← Chapters

ချင်းဖုန်းတောင်မှဓားသမား

Vol. 7 Ch. 68

ချင်းဖုန်းတောင်မှဓားသမား

Vol. 7 Ch. 68

"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပဲ။ ဒီအနက်ရောင်ဝတ်... ဒီတပ်မှူးတွေက ကျန်းဟူသိုင်းလောကသားတွေကို လူလို့ကို မသတ်မှတ်ကြဘူးပဲ"

သားသတ်သမားကျန်းသည် ရှန်းယီ၏ပခုံးကို ဖက်လိုက်ပြီး သက်ပြင်းချလိုက်ပေသည်။

"ကိစ္စမရှိပါဘူးလေ၊ ကိစ္စမရှိပါဘူး၊ ဘာမှမဖြစ်ရင် ပြီးတာပါပဲ"

ထိုခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် လူကြီး၏ ရွှံ့များနှင့် ဖုန်များ ပေကျံနေသော ပုံစံကို ကြည့်ပြီး၊ သန့်ရှင်းသော ဝတ်ရုံရှည်ပေါ်တွင် လက်ရာအထင်းသား ပေကျံနေသည်များကို မြင်လိုက်ရသောအခါ... ရှန်းယီသည် တစ်ဖက်လူ ဘယ်ချောင်ကြိုချောင်ကြားသို့ သွားပြီး ရည်းစားဟောင်းနှင့် ချိန်းတွေ့ခဲ့သနည်းဟု တွေးတောမိပေသည်။

'သူ အဲ့ဒီလောက်တောင် ကြမ်းရမ်းခဲ့တာလား။'

"အို... မင်း ရာထူးတိုးတာ မြန်လှချည်လား"

သားသတ်သမားကျန်း၏မျက်လုံးထောင့်က လူငယ်၏လက်မောင်းမှ တိမ်တိုက်ပန်းကွက်ပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် အံ့သြသွားသည့် မျက်နှာထား ဖြစ်ပေါ်လာပေသည်။

ရှန်းယီသည် သူ့ဗိုက်ပူကြီးကို မျက်လုံးလှန်ကြည့်လိုက်ပြီး လျစ်လျူရှုကာ ပြောလိုက်ပေသည်။

"ခင်ဗျားပုံစံက ကလေးမွေးတော့မယ့်အတိုင်းပဲ"

"ဟီးဟီး... ခန္ဓာကိုယ်သန့်စင်ခြင်းဆိုတာ ဒီလိုပါပဲကွ၊ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း မလုပ်ဖူးတော့ နားမလည်ပါဘူး"

ထိုလူကြီးသည် ခေါင်းကို ကုတ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်ပေသည်။

"မင်း အတော်လေး သန်မာတယ်ဆိုတာ ငါသိပေမဲ့ ဒီရက်ပိုင်းတော့ အနေအထိုင် ဆင်ခြင်ပြီး သိုသိုသိပ်သိပ် နေတာ ပိုကောင်းလိမ့်မယ်"

နောက်ဆုံးတော့ သူ လိုရင်းကို ရောက်လာခဲ့ပေပြီ။

ရှန်းယီသည် သူ့ကို အိမ်ထဲသို့ ခေါ်သွားပြီး ကျိုချက်ကာအအေးခံထားသော ရေနှစ်ခွက်ကို ငှဲ့၍ ကမ်းပေးလိုက်ပေသည်။

"ဘာဖြစ်လို့လဲ"

သားသတ်သမားကျန်းသည် ရေခွက်ကို ယူလိုက်ပြီး အားနာမနေဘဲ လည်ချောင်းထဲသို့ အကုန် မော့ချလိုက်ပေသည်။

"မင်း မသိသေးဘူးလား။ လင်းကျန်းစီရင်စုမှာ ကိစ္စကြီးတစ်ခု ဖြစ်နေတယ်"

ရှန်းယီသည် ကုတင်စွန်းတွင် မှီထိုင်လိုက်ပြီး ရေကို တစ်ငုံသောက်ကာ ဘေးတိုက် ကြည့်လိုက်ပေသည်။

သူ မှတ်မိသလောက်ဆိုလျှင် သူသည် လင်းကျန်းစီရင်စုမှ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် သားသတ်သမား၏နောက်ထပ်စကားက သူ၏သံသယများကို ဖြေဖျောက်ပေးလိုက်ပေသည်။

"ငါ မင်းကို ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပြောပြဖူးတဲ့ ချင်းဖုန်းတောင်က ဓားသမားအကြောင်း မှတ်မိသေးလား"

"မိသားစုဝင် အယောက်နှစ်ဆယ်ကျော်ရှိပြီး မယားငယ်တိုင်းအပေါ် ကြင်နာတတ်တဲ့၊ သူရဲကောင်းဆန်တဲ့ တစ်ယောက်လား"

ရှန်းယီ၏မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။

"အဲဒါ သူပဲ"

သားသတ်သမားကျန်းသည် ပါးစပ်ကို လက်အင်္ကျီစဖြင့် သုတ်လိုက်ပေသည်။

"ချင်းဖုန်းတောင်ဆိုတာ ဘယ်လို အင်အားစုမျိုးလဲ မင်း သိသင့်တယ်..."

"ကျွန်တော် မသိဘူး"

ရှန်းယီ ရိုးသားစွာ ခေါင်းခါလိုက်ပေသည်။

ထိုစကားကို ကြားသောအခါ သားသတ်သမားကျန်း ပါးစပ်ထောင့်အနည်းငယ်တုန်ယင်သွားပေ၏။

အိမ်နီးချင်း မိန်းမတစ်ယောက်အကြောင်း အတင်းပြောနေစဉ် တစ်ဖက်လူက "မိန်းမ ဆိုတာ ဘာလဲ" ဟု မေးလိုက်သကဲ့သို့ ဆွံ့အသွားရပေသည်။

"မင်းက နတ်ဆိုးနှိမ်နင်းရေး တပ်မှူးတစ်ယောက် ဖြစ်နေပြီးတော့ ကိုယ့်နယ်မြေအကြောင်းတောင် မသိဘူးလား... ချင်ကျိုးရဲ့ပထမတန်းစား အင်အားစုတွေဖြစ်တဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ မိသားစုကြီးလေးခုမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ ရှိကြတယ်။ ကျောက်၊ ချန်၊ စွန်း၊ လီ မိသားစုတွေရယ်၊ ချင်းဖုန်းတောင်က ဓားသမား၊ ဖိန်ရှားချိုင့်ဝှမ်းက သူခိုးတွေ၊ ပိုင်ယွင်ကျောင်းတော်က တာအိုဆရာတွေပေါ့"

လက်ငါးချောင်း မလောက်သဖြင့် သားသတ်သမားကျန်း နောက်ထပ်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပေသည်။

"နတ်ဘုရားတမျှ ဓားသိုင်းပညာရှိတဲ့ ဓားပျံစံအိမ် လည်း ရှိသေးတယ်... ဘာပဲဖြစ်ဖြစ် ချင်ကျိုးမှာ သူတို့က နတ်ဆိုးနှိမ်နင်းရေးဌာန ပြီးရင် ဒုတိယ အကြီးဆုံးပဲလို့ မင်း သိထားရင် ရပြီ"

"ဗာဂျာရာဂိုဏ်း ကရော"

ရှန်းယီ ပေါ့ပေါ့ပါးပါး မေးလိုက်ပေသည်။

သားသတ်သမားကျန်း နှုတ်ခမ်းမဲ့လိုက်ပေ၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့် အတွင်းအားမရှိရင် သူတို့ကို တတိယတန်းစားလို့ပဲ သတ်မှတ်ရမှာပေါ့။ ဒါပေမဲ့ သူတို့မှာခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းတစ်ဝက် ရှိနေတယ်။ အဲဒါကို အားကိုးပြီး သူတို့ ကျောင်းထိုင်ဆရာတော်ရဲ့ခန္ဓာကိုယ်က ကျောက်စိမ်းအဆင့်ကို ကျော်လွန်နေပြီ။ စစ်မှန်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင်တွေထက် အားနည်းပေမဲ့ ကျောက်စိမ်းအဆင့် ပြီးပြည့်စုံသူတွေကိုတော့ လွယ်လွယ်လေး ကိုင်တွယ်နိုင်တာမို့ ဒုတိယတန်းစားလို့ပဲ သတ်မှတ်လို့ရတယ်"

ထိုအကြောင်းကို ကြားသောအခါ ရှန်းယီ အနည်းငယ် စိတ်ဝင်စားသွားပေသည်။

"ဘာ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်လဲ"

"ငါ ဘယ်လိုလုပ် သိမလဲ"

သားသတ်သမားကျန်း သက်ပြင်းချလိုက်ပေသည်။

"ထူးကဲတဲ့ ပါရမီ လိုအပ်တာအပြင် ဗုဒ္ဓစာပေတွေကို နှစ်ငါးဆယ် ရွတ်ဖတ်ပူဇော်ရမယ်၊ တရားတော်တွေကို နောက်ထပ် နှစ်ငါးဆယ် ဟောကြားပြသနိုင်မှ အဲဒီနည်းလမ်းကို ဆက်ခံခွင့် ရနိုင်မှာတဲ့"

သူသည် အသက် လေးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ကျောက်စိမ်းအဆင့်သို့ မရောက်သေးချေ။

သူ၏ မျက်နှာတွင် အထီးကျန်ဆန်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။

"အဲဒါတွေ ထားလိုက်ပါတော့၊ မင်းအကြောင်းပဲ ပြောရအောင်"

သားသတ်သမားကျန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်ပေသည်။

"အဲဒီ ချင်းဖုန်းတောင်က ဓားသမားဟာ တောင်ပေါ်မှာ ပါရမီအရှိဆုံး တပည့်ပဲ။ ငယ်ရွယ်တဲ့ အရွယ်နဲ့၊ အသက် တစ်ရာ့ငါးဆယ်တောင် မပြည့်သေးဘဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို လှမ်းကိုင်နိုင်တဲ့ အရိပ်အယောင်တွေ ပြနေပြီ"

ရှန်းယီ တိတ်ဆိတ်စွာ နားထောင်နေသော်လည်း ဤကိစ္စနှင့် သူ မည်သို့သက်ဆိုင်သည်ကို မသိချေ။

"လွန်ခဲ့တဲ့ လအနည်းငယ်က သူ လင်းကျန်းစီရင်စုကနေ ကိစ္စတစ်ခုနဲ့ ထွက်သွားတုန်း ကိုယ်ဝန်ရှိနေတဲ့ သူ့မယားငယ်က ရုံးတော်ကို တိတ်တဆိတ် တက်သွားပြီး လူအများရှေ့မှာပဲ မွေးဖွားလိုက်တာ..."

သားသတ်သမားကျန်း၏ခန္ဓာကိုယ် တင်းမာသွားပြီး မျက်လုံးများတည်ကြည်လေးနက်သွားပေသည်။

"ကျောင်းနဂါး တစ်ကောင် ဖြစ်နေခဲ့တယ်။"

ရှန်းယီ၏လက်ထဲမှ ရေခွက် ရုတ်တရက် တုန်ခါသွားပေသည်။

"မကောင်းဆိုးဝါးကျောင်းနဂါးက လမစေ့ဘဲ မွေးလာပြီး သူ့အမေကို ပြန်ဒုက္ခပေးလိုက်တာပေါ့။ တစ်လုပ် နှစ်လုပ်လောက်နဲ့ ဝါးစားလိုက်တာ အရိုးစတောင် မကျန်ဘူး"

"ပိုကြောက်ဖို့ကောင်းတာက အဲဒီ ဓားသမားက ချင်းဖုန်းတောင်မှာ နေတာ နှစ်ပေါင်း တစ်ရာကျော်နေပြီ။ သူ့ရဲ့ဇနီးမယားတွေက မကြာခဏဆိုသလို နတ်ဆိုးဖမ်းသွားတယ်ဆိုပြီး ပျောက်ပျောက်သွားကြတာ။သူ မျိုးစေ့ ဘယ်လောက်တောင် ချထားပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"အဲဒီ ဓားသမား ပြန်ရောက်လာတဲ့အချိန်မှာ လင်းကျန်းစီရင်စုရဲ့နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးက လူတွေကို ဦးဆောင်ပြီး ချင်းဖုန်းတောင်ကို တန်းပြီး ဝိုင်းရံထားလိုက်တယ်။ တောင်ပေါ်က တပည့်တော်တော်များများကို နေရာတင် သတ်ပစ်လိုက်ပြီး အားလုံးက သူ့ရဲ့သွေးသားရင်းတွေ ဖြစ်နေကြတယ်"

သားသတ်သမားကျန်းက ခန့်မှန်းပြောဆိုလိုက်ပေသည်။

"ချင်းဖုန်းတောင်က ထင်ရှားတဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်နေတော့ နတ်ဆိုးနှိမ်နင်းရေးဌာနက ဝိုင်းရံရုံပဲ ဝိုင်းရံထားပြီး တိုက်ခိုက်ခြင်း မပြုသေးတာက မင်းတို့ရဲ့မဟာစစ်သူကြီး ပြန်လာပြီး ဆုံးဖြတ်ချက်ချမယ့်အချိန်ကို စောင့်နေတာ ဖြစ်လောက်တယ်။ မကြာသေးခင်က သိုင်းလောကမှာ ကြားရသလောက်တော့ တောင်ပေါ်ကလူတွေက အဲဒီ ဓားသမားကို တိတ်တဆိတ် ထွက်ပြေးခိုင်းဖို့တောင် ကြံစည်နေကြတယ်တဲ့"

သူက သက်ပြင်းချလိုက်ပေသည်။

"ဟူး... ချင်ကျိုးကို စောင့်ကြပ်နေတဲ့သူတွေကလွဲရင် ကျန်တဲ့ အတွင်းစခန်းက တပ်မှူးတွေ အကုန်လုံးကို တောင်ခြေတဝိုက် မိုင်တစ်ရာလောက်အထိ စောင့်ကြပ်ဖို့ ခေါ်သွားကြပြီ။ ဒီတစ်ခါတော့ သူတို့ အတည်ကြီး လုပ်နေကြတာ။ ငါ မြို့စောင့်တပ်သားတွေဆီက ကြားတာတော့ ရွှေပန်းထိုး ဝံပုလွေတွေ တော်တော်များများကိုလည်း အဲဒီကို ပြောင်းရွှေ့ထားတယ်တဲ့။ မင်း တတ်နိုင်ရင် ပုန်းနေလိုက်။ ဘာပဲဖြစ်ဖြစ် မင်းက ချင်ကျိုးကို အခုမှ ရောက်ကာစဆိုတော့ ဒီကိစ္စတွေက မင်းနဲ့ မဆိုင်ပါဘူး။ အကျိုးအမြတ် ဘာမှ မရသေးခင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်နဲ့"

ရှန်းယီသည် ရေခွက်ကို ချလိုက်ပြီး မျက်နှာထား တည်ငြိမ်နေပေသည်။

အစောပိုင်းက ထိုလူနှစ်ယောက် ဘာအကြောင်း ပြောနေသလဲဆိုတာကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပေပြီ။

"ဒီနေရာက ခဏလောက်တော့ ပြန်ပြီး ရှုပ်ထွေးဦးမှာပဲ..."

သားသတ်သမားကျန်းသည် သူ့ဝက်သတ်ဓားကို ထုတ်လိုက်ပြီး ဓားသွားကို ထပ်ခါတလဲလဲ ပွတ်သပ်ရင်း ယုံကြည်မှုများတိုးလာရန် ကြိုးစားနေပေသည်။

"တရားမျှတမှုကို ရှေ့တန်းတင်တဲ့ ပါရမီရှင် ဓားသမား ဟုတ်လား။သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေတဲ့ ကျောင်းနဂါးအိုကြီး ဖြစ်လောက်တယ်။ ယန်ချွန်းမြစ်ထဲမှာ သူ့အမျိုးတွေကို ထားခဲ့ပြီး လူ့လောကထဲ လာပျော်ပါးနေရင်း လူယောင်ဖန်ဆင်းပြီး သူ့ကျင့်ကြံမှုကို တဖြည်းဖြည်း ထုတ်ဖော်လာတာ နေမှာပေါ့"

"နတ်ဆိုးနှိမ်နင်းရေး မဟာစစ်သူကြီးက စွမ်းအားကြီးပေမဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင် အများအပြားကို တစ်ပြိုင်နက် ရင်ဆိုင်ရရင်တော့ အနိုင်ရဖို့ ခက်ခဲလိမ့်မယ်။ အားလုံးကို ရှင်းပစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး"

"အကယ်၍ အဲဒီ ကျောင်းနဂါးအိုကြီးသာ လွတ်သွားခဲ့ရင်၊ပြီးတော့ အရေအတွက် မသိရတဲ့ သူ့မျိုးဆက်တွေသာ ပါသွားခဲ့ရင် သူတို့ ပထမဆုံး လုပ်မယ့်အရာက နတ်ဆိုးနှိမ်နင်းရေးဌာနကို လက်တုံ့ပြန်ဖို့ ဖြစ်လောက်တယ်... နတ်ဆိုးနှိမ်နင်းရေးဌာနက ဘာကို အလေးအထားဆုံးလဲဆိုတာ သူတို့ သိကြတယ်၊ အဲဒါက ငါတို့လို သာမန်ပြည်သူတွေပဲပေါ့"

သူ့ရည်ရွယ်ချက်ကို ပြောပြီးသည်နှင့် သားသတ်သမားကျန်းသည် အားနာမနေတော့ပေ။

"လာပါကွာ... မျှပြီးနေကြတာပေါ့၊ ငါ့ကို ရက်နည်းနည်းလောက် ပေးနေပါဦး။ သောက်ကျိုးနည်း အခု ငါ့ကလေးအတွက် ဆရာကောင်းကောင်း ရှာပေးချင်လို့ ငွေစုနေရတာ၊ ငွေလေး နည်းနည်းရဖို့ ကုန်တွေကို ဆယ်ရက်လောက် ထမ်းခဲ့ရတာကွ"

"ခင်ဗျား အိပ်လိုက်တော့။ ကျွန်တော် အပြင်ခဏ ထွက်လမ်းလျှောက်လိုက်ဦးမယ်"

ရှန်းယီသည် ကုတင်ကို ဖယ်ပေးလိုက်ပြီး ခြံဝင်းထဲသို့ ထွက်လာခဲ့ပေသည်။

သူ၏အတွေးများ လွင့်မျောနေချေ၏။

သူ့မျက်နှာထားမှာ ရှုပ်ထွေးနေပြီး သတိထားမှုများနှင့်အတူ... မသိမသာ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များလည်း ပါဝင်နေပေသည်။

အကယ်၍ ကျောင်းနဂါးအိုသာ လွတ်မြောက်သွားခဲ့လျှင် သူသည် လက်စားချေမည့် ပစ်မှတ်များထဲမှ တစ်ခု ဖြစ်လာမည်လော။

အခြေအနေအရ အချိန်ရော နေရာပါ တိုက်ဆိုင်နေသဖြင့် အပြင်းအထန် ဒဏ်ရာရထားသော ကျောင်းနဂါးလေး၏ဇာစ်မြစ်ကို သူ မခန့်မှန်းမိဘဲ နေမည်လော။

မြစ်နတ်ဆိုးများပင်လျှင် ကျောင်းနဂါးအမြုတေ၏ အနံ့ကို ရနိုင်ပေသည်။

ယခုအခါ ကျောင်းနဂါးအမြုတေသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ကျောင်းနဂါးပါခွန်အားအရည်အချင်း အဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ အလားတူ အငွေ့အသက်မျိုး ရှိနေမည်လော။

ရှန်းယီ မသေချာပေ။

ဤကိစ္စများနှင့် ပတ်သက်၍ သူ သိထားသည်မှာ နည်းပါးလွန်းလှသည်။

မဝေခွဲနိုင်သည့်အတွက် သူသည် အဆိုးရွားဆုံး အခြေအနေကိုသာ စဉ်းစားထားရပေမည်။

သူ့မျက်လုံးများ တောက်ပသွားပြီး စနစ်ဘောင်သည် သူ့ရှေ့တွင် ပွင့်လာလေတော့၏။

ယခင်က လေပြင်းလျှပ်စီးနတ်ဆိုးဖိနှိပ်ခြင်းအစစ်အမှန်စွမ်းအင်ကို ခံနိုင်ရည်ပြန်လည်ဖြည့်တင်းရန် အားဖြည့်ဆေးအဖြစ် အသုံးပြုနိုင်ခဲ့သော်လည်း ယခု သူသည် ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်း၏ စွမ်းဆောင်ရည်မှာ နိမ့်ကျလွန်းနေပေသည်။

"အကယ်လို့ ငါ့ရဲ့မီးစာ ခြောက်ခန်းသွားရင် ဆေးလုံးမသုံးဘဲ အပြည့်ပြန်ဖြည့်ဖို့ နတ်ဆိုးသက်တမ်း ဘယ်လောက်ကုန်မလဲ"

သူသည် နတ်ဆိုးသက်တမ်းကို မိုးကြိုးမုန်တိုင်းနေမင်းလောင်ကျွမ်းခြင်း ရတနာကျမ်း ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်ပေသည်။

ရှန်းယီသည် အသစ်အဆန်း တစ်ခုခုကို ဖော်ထုတ်နိုင်မည်ဟု မမျှော်လင့်ထားပေ။

သူသည် သူ၏ချီပင်လယ် ထဲမှ အပြောင်းအလဲများကိုသာ ခံစားချင်ရုံဖြစ်သဖြင့် ပုံမှန်အတိုင်း တစ်နှစ်ချင်းစီ လောင်းထည့်လိုက်လေသည်။

သတိပေးချက် စာတန်း ပေါ်လာသည်နှင့်။

သူ့မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပေသည်။

【ပဉ္စမနှစ်တွင် သင့်ကျင့်ကြံမှုအဆင့် တိုးတက်မလာသော်လည်း သွေးနှင့်ချီစွမ်းအင်များ အလွန် ပြင်းထန်လာသဖြင့် မူလက မရီဒျန် ၂၇၀ ရှိသော နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖိုသည် နောက်ထပ် မရီဒျန်တစ်ခုနှင့် ချိတ်ဆက်မိသွားပေသည်။】

မျှော်လင့်မထားသော ဆုလာဘ်တစ်ခု ရရှိလိုက်ခြင်း ဖြစ်ပေသည်။

၎င်း၏အသုံးဝင်ပုံကို မသိသေးသော်လည်း တိုးတက်မှု မှန်သမျှသည် ကောင်းသော အရာသာ ဖြစ်ပေသည်။

ရှန်းယီ မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ထံမှ ထွက်ပေါ်နေသော မိုးမြေ၏သိမ်မွေ့သော အငွေ့အသက်ကို အာရုံခံလိုက်ကာ ခဏအကြာတွင် ကောက်ချက်တစ်ခု ချလိုက်ပေသည်။

နေမင်းလောင်ကျွမ်းခြင်းရတနာကျမ်း၏ အသက်ရှူခြင်းနှင့် သန့်စင်ခြင်းစွမ်းရည်သည် လေပြင်းလျှပ်စီးအစစ်မှန်ထက် များစွာ သာလွန်သော်လည်း သူ၏လက်ရှိ စုဆောင်းမှုသည် ယခင်ကထက် အဆတစ်ရာကျော် ပိုမို များပြားနေပေသည်။

မိုးမြေ၏အငွေ့အသက် ပါးလွှာမှုကြောင့် သူ၏ ချီပင်လယ်သာ တကယ်ခြောက်ခန်းသွားပြီး ခန္ဓာကိုယ်အတွင်း စုဆောင်းထားသော ရာစုနှစ်ချီသည့် ကျောက်စိမ်းအရည်များ ကုန်ဆုံးသွားပါက၊ သူ၏ချီများပြီးပြည့်စုံပြီး သွေးကြောများ ကျယ်ပြန့်ကာ ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ အားဖြည့်ထားသော်လည်း...

ဆေးလုံးများကို အားမကိုးဘဲ အပြည့်အဝ ပြန်လည်ဖြည့်တင်းရန် အနည်းဆုံး သက်တမ်း နှစ်နှစ်ဆယ်ခန့် ကုန်ကျမည် ဖြစ်ပေသည်။

အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သော သိုင်းပညာများကို မရရှိမီ ဤအချက်သည် ရှန်းယီ၏အကြီးမားဆုံး အားကိုးရာ ဖြစ်လာပေသည်။

ဆေးဝါး မည်မျှပင် တန်ဖိုးကြီးပါစေ စုပ်ယူရန် အချိန်ယူရပေသည်။

သို့သော် သူ၌လုံလောက်သော နတ်ဆိုးသက်တမ်း ရှိနေသမျှ ကာလပတ်လုံး သူသည် သူ၏ အကောင်းဆုံးအခြေအနေကိုညအမြဲတမ်းထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။

All Chapters