← Chapters

ငြင်းပယ်မှု။

Vol. 19 Ch. 202

ငြင်းပယ်မှု။

Vol. 19 Ch. 202

“ လူကြီးမင်းယန်။ ” ဟု လီယောင်က ရှေ့ထွက်ပြီး ပြောလိုက်သည်။ “ ရှင်က တော်တော်လေး ချမ်းသာတယ်လို့ ကျွန်မ သတင်းကြားထားတယ်။ ရှင့်ရဲ့ စေတနာ သဒ္ဒါတရားကို ဖော်ပြတဲ့အနေနဲ့ ယန်မင်တက္ကသိုလ်ကို အလှူငွေထည့်ချင်လား။ ”

“ ဟားဟား ၊ ကျုပ်လည်း အလှူငွေ များများလေး ထည့်ချင်ပါတယ်ဗျာ။ ” ဟု လူကြီးမင်းယန်က ရယ်သံတစ်ဝက်ဖြင့် ပြန်ပြောသည်။ “ ဒါပေမဲ့ ‘ ကြက်မက သူ့ရဲ့ ကြက်သားအုပ်ကို အုပ်ချုပ်တယ် ၊ မိန်းမကတော့ အိမ်ကို အုပ်ချုပ်တယ် ’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျုပ်မိန်းမကပဲ တာဝန်ယူတာ ဆိုတော့ ကျုပ်လက်ထဲမှာ ငွေပိုငွေလျှံ သိပ်မရှိဘူးဗျ။ ”

ယန်ချန်းက ပွင့်ပွင့်လင်းလင်း မငြင်းဆန်ဘဲ တစ်ဖက်လှည့်နှင့် စကားအလှသုံး၍ ထိထိရောက်ရောက် ငြင်းဆန်လိုက်တာ ဖြစ်သည်။ အဘိုးကြီးက သူ့စကားမှာ သေချာပေါက် အလှူငွေထည့်ပါ့မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး မပါဝင်အောင်လည်း စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းထားသည်။

ဒါပေမဲ့ လီယောင်ကတော့ သူ့ကို အစကတည်းက ငြင်းဆန်စေချင်တာပါ။ ထို့မှသာ သူ့ရဲ့ တုံ့ပြန်မှုက သူမရဲ့ အစီအစဉ်တွေနှင့် အံဝင်ခွင်ကျဖြစ်သွားလိမ့်မည်။ သူမက သူ့ကို ဆက်ချောင်မပိတ်တော့ဘဲ ပြုံးလိုက်၏။

“ ရပါတယ်။ အလှူငွေထည့်တယ် ဆိုတာ ကိုယ့်သဒ္ဒါတရားကြောင့် လှူဒါန်းတာမျိုးပဲ ဖြစ်သင့်တာပါ။ ” ဒီတစ်ခေါက်က သူ ပြန်တောင်းပန်ရမယ့် အလှည့်ပဲ ဆိုတာ လီယောင် သိသည်။ “ စကားမစပ် ကျွန်မက ဘိလပ်မြေစက်ရုံ ရင်းနှီးမြုပ်နှံမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းအတွင်း လူကြီးမင်းတို့အားလုံးကို မင်းသားရဲ့ အိမ်တော်ကို ဖိတ်ခေါ်ဖို့ တွေးနေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ လူစုံတက်စုံရှိနေတာ ဆိုတော့ ကျွန်မ အဲ့ကိစ္စကို တစ်ခါတည်း ဆွေးနွေးပါရစေ။ ”

ဘိလပ်မြေစက်ရုံ ဆောက်မယ် … ဟုတ်လား … ။

လူတွေက ကြောင်အမ်းအမ်း အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မင်းသားက ထိုစက်ရုံကို ဘာလို့ ရုတ်တရက်ကြီး ဆောက်တာလဲဟု အံ့ဩနေခဲ့ကြသည်။

ယိကျိုးစီရင်စုရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေဖြင့် ဘိလပ်မြေရဲ့ အသုံးပြုပုံကို သူတို့ ကောင်းကောင်း နားလည်သည်။ တကယ်လို့သာ ဘိလပ်မြေကို အများအပြား ထုတ်လုပ်နိုင်ရင် အမြတ်အစွန်းတွေ အကြီးအကျယ် ထွက်ပါလိမ့်မည်။ လက်ဖက်ခြောက်ရောင်းတာ ၊ ဆေးဖက်ဝင်ပစ္စည်းတွေ ရောင်းတာထက်တောင် ပိုပြီး အမြတ်အစွန်းထွက်လိမ့်မည်။

ထို့ကြောင့် သဘာဝကျစွာပင် လူတိုင်းဆီက မေးခွန်းတွေ ထွက်လာခဲ့သည်။

“ ယိကျိုးမင်းသား … ဘိလပ်မြေကို တကယ်ပဲ အများကြီး ထုတ်လုပ်နိုင်မှာလားဗျ။

“ ကိုယ်တော်တို့မှာသာ ဆန္ဒရှိရင် ဘာမဆို အများကြီး ထုတ်လုပ်နိုင်ပါတယ်။ ” ဟု လျို့ယွင်က ပြန်ပြောလိုက်သည်။

“ ဒါဆို … ဒီကိစ္စက ကျုပ်တို့နဲ့ ဘယ်လို ပတ်သက်နေတာလဲ။ ”

“ ခင်ဗျားတို့နဲ့ လုံးလုံးလျားလျားကြီး ပတ်သက်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်း ကိုယ်တော်က ယိကျိုးစီရင်စုကို အခုမှ ရောက်လာတာဆိုတော့ အခွန်ဘဏ္ဍာတွေကလည်း ရောက်မလာသေးဘူး။ ဒါပေမဲ့ ဘိလပ်မြေစက်ရုံက အရမ်း အရေးကြီးတဲ့အတွက် နှောင့်နှေးလို့ မရဘူး။ အဲ့ဒါကြောင့် ဝေစုတချို့ကို ခင်ဗျားတို့ကို ရောင်းချပြီး လစဉ်ကြေးယူခိုင်းဖို့ စဉ်းစားထားပါတယ်။ ”

ငွေစကားကို ကြားလိုက်ရသည်နှင့် စီးပွားရေးသမားတွေရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။

“ လစဉ်ကြေးယူနိုင်ဖို့အတွက် ဘယ်လို လိုအပ်ချက်တွေ လိုတာလဲ ယိကျိုးမင်းသား။ ”

“ ကိုယ်တော်လည်း အဲ့ဒါကိုပဲ ရှင်းပြချင်တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်တော့်လက်ထဲမှာလည်း ငွေပိုငွေလျှံသိပ်မရှိတော့ လူတိုင်း လစဉ်ကြေးယူလို့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ အများပြည်သူအတွက် လမ်းတံတားတွေဆောက်ပေးမယ့် ၊ သနားစရာ ကျောင်းသားတွေအတွက် ရန်ပုံငွေထောက်ပံ့ပေးဖို့ ဆန္ဒရှိတဲ့ ၊ ဖြောင့်မတ်မှန်ကန်ပြီး သဒ္ဒါတရားထက်သန်တဲ့ စီးပွားရေးသမားတွေကို ရှာတွေ့ဖို့ ကိုယ်တော် မျှော်လင့်ထားတယ်။ ”

အခုတော့ သူ ပြောချင်တဲ့ အဓိပ္ပာယ်က ရှင်းလင်းသွားပြီ ဖြစ်သည်။ ဖြောင့်မတ်မှန်ကန်မှုနှင့် သဒ္ဒါတရားအကြောင်း စကားတွေ အများကြီး ပြောသွားတာက အပေါ်ယံဟန်ပြပဲ ဖြစ်ကာ အဓိက ပြောချင်တာက ‘ ခင်ဗျားတို့ ယန်မင်တက္ကသိုလ်ကို ထောက်ပံ့မှာလား ၊ မထောက်ပံ့ဘူးလား ’ ဆိုတဲ့ စကားပဲ ဖြစ်လေသည်။

ယန်မင်တက္ကသိုလ်ကို ထောက်ပံ့တဲ့ လူတွေက ဝေစုတွေရပြီး မထောက်ပံ့တဲ့ လူတွေကတော့ ဖယ်ထုတ်ခံလိုက်ရပါလိမ့်မည်။ ပြီးတော့ ခွဲဝေပေးမယ့် ဝေစုကလည်း ဒီနေ့အလှူငွေတွေနှင့် အပြန်အလှန် ဆက်စပ်မှုရှိနေဖို့ များသည်။

“ ကျုပ် ချင်ကန်းက ယန်မင်တက္ကသိုလ်ကို ငွေချောင်း ( ၈၀၀၀ ) လှူဒါန်းပါ့မယ်။ ”

“ ကျုပ် ရှုချန်မင်ကလည်း ငွေချောင်း ( ၁၀၀၀၀ ) လှူဒါန်းပါ့မယ်။ ”

“ ကျုပ်လည်း ငွေချောင်း ( ၁၂၀၀၀ ) လှူဒါန်းပါ့မယ်။ ”

…

ခုနတုန်းကအထိ သူ့အပေါ် ရိုသေလိုက်နာခဲ့တဲ့ လူတွေဟာ အခုတော့ သူ့ထက်ငါ အပြိုင်အဆိုင် အလှူငွေထည့်နေကြတာကို ကြည့်ကာ လူကြီးမင်းယန်ရဲ့ မျက်နှာက ပြိုတော့မည့်မိုးနှယ် ညိုမည်းသွားခဲ့သည်။

မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ လူ့ငနွားတွေပဲ။ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်ရောက်သွားတာလဲ … ။ စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်တိုက်ခိုက်မယ်လို့ သဘောတူထားတာရော ဘာဖြစ်သွားတာလဲ … ။

အကျိုးအမြတ် ဆိုတဲ့ အသံလေး နည်းနည်းကြားရုံနှင့် သူတို့က လာရင်းရည်ရွယ်ချက်ကို မေ့လျော့သွားကြသည်။

သူတို့ရဲ့ ဖြောင့်မတ်မှန်ကန်မှုက ဘယ်မှာလဲ … ။

မကြာခင်မှာပဲ သိပ်မချမ်းသာသော စီးပွားရေးသမားတွေပင်လျှင် သူတို့ရဲ့ ပိုက်ဆံအိတ်ကို ဖွင့်ပြီး အလှူငွေထည့်ခဲ့ကြသည်။

တုရှောင်ဟွေ့က စိတ်ထဲကနေ သွက်သွက်လက်လက် တွက်ချက်ကြည့်လိုက်သည်။ ဒီအချိန်ခဏလေးအတွင်းမှာ ယန်မင်တက္ကသိုလ်က ငွေချောင်း ( ၂၀၀၀၀၀ ) ဝန်းကျင် အလှူငွေရရှိသွားပြီ ဖြစ်သည်။ ငွေချောင်း ( ၂၀၀၀၀၀ ) ဆိုတဲ့ ပမာဏဟာ သောင်းချီတဲ့ ကျောင်းသားအရေအတွက်ကို ထောက်ပံ့ပေးဖို့အတွက်တောင် လုံလောက်လိမ့်မည်ဟု သူမ ထင်သည်။

“ မြန်မြန်လုပ် … ဒီလူကြီးမင်းတွေရဲ့ နာမည်ကို ကုသိုလ်ကောင်းမှုတံတိုင်းပေါ်မှာ ထွင်းထုလိုက်။ ”

“ ပြီးတော့ ကျောင်းသားတွေ … ” လျို့ယွင်က ကျောင်းသားအယောက် ( ၃၀၀ ) ဘက်ကို လှည့်ပြီး ဆက်ပြောလိုက်သည်။ “ မင်းတို့ ဒီတက္ကသိုလ်မှာ စားနိုင်သောက်နိုင် ၊ ပညာသင်ကြားနိုင်တာ ကျောင်းအုပ်တုရဲ့ ကြိုးစားအားထုတ်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဒီဦးလေးကြီးတွေရဲ့ သဒ္ဒါတရားထက်သန်မှု‌ကြောင့် ဆိုတာလည်း အမှတ်ရပါ။ မင်းတို့ အနာဂတ်မှာ အောင်မြင်မှုတွေရရင် သူတို့ကျေးဇူးကို မမေ့နဲ့။ ”

ထိုမြင်ကွင်းကို မြင်တော့ တုရှောင်ဟွေ့ကလည်း လျင်မြန်စွာ ညွှန်ကြားလိုက်သည်။ “ ဒီဦးလေးကြီးတွေကို အမြန် ဦးညွှတ်ပြီး ကျေးဇူးတင်စကားပြောလိုက်လေ။ ”

“ ဟားဟား ၊ ကျုပ် ချင်ကန်းရဲ့ ဘဝမှာ ဒီလို နေ့မျိုး ရှိလာမယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ” ဟု ချင်ကန်းက သူ့ရဲ့ မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်ရင်း အလွန် ကျေနပ်စွာ ပြောသည်။ “ ရာချီတဲ့ ကျောင်းသားတွေက ကျုပ်ကို ဦးညွှတ်နေလိမ့်မယ်လို့ ကျုပ် စိတ်ကူးတောင် မယဉ်ဖူးဘူး။ ကျုပ်ဘဝတစ်လျှောက်လုံး ဒီအဖြစ်အပျက်ကို ကြွားလို့ ရပြီ။ ”

သူတို့ ပိုက်ဆံနည်းနည်းပါးပါး ကုန်သွားပေမဲ့ အချိန်မရွေး ရာချီ ၊ ထောင်ချီ ပြန်ရှာလို့ ရပါသည်။ ပြီးတော့ ဒီလို ဘဝမြင့်စရာ အခိုက်အတန့်မျိုးကိုလည်း ကြုံတွေ့ခံစား‌နိုင်သေးရာ အခုလိုမျိုး အလှူငွေထည့်ရတာက ပိုက်ဆံကုန်ရကျိုးနပ်သည်ဟု သူတို့ ခံစားရသည်။

“ အလှူငွေထည့်ဝင်လှူဒါန်တဲ့ အခမ်းအနားကို ဒီလောက်နဲ့ပဲ ရပ်လိုက်တာပေါ့။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ကိုယ်တော့်ရဲ့ အိမ်ကို သွားပြီး စကားစမြည်ပြောကြမလား လူကြီးမင်းတို့။ ”

“ သိပ်ကောင်းတဲ့ စိတ်ကူးပါပဲ ယိကျိုးမင်းသား။ ကျုပ်တို့ကို ခေါ်သွားပေးပါ။ ”

…

လျို့ယွင်က စီးပွားရေးသမားတွေကို စနစ်တကျ တန်းစီ၍ ခေါ်သွားခဲ့သည်။ သူတို့နောက်မှာတော့ ကျောင်းအုပ် ဆယ်ဂဏန်းနှင့် မျက်နှာကြီးညိုမည်းပုပ်သိုးနေသော လူကြီးမင်းယန်တို့သာ ကျန်ရစ်ခဲ့သည်။

လျို့ယွင်နှင့် သူရဲဘောကြောင်သော ထိုစီးပွားရေးသမားတွေဆီမှာ သူက လုံးဝ ဖယ်ထုတ်ခံလိုက်ရပြီ ဆိုတာ သိသည်။ အနာဂတ်မှာ ယိကျိုးစီရင်စုမှာ ဘယ်လိုပဲ အကျိုးအမြတ်ဖြစ်ထွန်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပေါ်ပေါက်လာပါစေ ၊ သူ့အတွက် အစွန်အဖျားတောင် ရဖို့ အခွင့်အလမ်းရှိတော့မှာ မဟုတ်ပါ။

အဲ့လို မဖြစ်မခံနိုင်ဘူး။ သူကတော့ ဘာမှ မရတဲ့ အချိန်မှာ တခြားလူတွေ အကျိုးအမြတ်တွေအများကြီး ရိတ်သိမ်းတာကို ထိုင်ကြည့်နေရမှာလား … ။ သူ အဲ့ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ … ။

သူ့မှာ မျှော်လင့်ချက်ကြိုးမျှင်လေး ကျန်သေးတယ်ဟု ခံစားရသောကြောင့် လီယောင့်ဆီ အမြန် ပြေးသွားလိုက်၏။

“ ကျုပ် စကားလေးတစ်ခွန်းလောက် ပြောလို့ ရဦးမလား အမျိုးသမီးလီ။ ”

“ ပြောပါ လူကြီးမင်းယန်။ ”

“ ဟို … တကယ်တော့ ကျုပ်က ယန်မင်တက္ကသိုလ်ကို အလှူငွေမထည့်ချင်တာ မဟုတ်ပါဘူး။ အိမ်က မိန်းမကို ကြောက်လို့ပါ။ ဒါပေမဲ့ ကျုပ်မှာ မိန်းမ မသိအောင် တိတ်တိတ်လေး စုထားတဲ့ ပိုက်ဆံနည်းနည်းပါးပါးတော့ ရှိပါတယ်။ ကျေးဇူးပြုပြီး မဖြစ်စလောက် ပမာဏကိုတော့ စိတ်မခုပါနဲ့ အမျိုးသမီးလီ။ ”

“ ကိစ္စမရှိပါဘူး လူကြီးမင်း။ ရှင် အလှူငွေထည့်သည်ဖြစ်စေ ၊ မထည့်သည်ဖြစ်စေ … အဲ့ဒါက ကျွန်မနဲ့ မဆိုင်ပါဘူး။ ”

လီယောင်က ထိုသို့ ပြောပြီးသည်နှင့် သူ့တုံ့ပြန်စကားကို မစောင့်ဘဲ ချာခနဲလှည့်ထွက်ကာ အိမ်ထဲ ဝင်သွားလျှင် လူကြီးမင်းယန်လည်း သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကြိုးမျှင်လေး ပြတ်သွားပြီ ဆိုတာ နားလည်သွားလေသည်။

“ နေနှင့်ဦးပေါ့။ ” သွားကြားထဲမှ ထွက်လာသော လေသံနှင့် ဒေါသတကြီး ကြုံးဝါးကာ ကျောင်းအုပ်တွေနှင့်အတူ သူ အိမ်ပြန်လာခဲ့ရသည်။

သဘာဝကျစွာပင် တခြား ကျောင်းအုပ်တွေကလည်း သူတို့ ဆက်ပြဿနာရှာလို့ မရတော့ဘူး ဆိုတာကို သဘောပေါက် နားလည်သွားကြသည်။

သူတို့ ဆက်ပြဿနာရှာနေပါက သူတို့ အသက်မွေးလုပ်ငန်းတွေရဲ့ အဓိကသော့ချက်ကို ကိုင်ထားတဲ့ ယိကျိုးမြို့တော်ရဲ့ လူချမ်းသာ စီးပွားရေးသမားတွေအားလုံးကို ဆန့်ကျင်သလို ဖြစ်သွားလိမ့်မည်။

“ တကယ်တော့ ကျောင်းအုပ်တု ပြောတဲ့ စကားက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ကျုပ်လည်း စပြီး ထင်လာပြီ။ ” တချို့ကတော့ ပညာသားပါပါနှင့် နောက်ဆုတ်ဖို့ နည်းလမ်းရှာလာကြသည်။ “ ကျုပ်တို့စီရင်စုမှာ ကျောင်းသားတွေ မရေမတွက်နိုင်အောင် ရှိတာပဲ။ ယန်မင်တက္ကသိုလ်က ကျောင်းသား ( ၃၀၀ ) ပဲ ခေါ်ယူထားတာ။ အဲ့ဒီလောက်နဲ့ ကျုပ်တို့မှာ ဘာထိခိုက်မှုမှ ဖြစ်မသွားပါဘူး။ ”

“ ဟုတ်တယ်။ ကျောင်းအုပ်တုက တကယ်ပဲ စကားပြောကောင်းပြီး ဉာဏ်ပညာကြီးတယ် ၊ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီတယ်။ ”

“ အမှန်ပဲ။ ဒါဆို ကျုပ်တို့ကြောင့် ကျောင်းသားတွေ အနှောင့်အယှက်မဖြစ်အောင် အိမ်ပြန်ကြမယ်။ ”

မျက်စိတစ်မှိတ်အတွင်းမှာပဲ တခြား ကျောင်းအုပ်တွေလည်း အသီးသီး အိမ်ပြန်သွားကြပြီး ယန်မင်တက္ကသိုလ်မှာ တိတ်ဆိတ်အေးချမ်းမှုတို့ ပြန်လည်ကြီးစိုးသွားကာ တုရှောင်ဟွေ့သည် ခံစားချက်တွေ ရောပြွမ်းလျက် ကျန်ရစ်ခဲ့သည်။

ဒီနေ့ ဖြစ်ပျက်သွားတဲ့ အရာအားလုံးကို သူမ ကောင်းကောင်း သိပါသည်။ ထိုလူတွေကို အောင်မြင်စွာ ခုခံပြီး တက္ကသိုလ်အတွက် ရန်ပုံငွေရှာနိုင်တာ အဒေါ်လီရဲ့ ကြံရည်ဖန်ရည်ကောင်းသော အစီအစဉ်တွေကြောင့်သာ ဖြစ်သည်။

အဒေါ်လီရဲ့ နည်းပရိယာယ်တွေ ၊ အဒေါ်လီ တီထွင်ထားတဲ့ ဘိလပ်မြေတွေသာ မရှိရင် ယန်မင်တက္ကသိုလ်ဟာ ဒီမြို့မှာ ခြေကုပ်ယူနိုင်ဖို့ အမှန်တကယ်ပင် ရုန်းကန်ရပါလိမ့်မည်။

သူမရော တစ်နေ့မှာ အဒေါ်လီ့လို ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်မလား … ။

ဝမ်အာက သူမကို “ ညီမ ဘာဖြစ်လို့လဲ။ တကယ်ဆို ဒီအချိန်မှာ ညီမ ပျော်နေသင့်တာလေ။ ” ဟု နူးညံ့သော လေသံဖြင့် လာမေးသည်။

“ ဟင့်အင်း ၊ ညီမ ဘာမှ မဖြစ်ပါဘူး။ အစ်ကိုရော ဒီကို ဘာလာလုပ်တာလဲ။ ”

“ ဒါက အစ်ကိုတို့ရဲ့ တက္ကသိုလ်လေ။ အခုအချိန်မှာ အစ်ကို့ဘက်က ကူညီမပေးနိုင်သေးရင်တောင် တစ်ချက်လောက် အခြေအနေလာကြည့်တာပါ။ ”

“ အစ်ကို ကြည့်လို့ဝပြီ ဆိုရင်လည်း မနက်ဖြန် ဖြေရမယ့် စီရင်စုအဆင့် စာမေးပွဲအတွက် စာသွားကြည့်တော့နော်။ ”

“ အေးပါ။ အစ်ကို စာသွားကြည့်ပါ့မယ်။ အမေက ညီမကို ပြောစရာရှိတယ်လို့ မှာလိုက်တယ်။ ”

…

တုရှောင်ဟွေ့တစ်ယောက် အထဲဝင်ခဲ့လိုက်တော့ လီယောင်က စာအုပ်စင်ပေါ်မှာ စီရရီထားတဲ့ စာအုပ်တွေကို ကြည့်နေသည်။ ထိုစာအုပ်တွေက လက်ရေးမူနှင့် ကူးယူထားတဲ့ စာအုပ်တွေဖြစ်ပြီး မှင်အနံ့တွေပင် ပျံ့လွင့်နေလျက် ရှိပါသေးသည်။

လီယောင်က “ ရွေ့လျားနိုင်တဲ့ ပုံနှိပ်နည်းပညာကို ဘာလို့ မသုံးခဲ့တာလဲ။ ” ဟု မေးလိုက်သည်။

“ ကျွန်မတို့ ဒါကို စီစဉ်တုန်းက အဲ့လို မတွေးခဲ့မိလို့ပါ။ ” ဟု တုရှောင်ဟွေ့က ပြန်ပြောလိုက်သည်။ “ ပြီးတော့ အခုက အရမ်း နောက်ကျသွားပြီ။ ကျွန်မတို့မှာ အဲ့လို လုပ်ဖို့ နေရာလည်း မရှိတော့ဘူး။ ”

လီယောင်က သူမကို ကြည့်ပြီး “ ဘာလို့ အဲ့လိုဖြစ်တာလဲ ဆိုတော့ နင့်စီမံပုံတွေက မကောင်းလို့ပဲ။ ” ဟု ပြောလိုက်သည်။

…

All Chapters