အဖျက်အမှောင့်။
Vol. 19 Ch. 204
‘ သားသမီးတွေကို အဖေလောက် နားလည်တဲ့ လူမရှိဘူး ’ ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ အုပ်ချုပ်ရေးမှူးစုန့်သည် ဒီည လီယောင် တစ်ခုခု မူမမှန်တာကို သတိထားမိခဲ့စည်။ အစတုန်းက သူ စုန့်ကျယ်ကို သူ့ရုံးကို ခေါ်သွားပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့ လုပ်နေပေမဲ့ သူ့ဇနီးက သဘောမတူခဲ့ပေ။
ဒီလို အခြေအနေမျိုးတွေမှာ ကိစ္စတွေကို ကန့်သတ်ချုပ်ကိုင်ဖို့ ကြိုးစားတာထက် သူ့အရှိန်အတိုင်းလေး ရေလိုက်ငါးလိုက် ရှိနေစေတာက ပိုကောင်းတယ်လို့ သူမ ယုံသည်။ သူမအမြင်မှာ စုန့်ကျယ်ကို ကူညီပေးနိုင်မယ့် လူက လီယောင်တစ်ယောက်တည်းသာ ရှိသည်။
“ ကျုပ်ရဲ့ အရူးလို သားကို ကူပြီး လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ အမျိုးသမီးလီ။ ”
“ ကျွန်မရဲ့ အစီအစဉ်တွေက အုပ်ချုပ်ရေးမှူးစုန့်အတွက် ကျေနပ်စရာဖြစ်ပါ့မလားလို့တော့ သိချင်မိတယ်။ ”
“ မကျေနပ်စရာ အကြောင်းရှိမလားဗျာ။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က ပြန်ပြောသည်။ “ စုန့်ကျယ်မှာ ဘယ်လောက် အရည်အချင်းရှိလဲ ဆိုတာ ကျုပ်တို့က အသိဆုံးပါပဲ။ သူသာ အမျိုးသမီးလီဆီက လမ်းပြသင်ကြားပေးမှုတွေကို ရရင် ကျုပ်တို့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ ”
“ ဒါဆို သူ စာမေးပွဲမှာ ဘယ်လို ရလဒ်ထွက်လာမလဲ ဆိုတာ ကြည့်တာပေါ့။ တကယ်လို့ သူ စာမေးပွဲအောင်သွားရင်တော့ ပညာရေးကိုပဲ ဆက်လုပ်သင့်တယ်။ ”
အုပ်ချုပ်ရေးမှူးစုန့်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ စုန့်ကျယ် စာမေးပွဲအောင်တာထက် ဒီဆောင်းဦးရာသီမှာ နှင်းမုန်တိုင်းကြမ်းကြီး တိုက်တာကမှ ပိုပြီး ဖြစ်နိုင်ချေရှိလိမ့်ဦးမည်။
ဒါပေမဲ့ သူတို့နှစ်ယောက်မှာ စုန့်ကျယ်ရဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ရှိပြီးသားမို့ အနည်းဆုံးတော့ အုပ်ချုပ်ရေးမှူးစုန့်သည် သားဖြစ်သူအတွက် အဲ့ဒီလောက် မစိုးရိမ်ဘဲ အစိုးရအရေးကိစ္စတွေကို ပိုအားစိုက်လို့ ရသည်။
အုပ်ချုပ်ရေးမှူးလီက “ အမျိုးသမီးလီ … လမ်းတွေ ၊ ရေတမံတွေ ၊ မြစ်တွေကို တိုးချဲ့ပြင်ဆင်ဖို့ အများပြည်သူဆီက ငွေကောက်တာနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဘယ်အချိန် စလုပ်သင့်တယ်လို့ ထင်လဲ။ ” ဟု မေးလိုက်သည်။
လီယောင် အနည်းငယ် အံ့ဩသွားမိသည်။ ထိုစိတ်ကူးက သူမ လျို့ယွင်ကို ပြောပြထားတဲ့ စိတ်ကူးမို့ လျို့ယွင်က အုပ်ချုပ်ရေးမှူးစုန့်ကို တာဝန်ယူခိုင်းထားတာ ဖြစ်ရမည်။ သို့သော် အုပ်ချုပ်ရေးမှူးစုန့်က ထိုတာဝန်ကို သူမခေါင်းပေါ် ပြန်လွှဲချလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ဒီမြို့မှာ ဘယ်သူက အုပ်ချုပ်ရေးမှူးလဲ … ။
“ အမြန်ဆုံး စတာကတော့ အကောင်းဆုံးပဲပေါ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ စီရင်စုစာမေးပွဲရလဒ်တွေ ထွက်လာတာနဲ့ စလုပ်ရင် မကောင်းဘူးလား။ ကျွန်မတို့ ငွေကောက်ပြီးရင် မိုးရာသီလည်း ပြီးလောက်ပြီ။ အဲ့အချိန်က အလုပ်စသင့်တဲ့ အချိန်ကောင်းပဲ။ ”
“ ကျုပ်လည်း အဲ့လိုပဲ တွေးနေတာပါ။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က အပြုံးလေးဖြင့် ပြန်ပြောသည်။ “ ဒါပေမဲ့ ဒီလို တာဝန်ကြီးတစ်ခုအတွက် အမျိုးသမီးလီရဲ့ သဘောထားကို အရင်ဆုံး မမေးရင် ကျုပ် စိတ်မသက်မသာဖြစ်မိမှာမလို့ပါ။ ”
သူ ဒီတစ်ခေါက်လည်း သူမကို အားကိုးဖို့ စကားဦးသန်းနေတာလား … ။
လီယောင်သည် သူမ ဟဲဝမ်ရွာကို အမြန်ဆုံး ပြန်တာ ကောင်းလိမ့်မည်ဟု ခံစားလိုက်ရသည်။ မဟုတ်ရင် လျို့ယွင်နှင့် အုပ်ချုပ်ရေးမှူးစုန့်က သူမကို ဆက်တိုက် လာရှာနေရင် သူမရဲ့ အငြိမ်းစားဘဝကို လွတ်လွတ်လပ်လပ် ပျော်နိုင်မည် မထင်ပါ။
…
နောက်တစ်နေ့မှာတော့ အရုဏ်မတက်ခင်ကတည်းက ဝမ်အာနှင့် စုန့်ကျယ်တို့ အိပ်ရာနိုးနေကြပြီး တက်ကြွနေခဲ့ကြသည်။ တစ်မိသားစုလုံးကလည်း စာမေးပွဲအတွက် သူတို့ လိုအပ်မယ့် ပစ္စည်းတွေ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။
စာရေးစုတ်တံ ၊ မှင်ချောင်း ၊ မှင်တုံး ၊ စောင်အပါးလေး ၊ သုံးရက်စာ သောက်ရေနှင့် ရိက္ခာခြောက်တွေ ၊ ခရီးဆောင် အိမ်သာ။
စီရင်စုစာမေးပွဲ သုံးရက်တာကာလအတွင်း စာဖြေသူတစ်ယောက်ချင်းစီဟာ သီးသန့် အခန်းလေးတွေအတွင်းမှာ ကိုယ်စီ တံခါးချိပ်ပိတ်နေရသည်။ သူတို့ ထိုအခန်းလေးတွေထဲမှာပဲ စားသောက် ၊ အညစ်အကြေးစွန့် ၊ အိပ်စက်ပြီး စာမေးပွဲမပြီးမချင်း ထိုအခန်းထဲက ထွက်ခွင့်မရှိပါ။
အရင်တုန်းကတော့ မိသားစုဝင်တွေကို အစားအသောက်တွေ ယူလာခွင့်ပေးပြီး တံခါးဝမှာ ချန်ထားခဲ့ကာ အစောင့်ကို တစ်ဆင့်ပို့ဆောင်ခိုင်းပေမဲ့ ထိုသို့ ခွင့်ပြုပေးခြင်းက လူတော်တော်များများကို အစားအသောက်တွေထဲမှာ စာခိုးချနိုင်တဲ့ ပစ္စည်းလေးတွေ ထည့်ပေးခဲ့ကြသည်။
ထို့ကြောင့် ဒီနှစ်မှာတော့ ထိုအရာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထား၏။
“ စာမေးပွဲဖြေနေစဉ်အတွင်း အားရှိအောင်လို့ မနက်စာကို ဗိုက်ပြည့်အောင် စားထားကြပါ။ ဒါပေမဲ့ အရမ်းလည်း မစားနဲ့ဦး ၊ အများကြီး စားထားရင် ဟိုမှာ အိပ်ငိုက်လိမ့်မယ်။ ”
တုရှောင်ဟွေ့က ကြက်ဥပြုတ်ပန်းကန်နှင့်အတူ အငွေ့တထောင်းထောင်းထနေတဲ့ အသားပေါင်မုန့် ပူပူလေး တစ်ပန်းကန်ကို စားပွဲပေါ် တင်လိုက်သည်။
စုန့်ကျယ်က “ ဒါဆို အစ်ကိုတို့က ဗိုက်ပြည့်အောင် စားရမှာလား ၊ မစားရဘူးလား ညီမလေးရှောင်ဟွေ့။ ” ဟု ရယ်သံဖြင့် ပြောသည်။
“ ( ၇၀ ) ရာခိုင်နှုန်း ၊ ( ၈၀ ) ရာခိုင်နှုန်းလောက်တော့ ဗိုက်ပြည့်အောင် စားကြပေါ့။ ” တုရှောင်ဟွေ့က စာဖြေမည့် လူတွေထက်ပင် ပိုစိတ်လှုပ်ရှားနေသည်။ “ အိုး … ဟုတ်သားပဲ။ ညီမ ပင်လယ်စာစွပ်ပြုတ်အိုးလည်း တည်ထားသေးတယ်။ အန်နာရေ ၊ စွပ်ပြုတ်အိုးကို မြန်မြန် ချလိုက်ပါဦး။ ”
“ ဟုတ်ကဲ့။ ”
အခုတော့ အန်နာနှင့် အဲလ်ဆာကလည်း ဒီအိမ်ထောင်စုရဲ့ နေ့စဉ်လည်ပတ်ပုံနှင့် အပြည့်အဝ ကျင့်သားရသွားပြီ ဖြစ်ကာ နေ့တိုင်း တုရှောင်ဟွေ့နှင့်အတူ အိမ်မှုကိစ္စတွေကို ဘဲမလေးနှစ်ကောင်ကဲ့သို့ လုပ်နေတတ်သည်။
ဝူထုံကတော့ သူတို့နှစ်ယောက်ထက် နည်းနည်းလေး ပိုအသက်ကြီးပြီး ပိုဉာဏ်ကောင်းတာကြောင့် ဝမ်အာရဲ့ လက်တိုလက်တောင်း ဖြစ်လာခဲ့သည်။
ဒါပေမဲ့ ဒါတွေအားလုံးက ယာယီပဲဖြစ်ကာ လီယောင် ပြန်လာသည်နှင့် သူတို့သုံးယောက်က လီယောင့်အိမ်က အစေခံတွေ မဟုတ်တော့ဘဲ ယန်မင်တက္ကသိုလ်မှာ သူတို့ရဲ့ တာဝန်တွေကို ပြန်လည်စတင်မှာ ဖြစ်သည်။
အန်နာက အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်အိုးပူပူကို လက်သေးသေးလေးများဖြင့် သယ်လာပြီး စားပွဲပေါ် တင်လိုက်သည်။
“ ဒီစွပ်ပြုတ်ထဲကို ဘာထည့်ထားတာလဲ။ ” ဟု စုန့်ကျယ်က စိတ်ဝင်တစား မေးလိုက်သည်။ “ ဒီအနံ့ကို ရင်းနှီးနေပေမဲ့ သိပ်မမှတ်မိဘူး။ ”
“ ကြက်သားကို ရေညှိနဲ့ ကင်းမွန်းငါးခြောက်နဲ့ နှပ်ချက်ထားတာပါ။ ” ဟု တုရှောင်ဟွေ့က ပြန်ပြောလိုက်သည်။ “ ပင်လယ်စာများများ စားတာက ကျောင်းသားတွေကို ဉာဏ်ပိုကောင်းစေတယ်လို့ ညီမ ကြားဖူးတယ်။ ”
“ ဟားဟား ၊ ညီမလေးရှောင်ဟွေ့ … နင် အဲ့ဒါကို တကယ် ယုံနေတာလား။ ”
“ ဘာဖြစ်လို့လဲ။ ”
“ နင် ပြောတာသာ တကယ်ဆိုရင် ပင်လယ်ဘေးမှာ နေတဲ့ ကျောင်းသားတွေအကုန်လုံး အရာရှိစာမေးပွဲမှာ အမှတ်အမြင့်ဆုံးရကုန်တော့မှာ မဟုတ်ဘူးလား။ ”
“ ကဲပါ … ဘာပဲဖြစ်ဖြစ် များများစားတာ ကောင်းတယ်။ ” တုရှောင်ဟွေ့က ယောက်ချိုဇွန်းကို ပြောပြောဆိုဆို ကိုင်လိုက်သည်။ “ အစ်ကိုတို့နှစ်ယောက်အတွက် ညီမ ထည့်ပေးမယ်။ ”
လတ်လတ်ဆတ်ဆတ် ခပ်ထည့်ထားတဲ့ စွပ်ပြုတ်က အငွေ့တထောင်းထောင်းထနေ၏။ တုရှောင်ဟွေ့က စွပ်ပြတ် မြန်မြန်အေးသွားစေဖို့အတွက် ဇွန်းသေးသေးလေးနှင့် မွှေပေးနေလိုက်သည်။ သို့သော် မွှေရင်း မွှေရင်းနှင့် တစ်ခုခု မှားယွင်းနေသလိုပဲလို့ သူမ ခံစားလာရသည်။
“ ဒီစွပ်ပြုတ်ရဲ့ အနံ့က ဘာလို့ နည်းနည်းလေး ထူးဆန်းနေတာလဲ။ ” တုရှောင်ဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စွပ်ပြုတ်အိုးကို တည်ပေးခဲ့တဲ့ အန်နာ့ကို လှမ်းမေးလိုက်သည်။ “ နင် စွပ်ပြုတ်ထဲကို တစ်ခုခု ထည့်ထားသေးလား။ ”
အန်နာကလည်း “ ဟင့်အင်း … သမီး ဘာမှ ထည့်မထားပါဘူး။ ” ဟု အထိတ်ထိတ်အပျာပျာ ငြင်းသော်လည်း တုရှောင်ဟွေ့သည် စိတ်မတင်မကျဖြစ်နေဆဲပင်။ ထို့ကြောင့် သူမ ဇွန်းဖျားလေးနှင့် ခပ်၍ မြည်းကြည့်လိုက်ပေမဲ့ ချက်ချင်းပဲ ထွေးထုတ်ပစ်လိုက်ရသည်။
“ အရသာက ပုံမှန်မဟုတ်ဘူး။ ”
သို့သော်လည်း သူမကိုယ်တိုင်ကိုက ပင်လယ်စာ သိပ်မစားဖူးသောကြောင့် မသေချာပေ။
အခု အရေးကြီးတဲ့ အချိန်ရောက်လာပြီဖြစ်သလို စွပ်ပြုတ်အနံ့ကလည်း သံသရာကောင်းနေတာမို့ သူတို့ မလိုအပ်တဲ့ အန္တရာယ်တွေကို မရင်းဘဲ ဘေးကင်းလုံခြုံမှုကို ဦးစားပေးရမည်။ ဝမ်အာနှင့် စုန့်ကျယ်ကို နည်းနည်းလေးမှ အထိခိုက်ခံမနိုင်။
တုရှောင်ဟွေ့သည် ခဏလောက် တွေးနေခဲ့ပြီး စွပ်ပြုတ်ကို လီယောင့်ဆီ ယူသွားလိုက်သည်။
“ အဒေါ်က ဗဟုသုတကျယ်ပြန့်ပြီး အတွေ့အကြုံလည်း များတယ် ဆိုတော့ ဒီစွပ်ပြုတ်က ဘာဖြစ်နေတာလဲ ဆိုတာ တစ်ချက်လောက် လာကြည့်ပေးလို့ ရမလားဟင်။ ”
လီယောင်က မနက်စောစောတုန်းက ပင်လယ်စာအနည်းငယ် စားထားသည်။ သူမ စားတဲ့ ပင်လယ်စာဟင်းကတော့ ရေညှိနှင့် ကင်းမွန်ခြောက်သာ ဖြစ်သော်လည်း သူမရဲ့ အစာစားချင်စိတ်ကို အနည်းငယ် ထိန်းချုပ်ကန့်သတ်ပေးထားသည်။
သို့သော် တစ်ချက်လောက် အနံ့ရှူကြည့်လိုက်ရုံနှင့် ဒီစွပ်ပြုတ်က တစ်ခုခု မှားယွင်းနေတယ် ဆိုတာ လီယောင် သေချာသွားသည်။ စွပ်ပြုတ်အနံ့ထဲမှာ အနည်းငယ် ခါးသက်ချဉ်စူးတဲ့ ရနံ့တွေ ရောနှောနေသည်။
သူမရဲ့ ခန့်မှန်းချက်သာ မမှားရင် တစ်ယောက်ယောက်က စွပ်ပြုတ်ထဲကို ကနခိုအမှုန့်တွေ ထည့်ထားတာ သေချာသည်။
“ ဒီစွပ်ပြုတ်ကို ဘယ်သူ ကျိုတာလဲ။ ”
“ သမီး ကျိုတာပါ။ ” အန်နာက ကြောက်ကြောက်လန့်လန့်ဖြင့် ရှေ့ထွက်လာသည်။ “ မနက်တုန်းက အစ်မရှောင်ဟွေ့ အိုးထဲကို ပါဝင်ပစ္စည်းတွေ ထည့်ပြီးသွားတာနဲ့ ညီမလည်း မီးအေးအေးနဲ့ ကျိုထားလိုက်တာပါပဲ။ ”
“ နင် ကျိုထားတာ အရမ်း ကောင်းပါတယ်။ အရသာလည်း ရှိတယ် ၊ အနံ့လေးလည်း မွှေးနေတာပဲ။ ” လီယောင်က ပြုံးလိုက်သည်။ “ ဒါပေမဲ့ ကြက်ကို သေချာ ရွေးမထားဘူး ၊ အရမ်း အဆီများနေတယ်။ ဝမ်အာနဲ့ စုန့်ကျယ် ဒီနေ့ အဆီများတဲ့ ဟင်းတွေ မစားတာ အကောင်းဆုံးပဲ။ ”
တုရှောင်ဟွေ့က “ ဒါဆို … ကျွန်မတို့ ဒီစွပ်ပြုတ်ကို အစေခံတွေကို တိုက်ရမလား။ ” ဟု မေးသည်။
“ ဟဲရှောင်ယာက ကလေးနို့တိုက်ရသေးတယ် ၊ သူ ကင်းမွန်ခြောက် စားလို့ မရဘူး။ ” လီယောင်က ပါးစပ်ထဲ ပေါ်လာတဲ့ စကားတွေကို လုပ်ကြံပြောဆိုလိုက်သည်။ “ ငါ့အတွက်ပဲ ချန်ထားလိုက်ပါ။ ငါ နေ့လယ်စာ စားရင်းနဲ့ သောက်လိုက်မယ်။ ”
လီယောင်က အရသာရှိတဲ့ အစားအသောက်တွေကို ကြိုက်သော်လည်း အားလုံးကို သူမတစ်ယောက်တည်းအတွက် လက်ဝါးကြီးအုပ်တတ်တဲ့ အမူအကျင့်ကတော့ ဟိုးအတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့ တုရှောင်ဟွေ့ကတော့ စွပ်ပြုတ်က တစ်ခုခု ပုံမှန်မဟုတ်တာကို လီယောင်က အခုအချိန်မှာ ချက်ချင်း ထောက်မပြချင်ဘူး ဆိုတာ သိသည်။ ထို့ကြောင့် သူမ စွပ်ပြုတ်အိုးကို အဖုံးအုပ်ပြီး မီးဖိုချောင်ထဲ ကိုယ်တိုင် ယူသွားကာ ဘေးဖယ်ထားလိုက်သည်။
လီယောင်က ထုပ်ပိုးထားတဲ့ ရေတွေ ၊ အစားအသောက်တွေကိုလည်း မသင်္ကာတာကြောင့် ဟဲရှောင်ယာကို မြို့ထဲကို ချက်ချင်း သွားပြီး ပစ္စည်းအသစ်တွေ ဝယ်ခိုင်းလိုက်သည်။
သောက်ရေကအစ တက္ကသိုလ်မှာ ရှိတဲ့ ရေတွင်းထဲကနေ လတ်လတ်ဆတ်ဆတ် ခပ်ယူကျိုချက်ထားသည်။
လီယောင့်ရဲ့ ကြိုတင်ကာကွယ်မှုတွေက အစေခံနှစ်ယောက်အား စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် ကြောက်လန့်သွားစေခဲ့သည်။
ပြောရရင် ခုနတုန်းက ထိုပစ္စည်းတွေကို ကူပြင်ဆင်ပေးခဲ့တဲ့ လူက သူတို့လေ … ။ အခု အရာအားလုံးကို အသစ်ပြန်လဲလိုက်တာက အိမ်ကြီးရှင်သခင်မဟာ သူတို့အပေါ် သံသယဖြစ်နေတယ် ဆိုတာ ဖော်ပြနေသည်။ သခင်လေးနှစ်ယောက် စာမေးပွဲဖြေဖို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူတို့တွေ အပြစ်ပေးခံရလောက်သည်။
ထိုအဖြစ်အပျက်ကို တွေးကြည့်ရုံနှင့် သူမတို့ အော်ငိုချင်လာသည်။ လီယောင်က သူတို့မျက်နှာပေါ်က အမူအရာတွေကို မြင်သော်လည်း လောလောဆယ်မှာတော့ ဘာမှ မပြောသေးပေ။
အိမ်ထဲမှာ တစ်ယောက်ယောက်က ကိစ္စတွေကို အဖျက်အမှောင့်လုပ်နေတယ် ဆိုတာ သေချာသော်လည်း ဘယ်သူ့ဘယ်သူရယ်လို့ ကောက်ချက်ချဖို့ စောလွန်းပါသေးသည်။
မိသားစုသည် မနက်စာစားပြီးသောအခါ နှစ်စဉ်နှစ်တိုင်း စာမေးပွဲကျင်းပနေကျ အစိုးရရုံးတော်သို့ ရထားလုံးနှင့် ထွက်လာခဲ့သည်။ မြေကွက်လပ်ကို သစ်သားခြံစည်းရိုးအမြင့်ကြီးတွေနှင့် ပိတ်ဆို့ဝန်းရံထားပြီး လေးဘက်လေးလံမှာ လက်နက် ၊ ဝတ်စုံ အပြည့်အစုံဝတ်ဆင်ထားတဲ့ အစောင့်အကြပ်တွေက ရပ်ကြည့်နေကြသည်။
နောက်ထပ် အစောင့်တွေကတော့ နယ်နိမိတ်တစ်ဝိုက် အဆက်မပြတ် ပတ္တရောင်လှည့်နေပြီး နေရာတစ်ဝိုက်ကို ချဉ်းကပ်လာတဲ့ ဖြတ်သွားဖြတ်လာမှန်သမျှကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ကန့်သတ်ထားလေသည်။
ခြံဝင်းထဲမှာတော့ စာမေးပွဲကြီးကြပ်သူတွေ အနားယူဖို့အတွက် ရွက်ဖျင်တဲတွေ ဆောက်ထားသည်။ ခြံထဲမှာ ခိုလှောင်အိမ်လေးတွေနှင့် တူသော သီးသန့် ရွက်ဖျင်တဲလေးတွေလည်း ရှိပြီး ရွက်ဖျင်တဲတစ်ခုချင်းစီထဲမှာ စာဖြေသူတွေအတွက် စားပွဲတစ်လုံးနှင့် စာရွက်လွတ် တစ်ထပ် ရှိသည်။
…