← Chapters

ကျောင်းသားတွေအတွက် စဉ်းစားပေးခြင်း။

Vol. 19 Ch. 203

ကျောင်းသားတွေအတွက် စဉ်းစားပေးခြင်း။

Vol. 19 Ch. 203

တုရှောင်ဟွေ့ရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ ခုန်သွားသည်။ တကယ်လည်း သူမ ကောင်းကောင်း မစီစဉ်နိုင်ခဲ့ပါ။ အဒေါ်လီရဲ့ အိမ်မှာ ရွေးလျားနိုင်တဲ့ ပုံနှိပ်စက်တစ်စုံ ရှိသည်။ သူမသာ ထိုစက်ကို ယူလာခဲ့ရင် ရာချီတဲ့ စာအုပ်တွေကို ရက်ပိုင်းအတွင်း ပုံနှိပ်န်ုရုံသာမက ထောင်ချီ ၊ သောင်းချီတဲ့အထိ ပုံနှိပ်နိုင်လိမ့်မည်။

“ ကျွန်မ တောင်းပန်ပါတယ် အဒေါ်။ ”

“ ငါက နင့်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ နင့်ကို ဘယ်ကိစ္စမဆို တစ်ဆင့်ချင်း လုပ်တာထက် ရေရှည်အတွက် စီစဉ်ဖို့ လိုတယ်ဆိုတာ သတိပေးချင်လို့ပါ။ ဘာပဲပြောပြော နင် လက်ရှိ ဦးဆောင်နေတဲ့ အရာက သေးသေးမွှားမွှား ကိစ္စလေး မဟုတ်ဘူး။ အနာဂတ်မှာ တာ့လင်ပြည်သူပြည်သားတွေအားလုံး နင့်ကြောင့် ပြောင်းလဲသွားနိုင်တယ်။ ”

တုရှောင်ဟွေ့ မျက်လုံးပြူးသွားသည်။ “ တက္ကသိုလ်လေးတစ်ခု ဖွင့်တာက အဲ့လောက်ထိ သက်ရောက်မှုရှိတာလား အဒေါ်လီ။ ”

“ နင့်ကိုယ်နင် အထင်မသေးနဲ့ ၊ စာဖတ်ခြင်းရဲ့ စွမ်းအားကိုလည်း အထင်မသေးနဲ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ စာဖတ်တာက ကံကြမ္မာကို ပြောင်းလဲနိုင်တယ် ၊ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်တယ် ၊ သမိုင်းသစ်ကိုတောင် ရေးထိုးနိုင်တယ်။ ”

တုရှောင်ဟွေ့က သိပ်နားမလည်သော်လည်း သေချာ နားထောင်နေခဲ့သည်။ “ ဟုတ်ကဲ့။ ”

“ အိုး ၊ ဟုတ်သားပဲ။ ” လီယောင်က ပြုံးပြီး မေးလိုက်သည်။ “ နင် ဒီနေ့ အလှူငွေတွေ အများကြီး ရထားတယ် မဟုတ်လား။ အဲ့ဒါတွေကို ဘယ်လို သုံးဖို့ စီစဉ်ထားလဲ။ ”

“ လိုအပ်တဲ့ နေရာတွေမှာပဲ သုံးသွားမှာပါ။ ယန်မင်တက္ကသိုလ် လည်ပတ်နိုင်ဖို့နဲ့ တက္ကသိုလ်အခွဲတွေ အများကြီး ထပ်ဖွင့်လှစ်နိုင်ဖို့အတွက်ပေါ့။ ”

“ နင့်အတွက်ရော နည်းနည်းလေးမှ မယူဘူးလား။ ”

“ အဲ့ပိုက်ဆံက တက္ကသိုလ်နဲ့ပဲ သက်ဆိုင်တာလေ။ ကျွန်မက ဘာလို့ ယူရမှာလဲ အဒေါ်လီရဲ့။ ”

“ နင် အလုပ်တစ်ခုလုပ်ရင် အဲ့အတွက် အခကြေးငွေရသင့်တာပေါ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကိုယ့်ကိုယ်ကိုယ်လည်း လုပ်အားခတစ်ခု ပေးလိုက်ပါ။ အရမ်းလည်း မနည်းစေနဲ့ ၊ အရမ်းလည်း မများစေနဲ့။ ”

တုရှောင်ဟွေ့က “ ကျွန်မ နားလည်ပါပြီ အဒေါ်။ ” ဟု ဂရုတစိုက် ပြန်ပြောလိုက်သည်။

“ အနာဂတ်မှာ ယန်မင်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို နင်နဲ့ ဝမ်အာ့ဆီ လွှဲပေးလိုက်ပြီ။ နင် တစ်ခုခု နားမလည်တာရှိရင် ငါ့ကို လာမေးပါ။ ”

…

တက္ကသိုလ်နှင့် ပတ်သက်တဲ့ ကိစ္စတွေက လောလောဆယ်အတွက် အေးအေးဆေးဆေးဖြစ်သွားပြီဟု ပြောလို့ ရသည်။

ဒါက ဝမ်အာနှင့် တုရှောင်ဟွေ့ထံ လုပ်ငန်းတစ်ခု လွှဲပြောင်းပေးလိုက်တာနှင့် အတူတူပါပဲ။

အနာဂတ်မှာ ယန်မင်တက္ကသိုလ် တိုးတက်လာမလား ၊ ဘယ်လမ်းကြောင်းပေါ်မှာ လျှောက်နေမလဲ ၊ ကြီးကျယ်ခမ်းနားတဲ့ ကျောင်းကြီးအဖြစ် တိုးချဲ့ပြောင်းလဲနိုင်မလား ဆိုတာက အနာဂတ်နှင့် သက်ဆိုင်တဲ့ ကိစ္စတွေ ဖြစ်သည်။

ဖြည်းဖြည်းချင်း လမ်းပွင့်လာမယ့် အခွင့်အလမ်းတွေ ရှိတာမို့ အရေးကြီးဆုံးက ရည်မှန်းချက်ရှိဖို့ပဲ ဖြစ်သည်။ လက်ရှိအချိန်မှာ အရေးကြီးဆုံးက မကြာခင်မှာ ဝမ်အာ ဖြေဆျုရတော့မယ့် စီရင်စုအဆင့်စာမေးပွဲပင်။

ထိုညနေမှာ စုန့်မိသားစုဇနီးမောင်နှံအပါအဝင် တစ်မိသားစုလုံး အတူတကွ စုဝေးခဲ့ကြသည်။ စားပွဲပေါ်မှာ ဟဲရှောင်ယာ ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေ ပြည့်နှက်နေပြီး မွှေးရနံ့တို့က သွားရည်ယိုချင်စရာကောင်းကာ သူမဟာ လီယောင့်အရည်အချင်းတွေရဲ့ ( ၇၀ ) ၊ ( ၈၀ ) ရာခိုင်နှုန်းကို ရရှိထားကြောင်း ဖော်ပြနေသည်။

သို့သော် အုပ်ချုပ်ရေးမှူးစုန့်က ဝမ်အာနှင့် စုန့်ကျယ်က အားပေးစကားပြောနေသောကြောင့် ဘယ်သူမှ စပြီး မစားကြသေးပေ။ ဝမ်အာကို အုပ်ချုပ်ရေးမှူးစုန့် ပြောတာက အားပေးစကားသီးသန့် ဖြစ်သော်လည်း စုန့်ကျယ်ကို ပြောတာကတော့ ဆူပူတာက ပိုသည်။

သူ့သားမှာ ဘာအရည်အချင်းမှ မရှိဘူး ၊ စီရင်စုအဆင့်စာမေးပွဲကိုလည်း သေချာပေါက် အောင်မှာ မဟုတ်ဘူးလို့ သူ ခံစားရသည်။

အဖေက သူ့သားကို နဂါးတစ်ကောင်ဖြစ်ဖို့ မျှော်လင့်ထားပေမဲ့ သူ့သားကတော့ တီကောင်သာ ဖြစ်သွားခဲ့သည်။ သံက သံမဏိဖြစ်မလာတဲ့အတွက် ဝမ်းနည်းရတဲ့ ခံစားချက်က ဘယ်လောက်တောင် နာကျင်စရာကောင်းလဲဆိုတာ ဒီအခြေအနေကို ဖြတ်ကျော်ဖူးသူ အဖေတွေပဲ အပြည့်အဝ နားလည်ပေးနိုင်လိမ့်မည်။

“ လူကြီးမင်း ဟောပြောနေတာကို ဒီလောက်နဲ့ ရပ်ဖို့ကောင်းပြီ။ ဒါက အမျိုးသမီးလီရဲ့ အိမ်ပါ။ ”

“ အဟမ်း .. အဟမ်း … ကျုပ် သတိလက်လွတ်ဖြစ်သွားတယ်။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က ပြောလိုက်သည်။ “ ဒါဆို ကျုပ် ဒီလောက်နဲ့ ရပ်လိုက်ပါ့မယ်။ မင်းတို့နှစ်ယောက် ဒီည စောစော အနားယူပြီး မနက်ဖြန် အကောင်းဆုံးလုပ်ခဲ့ကြပါ။ ”

အချိန်အကြာကြီး နားပူခံပြီးတဲ့နောက် စုန့်ကျယ်မှာ ထမင်းစားချင်စိတ်ပင် မရှိတော့ပါ။ သူ သုံး ၊ လေးလုတ်လောက် စိတ်မပါလက်မပါ စားပြီးနောက် အခန်းထဲကို ပြန်ဝင်ခဲ့လိုက်သည်။ ဝမ်အာကလည်း အများကြီး စားတာက ညဘက်အိပ်မပျော်စေမှာ စိုးတာကြောင့် သိပ်မစားခဲ့ပေ။

ညစာစားပြီးသွားတော့ စုန့်ဇနီးမောင်နှံက အစိုးရအဆောက်အဦကို ပြန်သွားကာ လီယောင်ကတော့ ထူးဆန်းစွာပဲ အိပ်ချင်စိတ်ပျောက်ကာ မျက်လုံးကျယ်နေခဲ့သည်။

သူမ ဒီရက်ပိုင်း လေ့ကျင့်ခန်းမလုပ်ဖြစ်လို့လား။

တကယ်လည်း ယိကျိုးမြို့တော်ကို ရောက်ကတည်းက သူမ လေ့ကျင့်ခန်းမလုပ်ဖြစ်ပါ။ လေ့ကျင့်ခန်းလုပ်နိုင်မယ့် နေရာမရှိသလို အလုပ်ရှုပ်နေတာကြောင့်လည်း ပါသည်။

သူမ ဒီမက်မောစရာကောင်းတဲ့ ညအချိန်ကို အသုံးချကာ နောက်ဖေးခြံထဲမှာ ပြေးရင်း ၊ သို့မဟုတ် တစ်ခုခု လုပ်ရင်း ခွန်အားတွေကို လောင်ကျွမ်းစေသင့်သည်။

ထို့ကြောင့် သူမ လေ့ကျင့်ခန်းဝတ်စုံတွေကို လဲဝတ်ပြီး နံရံပေါ် တက်၍ တက္ကသိုလ်ရဲ့ နောက်ဖေးခြံဝင်းထဲ သွားကာ အသစ်စက်စက် ပြင်ဆင်ထားတဲ့ ကျောက်တုံးလမ်းတစ်လျှောက် ဖြည်းဖြည်းချင်း အနှေးပြေးလိုက်သည်။

ဒီခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက ကောင်းသထက် ကောင်းလာသည်။ သူမရဲ့ အတိတ်ဘဝနှင့် ယှဉ်လိုက်လျှင် ဒီတိုးတက်မှုနှုန်းဟာ အလွန် အံ့အားသင့်စရာကောင်း၏။

ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ကျန်းမာရေးကောင်းလို့လား ၊ ဒါမှမဟုတ် ဒီခေတ်က လူတွေကိုက ဒီလို ပုံစံပဲလား ဆိုတာတော့ သူမ မသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ ကိစ္စ ဖြစ်သည်။ တစ်နေ့မှာ ကိုယ်ဖော့ခုန်ခြင်းနှင့် အတွင်းအားကိုပါ လေ့ကျင့်နိုင်လျှင် ပိုပျော်စရာကောင်းလိမ့်မည်။

သူမ ထိုသို့ တွေးနေတုန်းမှာပဲ အမှောင်ထုထဲကနေ တစ်စုံတစ်ယောက်က သစ်ကိုင်းခြောက်ကို တက်နင်းလိုက်သလို ချိုးချိုးချွတ်ချွတ် အသံမျိုး ရုတ်တရက် ထွက်လာခဲ့လေသည်။

“ ဘယ်သူလဲ။ ”

လီယောင်က ထိုလူကို လျင်မြန်စွာ ဖမ်းမိသွားကာ မျှော်လင့်မထားစွာပဲ စုန့်ကျယ်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ကျောပေါ်မှာ အထုပ်တစ်ထုပ်နှင့် သူ့ပုံက သူမကို မြင်လ်ိုက်ရ၍ ပျာယာခတ်ပြီး မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်နေသည်။ သူ … အိမ်ကနေ ထွက်ပြေးဖို့ လုပ်နေတာလား … ။

“ မင်း ဘယ်သွားမလို့လဲ။ ”

လီယောင့်ဆီမှာ လက်ပူးလက်ကြပ်မိသွားတာကြောင့် စုန့်ကျယ်သည် ခေါင်းငိုက်စိုက်ချထားလျက် ဘာမှ ပြန်မပြောရဲတော့ပေ။

“ ငါ မင်းကို မေးနေတယ်လေ။ ”

“ ကျွန် … ကျွန်တော်လည်း မသိဘူး … ”

လီယောင် နားလည်သွားသည်။ ဒီကောင်လေးက စာမေးပွဲကျမှာ ကြောက်လို့ ထွက်ပြေးချင်နေတာပဲ။

ဒီကောင်လေးက သူမရဲ့ သား မဟုတ်သော်လည်း ဒီနှစ်ဝက် ဆိုတဲ့ အချိန်အတွင်း စုန့်ကျယ်က သူမနောက်ကို နေရာတိုင်းနီးပါး လိုက်ခဲ့သလို သူမကလည်း သူ့ရဲ့ တိုးတက်ပြောင်းလဲမှု အမျိုးမျိုးကို မျက်မြင်တွေ့ထားသည်။ ခြုံပြောရလျှင် ဒီကောင်လေးက မဆိုးပါ။ အနည်းဆုံးတော့ ကြိုးစားပြီး လံ့လဝီရိယရှိသည်။

“ လာခဲ့။ ရေကန်ဘေးမှာ ထိုင်ပြီး စကားပြောမယ်။ ”

‌

ရေကန်နံဘေးသို့ သူတို့နှစ်ယောက် လျှောက်လာခဲ့ကာ သူတို့ ထိုင်ဖို့အတွက် သန့်ရှင်းတဲ့ ကျောက်တုံးကြီးနှစ်တုံးကို ရှာတွေ့သွားသည်။

“ မင်းစိတ်ထဲမှာ ရှိတဲ့ အရာအားလုံးကို အဒေါ့်ကို ပြောပြ။ ” လီယောင်က ထိုသို့ ပြောပြီး ခေါင်းတစ်ချက် ဆတ်လိုက်သည်။ “ အဒေါ် မင်းကို ဒီည မဆူဘူး။ ကတိပေးတယ်။ ”

“ ကျွန်တော့်ကို တကယ် မဆူဘူးလား။ ”

“ အင်း။ ကတိပေးတယ်။ ”

အဲ့ဒီတော့မှပဲ စုန့်ကျယ်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးမှုတ်ထုတ်လိုက်နိုင်သည်။ သူ သူ့အဖေကို မကြောက်သလို သူ့အမေကိုလည်း မကြောက်ပေမဲ့ လီယောင့်ကိုတော့ ကြောက်သည်။

သူ လီယောင့်ကိုမှ ရွေးပြီး ကြောက်ရတဲ့ အကြောင်းအရင်းကလည်း သူမစကားကို နားမထောင်လျှင် သူ့ကို ထမင်းအငတ်ထားခဲ့တာကြောင့် ဖြစ်နိုင်သည်။ သူ့ရှေ့မှာ ဝံပုလွေရိုင်းတွေ အများကြီးကို သတ်ပြပြီး သူ့ဝိညာဉ်ကို ငရဲတံခါးကနေ ပြန်ဆွဲခေါ်လာတာကြောင့်လည်း ဖြစ်နိုင်သည်။

“ ကျွန်တော် စီရင်စုစာမေးပွဲမဖြေချင်ဘူး အဒေါ်။ ”

“ အင်း။ ပြောပါဦး ၊ ဘာလို့ မဖြေချင်တာလဲ။ ”

“ ဘာလို့လဲဆိုတော့ ကျွန်တော် မအောင်မှာ သိနေလို့ပေါ့။ ကျွန်တော်က အဒေါ်တို့အားလုံးကို စိတ်ပျက်အောင် လုပ်မိလိမ့်မယ်။ ”

“ မင်း ထွက်ပြေးသွားရင်ရော ငါတို့ စိတ်ပျက်ရမှာပဲမဟုတ်ဘူးလား။ ” လီယောင်က ရယ်မောလိုက်သည်။ “ မင်း စာမေးပွဲကျတာထက်တောင် ပိုပြီး စိတ်ပျက်ရလိမ့်ဦးမယ်။ ”

“ ကျွန်တော် သိပါတယ်။ အဲ့ဒါကြောင့်ပဲ အဒေါ်တို့ ကျွန်တော့်ကို မမြင်နိုင်တဲ့ အဝေးတစ်နေရာကို ထွက်သွားမလို့ပါ။ ကျွန်တော့်ဘာသာ လုပ်ငန်းတစ်ခုခုကို အောင်မြင်အောင် လုပ်ပြီးတော့မှ အဒေါ်တို့ဆီ ပြန်လာခဲ့မယ်။ ”

“ ကမ္ဘာပေါ်မှာ လမ်းကြောင်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ မင်းကတော့ အခက်ခဲဆုံးလမ်းကြောင်းကို ရွေးထားတာပဲ။ ”

ဒီကောင်လေးက ခေါင်းမာစွာ ဆုံးဖြတ်ချက်ချပြီးပုံပေါ်သည်။ ဒီလို အခြေအနေမျိုးတွေအတွက် လီယောင့်မှာ အတွေ့အကြုံ အများကြီး ရှိသည်။

သူမ သူ့အရွယ်တုန်းက သူ့ထက်တောင် ပိုခေါင်းမာပြီး ရှုပ်ထွေးပွေလီသော အတွေးတွေ ရှိခဲ့သည်။ ကျွဲရိုင်း ငါးကောင်တောင် သူမကို ဆွဲမခေါ်နိုင်ပါ။ အဲ့ဒါက စုန့်ကျယ်တို့လို အသက်အရွယ်ရှိ လူငယ်တွေရဲ့ ပုန်ကန်ထကြွတတ်တဲ့ စိတ်အခြေအနေ ဖြစ်သည်။

“ ဒါဆိုလည်း အဒေါ် မင်းကို မေးပါရစေဦး။ မင်း ထွက်သွားပြီးရင် ဘာလုပ်မယ်လို့ တွေးထားလဲ။ ”

“ ကျွန်တော် သေချာ တွေးပြီးပါပြီ။ ကျွန်တော် စီးပွားရေးလုပ်မယ်။ ” ဟု လီယောင်က ပြန်ပြောသည်။ “ ကျွန်တော် အဒေါ့်နောက် လိုက်ရင်းနဲ့ ကိစ္စတချို့ သင်ယူခဲ့တယ်။ ကျွန်တော် သေချာပေါက် အောင်မြင်မယ်လို့ ယုံတယ်။ ”

“ မင်း စီးပွားရေးလုပ်ချင်ရင် အဒေါ်နဲ့အတူတူ လုပ်လို့ရတာပဲ။ ဘာလို့ မင်းတစ်ယောက်တည်း ထွက်သွားပြီး စီးပွားရေးလုပ်မှာလဲ။ ”

“ ကျွန်တော် အဒေါ့်ကို အားကိုးပြီး စီးပွားရေးလုပ်ရင် အဆင့်တိုင်းမှာ အဒေါ်က ကျွန်တော့်ကို ကူညီပေးနေရမှာပေါ့။ အဲ့ဒါက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မှာလဲ။ ကျွန်တော်က ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်ချင်တာ။ အဲ့ဒါမှ ကျွန်တော့်အမေနဲ့ အဖေမှာ ကျွန်တော့်ကို အပြစ်ပြောစရာ မရှိတော့မှာ။ ”

“ အဲ့တော့ မင်း ပြောချင်တဲ့ သဘောက မင်းက ပညာရေးမှာ အားနည်းတယ်လို့ ခံစားရလို့ မင်းကိုယ်မင်း တခြားနည်းလမ်းနဲ့ သက်သေပြချင်တာလား။ ” လီယောင်က ဖြေရှင်းရခက်နေသည့် အချက်ကို ချက်ချင်း အဖြေရှာပေးလိုက်သည်။ “ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မင်းနဲ့ အဒေါ်နဲ့ လောင်းမယ်။ ”

“ ဘာကို လောင်းမှာလဲ။ ”

“ မနက်ဖြန် မင်းတာဝန်အတိုင်း စာမေးပွဲသွားဖြေလိုက်ပါ။ မင်း စာမေးပွဲအောင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မင်း စာမေးပွဲအောင်တယ်ဆို အရင်အတိုင်း စာဆက်သင်နေလို့ ရတယ်။ မအောင်ဘူးဆိုရင်တော့ မင်း အဒေါ့်နဲ့အတူ စီးပွားရေးလုပ်လို့ ရမယ်။ ”

ထို့နောက် သူမက ထပ်ဖြည့်ပြောလိုက်သည်။ “ ဒါပေမဲ့ မင်းရဲ့ အမှတ်အပေါ် မူတည်ပြီး မင်း ဘယ်လို စီးပွားရေးမျိုး လုပ်ရမလဲ ဆိုတာ အဒေါ်က ‌ဆုံးဖြတ်ပေးမှာနော်။ မင်းအမှတ်များလေ ၊ အဒေါ် မင်းကို ပေးမယ့် လုပ်ငန်းက ပိုကြီးလေပဲ။ ”

“ တကယ်လား။ ”

“ အဒေါ် မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ ”

“ တကယ်လို့ … ကျွန်တော် စာမေးပွဲအောင်သွားရင်ရော ဘယ်လိုလုပ်မလဲ။ ” ဟု စုန့်ကျယ်က မေးသည်။ “ ဒါပေမဲ့ ကျွန်တော်က စာဆက်မသင်ချင်ဘူး။ စာမေးပွဲအောင်တယ်ဆိုရင်ရော အဒေါ်နဲ့ အလုပ်,လုပ်လို့ ‌ရသေးလား။ ”

“ မင်း စာမေးပွဲအောင်သွားရင်တော့ မင်းအဖေကို သူ့ရုံးတော်မှာ ကူညီပေးရမှာပေါ့။ ”

“ ကျွန်တော် မလုပ်ချင်ဘူး။ ”

နေ့တိုင်း သူ့အဖေရဲ့ အစိုးရအဆောက်အဦထဲမှာ သူ့အဖေရဲ့ မျက်လုံးအောက် အလုပ်,လုပ်ရမှာကို တွေးကြည့်ရုံနှင့်ပင် စုန့်ကျယ်ရဲ့ တက်ကြွမှုတွေအားလုံး ပျောက်ဆုံးသွားသည်။

“ တကယ်လို့ မင်းအဖေ သဘောတူရင်တော့ အဒေါ်နဲ့ အလုပ်,လုပ်လို့ ရတယ်။ အဒေါ့်မှာ အစီအစဉ်တွေ အများကြီး ကျန်သေးတယ် ၊ အဒေါ့်ကို ကူညီပေးဖို့အတွက် မင်းလို အရည်အချင်းရှိတဲ့ လူတွေ လိုတယ်။ ”

“ ဟုတ်ကဲ့ ၊ ဒါဆို ဒီကိစ္စကိုတော့ နောက်မှ ဆုံးဖြတ်ကြတာပေါ့။ ” ဟု စုန့်ကျယ်က ပြောလိုက်သည်။ “ ကျွန်တော် သေချာပေါက် စာမေးပွဲအောင်,အောင် ဖြေပြီး အဒေါ့်အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးပါ့မယ်။ ”

လီယောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ မင်းအခန်းကို ပြန်ပြီး စောစော အိပ်တော့။ ”

“ ဟုတ်ကဲ့။ ”

စုန့်ကျယ်က သူ့အခန်းဆီ ပြန်သွားသော်လည်း လီယောင်ကတော့ အိမ်ထဲကို ပြန်မဝင်ဖြစ်သေးဘဲ ပိုဝေးတဲ့ နံရံထောင့်တစ်နေရာသို့ “ ရှင်တို့နှစ်ယောက် အခု ထွက်လာလို့ ရပြီ။ ” ဟု လှမ်းပြောလိုက်လေသည်။

…

All Chapters