← Chapters

သူခိုးဆန့်ကျင် ရက်တစ်ထောင်။

Vol. 19 Ch. 205

သူခိုးဆန့်ကျင် ရက်တစ်ထောင်။

Vol. 19 Ch. 205

ဒီနှစ် စီရင်စုစာမေးပွဲမှာ စာဖြေသူ အယောက် ( ၂၀၀၀ ) ရှိပြီး သမိုင်းတစ်လျှောက် အရေအတွက်အများဆုံး ဖြစ်သည်။ စာဖြေခန်းထဲ ဝင်ဖို့ တန်းစီရခြင်းကပင် နေ့တစ်ဝက်ကြာသည်။

စာဖြေခန်းဂိတ်တံခါးတွေကို မဖွင့်သေးတာမို့ အပြင်မှာ စာဖြေသူတွေအကုန်လုံး စောင့်နေခဲ့ကြသည်။ တချို့ ကျောင်းသားတွေက ကျောပေါ်မှာ အထုပ်အပိုးကြီးတွေနှင့် တစ်ယောက်တည်း လာတာဖြစ်ပြီး သူတို့ဆီက ချဉ်စုတ်စုတ် အနံ့ပြင်းပြင်းတွေ ထွက်နေခဲ့သည်။

ထိုကျောင်းသားတွေက သာမန် ကျောင်းသားတွေပင်။ အများစုက မနေ့တုန်းကမှ ရောက်လာကြတာ ဖြစ်ပြီး တည်းခိုခန်းမှာ တည်းဖို့တောင် ပိုက်ဆံမရှိသောကြောင့် စာဖြေခန်းအပြင်ဘက်မှာ ကောက်ရိုးဖျာခင်း၍ စောင်ခြုံအိပ်ခဲ့ရသည်။

တချို့ ကျောင်းသားတွေကတော့ တောက်တောက်ပပ ဝတ်စားထားပြီး အခြွေအရံတွေ၊ အစေခံတွေ ယှဉ်တွဲလျက် ရှိသည်။ တချို့ကတော့ ရထားလုံးတွေနှင့်ပင် တန်းစီနေကြ၏။

ကျောင်းသားတွေကို လိုက်ပို့တဲ့ မိသားစုတွေ ၊ ပစ္စည်းတွေကို ကူသယ်ပေးတဲ့ အကူတွေ ၊ ရေနှင့် အစားအသောက်တွေ ရောင်းတဲ့ ဈေးသည်တွေလည်း ရှိသည်။ အတိုချုံ့ ပြောရလျှင်တော့ ကြက်ပျံမကျ စည်းကားကာ ဈေးထဲမှာထက်တောင် သက်ဝင်လှုပ်ရှားနေပါသည်။

လီယောင်သည် အနံ့ပေါင်းစုံကို သည်းမခံနိုင်တော့ဘဲ ဝမ်အာနှင့် စုန့်ကျယ်ကို သူတို့ဘာသာ တန်းစီခိုင်းထားခဲ့ကာ သူမကတော့ ယန်ရန်လေးနှင့် အစေခံကို ခေါ်ပြီး လမ်းဘေး သစ်ပင်ရိပ်အောက်မှာ နားဖို့ ထွက်ခဲ့လိုက်သည်။

ဝမ်အာနှင့် စုန့်ကျယ်က လူကြီးဖြစ်နေပြီမို့ ဒီကိစ္စလေးက သူတို့အတွက် ရေးကြီးခွင်ကျယ် မဟုတ်တော့ပါ။ သူတို့ရဲ့ ပစ္စည်းတွေကို ယူပြီး လူကြားထဲမှာ တိုးဝှေ့၍ တန်းစီလိုက်ကြသည်။

“ ညီလေးဝမ်အာ။ ”

သူတို့ တန်းစီပြီးရုံပဲရှိသေး ၊ ရှုယို့ခိုင်နှင့် တခြားစာဖြေသူတွေ ရောက်လာကြသည်။

“ အစ်ကိုရှု။ ”

ဒီနေ့တော့ ရှုယို့ခိုင်က အလွန်ပင် ဖော်ရွေယဉ်ကျေးနေ၏။ “ ငါ မင်းကို ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သတိပေးခဲ့တာကို မှတ်မိသေးလား ညီလေးဝမ်အာ။ ”

သူက ဝင်ခွင့်ထောက်ခံချက်ကို ပြောနေတာပါ။

ဝမ်အာသည် အဲ့ဒီလို အရေးကြီးတဲ့ ပစ္စည်းကို သေချာပေါက် မမေ့သောကြောင့် “ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရှု။ ကျွန်တော် အဲ့ဒါကို ရတာ ကြာပါပြီ။ ” ဟု ပြုံး၍ ပြန်ပြောလိုက်သည်။

“ ကောင်းတယ် ကောင်းတယ်။ မဟုတ်ရင် မင်း အထဲကို ဝင်နိုင်မှာ မဟုတ်ဘူးလေ ၊ အဲ့ဒါဆို ဒီနှစ် အခွင့်အရေးကို လက်လွှတ်လိုက်ရလိမ့်မယ်။ ”

ရှုယို့ခိုင်က ထိုသို့ ပြောပြီးသည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ သူ့မွေးရပ်မြေက စာဖြေသူတချို့နှင့်အတူ အရှေ့ဆုံးကို တန်းတန်းမတ်မတ် လျှောက်သွားသည်။

စုန့်ကျယ်က “ သူတို့က ဘာလို့ တန်းစီစရာ မလိုတာလဲ။ ” ဟု မေးသည်။

“ သူတို့က တန်းစီစရာ မလိုတာ မဟုတ်ဘူး။ ” သူတို့ဘေးက တုရှောင်ဟွေ့က သူတို့ကို ရှင်းပြပေးနေရသည်။ “ တခြား ကျောင်းသားတွေကို သူတို့အတွက် ကိုယ်စား တန်းစီပေးဖို့ ပိုက်ဆံပေးထားတာ။ အဲ့ကျောင်းသားတွေက မနေ့ညကတည်းက ရောက်နေတာ ဆိုတော့ ရှေ့ဆုံးက နေရာကောင်းတွေကို ရထားတာပေါ့။ ”

“ အဲ့လို လုပ်လို့ ရတာလား။ ”

စုန့်ကျယ်က အရမ်း ရိုးသားလွန်းသည်ဟု တုရှောင်ဟွေ့ ခံစားလိုက်ရသည်။ သူ အဲ့ဒီလို နည်းလမ်းကောင်းကို ဘာလို့ မစဉ်းစားမိရတာလဲ … ။ ဒီမှာ အကြာကြီး မတ်တပ်ရပ်ပြီး အပင်ပန်းခံနေရတာ ဘယ်လောက် ဆိုးလိုက်သလဲ။

“ စိတ်ရှည်ကြစမ်းပါ။ ” ဝမ်အာက ရယ်မောလိုက်သည်။ “ စီရင်စုစာမေးပွဲဝင်ဖြေမယ့် စာဖြေသူတွေက တန်းစီးတာတောင် ကိုယ့်ဘာသာ မလုပ်နိုင်ရအောင် ဘယ်လို စာဖြေသူမျိုးတွေလဲ။ ”

“ မင်း ပြောတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်။ ” စုန့်ကျယ်က ဆက်ပြီး မကျေမနပ် ညည်းညူမနေတော့ဘဲ သူတို့နောက်မှာ ပစ္စည်းတွေ သယ်လျက် လိုက်ပါလာတဲ့ ဝူထုံကို လှည့်ပြောလိုက်သည်။ “ အစ်ကိုတို့ သောက်ဖို့ ရေအေး သုံးခွက်လောက် သွားဝယ်ပေးပါလား ကလေး။ အစ်ကို ပိုက်ဆံပေးလိုက်မယ်။ ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် ချက်ချင်း သွားဝယ်ပေးပါ့မယ်။ ”

“ နေဦး … ” စုန့်ကျယ် ပိုက်ဆံမထုတ်ရသေးခင်မှာပဲ တုရှောင်ဟွေ့က တားလိုက်သည်။ “ အပြင်က အစားအသောက်တွေကို လက်လွတ်စပယ် မစားနဲ့။ အစ်ကိုတို့ ဝမ်းလျှောရင် ဘယ်နှယ့်လုပ်မလဲ။ ”

“ အဲ့လောက် အန္တရာယ်မများနိုင်ပါဘူး။ ”

“ ဟုတ်ပါတယ် အစ်မရှောင်ဟွေ့ရယ်။ ” ဟု ဝူထုံကလည်း ဝင်ပြောသည်။ “ ကျွန်တော် အဲ့ဒီက ရေရောင်းတဲ့ ကောင်လေးကို သိတယ်။ သူက အရမ်း သန့်ရှင်းတယ်။ ”

တုရှောင်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။ “ ညီမက မရဘူးလို့ ပြောရင် မရဘူးပဲ။ အစ်ကိုတို့ ရေသောက်ချင်ရင် ယူလာတဲ့ ရေကိုပဲ သောက်။ ”

စုန့်ကျယ်က တုရှောင်ဟွေ့ မသိအောင် လျှာလေးတစ်လစ်ထုတ်ပြီး ဝမ်အာ့နားထဲကို တီးတိုး ပြောလိုက်သည်။ “ ငါ့ကောင် … မင်းရဲ့ အနာဂတ် ဇနီးလောင်းကတော့ မင်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တော့မှာပဲ။ ”

တုရှောင်ဟွေ့ကတော့ သူမ မကြားအောင် ပြောတဲ့ စကားကို ကြားဖြစ်အောင် ကြားသွားပြီး စုန့်ကျယ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

တကယ်တော့ သူမက ခါတိုင်း ဒီလိုပုံစံ မဟုတ်ပါ။ ဒီနေ့တော့ အကြောင်းပြချက်တချို့ကြောင့် ထူးထူးခြားခြား စိတ်ဆတ်နေကာ သူမရဲ့ လေသံကလည်း ချိုသာမနေပေ။ မနက်တုန်းက ကြက်စွပ်ပြုတ်ထဲမှာ ဝမ်းနုတ်ဆေးတွေ ပါလာတာကြောင့် ဖြစ်မည် ထင်သည်။

တစ်ယောက်ယောက်က ဝမ်အာ့စာမေးပွဲကို ဖျက်ဆီးဖို့ ကြိုးစားနေတယ် ဆိုတာကို တွေးကြည့်ရုံနှင့် ခပ်တင်းတင်း ‌ဆွဲထားတဲ့ လေးကြိုးကဲ့သို့ သူမကို တောင့်တင်းသွားစေသည်။

တုရှောင်ဟွေ့က “ ကဲ … အစ်ကိုတို့ရဲ့ ပစ္စည်းတွေကို တစ်ခုခု ကျန်ခဲ့တာ ဘာညာ ရှိလားလို့ ထပ်စစ်ကြည့်လိုက်ပါဦး။ ” ဟု ပြောလိုက်သည်။

“ နှစ်ကြိမ် ၊ သုံးကြိမ်လောက် စစ်ပြီးသွားပြီလေ။ ”

“ စစ်ပြီးသွားလည်း ထပ်စစ်ကြည့်လိုက်ပါ။ ”

တုရှောင်ဟွေ့က ဝမ်အာရဲ့ အထုပ်ကို ဖွင့်ပြီး ပစ္စည်းတစ်ခုချင်းစီကို ဂရုတစိုက် စတင်စစ်ဆေးလိုက်သည်။ အစားအသောက် ၊ ရေ ၊ စောင် ၊ စုတ်တံ ၊ မှင် ၊ မှင်တုံး … အကုန် ပြည့်စုံတဲ့ ပုံပါပဲ။ သို့သော် စိတ်အေးသွားတဲ့ သက်ပြင်းမောလေးချဖို့ လုပ်နေတုန်းမှာပဲ သူမရဲ့ ရင်ထဲမှာ ဒိန်းခနဲတုန်သွားလေသည်။

“ ဝင်ခွင့်ထောက်ခံချက် ဘယ်မှာလဲ။ ”

ဝမ်အာလည်း အံ့ဩသွားသည်။ “ ခုနတုန်းကအထိ အထုပ်ထဲမှာ ရှိနေတာပါ။ အခု မရှိတော့ဘူးလား။ ”

“ မရှိတော့ဘူး။ ”

တုရှောင်ဟွေ့ အထိတ်တလန့်ဖြစ်သွားပြီး ပစ္စည်းတွေအားလုံးကို နောက်တစ်ခေါက် ထပ်စစ်ဆေးလိုက်သော်လည်း ဝင်ခွင့်ထောက်ခံချက်ကို ရှာမတွေ့ပေ။

ဝမ်အာကလည်း သူ့အဝတ်အစားတွေထဲကို ကတိုက်ကရိုက် ရှာကြည့်ပေမဲ့ မတွေ့။

စုန့်ကျယ်လည်း သူ့အထုပ်ကို အမြန် သွားစစ်လိုက်ပေမဲ့ ထူးဆန်းစွာပဲ သူ့ရဲ့ ဝင်ခွင့်ထောက်ခံချက်ကတော့ နေရာတကျ ရှိနေ၏။

“ ဒုက္ခရောက်ပြီ။ ” တုရှောင်ဟွေ့က အလွန် ထိတ်လန့်ကာ သူမရဲ့ ခေါင်းပေါ်ကနေ ချွေးစေးတွေ စီးကျနေသော်လည်း အားတင်း၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေခဲ့သည်။ “ စိတ်ကို ငြိမ်ငြိမ်ထားပြီး ညီမတို့ ဝင်ခွင့်ထောက်ခံချက်ကို ဘယ်မှာ နောက်ဆုံး တွေ့ခဲ့တာလဲ ဆိုတာ သေချာ စဉ်းစားကြည့်ရအောင်။ ”

“ ရထားလုံးပေါ်က ဆင်းတုန်းက နောက်ဆုံး တွေ့ခဲ့တာ ထင်တယ်။ ”

“ ဒီမှာပဲ တန်းစီပြီး စောင့်နေနော်။ ညီမ ရထားလုံးကို သွားစစ်ကြည့်လိုက်မယ်။ ”

တုရှောင်ဟွေ့တစ်ယောက် ကပျာကယာ ပြေးသွားခဲ့ပေမဲ့ အသေအချာပဲ ထိုနေရာမှာလည်း ရှာမတွေ့ပါ။ ဝင်ခွင့်ထောက်ခံချက် မရှိဘဲနဲ့ သူတို့ စာမေးပွဲခန်းထဲကို ဝင်နိုင်မှာ မဟုတ်ဘူး … ။ ဘာလုပ်ရင် ကောင်းမလဲ … ။

တုရှောင်ဟွေ့သည် စိတ်ထဲမှာ ပျာယာခတ်လွန်းလို့ ငိုတောင် ငိုချင်လာကာ သစ်ပင်ရိပ်အောက်မှာ နားနေတဲ့ လီယောင့်ဆီသို့ ပြေးလာခဲ့လိုက်သည်။

“ ပြဿနာတက်ပြီ အဒေါ်လီ။ ဝမ်အာ့ရဲ့ ဝင်ခွင့်ထောက်ခံချက် ပျောက်နေတယ်။ ”

ယန်ရန်လေးနှင့် ဆော့နေတဲ့ လီယောင်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။ ဒါက ( ၁၂ ) နှစ်ကြာ အပင်ပန်းခံ၍ ကြိုးစားပမ်းစား စာသင်ခဲ့ပြီး စာမေးပွဲဖြေတော့မယ့် အချိန်မှ စာမေးပွဲဖြေဆိုခွင့်လက်မှတ် ကျပျောက်သွားသလိုပဲ ဖြစ်သည်။

ပြောစရာစကားတောင် မရှိတော့ဘူး။ ပစ္စည်းတွေအများကြီးထဲမှာ ဘာလို့ အဲ့ဒါကမှ ရွေးပျောက်ရတာလဲ … ။

“ သူ ဘယ်နေရာမှာ ပျောက်သွားတာလဲ။ ”

“ ရထားလုံးပေါ်က ဆင်းတဲ့ အချိန်ထိ ရှိသေးတယ်။ ကျွန်မတို့ တန်းစီနေရင်းနဲ့မှ ပျောက်သွားတာ။ ”

“ အဲ့ဒါဆို ခြေလှမ်း ( ၁၀၀ ) စာ အကွာအဝေးပဲ ရှိတာပေါ့။ နင် တစ်လမ်းလုံးကိုရော ရှာပြီးပြီလား။ ”

“ ရှာပြီးပါပြီ အဒေါ်လီ။ ဒါပေမဲ့ ရှာမတွေ့ဘူး။ ”

“ နင်တို့ လမ်းမှာရော တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိသေးလား။ ” ဟု လီယောင်က မေးလိုက်သည်။ “ ရင်ဘတ်ချင်း တိုက်မိတာမျိုးပေါ့ ၊ အဲ့လို ဝင်တိုက်မိတာမျိုးကို ပြောတာ။ ”

တုရှောင်ဟွေ့က ဦးနှောက်ကို အပူတပြင်း ဖျစ်ညှစ်၍ စဉ်းစားလိုက်သည်။ သူမနှင့် ဝမ်အာတို့ လူအုပ်ကြီးကို အကြာကြီး တိုးဝှေ့ခဲ့ရပေမဲ့ သူမ မှတ်မိသလောက် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိတာဆိုလို့ ဘယ်ဘက်နှုတ်ခမ်းထောင့်မှာ မှည့်နက်အကြီးကြီးရှိတဲ့ လူတစ်ယောက်နှင့် ဝင်တိုက်မိတာပဲ ရှိသည်။ ထို့ကြောင့် ထိုအကြောင်းကို လီယောင့်အား ပြောပြလိုက်သည်။

“ ပြီးတော့ ကျွန်မတို့ တန်းစီပြီးသွားတော့ ရှုယို့ခိုင်က အစ်ကိုဝမ်အာ့ကို စကားနည်းနည်းပါးပါး လာပြောတယ်။ အဲ့အချိန်တုန်းက သူနဲ့အတူ လူတွေ အများကြီးလည်း ပါလာပြီး အစ်ကိုဝမ်အာကို ဝိုင်းထားကြတာ။ ကျွန်မ သေချာ မမြင်လိုက်ပေမဲ့ ရှုယို့ခိုင်က ဝင်ခွင့်ထောက်ခံချက်အကြောင်း ထူးထူးဆန်းဆန်း မေးသွားတယ်။ သူကိုယ်တိုင် မခိုးခဲ့ရင်တောင် ဒီကိစ္စက သူနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ညီမ သံသယရှိတယ်။ ”

သူ့ရဲ့ အသန်မာဆုံး ပြိုင်ဖက်ကို အနိုင်ယူဖို့ ဒီနည်းလမ်းကို သုံးတာလား … ။

လီယောင်သည် ရှုယို့ခိုင်ကို သဘောမကျသော်လည်း ဒီကိစ္စက သေချာပေါက် သူ့လက်ချက် ဖြစ်လိမ့်မည်လို့တော့ မထင်ပါ။ လူငယ်တွေ ၊ အထူးသဖြင့် ယိကျိုးမြို့တော်ရဲ့ ထိပ်တန်းကျောင်းသား ဆိုတဲ့ လူငယ်တွေက စိတ်ကြီးဝင်ပြီး မောက်မာတတ်ကြသည်။

ဒါပေမဲ့ လက်ရှိအချိန်က အဲ့ဒါကို တွေးနေရမယ့် အချိန် မဟုတ်ပါ။ သူခိုးတစ်ယောက်ဖြစ်ဖို့ ရက်တစ်ထောင် ကြာသော်လည်း နစ်နာသူဖြစ်ဖို့ကတော့ အချိန်တစ်ရက်ပဲ လိုသည်။

မနက်တုန်းက တစ်စုံတစ်ယောက်က စွပ်ပြုတ်ထဲကို ဝမ်းနုတ်ဆေးတွေ ထည့်ခဲ့ပြီး အခုကျ ဝင်ခွင့်ထောက်ခံချက် အခိုးခံလိုက်ရပြန်သည်။ တစ်ယောက်ယောက်က ဝမ်အာ့ကို စာမေးပွဲမဖြေစေချင်တာ သိသာနေပါပြီ။

သူတို့ ထိုလူ့ကို မရှာလျှင် နောက်ပိုင်းမှာ ပြဿနာတွေ ထပ်တိုးလာလိမ့်မည်။

ထို့ကြောင့် လီယောင်က တုရှောင်ဟွေ့ကို ဘေးသို့ ဆွဲခေါ်လာပြီး သူမရဲ့ အင်္ကျီလက်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူကာ ထိုပစ္စည်းကို တုရှောင်ဟွေ့ရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။

“ ဒါက … ”

“ ရှူး … အကျယ်ကြီး မပြောနဲ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ငါ မနက်က ရထားလုံးပေါ်က ဆင်းတုန်းက ဒီဟာကို လဲထားလိုက်တာ။ ဒါကို ဝမ်အာ့ဆီ သွားပေးလိုက် ၊ ဒါပေမဲ့ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ပေးနော်။ ”

“ အင်း။ ”

တုရှောင်ဟွေ့တစ်ယောက် လေးလေးပင်ပင် ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်က ဝမ်အာ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတယ် ဆိုတာကို သတိထားမိပြီး ဝင်ခွင့်ထောက်ခံချက်ကို စောစောစီးစီး လဲထားတဲ့ အဒေါ်လီရဲ့ အမြော်အမြင်ကြီးပုံကိုလည်း သူမ အံ့သြမိပါသည်။

အခိုးခံလိုက်ရတဲ့ တစ်ခုက အတုကြီးပဲ ဖြစ်သည်။

….

All Chapters