← Chapters

ပိုင်ကျစ်မင်နှင့် ဖန်းဟန်

Vol. 7 Ch. 69

ပိုင်ကျစ်မင်နှင့် ဖန်းဟန်

Vol. 7 Ch. 69

နတ်ဆိုးနှိမ်နင်းရေးဌာန၊ ဆေးကုသဆောင်

အဆောက်အအုံငယ်သုံးဆယ်ခန့်ကို တန်းစီ ဆောက်လုပ်ထားပြီး ဝင်ထွက်သွားလာနေကြသောအရာရှိများအားလုံးမှာ ဒဏ်ရာရထားသူများ ဖြစ်ကြပေသည်။

၎င်းတို့ကြားတွင် ညှပ်၍ဆောက်ထားသော ရိုးရှင်းသည့် ဝါးအိမ်လေးတစ်လုံးသည် ထူးခြားစွာ ကွဲထွက်နေပုံ ရပေသည်။

ရံဖန်ရံခါတွင် ဒု-စစ်သူကြီး အဆောင်အယောင်ဖြစ်သော အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသူများ အထဲသို့ ဝင်သွားတတ်ကြပေသည်။

ထိုတောင့်တင်းသန်မာသော လူငယ်ကတော့ ခြွင်းချက် ဖြစ်ပေ၏။

သူသည် ဝတ်စုံပင် မဝတ်ဘဲ ရိုးရှင်းသော အင်္ကျီတိုကိုသာ ဝတ်ထားပေသည်။

သူသည် ညာဘက်လက်မောင်းကို အောက်ချထားပြီး ဘယ်ဘက်လက်ဖြင့် တံခါးငယ်ကို တွန်းဖွင့်လိုက်လေသည်။

အထဲတွင်နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ပြီး စားပွဲပုလေး၏နောက်တွင် ထိုင်နေသူအား သူက လေးစားစွာ ခေါ်လိုက်ပေသည်။

"စီနီယာအစ်ကို ပိုင်"

"မင်း နေ့တိုင်း ငါ့ဆီလာပြီး မျက်နှာကို သုန်မှုန်မနေပြလို့ မရဘူးလား"

စီနီယာအစ်ကို ပိုင်ဟု ခေါ်သော လူငယ်သည် ကျောက်စိမ်းသရဖူကဲ့သို့ မျက်နှာထားရှိပြီး နားထင်စပ်တွင် ဆံနွယ်နှစ်စ ကျနေကာ သန့်ရှင်းသော လက်နှစ်ဖက်ဖြင့် မွှေးပျံ့သော ဆေးမြစ်ပန်းတစ်ခုကို ရေတွက်နေပေသည်။

သူက မော့မကြည့်ဘဲ အေးစက်စွာ ပြောလိုက်ပေ၏။

"လက်မောင်း တင်လိုက်"

ဖန်းဟန်သည် နာခံမှုရှိစွာပင် ခြေချိတ်ထိုင်လိုက်ပြီး ညာဘက်လက်မောင်းကို မြှောက်၍ စားပွဲပုပေါ်သို့ တင်လိုက်လေသည်။

စီနီယာအစ်ကို ပိုင်သည် အပ်သေးအချို့ကို ထုတ်ယူကာကြည့်ပင် မကြည့်ဘဲ ထိုးစိုက်လိုက်ပြီးနောက် တန်ဖိုးကြီး ဆေးမြစ်များကို ဆက်လက် ရွေးချယ်နေလေတော့သည်။

"သည်းခံလိုက်၊ ဒီနေ့ပြီးရင် တော်တော်လေး သက်သာသွားလိမ့်မယ်"

ဖန်းဟန် ခေါင်းငုံ့ထားပြီး မျက်လုံးများဗလာ ဖြစ်နေပေသည်။

သူ၏ကျယ်ပြန့်သော ကျောပြင်သည် ဝက်ဝံတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။

စစ်မြေပြင်တွင် ကျင်လည်နေသော အရာရှိများကိုပင် အံကြိတ်သွားစေနိုင်သည့် သွေးကြောများကို ပြန်လည်ပေါင်းစပ်ရသည့် ပြင်းထန်သော နာကျင်မှုသည် သူ့ကို တွန့်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

"စိတ်ပူစရာ မလိုပါဘူး"

စီနီယာအစ်ကို ပိုင်သည် ဆေးမြစ်များကို ဗီရိုထဲသို့ ပြန်ထည့်လိုက်ပြီး နောက်ဆုံးတွင် မော့ကြည့်ကာ ပြောလိုက်လေသည်။

"ပြိုင်ဘက်က သိပ်ပြီးပြင်းပြင်းထန်ထန်မလုပ်ခဲ့ဘူး၊ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကျန်မှာ မဟုတ်ပေ"

"ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကို"

ဖန်းဟန် သတိပြန်ဝင်လာပေသည်။

သူ၏စိတ်က လက်မောင်းဒဏ်ရာပေါ်တွင် မရှိသည်မှာ သိသာသော်လည်း ထပ်မံ ရှင်းပြခြင်း မပြုပေ။

ထိုအချိန်တွင် မြေအိုးများကို ကိုင်ဆောင်ထားသော လူနှစ်ဦးသည် ဝါးအိမ်လေးထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကြပြီး ဝတ်ရုံဖြူနှင့် စီနီယာအစ်ကိုအား လေးစားစွာ ဦးညွှတ်လိုက်ကြပေသည်။

ပိုင်ကျစ်မင်သည် မဟာစစ်သူကြီး၏တတိယမြောက် တပည့်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာနတွင် ဒု-စစ်သူကြီး ရာထူးကို ရယူထားကာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတည်းက ကျောက်စိမ်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိထားသူ ဖြစ်ပေသည်။

ထို့အပြင် သူသည် နတ်ဆိုးနှိမ်နင်းရေးဌာန၏ အတော်ဆုံး သမားတော်လည်း ဖြစ်ပေ၏။

"ဝင်လာကြ"

ပိုင်ကျစ်မင် ခေါင်းအသာညိတ်ပြကာ ထိုနှစ်ဦးအား အတွင်းခန်းထဲသို့ ဝင်ရန် အချက်ပြလိုက်ပေသည်။

ထိုခဏချင်းမှာပင် သူသည် ဂျူနီယာညီငယ်၏ မျက်ခွံလှုပ်သွားသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး ထိုကြွက်သားအဖုအထစ်နှင့် ခန္ဓာကိုယ်သည် ရုတ်ခြည်း မတ်တပ်ထရပ်ကာ လှည့်ထွက်သွားပြီး တစ်ဖက်လူ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လေတော့သည်။

သူ၏အသံတွင် အေးစက်မှုများ ပါဝင်နေပေသည်။

"မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ"

ထက်ရှသော လူသတ်လိုသည့် မျက်လုံးများဖြင့် စိုက်ကြည့်ခံရခြင်းသည် ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ပစ်မှတ်ထားခြင်းကို ခံရသကဲ့သို့ ခံစားရစေပေသည်။

လျိုရှောင်ကျဲနှင့် လီရှောင်အာ့တို့၏နှလုံးခုန်သံများ မြန်ဆန်လာပြီး လက်ထဲမှ မြေအိုးများ အချင်းချင်း ရိုက်ခတ်မိကာ အသံထွက်သွားလေသည်။

သူတို့၏အသံများမှာ အသက်ရှူမဝသကဲ့သို့ ဖြစ်နေပေသည်။

"သခင်... သခင်ဖန်း..."

သူတို့ စကားမဆုံးခင်မှာပင် ဖန်းဟန်သည် ညာဘက်လက်မောင်းတွင် စိုက်ထားသော အပ်များကို ဂရုမစိုက်ဘဲ ဆွဲခွာလိုက်ပြီး အတွင်းခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပေသည်။

စီနီယာအစ်ကို ပိုင်၏ဆေးခန်းသည် ဒု-စစ်သူကြီးများနှင့် အခြားနေရာတွင် ကုသ၍မရသော ပြင်းထန်ဒဏ်ရာ ရသူများကိုသာ လက်ခံကုသလေ့ ရှိပေသည်။

ဤအုပ်စုထဲတွင် ထိုကဲ့သို့ ကုသမှု ခံယူခွင့်ရှိသူမှာ ဒု-စစ်သူကြီးအလောင်းအလျာဖြစ်သော လီရှင်းဟန် တစ်ဦးတည်းသာ ရှိပေသည်။

ထင်သည့်အတိုင်းပင်။

ကန့်လန့်ကာကို မလိုက်သည်နှင့် ဖန်းဟန်သည် ကုတင်ပေါ်တွင် ကောက်ညှင်းထုပ်ကဲ့သို့ ပတ်တီးအထပ်ထပ် စည်းထားသော လီရှင်းဟန်ကို တွေ့လိုက်ရပေ၏။

သူ၏သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး အံကိုကြိတ်ကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးဝင်သွားပြီးနောက် တစ်ဖက်လူကို ရုတ်တရက် ဆွဲထူလိုက်ပြီး တင်းမာစွာ မေးလိုက်ပေသည်။

"သူ ဘယ်မှာလဲ"

သွေးရောင် အနည်းငယ် ပြန်လည် ရရှိလာသော လီရှင်းဟန်၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ဖြတ်ပြေးသွားသော်လည်း သူက အေးစက်စွာဖြင့် စကားအနည်းငယ်သာ ညှစ်ထုတ်လိုက်ပေသည်။

"မင်း ရူးနေလား"

"ငါ မင်းကို မေးနေတယ်..."

ဖန်းဟန်၏အသံသည် ပေါင်ချိန်တစ်ထောင်ခန့် လေးလံနေသကဲ့သို့ နက်ရှိုင်းနေပြီး လက်မှ ရုတ်တရက် အားစိုက်လိုက်ကာ မျက်နှာထားမှာ ခက်ထန်နေပေသည်။

"သူ ဘယ်မှာလဲလို့"

ရုတ်တရက် ငွေရောင် အပ်တစ်ချောင်း ပျံသန်းလာပြီး သူ၏အဓိက မရီဒျန်ဆုံမှတ်တစ်ခုကို တိကျစွာ စိုက်ဝင်သွားပေသည်။

ရုတ်ခြည်း အားနည်းသွားမှုကြောင့် ဖန်းဟန်သည် လီရှင်းဟန်ကို လွှတ်ပေးလိုက်ရပြီး နောက်သို့ ယိုင်နဲ့သွားကာ နံရံကို မှီလိုက်ရလေသည်။

ထို့နောက် အပြင်ဘက်မှ လူငယ်ကို အားကိုးရာမဲ့စွာ လှမ်းကြည့်လိုက်ရပေသည်။

စီနီယာအစ်ကို ပိုင်သည် ဆေးသေတ္တာကို သိမ်းလိုက်ပြီး ဒေါသထွက်နေသော လျိုရှောင်ကျဲနှင့် အခြားတစ်ယောက်ကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပေသည်။

ထို့နောက် သူ့ကို ပေါ့ပါးစွာ ကြည့်လိုက်လေသည်။

"ဒီဘက်လာပြီး ဖြည်းဖြည်းပြောစမ်း၊ မင်း ဘယ်သူ့ကို ရှာနေတာလဲ"

ဖန်းဟန် အနားသို့ လျှောက်လာပြီး ထိုင်ချလိုက်ကာ အသံအုပ်အုပ်ဖြင့် ပြောလိုက်ပေသည်။

"ရှန်းယီလေ၊ သူ တစ်ခုခု ဖြစ်သွားပြီလားလို့ စိုးရိမ်လို့ပါ"

"ရှန်းယီက ဘယ်သူလဲ"

ပိုင်ကျစ်မင် အကြည့်လွှဲလိုက်ပေသည်။

ကြမ်းတမ်းသော လူငယ်သည် သက်ပြင်းချလိုက်ပြီး စီနီယာအစ်မလင်းအကြောင်းမှ စတင်ကာ ရှန်းယီ ဒေသဆိုင်ရာ စစ်ဌာနချုပ်ရုံးမှ ထွက်ခွာသွားသည်အထိ အကြောင်းအရာ အလုံးစုံကိုဖြည်းညှင်းစွာ ပြန်ပြောပြလိုက်လေသည်။

"ဒါဆို မင်းလက်မောင်းကို သူချိုးလိုက်တာပေါ့"

ပိုင်ကျစ်မင် ပြုံးလိုက်ပြီး ရယ်စရာကောင်းသည်ဟု ယူဆလိုက်ပေသည်။

"ကျွန်တော် ပေါ့ဆသွားလို့ပါ"

ဖန်းဟန် မျက်လုံးမှိတ်လိုက်ပြီး ထိုခေါင်းစဉ်ကို ထပ်မပြောချင်တော့ပေ။

"ဘာပဲဖြစ်ဖြစ် မင်းက သူ့ကို အထင်မကြီးခဲ့ဘူး၊ ဒါကြောင့် သူထွက်သွားရင်လည်း ထွက်သွားပါစေပေါ့။ ဘာလို့ သူ့ကို လိုက်ရှာနေတာလဲ"

ပိုင်ကျစ်မင် သိပ်ဂရုမစိုက်ပေ။

ချင်ကျိုးသည် ကျယ်ဝန်းပြီး ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိကာ ထူးဆန်းသော တွေ့ဆုံမှုများလည်း အများအပြား ရှိပေသည်။

တစ်ရက်တည်းနှင့် သွေးခုန်နှုန်းဖတ်နည်းကို တတ်မြောက်နိုင်သော မွေးရာပါနတ်မျက်လုံး ပိုင်ရှင်မျိုး ပေါ်လာလျှင်ပင် ထူးဆန်းသည်ဟု ယူဆမည် မဟုတ်ပေ။

"စီနီယာအစ်မ ထောက်ခံပေးလိုက်တဲ့ သူဆိုတော့ သူနေမလား မနေဘူးလားဆိုတာ ဆရာသခင်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် အထင်မကြီးတာက ကျွန်တော့်ကိစ္စပါ၊ ဒါပေမဲ့ ကျွန်တော် စည်းမကျော်သင့်ဘူး"

ဖန်းဟန်သည် သူ၏ညာဘက်လက်မောင်းကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားနေပေသည်။

"အဲဒီနေ့က မင်း သူ့ကိုမထိန်းထားနိုင်ခဲ့ရင် ဆရာသခင်ကလည်း သူ့ကို လက်ခံမှာ မဟုတ်ဘူး"

ပိုင်ကျစ်မင် အသာအယာ ပြုံးလိုက်ပြီး အတွင်းခန်းဘက်သို့ တွေးတောဟန်ဖြင့် ကြည့်လိုက်လေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသည် နတ်ဆိုးမျိုးဖြုတ်ရေးဌာန မဟုတ်ပေ။

နတ်ဆိုးများသည်လည်း မကောင်းဆိုးဝါးများ ဖြစ်ပေသည်။

သို့သော် သိုင်းပညာရှင်များကိုလည်း မကောင်းဆိုးဝါးများဟု ခေါ်ဆိုနိုင်ပေသည်။

၎င်းသည် နာမည်တစ်ခုသာ ဖြစ်ပြီး လိုအပ်သည့် နေရာတိုင်းတွင် တပ်ဆင်နိုင်ပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသည် သားသတ်ဓားဖြင့် လမ်းခင်းပြီး ချင်ကျိုးမှ တပည့်များကို တန်ဖိုးကြီး ရတနာများဖြင့် ဆွဲဆောင်ခဲ့ပေသည်။

ဤနေရာတွင် အကောင်းဆုံး သိုင်းပညာများနှင့် အဖိုးတန် ဆေးလုံးများ ရှိပြီး ၎င်းတို့ကို အသုံးပြုကာ နတ်ဆိုးများကို သတ်ဖြတ်ရန်နှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းရန် တွန်းအားပေးသည်။

မျှတမှု တစ်ခုရရှိသည်အထိ နှစ်ဖက်စလုံးကို တိုက်ခိုက်စေပေ၏။

သူတို့၏တပည့်များကို မစေလွှတ်လိုသော ဂိုဏ်းများနှင့် မြင့်မြတ်မိသားစုများအတွက်မူ ထင်းရှူးကြိုးကြာဂိုဏ်း သည် အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။

သိုင်းလောကသားများ သောင်းကျန်းသောအခါ သူတို့ လုပ်ရပ်များသည် နတ်ဆိုးများနှင့် များစွာ မကွာခြားပေ။

မဟာစစ်သူကြီး၏တပည့်ငါးဦးစလုံးသည် မြင့်မြတ်မိသားစုများ သို့မဟုတ် ဂိုဏ်းများမှ လာသူများ မဟုတ်ကြပေ။

မိသားစု နောက်ခံ အကောင်းဆုံး တစ်ယောက်မှာ ပိုးထည်ကုန်သည်သာ ဖြစ်ပေသည်။

စီရင်စုဆယ့်နှစ်ခုမှ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများသည်လည်း အတူတူပင် ဖြစ်ပေသည်။

မည်သည့် ကျောထောက်နောက်ခံမှ မရှိဘဲ အင်ပါယာတရားရုံးကိုသာ အားကိုးရပြီး နတ်ဆိုးများကို သတ်ဖြတ်ရန်နှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းရန် အသက်စွန့်ရဲခြင်းဖြစ်ပေ၏။

ဤသည်မှာ တပည့်လက်ခံရာတွင် ဆရာသခင်အတွက် အရေးကြီးဆုံး စံနှုန်း ဖြစ်ပေသည်။

ပါရမီသည် ဒုတိယသာ ဖြစ်ပေသည်။

အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံလိုစိတ် ရှိသရွေ့ ရာစုနှစ်အနည်းငယ်မှ တစ်ခါပေါ်သော စစ်မှန်သည့် ပါရမီရှင်မျိုး သို့မဟုတ် အခြေခံသိုင်းပညာ တစ်ခုလောက်သင်ယူရန်ပင် ဆယ်စုနှစ်များစွာ ကြာမြင့်တတ်သော ဘာမှနားမလည်သည့် လူအ၊ လူနုံမျိုး မဟုတ်လျှင် ကျန်လူအများစုမှာ သိပ်မကွာခြားလှပေ။

"ဘာပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်ကို ငါချလို့ မရဘူး။ ပြီးတော့ စီနီယာအစ်မ လင်းက သူ့ကို ထားချင်တာက ထောက်ခံစာကြောင့် သက်သက်တော့ မဟုတ်လောက်ဘူး... ဘိုင်ယွင်စီရင်စုမှာ ပြဿနာရှိနေတယ်၊ သူ လျှောက်သွားမနေသင့်ဘူး"

ဖန်းဟန် မတ်တပ်ရပ်လိုက်ပြီး လက်မောင်းမှ အပ်နုများကို ဆွဲထုတ်ကာ လက်သီးဆုပ်လျက် ပြောလိုက်ပေသည်။

"ကျွန်တော်က လူကြမ်းတစ်ယောက်ပါ၊ စီနီယာအစ်ကို လမ်းညွှန်ပေးပါဦး"

ပိုင်ကျစ်မင် မော့ကြည့်လိုက်ပေသည်။

"လူလိုသူလို ပြော၊ လူလိုသူလို ပြုမူလေ"

ဖန်းဟန် ကြောင်အသွားပေသည်။

"နည်းနည်းလောက် အသေးစိတ် ပြောပြလို့ ရမလား"

"..."

ပိုင်ကျစ်မင် သက်ပြင်းချလိုက်လေသည်။

"လက်ဆောင်ပစ္စည်းတွေ ယူသွားပြီး သူတို့အိမ်ပေါက်ဝမှာ ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်... မင်းဘာသာမင်း သတိထားအုံး၊ ငါ့ရဲ့ တန်ဖိုးကြီး ဆေးမြစ်တွေကို လာဖျက်ဆီးဖို့ ပြန်မလာနဲ့တော့။ မင်းက ဒု-စစ်သူကြီး မဟုတ်သေးဘူး၊ ဆေးဖိုးက တော်တော်ကြီးတယ်၊ အဲဒါတွေ အကုန် ငါ့အိတ်ကပ်ထဲက စိုက်ရတာ"

"မှတ်ထားပါ့မယ်၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအစ်ကို"

ဖန်းဟန် နားလည်သွားပုံရပြီး လှည့်ထွက်ကာ ဝါးအိမ်လေးထဲမှ ထွက်လာခဲ့ပေသည်။

အပြင်ဘက်တွင် ငူငူငိုင်ငိုင်ထိုင်နေကြသော လူနှစ်ယောက်ကို ကြည့်ပြီး ခဏမျှ တွေဝေသွားပေသည်။

"တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ်"

လျိုရှောင်ကျဲ တွန့်ဆုတ်စွာ မတ်တပ်ရပ်လိုက်ပေသည်။

"ရှန်းယီ ဘယ်မှာလဲ"

ဖန်းဟန် မျက်မှောင်ကြုတ်လိုက်ပေသည်။

သူ သိပ်အသားမကျသေးပေ။

"သူ... ဟိုမှာ..."

လျိုရှောင်ကျဲ လက်ညှိုးထိုးပြလိုက်ပြီးမှ လီရှောင်အာ့၏ဆွဲခြင်းကို ခံလိုက်ရပေသည်။

'သောက်ကျိုးနည်း၊သူက ယဉ်ကျေးနေတာနဲ့ပဲ၊ ဒီကောင်က သိုင်းရူးဆိုတာ ငါ မေ့လုနီးပါးပဲ။ ဟိုတုန်းက သူတို့ချကြတုန်းက ခေါင်းဆောင်လီကို သေလုနီးပါး ရိုက်နှက်ခဲ့တာလေ'

ဖန်းဟန်သည် ထိုနှစ်ယောက်ကို လျစ်လျူရှုကာ အပြင်ဘက်သို့ ထွက်လာခဲ့ပေသည်။

တစ်နာရီခန့် အကြာတွင်။

ကြွက်သားအဖုအထစ်နှင့် ပုံရိပ်သည် ဘေးဘက် ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး ပိတ်ထားသော တစ်ခုတည်းသော တံခါးရှေ့တွင် ရပ်တန့်လိုက်လေသည်။

သူ ခဏမျှ စဉ်းစားပြီးနောက် လက်လှမ်း၍ တံခါးကို ခေါက်လိုက်ပေသည်။

ဒေါက်

ဒေါက်

ဗိုက်ပူပူနှင့် သူ့ထက်ပင် အရပ်မြင့်သော၊ တောင့်တင်းသန်မာသည့် အမျိုးသားတစ်ဦး တံခါးလာဖွင့်လေသည်။

သားသတ်သမားကျန်းသည် မျက်လုံးများကို ပွတ်သပ်လိုက်ပေသည်။

သူသည် အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။ သူ့ရှေ့တွင် ဘယ်လက်တွင် လိမ္မော်သီးများ၊ ညာလက်တွင် အသားခြောက်များ ကိုင်ထားသော လူငယ်တစ်ဦးကို တွေ့လိုက်ရပေသည်။

သူ အနည်းငယ် အံ့သြသွားလေသည်။

"ခင်ဗျား ဘယ်သူလဲ သိခွင့်ရှိမလား။ အမျိုးဆီ လာလည်တာလား"

လူငယ်၏မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

ဤသူကား ဖန်းဟန်ပင်။

All Chapters