေရာစုံက ကျောင်းသားတွေ ပညာသင်ကြားခွင့်ရဖို့အတွက် ကျွန်မတို့ရဲ့ ယန်မင်တက္ကသိုလ်က ကျောင်းလခ နည်းနည်းလေးပဲ ကောက်ခံထားပါတယ်။ ” ဟု တုရှောင်ဟွေ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ ဒါပေမဲ့ တက္ကသိုလ်မှာလည်း ဆရာတွေကို ငှားရမ်းဖို့နဲ့ တခြား ကုန်ကျစရိတ်တွေအတွက် ရန်ပုံငွေလိုပါတယ်။ အဲ့အတွက် ကျောင်းလခတစ်ခုတည်းနဲ့ လုံးဝ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ လူတိုင်းက ‌တစ်တပ်တစ်အားဆိုသလို ငွေကြေးလှူဒါန်းပြီး ကျောင်းသားတွေကို ကူညီပေးဖို့ မျှော်လင့်ပါတယ်။ အလှူရှင်တွေအားလုံးရဲ့ နာမည်တွေကိုလည်း တက္ကသိုလ်ရဲ့ ကုသိုလ်ကောင်းမှုမှတ်တမ်းထဲမှာ မှတ်တမ်းတင်ထားမှာပါ။ ငွေချောင်း ( ၅၀၀ ) ကျော် ထည့်ဝင်လှူဒါန်းတဲ့ အလှူရှင်တွေရဲ့ နာမည်တွေကိုတော့ ဒီကုသိုလ်ကောင်းမှုတံတိုင်းပေါ်မှာ ထွင်းထုပေးသွားမှာပါ။ ကျွန်မတို့ရဲ့ ကျောင်းသားတွေက အဲ့နာမည်တွေကို နေ့တိုင်း မြင်ပြီး ရှင်တို့ရဲ့ ကြင်နာမှုကို အမြဲတမ်း အောက်မေ့ အမှတ်ရနေပါလိမ့်မယ်။ ”

“ အိုး … ကျုပ်က ယန်မင်တက္ကသိုလ်ကို သန့်စင်မွန်မြတ်တဲ့ နေရာတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ထားတာ။ ” ယန်ချန်းက သူ့အတွက် အခွင့်အရေးရလာသည်နှင့် ချက်ချင်း ထ,ဝေဖန်သည်။ “ နောက်ဆုံးမှာ မင်းက ကျုပ်တို့အိတ်ကပ်ထဲက ပိုက်ဆံတွေကို လိုချင်နေလိမ့်မယ်လို့ ထင်မထားဘူး။ ”

“ ဟုတ်တယ် ၊ မင်းက ကျုပ်တို့ ထည့်တဲ့ အလှူငွေတွေကို အသုံးချပြီး တဖြည်းဖြည်း နာမည်ကြီးလာမှာ။ ကျုပ်တို့က ဘာပြန်ရမှာလဲ။ ”

“ လူကြီးမင်းတို့ နားလည်မှုလွဲနေလို့ အဲ့လို တွေးတာပါ။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ယန်မင်တက္ကသိုလ်က အနယ်နယ်အရပ်ရပ်က အတော်ဆုံး ကျောင်းသားတွေကိုပဲ လက်ခံတာပါ။ အနာဂတ်မှာ ကျောင်းသားအများစုက အရာရှိစာမေးပွဲတွေကို သေချာပေါက် အောင်ပြီး ရုံးတော်မှာ အမှုထမ်းနိုင်မှာပါ။ အဲ့ဒီအခါ သူတို့က သူတို့ကျောင်းသားဘဝတုန်းက သူတို့ကို ကူညီပေးခဲ့တဲ့ လူတွေကို အမှတ်ရပြီး ပြန်ကြည့်ပါလိမ့်မယ်။ ဒီစကားကို ကိုယ်တော့်ထက် လူကြီးမင်းတို့က ပိုနားလည်မှာပါ။ ”

ထိုစကားတစ်ခွန်းတည်းနှင့်ပင် လျို့ယွင်က သူတို့ရဲ့ အညှာကို ချုပ်ကိုင်လိုက်နိုင်သည်။ အမှန်တကယ်လည်း အဲ့ဒါက အနာဂတ် အဆက်အသွယ်တွေကို တည်ဆောက်ဖို့ နည်းလမ်းကောင်း ဖြစ်ပါသည်။

ယန်ချန်းက “ မင်းသားရဲ့ စကားက ကျိုးကြောင်းဆီလျော်မှုရှိပေမဲ့ အဲ့ဒီအချိန်ကို ရောက်ဖို့ နှစ်ပေါင်းများစွာ ကြာဦးမှာပါ။ ” ဟု ပြန်ပြောလိုက်၏။ သူ ပြောချင်တဲ့ အဓိပ္ပာယ်က ထင်ရှားသည်။ အဝေးကြီးလိုသေးတဲ့ အနာဂတ်မှာ ဒီကျောင်းသားတွေက သူတို့ရဲ့ ကြင်နာမှုကို အမှတ်ရမှာလား ဆိုတာ မသေချာပါ။

“ ဒါကတော့ လူတိုင်းရဲ့ ဆန္ဒအပေါ်ပဲ မူတည်ပါတယ်။ ” လျို့ယွင်က တုရှောင်ဟွေ့ဘက်ကို လှည့်ပြောလိုက်သည်။ “ ကိုယ်တော်က အရင်ဆုံး ဦးဆောင်ပြီး ငွေချောင်း ( ၂၀၀၀၀ ) လှူဒါန်းပါ့မယ်။ ”

ဝိုး —

အပြင်ဘက်ရှိ လူအုပ်ကြီးထံမှ အားပေးသံတွေ ထွက်ပေါ်လာခဲ့သည်။ မင်းသားက ငွေချောင်း ( ၂၀၀၀၀ ) ကို တစ်ထိုင်တည်း လှူပစ်တဲ့ထိ သဒ္ဓါတရားထက်သန်တာပဲ … ။ သို့သော် ယိကျိုးမင်းသားက ဧကရာဇ်ရဲ့ အရေးပေးခံရဆုံး သားတော်တစ်ပါးဆိုတာ ပြန်သတိရသွားသောအခါ ဒါက သဘာဝကျသည်ဟုသာ ခံစားလိုက်ရသည်။

လျို့ယွင်ရဲ့ ဦးဆောင်မှုအပြီးမှာ အုပ်ချုပ်ရေးမှူးစုန့်ရဲ့ အလှည့်ကျလာသည်။ “ ကျုပ်ကတော့ ဝင်ငွေ အသင့်အတင့်ပဲရှိလို့ ငွေချောင်း ( ၁၀၀၀ ) လှူဒါန်းပါ့မယ်။ ”

ထို့နောက် လီယောင်က အချိန်ကိုက် ပြောလိုက်သည်။ “ ကျွန်မကတော့ … အဟမ်း အဟမ်း … ငွေချောင်း ( ၁၈၀၀၀ ) လှူပါ့မယ်။ ”

ဘယ်လို … ။ ဒီမှာ ရှိနေတဲ့ အချမ်းသာ‌ဆုံး ကုန်သည်ကြီးတွေတောင် ငွေချောင်း ( ၁၈၀၀၀ ) ကို အလွယ်တကူ မလှူဒါန်းနိုင်။ ဒီအမျိုးသမီးလီက သူတို့ထက်တောင် ပိုချမ်းသာနေတာလား … ။ မင်းသားနှင့် အုပ်ချုပ်ရေးမှူးတို့ သူမနှင့် ဆက်ဆံရေး ပြေလည်ချင်တာ အံ့ဩစရာ မရှိပါ။

သူတို့သုံးယောက် အလှူငွေထည့်ပြီးသောအခါ ယန်မင်တက္ကသိုလ်ရဲ့ ဆရာတွေက အလှူငွေတွေကို အလှူငွေမှတ်တမ်းထဲမှာ မှတ်တမ်းတင်လိုက်ကြသည်။

ထို့နောက် လျို့ယွင်ရဲ့ ပထမနည်းပြဆရာဖြစ်တဲ့ ၊ မီးခိုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော နောက်ထပ် လူကြီးတစ်ယောက်က ကုသိုလ်ကောင်းမှုတံတိုင်းရှေ့မှာ ရပ်လိုက်သည်။ လူတွေက သူ အမြင့်ကို တက်နိုင်စေဖို့အတွက် သူ့အတွက် ခုံရှည်တချို့ကို ချပေးလိုက်သည်။

အဲ့ဒီနောက် သူက စုတ်တံတစ်ချောင်းကို ယူကာ လျို့ယွင်နှင့် တခြားလူတွေရဲ့ နာမည်နှင့် အလှူငွေပမာဏကို အလွန် မျက်စိပသာဒဖြစ်ဖွယ်ကောင်းသော ၊ ချောမွေ့ သဘာဝဆန်သည့် စုတ်ချက်များဖြင့် ရေးဆွဲလိုက်လေသည်။

“ ဒီမှင်တွေ ခြောက်သွားတာနဲ့ ကျွန်မတို့ ကျောက်ဆစ်သမားတွေကို ငှားပြီး တံတိုင်းပေါ်မှာ စကားလုံးတွေ ထွင်းထုသွားမှာပါ။ ” ဟု တုရှောင်ဟွေ့က ပြောလိုက်သည်။ “ မိုးဒဏ် ၊ လေဒဏ်ကို နှစ်ချီပြီး ခံခဲ့ရင်တောင် မပျက်မယွင်းဘဲ ကျန်ရစ်နေဦးမှာပါ။ ”

ထိုစကားကို ကြားတော့ လူတိုင်းရဲ့ နှလုံးသားထဲမှာ လှုပ်ခတ်သွားကြသည်။ ကုန်သည်ကြီးတွေက ပိုက်ဆံပေါသော်လည်း သူတို့မှာ နာမည်ကောင်းတော့ မရှိပါ။ ထို့ကြောင့် အများစုက နာမည်ကောင်းရဖို့ လဲလှယ်သည့်အနေဖြင့် အလှူငွေထည့်ကြလိမ့်မည်။ အဲ့ဒါက အခွံပဲရှိတဲ့ နာမည်ကောင်း မဟုတ်ဘဲ သူတို့အတွက် ပိုက်ဆံတွေကိုတောင် ပိုရှာပေးနိုင်ပါလိမ့်မည်။

သို့သော် ယန်ချန်းက ဘာမှ မပြောသေးတာကြောင့် တခြားလူတွေက သူ့သဘောထားကို တိတ်တိတ်လေး စောင့်နေခဲ့ကြသည်။

…

All Chapters